Tuesday, October 8, 2013

နောက်ကွယ်မှ ကြိုးကိုင်သူ (မင်းဒင် ရေးသည်။)

Ven Pannasami shared Min Din's photo.

 နိဒါန်း
ကျနော်ဆင်ခြင်သုံးသပ်မိသမျှကို အခြေခံကာ ယခုရေးသားဖော်ပြမည့်အကြောင်းအရာ
သည် လူမျိုးရေး၊ဘာသာရေး ယှက်နွယ်သည်ဖြစ်၍ အကဲဆတ်သည်ကို ကျနော် သိသည်။သို့တစေ မငြိမ်းနိုင်သော ပဋိပက္ခမီးကြောင့် နှစ်ဖက် သေကြေ၊ နေစရာအိုးအိမ်မဲ့ကြရသော အဖြစ်တို့ကို မကြားလို၊ မမြင်လိုသော လူအများစုဆန္ဒနှင့် ကျနော့်ဆန္ဒမှာ တထပ်တည်းကျ၏။
ထို့ကြောင့် ကျနော်သည် ဤစာစုကို ရေးရာတွင် ငြိမ်းချမ်းစေရန်ရည်ရွယ်ချက်ဖြင့် ဘာသာလူမျိုးအစွဲကို၊ဖယ်ခွာလျက် အစွဲတရားကင်းသော ရှုဒေါင့်မှသာ ချည်းကပ်ဆင်ခြင်ထားသည်ကို ဦးစွာပြောလိုသည်။ သာမာန်ပြည်သူတစ်ဦးသာဖြစ်သော ကျနော်သည်၊ အရေးအရာတစ်ခုခု၏သုတေသီပညာရှင်မဟုတ်မူ၍ တစ်စုံတစ်ရာ သဘောမတိုက်ဆိုင်စရာအချို့၊ပါရှိခဲ့သော် စာဖတ်သူတို့ အနေဖြင့် `ခွင့်လွှတ်တန်ကောင်း၏´ ဟုလည်း မျှော်လင့်သည်။ သဘောထားအမြင်မတူတတ်ခြင်းသည် ဖြစ်သင့်သော သဘောဟု ကျနော်နှလုံးသွင်းချင်သည်။ ……………………..
 (၁)မှတ်ဥာဏ်ထဲမှ စာတပိုဒ်။ ကျနော်လူလတ်ပိုင်းအရွယ်မှာ ဖတ်ခဲ့ရသော ၀တ္ထုစာအုပ်တစ်အုပ်မှ အပြန်အလှန်စကားပြောခန်းတစ်ခုကို ကျနော်မကြာ ခဏသတိရမိသည်။ ကျနော်အမှတ်မမှားဘူးဆိုလျှင် အောက်ဖော်ပြပါအကြောင်းအရာမှာ ဒေါက်တာထွန်းရွှေ ရေးသား သည့် `သက်ဝေ မေကျော့´ ၀တ္ထုမှဖြစ်၏။ နယ်မြို့တစ်ခု၏ဆေးရုံငယ်တစ်ရုံတွင်ဖြစ်သည်။တစ်ခုသော ညဥ့်နက်သန်းခေါင်အချိန်တွင်မကျွမ်းကျင်သော အရပ်လက် သည်၏လက်ချက်ဖြင့် အသက်မျော့မျော့သာကျန်တော့သော မီးဖွားလူနာတစ်ဦး ရောက်ရှိလာခဲ့သည်။တာဝန်ကျဆရာဝန် နှင့် သူနာပြုတို့၊ အားကြိုးမာန်တက်ကုသကြသော်ငြား အချိန်နှောင်းခဲ့ပြီဖြစ်၍ မိခင်ရော၊ ကလေးပါ အသက်ဆုံးရှုံးခဲ့ ရသဖြင့် မချိတင်ကဲ စကားဆိုမိကြသည်။ ဒေါက်တာသက်ဝေ။ ။ ကလေးရောလူကြီးပါ သူတို့သတ်လိုက်ကြတာပါပဲ။ မေကျော့ ။ ။ ဟုတ်တယ်ဆရာ၊ ကလေးရောမိခင်ပါသေအောင် အရပ်လက်သည်တွေ သတ်လိုက်ကြတာ။ ဒေါက်တာသက်ဝေ။ ။ မဟုတ်ဘူးမသက်ဝေ။ တကယ့်လူသတ်တရားခံဟာ တကမ္ဘာလုံးအနှံ့ပြန့်ပွားနေတဲ့ ` မသိနား မလည်မှု´ဆိုတဲ့ ရောဂါဆိုးကြီးပါပဲ။မသိနားမလည်မှုဟာ ခေတ်နောက်ကျမှု၊ ဆင်းရဲမွဲတေမှု၊ အသိဥာဏ်ခေါင်းပါးမှုတွေ ကနေ မြစ်ဖျားခံတာပါ ပဲ။ 
………………….. 
(၂)မငြိမ်းသောမီး မြန်မာပြည်တနံတလျားရှိ မြို့ကြီးအချို့တွင် ဘာသာရေးပဋိပက္ခအသွင်ဆောင်သော နှစ်ဖက်တင်းမာမှုများ ကြိုကြား ဖြစ်ပေါ် ခဲ့သည်။နှစ်ဘက်အသေအပျောက်၊ဆုံးရှုံးနစ်နာမှုရှိသော်လည်း လူနည်းစုဘက်မှ ပို၍သေကြေပျက်စီးမှုများခံစားရသည်။ ပို၍နစ်နာသူများက နာကြည်းချက်ဖြင့် ဘာသာရေး၊လူမျိုးရေးကွဲပြားမှုကြောင့်ဟုခံစားလာကြရသည့်နည်းတူ အများစု ဘက်က လည်း ဒီမြေဒီိရေမှာလာနေပြီး `ယုတ်မာရက်စက်ကြသည်´ဟူသောအတွေးဝင်လာကြသည့်အခါ ပဋိပက္ခသည် မငြိမ်းနိုင်သောမီးကဲ့သို့ဖြစ်လာသည်။ အထင်အမြင်မှားမှုမှသည် ကြီးစွာသော ရန်ငြိုးရန်စအသွင်ကူးပြောင်းလာကာ မျိုးဖြုတ်စစ်ပွဲအထိ အမည်တပ်လာကြသည်။ လက်ရှိကာလသည် အပြောင်းအလဲကာလဖြစ်သည်။ ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန်အခြေအနေသည် တိုင်းပြည် ရှေ့ရေးအတွက် အလွန်ရင်လေးစရာကောင်းသည်။ပြုပြင်ပြောင်းရေးကို နှောင့်နှေးစေနိုင်သည့်နည်းတူ ပြည်ပစွက်ဖက်မှု အထိ ထပ်မံရှုပ်ထွေးကာ တိုင်းပြည်ရေစုန်မျောနိုင်သည်။ 
(၃) ပဋိပက္ခ၏မြစ်ဖျားခံရာ ပဋိပက္ခသည် မြန်မာပြည်အနောက်ဘက်ရခိုင်ပြည်နယ်မှ အစပြုသည်။ဌာနေရခိုင်တိုင်းရင်းသားများနှင့်၊တဘက်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာသော မဟာမေဒင်ဘာသာဝင်အများစု၏ ဘက်နှစ်ဘက်အမြင်မကြည်လင်မှုသည် နှစ်ကာလ အားဖြင့် ရှည်လျားခဲ့ပြီး ကုလသမဂ္ဂကဲ့သို့နိုင်ငံတကာအဖွဲ့အစည်းကြီးမှပင်လျှင် ပြေလည်ငြိမ်းအေးသည်အထိ ယနေ့တိုင် မဖြေ ရှင်းနိုင်သေးသော ပြဿနာကြီး တစ်ရပ်ဖြစ်သည်။ယင်းပြဿနာသည် သိမ်မွေ့ရှုပ်ထွေးလှသောကြောင့် ခေတ် အဆက်ဆက်အစိုးရအဆက်အဆက် မြွေမသေတုတ်မကျိုးထားခဲ့ကြရာမှ ယခုကဲ့သို့ပွင့်လင်းစအချိန်တွင် တငွေ့ငွေ့ အခြေအနေမှ ဟုန်းကနဲတောက်လောင်လာသည်။ ပြည်မတွင် နေထိုင်သော မဟာမေဒင်တို့မှာ မြန်မာဘုရင်များလက်ထက်ကပင် နန်းတွင်းအမှုထမ်း၊စစ်မှုထမ်း၊ ကုန်သည် စသည်ဖြင့် အခြေအနေအသီးသီးဖြင့် ရောက်ရှိလာခဲ့ကြသည်ဆိုသော အချက်မှာ အငြင်းပွားဖွယ်ရာမရှိဟု ကျနော် ထင်သည်။နယ်စပ်မှ တရားမ၀င်ခိုးဝင်လာကြသူများ၏ ပြဿနာသည် သီးခြားဖြစ်သည်။ ခိုက်ရန်ဖြစ်ပွားမှု၊မုဒိန်းမှု။လူသတ်မှုဟူသည် လူမျိုးဘာသာမရွေး အကြောင်းတရားမျိုးစုံနေရာဒေသမရွေးဖြစ်ပေါ်နိုင်သည်။ မဟာမေဒင်မုဒိန်းမှုရှိတတ်သကဲ့သို့ မြန်မာချင်း၊တိုင်းရင်းသားချင်း လူသတ်မုဒိန်းမှုများလည်း ဖြစ်ပေါ်တတ်သည်မှာ ဆန်းကြယ်လှသော အကြောင်းခြင်းရာမဟုတ်ချေ။အလိုရမ္မက်ကြီးမှု၊အမြင်မကြည်လင်မှု၊ဒေါသ၊အာဃာတတရား တို့သည် သာ အခြေခံ အကြောင်းတရားဟု ရှုမြင်သည်။ 
(၄)ဘက်နှစ်ဘက်ကိုဆန်းစစ်ခြင်း ဤနေရာ၌၊ လွန်ခဲ့သောအနှစ်ငါးဆယ်ကျော်က ဘာသာလူမျိုးခြားတို့နှင့်ပတ်သက်၍ မြန်မာအများစု၏ စိတ်ခံစားမှုကို အကျဉ်းဖော်ပြလိုသည်။ကျနော့်ဇာတိရွာတွင် မြန်မာချည်းသက်သက်နေထိုင်သည်။ အခြားတိုင်းရင်းသားတို့ပင်မရှိ။ ရံခါ ရွာတွင်းသို့ ရှမ်း၊ရခိုင်၊ကချင်စသည့် တိုင်းရင်းသားလူမျိုးများ ဧည့်သည်အနေဖြင့် ရောက်လာသည်ကိုပင် အထူးအဆန်း ဖြစ်နေတတ်သည်။ နောင်သော် သူတို့သည် ငါတို့နှင့်တမြေတည်းနေကြသူများပေတကား ဟူသော အသိ ၀င်လာသဖြင့် နောက်ဆက်တွဲပြဿနာမရှိ။ တရုတ်လူမျိုးများကိုမူ ဖြူလွန်းသော အသားအရောင်ကြောင့် သူတို့စိတ်တွင်အနည်းငယ် တွေဝေစိစစ်မိတတ်သည်။ နောင်သော် ကိုးကွယ်ရာချင်းတူပြန်သဖြင့် ထူးထူးခြားခြားအဖုအထစ် မရှိပြန်ချေ။ သို့သော် မဟာမေဒင်တို့အပေါ်တွင်မူ ထူးခြားသော လက်ထပ်ထိမ်းမြားမှုဓလေ့နှင့် ကိုရဘာနီအိဒ်ကဲ့သို့ သားကောင်ကို ယဇ်ပူဇော်သည့် ယုံကြည်မှုကိုမူ မြန်မာ အများစုစိတ်ဝယ် အထူးအဆန်းဖြစ်ကြသည်။ ယုံကြည်မှုချင်းကွာခြားလှသောကြောင့် အထူးအဆန်းသာမက တအံ့တ သြဖြစ်ကြသည်။ ကျနော့်စိတ်ထင် ယင်းနှစ်ချက်အပေါ်မူတည်၍ မြန်မာအများစုသည် မဟာမေဒင်တို့၏ ဘာသာတရား အပေါ် မသိစိတ်တွင် ဆန့်ကျင်စိတ်ခိုအောင်းနေခဲ့ဟန် ရှိသည်။ သို့သော် လူမှုရေးစီးပွားရေးတို့တွင် ဒွေးရောယှက်တင်နေထိုင်သည့် နှစ်ကာလကြာရှည်သည့်အခါ တစတစ အပြန် အလှန်နားလည်ယုံကြည်မှု တိုးလာခဲ့ကြပြီး အပြန်အလှန်လေးစားမှုဖြင့် အတူယှဉ်တွဲနေထိုင်နိုင်သို့ အခြေဆိုက် လာသည်။အတိုချုပ်ရလျှင် တရားမ၀င် ၊၀င်ရောက်လာသော မဟာမေဒင်ဘာသာဝင်တို့မှလွဲ၍ ကျန်ပြည်နယ်တိုင်း အသီးသီးရှိမဟာမေဒင်ဘာသာဝင်တို့နှင့် မြန်မာတိုင်းရင်းသားတို့အကြား ပဋိပက္ခမီးပွားရန် အကြောင်းမရှိခဲ့ဟု ကျနော်မြင် မိသည်။ ယခုသော် နယ်စပ်မှ တရားမ၀င်ခိုးဝင်လာသူများ တစတစတိုးပွားများပြားလာရာမှ စတင်သည့် ပဋိပက္ခသည် မဟာမေဒင် တို့အား ဘာသာရေးအလံတစ်ခုတည်းအောက်သို့တွန်းပို့ရာရောက်ကာ ဖြေရှင်းရန် ခက်သည်ထက် ခက်လာသည်။ မဟာမေဒင်တို့ညီညွတ်ကြလော့ ဟူသည့်အသံမျိုးစုံထွက်လာသည်။ မြန်မာတို့ကလည်း အိမ်ရှင်ကို စော်ကားသူတွေဟု ခံစားလာရသည်။ထိုအခါ သမိုင်းကြောင်းတလျှောက် စစ်တိုက်ခြင်းနှင့် ယဉ်ပါးခဲ့သည့်၊ ဆတ်ဆတ်ထိမခံတတ်သော၊ မြန်မာ့စရိုက်သည် မြုံနေရာမှ ပြန်ပေါ်လာသည်။ တဆက်တည်းမှာပင် နိုင်ငံရေးနှင့်ကင်းအောင်နေကာ ကိုယ်ပိုင်အကျိုးစီးပွားကို တစိုက်မတ်မတ်ရှာဖွေနိုင်ခဲ့ကြသော မဟာမေဒင်တို့၏ ဥစ္စာဓန မှာ ခေတ်ဆိုး၏ဒဏ်ချက်ကြောင့် မွဲတေပြာနေသည့် မြန်မာလူဆင်းရဲတို့၏ မျက်မုန်းကျိုးစရာ ပစ်မှတ်တစ်ခု ဖြစ်လာပြန် သည်။မိမိပါတီမဲအနိုင်ရရေးအတွက် ကဒ်ပြားဖြူများ ထုတ်ပေးကာ ပြဿနာကို ရှုပ်သည်ထက်ရှုပ်အောင် ဖန်တီးခဲ့သည့် မဆင်မခြင်လုပ်ရပ်တို့လည်း ဘူးပေါ်သလိုပေါ်လာသည်။ ပဋိပက္ခဖြစ်စဉ်တွင် ပိုမိုသေကြေပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ခံစားချက် ရှေ့တန်းတင်လွန်းသော မဟာမေဒင် ဘာသာရေး ဆရာတချို့နှင့် ဘာသာရေးအသိမပြည့်စုံကြသော မဟာမေဒင်တချို့ ကလည်း အသေခံစစ်ပွဲဆင်နွဲကြရန်အထိ လှုံ့ဆော် လာကြပြန်သည်။ ဤသို့ဆိုလျှင် နယ်စပ်ဒေသနှင့် မသက်ဆိုင်သော မြန်မာ့မြေတွင် အတီတေကပင်အေးချမ်းစွာ အတူနေထိုင်နိုင်ခဲ့ကြသော မဟာမေဒင်တို့နှင့် မြန်မာတိုင်းရင်းသားတို့ ရန်မီးသည် မည်သည့်အတွက်ကြောင့် ယခုမှ အရှိန်ပြင်းစွာ တောက်လောင် လာပါသနည်း။
 (၅) နောက်ကွယ်က လက်မည်းကြီးများ လက်ရှိဖြစ်ပေါ်လျက်ရှိသော ဘာသာရေးလူမျိုးရေးပဋိပက္ခတွင် အဓိကလက်သည်အဖြစ်၊ တရားခံစာရင်းအသွင်းခံရသူတို့ မှာ ကျနော်သိသမျှ အောက်ပါအတိုင်းဖြစ်သည်။ - ကြံ့ခိုင်ဖွံ့ဖြိုးရေးခေါင်းဆောင်အချို့နှင့် စွမ်းအားရှင်ကဲ့သို့သော နောက်လိုက်များ - အချို့သောစစ်ဗိုလ်ချုပ်များ၊ခရိုနီများ - နှစ်ဘက်ဘာသာရေးလူမျိုးရေး အယူအစွဲပြင်းထန်သူများ - အန်ဂျီအိုအမည်ခံ ပဋိပက္ခဖြင့်ကိုယ်ကျိုးရှာလိုသူအချို့ - တရုတ်သူလျှိုများ အထက်ဖော်ပြပါစာရင်းကို ထောက်ရှုလျက် လက်ရှိပဋိပက္ခများကို ကြိုးကိုင်ဖန်တီးနေသူသည် အကောင်အထည်၊ ရုပ်ဒြပ် တိကျစွာဖော်ပြနိုင်သော လူအစုအဖွဲ့ ၊လူပုဂ္ဂိုလ်တို့ကိုသာ မဲမဲမြင်ရာလက်ညှိုးထိုးလျက်ရှိသည်မှာ ထင်ရှားသည်။နောက်ဆုံး သံတွဲအရေးအခင်းအပေါ်မှတ်ချက်ပြုခြင်းကိုထောက်ရှုလျက် သမ္မတကြီးကိုယ်တိုင် ဇဝေဇ၀ါ ဖြစ်နေသည်မှာမြင်သာသည်။ အချို့သတင်းများအရဆိုလျှင် မဟာမေဒင်ဆန့်ကျင်ရေးအုပ်စုများသည် လျှို့ဝှက်အဖွဲ့များဖွဲ့လျက် တမြို့ဝင်တမြို့ထွက် ဆူပူဖျက်ဆီးမှုဖြစ်စေရန် လိုက်လံလှုံ့ဆော်ဖန်တီးနေကြသည်ဟူသော ကောက်ချက်မျိုးအထိ ဆွဲလာကြသည်။ လွတ်လပ် သော မီဒီယာခေတ်ကြီးမှာ နှစ်ဘက်အပြန်အလှန် စွပ်စွဲ၊ပြစ်တင်၊ရှုံ့လျက်ရှိကြရာ အမုန်းမီးတောက်သည် အလျှံတငြီးငြီး ဖြစ်လာသည်။ထိုဖြစ်ရပ်များကို မည်သူက နောက်ကွယ်မှ ကြိုးကိုင်နေပါသနည်း။ 
(၆)ထူးခြားစွာ သမူဟဖြစ်မှု စစ်ဝါဒီစံနစ်ဆိုးမှသည် ပွင့်လင်းမြင်သာသော ဒီမိုကရေစီခေတ်ဆီသို့ ကိုယ့်နည်းကိုယ်ဟန်ဖြင့် ပြောင်းလဲနေချိန်တွင် လူတိုင်းတွင် အသစ်သစ်သော ခံစားချက်ကိုယ်စီရှိလာကြသည်။နှစ်ပေါင်းငါးဆယ်ကျော်ကြာ စီးပွားရေးလူမှုရေးနှင့် အမျိုးသားရေးသိက္ခာပါမကျန် စွန့်လွှတ်ခဲ့ရသော မြန်မာလူထုသည် နာကြည်းကြေကွဲခဲ့ရသော နေ့ရက်များအတွက် ဖြေဆည်ရာတစ်စုံတစ်ခုကို မသိစိတ်တွင် ရှာဖွေနေခဲ့ကြဟန်ရှိသည်။ထစ်ကနဲရှိလမ်းပေါ်ထွက်ကြသည်။ ဆန္ဒမျိုးစုံကို နည်းမျိုးစုံဖြင့်ထုတ်ဖော်လာကြသည်။တိတိကျကျပြောရလျှင် ကိုယ်စီရင်တွင်း၌ ကလဲ့စားချေလိုစိတ်၏ ထွက်ပေါက်ကို မသိစိတ်က ရှာဖွေနေခဲ့ကြဟန်ရှိသည်။ စစ်ဗိုလ်အုပ်စုနှင့် ခရိုနီများ၊ကြံ့ခိုင်ဖွံ့ဖြိုးရေးများကား မဖြစ်မနေပြောင်းလဲရတော့မည့် အချိန်တွင် လွှတ်တော်တွင်းအထိ ၊ကတုတ်ကျင်းအခိုင်အမာတူးကာ ခံစစ်စည်းအထပ်ထပ်ချထားခဲ့လေသောကြောင့် လူထုဆန္ဒထုတ်ဖော်မှုသည် ထင်သ လောက်အရာမရောက်ခဲ့ချေ။ ထို့ကြောင့် လူထု၏ ကြီးမားလှသော၊မကျေနပ်မှု ဒီရေအလျဉ်သည် ထင်သလောက် မစီးဆင်းနိုင်ပဲ ကျဉ်းမြောင်းလှသော ဒီမိုကရေစီ တံခါး ၀တွင် အီခံနေခဲ့သည်။ဆင်းရဲမွဲတေမှု၊အထွေထွေချွတ်ခြုံကျမှု တို့ အပေါ်နာကျဉ်းခံပြင်းနေသည့် လူထုသည် ခံစားချက်တို့ ဖွင့်ထုတ်နိုင်မည့် ထွေးရာအန်ရာ တစ်စုံတစ်ခုကို အာသာငန်းငန်း ရှဖွေနေဟန်ရှိသည်။ လူထုတစိတ်တပိုင်းသည် ဒေါသပေါက်ကွဲခွင့်ရခြင်း၊ပေါက်ကွဲနေကြသည်ကိုမြင်ရကြားခြင်းဖြင့်ပင် မသိစိတ်တွင် ကျေနပ်ကာ `လွတ်လပ်ပြီ ခေတ်ကောင်းပြီ´ ဟုယိုးမှားထင်မှတ်ကြသည်။ယင်းသည်ပင် ပြောင်းလဲရေးကို အီခံနေစေတော့ သည်။ မည်သို့ပင်ခေတ်ပြောင်းသည်ဆိုစေကာမူ စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းသည် ရွှေထီးဆောင်းကာလက လုပ်ပိုင်ခွင့်တန်ခိုးအာ ဏာ၏ အရသာကို တပ်မက်နေဆဲဖြစ်သည်။အရိုးကိုက်ခဲ့ရသော ကြံ့ဖွံ့အင်အားစုတချို့ကလည်း စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ခဲ့ရသော ကာလများကို မမေ့နိုင်။ ခေတ်ဆိုးကြီးအတွင်းတွင်မှ လူမွှေးလူတောင်ပြောင်လာခဲ့ကြသော ခရိုနီတို့ သည်လည်း သုံးမကုန်ဖြုံးမကုန်သော ဥစ္စဓနတို့ကို စွန့်လွှတ်ရမည့်ဘေးကို တွေးကြောက်ကြသည်။မြန်မာတပြည်လုံးနီးပါး ၏ အရေးကိစ္စမှန်သမျှ ထင်တိုင်းကြဲနိုင်ခဲ့သည့် တရုတ်တို့သည်လည်း အခြေအနေကောင်းကို ကျားပိန်တွယ်၊တွယ်ထား ချင်စိတ်ရှိနေဆဲဖြစ်သည်။နိုင်ငံရေးကိုဇောင်းပေးခဲ့ကြသည့် မြန်မာရဟန်းတော်အချို့သည်လည်း ၀ံသာနုရက္ခိတနည်းဖြင့် တိုင်းပြည်၏သိက္ခာကို ပြန်ဆယ်နိုင်မည်ဟု ယုံကြည်လာကြပြန်သည်။ချမ်းသာကြွယ်ဝသော မဟာမေဒင်နိုင်ငံအချို့မှ ထောက်ပံ့ငွေကို အာသာငမ်းငမ်းဖြစ်နေကြသော ပဋိပက္ခတစ်ခုအရင်းပြုရန် ကျားချောင်းချောင်းနေကြသည့် ဘယ်သူသေ သေ မာချင်သည့် ငတေလော်ဘီအုပ်တို့ကလည်း တမှောင့်။ အဆိုပါ အင်အားစုများ၏ သိစိတ်၊မသိစိတ်နှစ်မျိုးစလုံးတွင် ဖြစ်ပေါ်နေနိုင်သည့်စိတ်အခြေအနေတစ်ရပ်မှာ ပြုပြင်ပြောင်း လဲရေး `အီခံနေစေလိုခြင်း´ပင် ဖြစ်တန်ရာသည်။ တိကျစွာဖော်ပြရလျှင် လူထု၏ထွက်ပေါက်ရှာနေသော စိတ်အခြေအနေသည် ရှေ့မဆက်လိုသောအုပ်စုများ၊ အထက် တွင်ဖော်ပြထားသောအုပ်စုများ၏ ဆန္ဒနှင့် ထူးခြားစွာသမူဟဖြစ်နေသည်။ အကြောင်းတရားမျိုးစုံ ပေါင်းဆုံသွား ခဲ့သည်။ မသိမသာပေါင်းစည်းမိရာမှ အင်အားစု တစ်ရပ်ဖြစ်လာသည်။ ယင်းအချက် သည် လူမျိုးရေးဘာသာရေး ပဋိပက္ခမီးပွားကို မီးတောက်မီးလျှံအဖြစ်ပြောင်းလဲစေလိုက်သော တစ်ခုတည်းသောခြင်းရာဟု ယူဆမိသည်။မသိမသာ `စွာ´နေသော လူပုဂ္ဂိုလ်(သို့မဟုတ်) အစုအဖွဲ့ရှိနိုင်သည့်တိုင် ဖော်ပြပါသမူဟတရား၏ အားကောင်းမှုကြောင့် တရားခံရှာမရအောင်ေ၀၀ါး သွားတော့သည်။ (၇) လျစ်လျူရှုခြင်းသည်ပင် ကြံရာပါဖြစ်၏။ ဆူပူအောင်လှုံ့ဆော်မှု၊အကြမ်းဖက်မှုဟူသည် အာဏာသိမ်းကာစ၊ခေတ်ပြောင်းကာစ စပ်ကူးမတ်ကူးကာလများတွင် ဖန်တီးရန် ၊ဖြစ်ပေါ်ရန် အခွင့်သာလေ့ရှိသည်။ ဆူပူအောင်လှုံ့ဆော်ကြရာတွင်လူမျိုးရေးဘာသာရေးပဋိပက္ခသည် အလွယ် ဆုံးနှင့် ပျက်စီးဆုံးမှုအများဆုံးဖြစ်သည်။ ထိုပဋိပက္ခမျိုးတွင် အဓိကဖြေရှင်းရန်တာဝန်ရှိသည့် ရဲ၊စစ်တပ်နှင့် တာဝန်ရှိသူ အချို့သည်လည်း မိမိတို့အခြေခံ စိတ်ခံစား ချက် တစ်ခုခုဖြင့် တာဝန်ကို လျစ်လျူရှုရင်း ကြံရာပါဖြစ်ကုန်ကြသည်။ဆိုလိုသည်မှာ `ငါ့လူမျိုးငါ့ဘာသာဝင်တွေ ရဲ့ လှုပ်ရှားမှုတွေဟာ မှန်တယ်။တရားတယ် ထင်ပါရဲ့ ´၊`ဆူပူနေတာ ငါ့အတွက် အကွက်ကောင်းပဲ´ ဟူသော အတွေး မျိုးဖြစ်၏။ခေတ်ဟောင်းက` အေးအေးနေ၊ကျွေးတာစား၊ ဘ၀မျိုး´ကိုအမှန်ဟုထင်နေကြခြင်းလည်းတစ်ချက်ပါဝင်၏။ စင်စစ် လျစ်လျူရှုခြင်းသည်ပင် အားပေးအားမြှောက် ပြုခြင်းပင်ဖြစ်သည်။ ဖြစ်သင့်ဖြစ်ထိုက်သည်မှာ လက်နက်ကိုင် တပ်ဖွဲ့တို့အနေဖြင့် တည်ဆဲဥပဒေနှင့်အညီ ဆူပူဖျက်ဆီးမှုတို့ကို ဘက်မလိုက်တမ်းတားဆီးချေမှုန်းလျက် အေးချမ်း တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်သာဖြစ်သည်။ကြိုတင်တားဆီးရန်သာဖြစ်သည်။ ပဋိပက္ခဖြစ်လာသည့်အချိန်ကျမှ မီးသတ်ကားနှင့်မီးလိုက်ငြိမ်း၊မဲမဲမြင်ရာဖမ်း၊ရမ်းသမ်းထောင်ချနေသည်မှာ အကြိမ်ကြိမ်ရှိ နေပြီဖြစ်၍ ရုပ်ပျက်ဆင်းပျက်နိုင်လှသောလုပ်ရပ်ဖြစ်သည်ဟု မြင်သည်။ တဆက်တည်းအားဖြင့် ပြည်ထောင်စုအစိုးရ အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးကို ကြီးစွာသော အမျှော်အမြင်ဖြင့် အဖြေရှာကြရန်သာ ဖြစ်သည်။ နိဂုံး အချုပ်အားဖြင့် ဆိုရလျှင် ခေတ်ပြောင်းချိန်တွင် ပေါ်ပေါက်လာရသော ပဋိပက္ခတရားသည် ဆန်းပြားလှသည်မဟုတ်ပါ။ မည်သည့်လူမျိုး မည်သည့်ဘာသာဝင်တွင်မဆို ပဋိပက္ခဖြင့်ပျော်မွေ့လိုစိတ်သည် ရာထူးအာဏာ စည်းစိမ်ဂုဏ်သိန် မည်မျှပင်မြင့်မားနေစေကာမူ အေးချမ်းသောဘ၀ကို တည်ဆောက်ပေးနိုင်လိမ့်မည်မဟုတ်ပါ။လူထု၏အကျိုးစီးပွားကို လည်းကောင်း၊နိုင်ငံဂုဏ်သိက္ခာကိုလည်းကောင်း မြှင့်တင်ပေးနိုင်လိမ့်မည်မဟုတ်ပါ။စံနစ်ဆိုးအပြီးတိုင် မချုပ်ငြိမ်းသမျှ လောကီဆင်းရဲမျိုးစုံကို သယ်ဆောင်လာမည့် ပဋိပက္ခမျိုးစုံ၊အဓိကရုဏ်းမျိုးစုံသည် အသွင်သဏ္ဍန်မျိုးစုံဖြင့် ဆက်လက် ပေါ်ပေါက်နေဦးမည်သာဖြစ်သည်။ ပဋိပက္ခမျိုးစုံ၊အဓိကရုဏ်းမျိုးစုံ၏ လက်သည်တရားခံမှာ စစ်ဝါဒကြီး၏ အမွေဆိုးသာဖြစ်၏။ ခေတ်ဆန်းချိန်သက်တမ်း ဤမျှနုနယ်နေသေးချိန်တွင် ဤခရီးကို ဤပုံအတိုင်း ဆက်နေကြပါမူ စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများမှအစ၊သာမန်လူထုအလယ်၊ ဖွဲပြာသည်အဆုံး လှည်းနေလှေအောင်းမြင်း ဇောင်းမကျန် ၊ဘာသာလူမျိုးမရွေး မြန်မာပြည်ကို မှီခိုသူမှန်သမျှ အနှေးနှင့် အမြန် ဒုက္ခပင်လယ်ဝေရန်သာ ရှိပေတော့မည်။ သို့ဖြစ်၍ စစ်အာဏာရှင်စံနစ်ဆိုး၊စစ်ဝါဒီတို့၏ အကျင့်ဆိုးအမွေဆိုးတို့ကိုလည်းကောင်း၊ မိမိကိုယ်တိုင်တနည်းတစ်ဖုံ မသိမသာပါဝင်နေမိသည့် တိုင်းပြည်ပျက်ကြောင်းအမူအကျင့်တို့ကိုလည်းကောင်း မြင်အောင်၊တွေ့အောင် ကိုယ်စီရှာဖွေ လျက် ရိုက်ချိုးဖျက်ဆီးပစ်နိုင်မှသာ၊ တန်းတူညီမျှ ၀ါဒဖြူစင်တဲ့မြေ အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်မျှော်လင့်သည်။
(မင်းဒင် ရေးသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...