Saturday, October 19, 2013

နှလုံးသား ဒိုင်ယာယီ (၁၆)

October 18, 2013 at 5:39am 



၂၁-၂-၂၀၀၂
ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှု(ဝါ) ဆုတ်ယုတ်မှုတို့ကို လေ့လာကြည့်ခြင်းအားဖြင့် တိုင်းပြည်၏ အခြေအနေတို့ကို အကဲခတ်နိုင်သည်ဟု ဆိုရမည်။ ကျနော် ရွှေလင်အင်း ရွာသို့ရောက်ရှိပြီး နောက်တရက် ကျေးရွာလေးအတွင်း လှည့်ပတ်ကြည့်ရှုလေ့လာမိသည်။


လေ့လာတွေ့ရှိရသလောက် တူညီသောအချက် နှစ်ချက်ကိုတွေ့လိုက်ရသည်။ ဆင်းရဲမွဲတေခြင်းနှင့် ပညာရည် နိမ့်ပါးခြင်းပင်ဖြစ်သည်။ အများစုမှာ စားဝတ်နေရေး တံပိုးအောက်က ရုန်းမထွက်နိုင်ကြ။ ထို့ကြောင့် ပညာနို့ချို ကို ကောင်းစွာ သောက်သုံးခွင့်မရကြပေ။ မိဘဘိုးဘွား လက်ငုတ်လက်ရင်းဖြစ်သော လယ်နှင့်ကိုင်းများကိုသာ အားပြု ၍ လုပ်ကိုင်စားသောက်နေကြရသည်။ အနီးဝန်းကျင်ရှိ ဆိတ်ဖူးသာနှင့် အခြားရွာများမှာလည်း ထိုနည်း အတိုင်းပင်။
ရွှေလင်အင်းရွာတွင် နှစ်ရက်ခန့်နေပြီးနောက် သာစည်သို့ဆင်းရန်အတွက် တောင်ငူဘူတာသို့ ထွက်ခွာလာခဲ့ သည်။ တောင်ငူဘူတာရောက်သည်နှင့် ရထားလက်မှတ်ရရန်အတွက် တန်းစီစောင့်ဆိုင်းရသည်။ ကျနော့်ရှေ့ လူတော်တော်များများ လက်မှတ်ဖြတ်ပြီးသွားသော်လည်း ကျနော့်အလှည့်သို့ရောက်သောအခါ လက်မှတ်ကုန် သွားပြီဖြစ်သောကြောင့် လက်မှတ်အရောင်းကောင်တာကို ပိတ်လိုက်တော့သည်။ အချိန်အတော်ကြာကြာ စောင့်ဆိုင်းခဲ့ပြီး ကိုယ့်အလှည့်ရောက်မှ လက်မှတ်ကုန်သွားပြီဆိုသည့် စကားကြောင့် ကျနော် ဒေါသအိုး ပေါက်ကွဲသွားသည်။ ထိုနှင့် လက်မှတ်အရောင်းဌာနတဘက်ခြမ်းရှိ ရုံပိုင်ကြီးရုံးသို့ ခပ်တည်တည်ပင် ဝင်သွား လိုက်သည်။ ရုံးခန်း စားပွဲပေါ်တွင် အရံသင့်ထိုင်နေသော ပုဂ္ဂိုလ်ကြီးကို “ရုံပိုင်ကြီးလာခင်ဗျာ့” ဟု မေးလိုက် တော့ “ဟုတ်ပါတယ် ကျနော်ရုံပိုင်ကြီးပါ .. ဘာအကူအညီပေးရမလဲ” ဟု မေးလာသည်။ ကျနော်ကလည်း လက်မှတ်တန်းစီစောင့်ဆိုင်းနေသည်မှာ ကြာပြီဖြစ်ကြောင်း သာစည်ဘူတာသို့ အရေးတကြီးသွားရန် လိုအပ် ကြောင်း နှင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦး ဖြစ်ကြောင်း အတည်ပေါက်နှင့် ပြောလိုက်သည်။ ရုံပိုင်ကြီးလည်း အားတုံ့အားနာ ဖြစ်ဟန်နှင့် သူ့စားပွဲထဲမှ အရေးပေါ်ဆောင်ထားဟန်ရှိသော လက်မှတ်အုပ်ထဲမှ တစောင်ကို အခမဲ့ကျနော့်ကို ပေးလိုက်သည်။

လက်ထဲသို့ ရထားလက်မှတ်ရသည်နှင့် ဒေါသစိတ်တို့သည် ပြေပျောက်ခဲ့ရသည်။ ရထားလာရန် တနာရီခန့် လိုသေးသောကြောင့် ဘူတာ စင်္ကြန်တွင် ထိုင်ရင်း ဥဒဟို သွားလာလှုပ်ရှားနေသူများကို ငေးမောကြည့်နေခိုက် နံဘေးသို့ ဘုန်းတော်ကြီးတပါး ကြွရောက်လာသည်ကို သတိထားမိလိုက်သည်။ ကျနော်လည်း ဆရာတော် ဘုရားအား “ဘယ်ကြွမှာလည်း” ဟု လျှောက်ထားလိုက်သောအခါ တောင်ငူရဲစခန်းရှိ သားဖြစ်သူထံ လာကြောင်း သိရသည်။ သားဖြစ်သူမှာလည်း ခရီးထွက်သွားသောကြောင့် မတွေ့လိုက်ရကြောင်း သိရပြန် သည်။ အချိန်ကို ကြည့်လိုက်တော့ နံနက် ၁၁ နာရီထိုးတော့မည်။ ဆွမ်းကိစ္စ  ပြီးမပြီး မေးမြန်းကြည့်တော့ ဆွမ်းဘုန်းပေးရန်ပင် အခက်အခဲရှိနေကြောင်း သိလိုက်ရသည်။ ကျနော်လည်း ဘူတာထဲရှိ ထမင်းဆိုင်သို့ ပင့်ဖိတ်သွားပြီး ဆွမ်းအလှူဒါန ပြုလိုက်သည်။ လိုအပ်သည့် ခရီးအတွက် ဝတ္တုငွေကိုလည်း ကပ်လိုက်သေး သည်။ ဆရာတော်မှ ကျနော့်ကို ကြည့်ပြီး “ဒကာလေး လမ်းခရီးက အန္တရာယ်တွေများပါတယ်။    အန္တရာယ်   ကင်းစေဖို့အတွက်လည်း ဘုန်းဘုန်းမေတ္တာ ပို့ပေးပါမယ်” ဟု မိန့်တော်မူပြီး ပြန်လည်ကြွသွားတော့သည်။

သာစည်သို့ထွက်ခွာမည့် ရထားဆိုက်ရောက်လာသောကြောင့် ရထားပေါ်တက်ပြီး သာစည်သို့ ထွက်ခွာလာကြ သည်။ ရထားခရီးစဉ်တလျှောက် အခက်အခဲ လုံးဝကင်းစင်ခဲ့သည်ဟု ဆိုရပေမည်။ သာစည်ဘူတာရောက် တော့ ည ၇ နာရီလောက်ရှိမည်ထင်သည်။ ဘယ်ကိုသွား၍ တည်းရမည်မသိ။ ဘူတာစင်္ကြန်အတွင်း လှည့်ပတ် ကြည့်လိုက်တော့ ဘူတာအတွင်း ၌ ဖွင့်ထားသော ဈေးဆိုင်လေးသို့ ရောက်ရှိခဲ့သည်။ ထိုဆိုင်တွင် ထိုင်နေ သော အသက် ၁၂ နှစ်ခန့် ကောင်ကလေးကို “ဘယ်မှာတည်းလို့ ရမလဲ” ဟု မေးလိုက်မိသည်။ ကောင်ကလေး မှ ကျနော့်ကို သေချာကြည့်ပြီး “လိုက်ပို့ပေးမယ် အစ်ကို ဒါပေမဲ့ ပို့ခ မုန့်ဖိုးတော့ ပေးရမယ်” ဟု ဆိုလာသည်။ ဆိုင်ခန်းထဲရှိ အစ်မဖြစ်သူဟု ထင်သည်။ “မောင်လေးရေ ပုံမှန်နေရာကို ပို့ပေးလိုက်” ဟု လှမ်းပြောလိုက်သည်။

ထိုကောင်လေး ဦးဆောင်ခေါ်ရာနောက်သို့ ကျနော်လိုက်လာခဲ့မိသည်။ ကောင်ကလေးက ကျနော့်ကို “အစ်ကို ဒိုက်ထိုးမယ်ဆိုရင်တော့ ဒီနေရာပဲ … ရေချိုး ဒိုက်ထိုးသူတွေအတွက်ဆိုရင် ဒီနေရာက အသန့်ဆုံးလို့ ဆိုရမယ်” ဟု ညွှန်ပြရာသို့ ကြည့်လိုက်တော့ အသက် ၁၆ နှစ်မှ ၂၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီး ၄-၅ ဦး ဆင်းလာကာ ကျနော့်ကို ခေါ်ကြသည်။ ပြာပြာသလဲ ကျနော်ငြင်းလိုက်သည်။ “ညီလေး အစ်ကိုပြောတာ ဒီနေရာမဟုတ်ဘူး ကွ အေးအေးဆေးဆေး အိပ်စက်အနားယူလို့ ရတဲ့နေရာကို ပြောတာ” ဟု ဆိုလိုက်မှ ကောင်ကလေးက “အစ်ကိုကလည်း အထာမကျလိုက်တာဗျာ အစောကြီးထဲက သီးသန့်အိပ်မယ့် တည်းခိုခန်းလို့ ပြောရင်ပြီးရော” တဲ့ ။ သူပြောလည်း ပြောချင်စရာ ။ ကျနော်ကိုယ် ၌က ပါးရည်နပ်ရည် မရှိလို့ဖြစ်မည်။ ဘူတာနှင့် မနီးမဝေးရှိ ရွှေဝတ်မှုံ တည်းခိုခန်း သို့ ပို့ဆောင်ပေးလိုက်မှသာ အပူလုံးကျသွားတော့သည်။
တည်းခိုခန်းဆိုသော်လည်း ကြီးကြီးမားမားမဟုတ်။ အခန်း ၈ ခန်းခန့်သာ ရှိသည်။ တည်းခိုသူအများစုမှာ ဟိုင်းဝေးကားသမားများ ကုန်သည်တချို့နှင့် တပ်မတော်မှ တပ်ကြပ်ကြီး တဦးတို့ ဖြစ်သည်။ ထိုတပ်ကြပ်ကြီး နှင့် တည်းခိုခန်း မန်နေဂျာမှာ အတော်ရင်းနှီးကျွမ်းဝင်ပုံရသည်။

ကျနော်ရောက်သည့်ညမှာပင် သာစည်ဘုရားပွဲ ရှိသောကြောင့် ဂလုတ်ရွာမမှ ဆေးဆရာကြီး ဦးသိန်းညွန့်နှင့် အဖော်ရကာ ဘုရားပွဲသို့ နှစ်ဦးသား ချီတက်ခဲ့ကြသည်။ ကျနော့်ကိုယ်ကျနော်လည်း နွားကုန်သည် တဦးဟု မိတ်ဆက်ထားသောကြောင့် ပြသနာမရှိ။ ဘုရားပွဲသို့ ရောက်သောအခါ ကြည့်ရှုစရာများကို ကြည့်ရှုလေ့လာ ရင်း ကျနော်ပျော်နေမိသည်။ အမိမြေ၏ အငွေ့အသက်တို့ကို တဝကြီး ရှူရှိုက်ခွင့် ရလိုက်သောကြောင့် ဖြစ်မည် ထင်သည်။ ညဉ့်နက်လာသောအခါ တည်းခိုရာ အဆောင်သို့ ပြန်လာခဲ့ကြသည်။ တည်းခိုခန်းအတွင်းတွင် အသက် ၁၇-၁၈ အရွယ် လူငယ် ၃ ဦးကိုလည်း တွေ့လိုက်ရသည်။ ကျနော်တို့ရောက်ပြီး မကြာလိုက် ထိုလူငယ် ၃ ဦးကို တပ်ကြပ်ကြီး တဦးနှင့် ရဲဘော် ၂ ဦးက လာရောက်ခေါ်ဆောင်သွားသည်ကိုလည်း တွေ့လိုက်ရသည်။ ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ကျန်ရစ်ခဲ့သော တပ်ကြပ်ကြီးနှင့် တည်းခိုခန်း မန်နေဂျာတို့ ပြောဆိုနေသည့် စကားများကိုလည်း နားစွင့်နေမိသည်။

ဆိုင်မန်နေဂျာ က “ဆရာကြီး ဒီနေ့အတွက်တော့ ခိုင်သွားပြီဆိုတော့ ကျနော့်ကိုလည်း လက်ဖက်ရည်တိုက်ရ မယ်နော်” ဟု ဆိုလိုက်သည်။ တပ်ကြပ်ကြီးကလည်း “အေးပါဗျာ တိုက်ဆိုလည်း တိုက်ပါ့မယ် ဖြစ်ချင်တော့ ဒီလိုဗျ။ ကျနော်ဘုရားပွဲ ရောက်နေတုန်း လက်ဖက်ရည်ဆိုင်မှာ အော်ကျယ်အော်ကျယ် ဖြစ်နေတာနဲ့ သွားကြည့် လိုက်တယ်။ ဆိုင်ရှင်က ကောင်လေးတွေကို လက်ဖက်ရည်ဖိုး ရှင်းခိုင်းနေတာ ကောင်လေးတွေ မှာလည်း ငွေကမရှိဘူးနဲ့ တူတယ်။ သူတို့ကို ခေါ်လာတဲ့ သူကလည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့ ဒုက္ခ  ရောက်နေတာပေါ့။ တောကနေ ဘုရားပွဲလာကြတဲ့ လူတွေဆိုတော့ မအူမလည်ဖြစ်နေကြ တယ် ထင်ပါရဲ့ဗျာ။ အဲဒါနဲ့ ကျနော်လည်း ကြားကနေ သူတို့အတွက် လက်ဖက်ရည်ဖိုး ဝင်ရှင်းပေးလိုက်တယ်။ ထမင်းစားပြီးပြီလားလို့ မေးတော့လည်း မစားရသေးဘူး ဆိုတာနဲ့ ထမင်းဆိုင်မှာ ထမင်းပါ လိုက်ကျွေးလိုက် သေးတယ်။ ကျနော့်ကို အားကိုးတကြီးနဲ့ ယုံယုံကြည်ကြည်နဲ့ လိုက်လာခဲ့တာ။ ဒီရောက်တဲ့ အထိပေါ့။
ခင်ဗျား သိတဲ့အတိုင်းပဲ ကျနော့်တာဝန်က တပ်သားသစ်စုဆောင်းရတာ ဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ။ သူတို့ ဘဝကို ထိုးကျွေးလိုက်ရတာပေါ့။ မိသားစု စားဝတ်နေရေးကတဘက် တာဝန်ကတဘက် ငြင်းပိုင်ခွင့်မှ မရှိတာ။ ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ ပြောရမှာ။ သူတို့ ၃ ယောက် စုမိတဲ့အတွက် ရမယ့် ဆန်နဲ့ ငွေက ကျနော့် မိသားစုအတွက် တလလောက်တော့ အဆင်ပြေသွားသလို မဖြစ်မနေ တပ်သားသစ်ရှာပေးရမယ့်တာဝန် လည်း တစိတ်တပိုင်း စိတ်သက်သာရာ ရသွားတာပေါ့ဗျာ” ဟု ဆိုလိုက်သောအခါ မန်နေဂျာကလည်း “ဆရာကြီးတို့ တပ်မတော်သားတွေ ဘဝကလည်း မလွယ်ပါဘူးဗျာ။ ဂျာအေးသူ့အမေရိုက်တာထက်တောင် ပိုဆိုးနေလေရဲ့” ဟု ဆိုလိုက်ရာ တပ်ကြပ်ကြီးမှ “ဂျာအေး သူ့အမေရိုက်တဲ့ဇာတ်ကမှ ဆုံးရင်ဆုံးသွားအုံးမှာ ကျနော်တို့က ဘယ်လိုအဆုံးသတ်မယ်မှန်းကို မသိတော့ပါဘူးဗျာ။ ဒုက္ခ ကိုလည်း ဘယ်သူ့ကိုမှ မျှဝေပေးချင်တဲ့ ဆန္ဒမရှိ ပါဘူး” ဟု ဆိုလိုက်သောကြောင့် နားထောင်နေသော ကျနော် အတော် စိတ်မကောင်း ဖြစ်သွားသည်။ တပ်မတော်သား အများစုတွင်လည်း ဆန္ဒနှင့်ဘဝ ခြားနားနေကြောင်း သိရှိလိုက်ရတော့သည်။
(ဆက်ပါဦးမည်)

အုပ်ကြီးဖေ
၁၈-၁၀-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...