Sunday, October 27, 2013

ရွှေတံဆိပ် - ရွှေတံခါး - ရွှေခေတ်

Min Myat Maung

October 21, 2013 at 4:29pm

ဆီးဂိမ်း ဆိုတဲ့ အရှေ့တောင်အာရှ အားကစားပွဲကြီး ကျင်းပဖို့ နှစ်လတောင် မလိုတော့ပါဘူး။ တစ်ချိန်တုန်းက ကျွန်းဆွယ်ပွဲလို့ ခေါ်ခဲ့တဲ့ ဒီအားကစားပွဲကို ၁၉၆၉ ခုနှစ်က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြီးကတည်းက အခုကျမှ ဒီလို နိုင်ငံပေါင်းစုံ အားကစားပွဲကို မြန်မာပြည်မှာ ပထမဆုံး ပြုလုပ်တာပါ။


၄၅ နှစ်လောက်ကြာမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမယ်ဆိုတော့ ဘာတွေ ပြင်ဆင်ပြီး ဘယ်လို ရည်မှန်းချက်တွေနဲ့ အားခဲထားသလဲ သိချင်ပါတော့တယ်။ ဒီလောက်အချိန်နီးကပ်နေတာတောင် ကျနော် ကျင်လည်ကျက်စားနေတဲ့ ဖေ့စ်ဘွတ်ခ် ရွာကြီးမှာ ဘယ်သူမှ အားတက်သရော ပြောဆိုနေကြတာလဲ မတွေ့မိဘူး၊ ဟို မယ်စကြာဝဠာ သွားပြိုင်တဲ့ မိန်းကလေးတစ်ယောက်လောက်တောင်မှ စိတ်ဝင်တစား မရှိကြပါလားလို့ အံ့အားကြီး သင့်ရပါတယ်။


ဒါက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပွဲကြီးလေ၊ ပြီးတော့ ကိုယ်က အိမ်ရှင်နိုင်ငံလေ၊ ပြည်သူလူထု တစ်ရပ်လုံး ဂုဏ်တက်စေမယ့်ပွဲ၊ မလုပ်တတ်ရင် ဂုဏ်ပျက်စေမယ့်ပွဲလေ၊ မယ်တစ်ယောက်တည်း ကိစ္စလောက်တောင် အရေးတယူ မရှိကြတာ ဆန်းလှတယ်။ အမယ်အမယ် … ငါတို့ကို စောင်းပြောတယ်လို့ မထင်ကြပါနဲ့၊ စောင်းမပြောပါဘူး တည့်တည့်ဖဲ့မလို့ပါဗျာ။

ဟိုး ရှေးတစ်ချိန်၊ အိမ်ရှင်နိုင်ငံအဖြစ် ကျွန်းဆွယ်ပွဲကျင်းပခဲ့တဲ့ ၁၉၆၁ ရော ၆၉ ခုနှစ်ပါ မြန်မာက ရွှေတံဆိပ်အများဆုံးနဲ့ ပထမရခဲ့ပါတယ်။ အရေးအကြီးဆုံး နံပါတ်တစ်အနေနဲ့ အိမ်ရှင်ဖြစ်တဲ့ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာမပျက်၊ အရှက်မကွဲရလေအောင် ရွှေတွဲလဲ ငွေတွဲလဲ ပထမစွဲဖို့ ဘာတွေ ပြင်ဆင်ထားသလဲ မေးကြည့်ချင်တယ်။
ဒါပေမယ့်၊ ကြားကြားရသမျှတော့ ဆီးဂိမ်းပွဲ အဆိုအကတွေ အရမ်းလန်းတယ်၊ MTV ကို ဗန်ကောက်တောင် သွားရိုက်တယ် ဆိုတာမျိုးတွေပဲ များတော့ သက်ပြင်းသာ ရှိုက်မိပါတော့တယ်။

မြန်မာနိုင်ငံကို ကျနော်တို့ရဲ့ (တကယ့်စစ်မှန်တဲ့) ဆန္ဒမပါပဲ အုပ်ချုပ်နေသူကြီးများကို မေးခွန်းထုတ်ချင်ပါတယ်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲကြီးကနေ ကျနော်တို့ မြန်မာနိုင်ငံအတွက် ဘယ်လို အောင်ပွဲတွေ ရည်မှန်းထားပါသလဲလို့ မေးကြည့်ပါရစေ။

ခုနက ကျနော်ပြောခဲ့သလို ရွှေ ငွေ ကြေးတံဆိပ် များများရဖို့လို့ ဖြေရင်တော့ သွားပါပြီ။ အဲဒါတွေက အောက်ဆုံးထစ် အကင်းပဲ ရှိတာပါ။ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတိုင်းထားတဲ့ ဘုံရည်မှန်းချက်ပဲလေ။

အိမ်ရှင်နိုင်ငံတစ်ခုအတွက် ဒီထက်မက အဆများစွာ သာလွန်ကြီးမားတဲ့ ရည်မှန်းချက်ကြီးတွေ ရှိရပါလိမ့်မယ်။ ဒီအားကစားပွဲကို အခြေပြုပြီး၊ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးတွေနဲ့အတူ စက်မှုကဏ္ဍ၊ နည်းပညာကဏ္ဍတွေပါ တဟုန်ထိုး တိုးတက်မြင့်မားအောင် လုပ်ဆောင်ရမှာက အစိုးရရဲ့ အဓိက တာဝန်ကြီးပါခင်ဗျာ။

မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ပြီး ဂေါက်ကြောင်တွေ ဘာလာဖွနေသလဲလို့ ထင်ပါလိမ့်မယ်။ တစ်ခုချင်း ရှင်းပြပြောဆိုနေရင် အချိန်ကုန်မှာစိုးလို့ ဥပမာ တစ်ခုတည်းကိုပဲ ထုတ်ပြလိုက်ပါမယ်။

ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၆၄ ခုနှစ် ကမ္ဘာ့အိုလံပစ်ပွဲတော်မှာ ဂျပန်အစိုးရနဲ့ ပြည်သူတွေ ဘယ်လို အားကြိုးမာန်တက် လုပ်ဆောင်သွားသလဲဆိုတာ စံနမူနာ ယူသင့်တယ်။

အိုးဟိုး..ဟိုး…စိတ်မဆိုးပါနဲ့၊ ဂျပန်လို ခေတ်မီတိုးတက်တဲ့ ထိပ်တန်းနိုင်ငံကြီးနဲ့ ငါတို့ ဖွတ်ကျား အဲလေ ဖွတ်ကြံ့နိုင်ငံကို နှိုင်းစရာလားဆိုပြီး ဒေါသတွေ အလိပ်လိုက် ထွက်နေပြီမဟုတ်လား။

အဲဒီတစ်ချိန်တုန်းက ဂျပန်နိုင်ငံဟာ ကျနော်တို့နဲ့ သူမသာကိုယ်မသာ၊ ကိုယ့်ထက်တောင် အခြေအနေ ပိုဆိုးချင် ဆိုးနိုင်ပါသေးတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ ၁၉၄၅ ခုနှစ်မှာ ဂျပန်ဟာ ပြာပုံသာမက အကြွေးဗလပွနဲ့ ကျန်ခဲ့တဲ့ စစ်ရှုံးနိုင်ငံတစ်ခုပါပဲ။ မဟာမိတ် လေကြောင်း ဗုံးဒဏ်တွေကြောင့် တိုကျိုမြို့တော် တစ်ခုလုံး ဖွတ်ဖွတ်ညက်ညက် ကျေနေတဲ့အပြင် အနုမြူဗုံးဒဏ်ကြောင့် ဟီရိုရှီးမားနဲ့ နာဂါဆာကီ နှစ်မြို့လည်း ပြာပုံထက် ဆိုးတဲ့ အခြေဆိုက်နေတယ်။

တစ်ပြည်လုံး ဆင်းရဲမွဲတေလိုက်တာ စားစရာတောင် မရှိဘူး။ အဲဒီခေတ်ကိုမီတဲ့ ဂျပန်အဖိုးကြီး၊ အဖွားကြီးတွေက သူတို့ရဲ့ ကိုယ်တွေ့တွေကို ပြောပါတယ်။ အိုနိဂီရိလို့ ခေါ်တဲ့ ထမင်းဆုပ်လေးကို အုမဲဘိုးရှိ ဆီးသီးသနပ်လေးနဲ့ စားပြီး မသေရုံ အသက်ဆက်နေကြရသတဲ့။

'စားစရာမရှိပေမယ့် လျော်စရာ ရှိရမယ်' ဆိုတဲ့ စကားပုံလိုပဲ ဂျပန်ပြည်သူတွေ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေတဲ့ကြားမှာ၊ ဂျပန်သိမ်းပိုက်ခဲ့တဲ့ မြန်မာအပါအဝင် တစ်ခြား နိုင်ငံတွေကို စစ်လျော်ကြေးပေးဖို့ တာဝန်ကြီးလည်း ရှိသေးတယ်။

ပြီးတော့ ဆိုးဝါးတာက စစ်ကြီးထဲမှာ ဂျပန်စစ်သည် ၂ သန်းကျော် ကျဆုံးခဲ့ပြီး သေဆုံးတဲ့ ပြည်သူဦးရေနဲ့ ဆိုရင် စုစုပေါင်း လူ ၃ သန်းလောက် ဆုံးရှုံးခဲ့ရတယ်။ အဲဒီ စစ်သည် ၂ သန်းဆိုတာ အားကောင်းမောင်းသန် အရွယ်ကောင်းတွေချည်းပဲ ဆိုတော့ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ရေးမှာ ဘယ်လောက် ထိခိုက်နစ်နာမလဲဆိုတာ တွေးကြည့်ပါတော့။ (နှိုင်းယှဉ်ကြည့်ချင်ရင် မြန်မာပြည်က စစ်သည် ၂ သောင်းနဲ့ တစ်ပြည်လုံး စုစုပေါင်း ၂ သိန်းခွဲ သေဆုံးခဲ့တယ်။)

အဲဒီလို ဂျပန်နိုင်ငံဟာ ဆင်းရဲကျပ်တည်းပြီး၊ အကြွေးဗလပွ ချွတ်ချုံကျနေချိန်မှာ ကမ္ဘာ့စီးပွားရေးပညာရှင်များ တွက်ဆထားတဲ့ အနာဂတ် အာရှစီးပွားရေးကို ဦးဆောင်မဲ့ ထွန်းသစ်စ နိုင်ငံကတော့ (မရယ်ကြနဲ့နော်) မြန်မာပြည်ပါတဲ့ခင်ဗျာ။

ဒီလောက်တောင် ဆင်းရဲဒုက္ခ ပေါင်းစုံနဲ့ အကြွေးပင်လယ်ဝေနေတဲ့ ဂျပန်နိုင်ငံဟာ ဘာသယံဇာတမှ မထွက်ပါဘူး။ (ကျနော်တို့နိုင်ငံလို တရုတ်ကြီးတွေ၊ ကုလားကြီးတွေ သွားရေကျစရာ၊ သစ်တော၊ ဓာတ်ငွေ့၊ ရေနံ၊ ကျောက်သံပတ္တမြား၊ ဆန်ရေစပါး၊ ရေထွက်ပစ္စည်း၊ ရာဘာ၊ သတ္ထု၊ ဘာဆိုဘာမှ မရှိပါဘူး။)

အဲဒီအချိန်က ဂျပန်ပြည်မှာ ငတ်နေတဲ့ လူတွေပဲ ရှိတယ်။ ဒါပေမယ့်… အဲဒီ ဒါပေမယ့်ဆိုတဲ့ စကားလုံးက အလွန်ကြီးမားတဲ့ ဧရာမ ဒါပေမယ့်ကြီး ဖြစ်ပါတယ်။

ငတ်နေပေမယ့် ဒီလူတွေဟာ စိတ်ဓာတ်မကျဘူး၊ အားမတန်လို့ မာန်လျှော့ရသော်ငြားလည်း 'လှေခွက်ချည်းကျန် အလံမလှဲ' နိုင်ငံကို ပြန်လည် ထူထောင်ဖို့ ပြင်းထန်တဲ့ ဇွဲမာန်သတ္တိ ရှိကြတယ်။
ကိုယ့်လူမျိုးချင်း မခိုးဘူး၊ မတိုက်ဘူး၊ မလုဘူး၊ မလိမ်ဘူး၊ ရိုးရိုးသားသား ကြိုးကြိုးစားစား အားမာန် အပြည့်နဲ့ ခါးစည်းပြီး အလုပ်လုပ်ကြတယ်။

သယံဇာတကုန်ကြမ်း မရှိတဲ့ ဂျပန်မှာ အားသာတဲ့အချက်တစ်ခုက နည်းပညာပါ။ စစ်အတွက် ပုံအော အသုံးချခဲ့ရတဲ့ နည်းပညာကို နိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးဖက် ဦးလှည့်ပေးနိုင်ခဲ့တယ်။ ဇီးရိုးဖိုက်တာ တိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ မစ်ဆုဘိရှီ အင်ဂျင်တွေကို ကုန်တင်ယာဉ်၊ ဆောက်လုပ်ရေး ယန္တရားတွေအတွက် ထုတ်လုပ်ခဲ့တယ်။ ရေငုပ်သင်္ဘော ပယ်ရီစကုပ်၊ စစ်သုံးမှန်ဘီလူးတွေဟာ ကင်မရာတွေ ဖြစ်လာတယ်။ စစ်သုံး ဆက်သွယ်ရေးစက်တွေက အသွင်ပြောင်းပြီး ဆိုနီ၊ နေရှင်နယ် ရေဒီယိုတွေ၊ ဓာတ်စက်တွေ ဈေးကွက်ထဲ ရောက်လာတယ်။

အဲဒီလို တစ်ပြည်လုံး ခါးကျိုးမတတ် ရုန်းကန်လှုပ်ရှားပြီး ကိုယ့်ခြေထောက်ပေါ် မတ်မတ်ရပ်နိုင်မယ်မှ မကြံသေးဘူး၊ ကမ္ဘာ့အိုလံပစ်ပွဲတော်ကြီးကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပဖို့ ကိစ္စဟာ ပြည်သူလူထုကြားမှာ စိတ်ဝမ်းကွဲစရာ ဖြစ်လာတယ်။ ဒီလောက် စရိတ်စက ကြီးမားလှတဲ့ နိုင်ငံတကာ အားကစားပွဲကြီးကို လက်ခံကျင်းပရင် မွဲရချည်ရဲ့ ဆိုပြီး ကန့်ကွက်သူတွေ အများကြီး ရှိတာပေါ့။ ပြာပုံထဲက ထ လာပြီးမှ ပြာပုံထဲ ပြန်တိုးရတော့မယ်လို့ ဆိုကြတယ်။

သူတို့ပြောတာလည်း မမှားဘူး။ စစ်ကြီးပြီးလို့ ၁၄ နှစ်မှ မကြာသေးပဲ အိုလံပစ် အိမ်ရှင်နိုင်ငံလုပ်ဖို့ လျှောက်လွှာတင်ခဲ့တာဆိုတော့ သာမန်ပြည်သူတွေအတွက် ဝန်ထုပ်ကြီးတစ်ခုလို့ ရင်လေးစရာ မဟုတ်ပါလား။

ဒါပေမယ့်၊ ဂျပန်နိုင်ငံဟာ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်တဲ့ ဖက်ဆစ်နိုင်ငံ မဟုတ်တော့ဘူး။ စီးပွားရေးသမားတွေနဲ့ စက်မှုလုပ်ငန်းရှင်တွေ ဦးဆောင်တဲ့ ခေတ်မီ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ဦးတည်နေပါပြီ။ ရှေ့ဆောင်နိုင်တဲ့ အရည်အချင်းနဲ့ အမျှော်အမြင် ရှိသူတွေကို ပြည်သူက မဲဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရပါ။

တိုင်းပြည်က စိုက်ထုတ်ရမဲ့ အရင်းအနှီးနဲ့ အနာဂတ်မှ ရရှိလာမယ့် အကျိုးအမြတ်ကို ခေါင်းဆောင်တွေက နှိုင်းယှဉ်ပြပြီး ဆုံးဖြတ်ချက် ချလိုက်တဲ့အခါ ဂျပန်ပြည်သူလူထုဟာ တစ်စိတ်တစ်ဝမ်းတည်း စုစည်းလိုက်ကြပါတယ်။ အရင်တုန်းကလို လုပ်မယ်၊ မလုပ်ဖူး နှစ်ခြမ်းကွဲမနေတော့ဘူး၊ အကောင်းဆုံးဖြစ်အောင် လုပ်ကြမယ်ဆိုတဲ့ စိတ်တစ်ခုတည်းသာ ရှိပါတော့တယ်။

ကမ္ဘာ့အိုလံပစ်ကော်မတီက ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို အိမ်ရှင်အဖြစ် ၁၉၅၉ ခုနှစ်မှာ ရွေးချယ် ကြေညာလိုက်တာဆိုတော့ ပွဲကျင်းပမယ့် ၁၉၆၄ ခုနှစ်အထိ ပြင်ဆင်ချိန် ၅ နှစ်ပဲ ရပါတယ်။

အဲဒီ ၅ နှစ်အတွင်း ဂျပန်ပြည်သူလူထုရဲ့ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ကြိုးစားအားထုတ်မှုကတော့ အံ့မခမ်းပါပဲ။

အာရှတိုက်မှာ ပထမဆုံး ကျင်းပတဲ့ ကမ္ဘာ့အိုလံပစ် ပွဲတော်ကို တက်ရောက်လာတဲ့ နိုင်ငံတကာ အားကစားသမားတွေနဲ့ ပရိသတ်ဟာ တိုတောင်းတဲ့နှစ်အတွင်း ဂျပန်နိုင်ငံရဲ့ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုကို ရင်သပ်ရှုမော အံ့ဩသွားရပါတယ်။

မွဲပြာကျ စစ်ရှုံးနိုင်ငံဆိုပြီး အထင်မကြီးပဲ ရောက်လာသူတွေကို ခေတ်မီ အားကစားကွင်းကြီးတွေ၊ သန့်ရှင်းသပ်ယပ်တဲ့ အဆောက်အဦတွေ၊ စည်းကမ်းသေဝပ်တဲ့ ပြည်သူတွေက ဆီးကြိုနေပါတယ်။


ဂျပန်နိုင်ငံက ၁၉၆၄ ခုနှစ် အိုလံပစ်ပွဲတော်ကတစ်ဆင့် ဂုဏ်ယူဝင့်ကြွားစွာ ကမ္ဘာကို တင်ဆက်လိုက်တာတွေ အများကြီးထဲမှာ နံပါတ်တစ် ထိပ်ဆုံးကတော့ ရှင်ကန်းဆင်ဆိုတဲ့ ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထားပါ။ ဆီးနှင်းဖြူ ဆောင်းထားတဲ့ ဖူဂျီတောင်ကြီး ရှေ့မှာ အရှိန်ပြင်းစွာ ခုတ်မောင်းနေတဲ့ ကျည်ဆံရထား ပုံရိပ်ဟာ ကမ္ဘာ့ပြည်သူတွေရဲ ရင်ထဲ ခုထက်ထိ စွဲနေဆဲပါပဲ။


ကမ္ဘာ့အိုလံပစ်ပွဲတော်တိုင်းမှာ တရားဝင် စံချိန်မှတ် နာရီအဖြစ် အစဉ်အဆက် နေရာယူခဲ့တဲ့ ဆွစ်နာရီတွေနေရာမှာ ဂျပန်လုပ် ဆီကိုဖြစ်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ နောင်လာမယ့်နှစ်တွေမှာ ကမ္ဘာ့နာရီ ဈေးကွက်ကို ဆီကို၊ စီတီဇင်၊ ကာစီယို စတဲ့ ဂျပန်နာရီတွေ လွှမ်းမိုးသွားတာ မျက်ဝါးထင်ထင် မြင်ကြရပါတော့တယ်။

တစ်ဆက်တည်းပဲ ဟိုအရင်က မထင်မရှား ဖြစ်ခဲ့တဲ့ ဆိုနီ၊ နေရှင်နယ် ပါနာဆိုးနစ်စတဲ့ လျှပ်စစ်ပစ္စည်းတွေ ကမ္ဘာ့ဈေးကွက်ထဲကို အင်တိုက်အားတိုက် ထိုးဖောက်ဝင်ရောက်ပြီး အခိုင်အမာ နေရာယူနိုင်ခဲ့ပါတယ်။

တစ်ချိန်တုန်းက ဂျပန်လုပ်ဆိုရင် အပေါစားဆိုပြီး အထင်သေးခဲ့တဲ့ အမြင်တွေကို ၆၄ တိုကျိုအိုလံပစ်မှာ အပြီးအပြတ် ရိုက်ချိုး မြေမြှုပ်ပစ်ခဲ့တယ်။ ဒီနောက်တော့ Made in Japan ကိုမှ တန်းတန်းစွဲ ဖြစ်ရတဲ့ ဘဝကို တစ်ကမ္ဘာလုံး ရောက်ခဲ့ရတာပါ။

ဒီကတစ်ဆင့်၊ တိုယိုတာ၊ နိဆန်၊ မစ်ဆုဘီရှီ၊ မာဇဒါ စတဲ့ ဂျပန်ကားတွေ အမေရိကနဲ့ ဥရောပဈေးကွက်မှာ မင်းမူလာတဲ့အထိ စွမ်းဆောင်ခဲ့ပါတယ်။ (ဟွန်ဒါက အဲဒီတုန်းက မော်တော်ကား မထုတ်သေးဘဲ၊ ဆိုင်ကယ်ပဲ ထုတ်ခဲ့တာလို့ သိရတယ်။)

တိုတိုပြောရရင်၊ ဂျပန်နိုင်ငံဟာ ခေတ်မီ တိုးတက်တဲ့ စီးပွားရေးနိုင်ငံဖြစ်ကြောင်း ၁၉၆၄ အိုလံပစ်ပွဲတော်ကို အသုံးချပြီး တစ်ကမ္ဘာလုံးကို လူသိထင်ရှား ထုတ်ဖော်ကြေညာလိုက်တာပါပဲ။
ဒီပွဲရဲ့ အကျိုးဆက်ရလဒ်ကတော့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ရွှေခေတ်ကို အောင်မြင်စွာ ထူထောင်နိုင်ပြီး၊ ကမ္ဘာ့ စီးပွားရေးမှာ ဒုတိယ အင်အားကြီးနိုင်ငံ ဖြစ်လာပါတော့တယ်။
အိုလံပစ် အားကစားပွဲ ဆုတံဆိပ်အနေနဲ့ အမေရိကန်က ပထမ၊ ဆိုဗီယက်ယူနီယံ (ယခု ရုရှား) က ဒုတိယနဲ့ အိမ်ရှင် ဂျပန်ကတော့ တတိယပဲ ရခဲ့ပါတယ်။ စောစောက ပြောခဲ့သလို အမျှော်အမြင်ရှိတဲ့ ဂျပန်ခေါင်းဆောင်တွေဟာ ဒီအိုလံပစ်ပွဲကို ရွှေတံဆိပ်အတွက် အဓိကမဟုတ်ပဲ နိုင်ငံရဲ့ ရွှေခေတ်ကို ဖွင့်လှစ်မယ့် ရွှေတံခါးအဖြစ် အသုံးချခဲ့တာ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာ မကြာခင် ကျင်းပတော့မယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာတော့ အဲဒီလို ရည်မှန်းချက်ပန်းတိုင် ကြီးကြီးမားမား ဘာဆိုဘာမှ မတွေ့မမြင်ရတဲ့အပြင်၊ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် ပဋိပက္ခတွေ၊ မီးရှို့မှု၊ ဗုံးခွဲမှုတွေနဲ့ ဘယ်နေရာကြည့်ကြည့် ရှက်စရာအတိ ဖြစ်နေပါတော့တယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...