Friday, October 25, 2013

အင်ဖက်ခေါင်မိုးအောက်က ဝိုးတဝါးအိပ်မက်များ (၆)

October 24, 2013 at 6:10am
 


နို့ဖိုး ဒုက္ခသည်စခန်း …..
ပတ်ပတ်လည်မှာ တောင်ကုန်းတောင်တန်းတွေ ဝန်းရံထားသော တောင်ပေါ်မြေပြန့်နေရာလေးတခု။ ထိုင်းနိုင်ငံ အတွင်းပိုင်းနဲ့ ထိုင်း-မြန်မာ နယ်စပ်ဆက်သွယ်ထားသော ကားလမ်းနံဘေးမှာ တည်ရှိသည်။  ကားလမ်းပေါ် သွားရင်း ကြည့်လိုက်ပါက စခန်းအဝင်မှာ တောင်မြေကြားက စိမ့်ထွက်ရေများ ရစ်ခွေစီးဆင်းနေသော  စမ်းချောင်းလေးတခု တွေ့ရမှာဖြစ်ပြီး…
အခြားတဖက်အစွန်ကိုရောက်တော့ တောင်ကလပ်ပမာ မတ်စောက် မြင့်မားသည့် လွှာတွန့်ကျောက်တောင်ကြီးက ထီးထီးမားမား အုပ်မိုးလျက်။ အနီးနားမှာ တောင်ပေါ် ထိုင်းကရင် အများစုနေထိုင်ရာ နို့ဖိုးကျေးရွာ ရှိ၏။
တောတောင်ရေမြေသဘာဝနှင့် လမ်းပမ်းဆက်သွယ်ရေး အနေအထားအရ ဆိုလျှင် ပျော်ရွှင်စရာကောင်းသည့် နေရာတခုဟု ဆိုရပေမည်။  အုန်းဖန်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် ပိုင်ခလိုင်ကျေးရွာ ဆက်သွယ်ဖောက်လုပ် ထားသော ကားလမ်းနံဘေးမှာရှိကာ … ထိုနေရာမှ မြန်မာပြည်နယ်စပ်သို့ ကားဖြင့်သွားလျှင် နာရီဝက်သာသာ စီးရပြီး အုန်းဖန်မြို့သို့ တစ်နာရီပျော့ပျော့ ခရီးရှိသည်။ ရက်သတ္တတစ်ပတ်လျှင် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) ဈေးနေ့ သုံးရက် ရှိသည်။ ဆေးရုံတခု ရှိသည်။ စာသင်ကျောင်း နှင့် ဘာသာရေးအဆောက်အဦးများလည်း ထိုက်သင့်သလောက်ရှိသည်။ သို့တိုင် ထိုနေလူနေရပ်ဝန်းလေးအတွင်း မှီတင်းနေထိုင်သူအများစု၏ ဘဝ အနာဂတ်ရေးမှာ တိကျရေရာမှု မရှိလှဘဲ လေယူရာ ရွေ့လျားလိုက်ပါနေရသည့် မိုးတိမ်လွှာများသဖွယ် ဘယ်ဆီဘယ်ဝယ်မှာ ပျော်ဝင်အနယ်ကျမည်လဲ ကိုယ်တိုင်ခန့်မှန်းရခက်နေသော အခြေမခိုင် အနေအထားမှာ ရှိနေသည်။

အထက်တွင်ဖော်ပြခဲ့သော ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ တည်ရှိနေသော်လည်း ပုံမှန် သမရိုးကျ အခြေချနေထိုင်သော လူ့အသိုင်းအဝိုင်းတစ်ခုမဟုတ်သဖြင့် ရေရှည်အားကိုးရာ မဖြစ်နိုင်။ အဓိက အရေးကြီးဆုံး အချက်မှာ စားဝတ်နေရေး ပြဿနာ ဖြစ်လေသည်။ ဒုက္ခသည်စခန်း ဖြစ်သည့်အလျောက် ထိုင်းပြည်ထဲရေး ဌာန၏ လုံခြုံရေးအစောင့်အကြပ်တွေအောက်မှာ တင်းကျပ်သော စည်းကမ်းများကို လိုက်နာ နေထိုင်ကြ ရသည်။ စခန်းပြင်ပသို့ထွက်၍  တရားဝင်အလုပ်လုပ်ခွင့်မရှိ။ TBBC ခေါ် ထိုင်း-မြန်မာ နယ်စပ် အဖွဲ့ပေါင်းစုံ ကော်မတီမှ ထောက်ပံ့ပေးသော ရိက္ခာနှုန်းထားများမှာ တနှစ်ထက်တနှစ် လျော့ကျလာသဖြင့် မိသားစုစားရန် လုံလောက်မှု မရှိတော့။ ယခင်က ရိက္ခာနှုန်းထားပြည့်ဝစွာ ထုတ်ပေးစဉ်ကပင် သူတို့ပေးသော ရိက္ခာအမယ်များမှာ အခြေခံ စားကုန် သဘောမျှသာ ဖူလုံမှုရှိသဖြင့် အခြားလိုအပ်သော အသုံးစရိတ်အတွက် မိမိတို့ဖာသာ လုံ့လပြု ရှာဖွေကြရသည်။ ယင်းအခြေအနေတွင် ပြင်ပတစ်နေရာမှ ထောက်ပံ့ပေးမည့်သူ မရှိသော မိသားစုများမှာ မဖြစ်မနေ အလုပ်တခု လုပ်ရန် လိုအပ်လာ၏။ သို့နှင့် စခန်းပြင်ပသို့ ခိုးထွက်ကာ ထိုင်းအလုပ်ရှင်များထံတွင် တရားမဝင် အလုပ်သမားအဖြစ် လုပ်ကိုင်ကြရသည်။

စခန်းထဲမှာ နေထိုင်စဉ် ပြေလည်သောင်သာသူဟူ၍ အနည်းအကျဉ်းလောက်သာ ရှိသည်။ NGO အဖွဲ့အစည်း အချို့တွင် ဝင်ရောက်လုပ်ကိုင်ရင်း ရာထူးအတန်အသင့်ရရှိထားသူများ၊ စခန်းအုပ်ချုပ်ရေးပိုင်းတွင် လုပ်ပိုင်ခွင့် အတော်အတန်ရှိသူများနှင့် ကိုယ်ပိုင်ငွေအရင်းအနှီးဖြင့် စီးပွားရေး လုပ်ငန်းထူထောင်နိုင်သူများ ဖြစ်လေ သည်။ တကယ့်လူများစုကြီးမှာ ကိုယ့်မှာရှိပြီးသား အရည်အသွေးကိုပင် ဖော်ထုတ်အသုံးချခွင့်မရဘဲ ချောင်ပိတ်မိ သလို ဖြစ်နေ၏။ စခန်းထဲမှာ အနေကြာလေ ဆင်းရဲကျပ်တည်းမှုဒဏ် ဖိစီးမှု ပိုခံလာရလေ ဖြစ်သည်။

နို့ဖိုး ဒုက္ခသည်စခန်း  ဖြစ်ပေါ်တည်ရှိလာပုံနှင့် ပတ်သက်ပြီး ကိုမိုးသောက် လေ့လောစူးစမ်း မိသလောက် အကြမ်းဖျင်း သိရှိထားရသည်မှာ  … ဤသို့ ….



၁၉၉၀ ပြည့်လွန်နှစ်တွေလောက်က ကရင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကရင်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ KNU တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ချိန်အတွင်း … အဇင်းတိုက်ပွဲသည် နာမည်ကြီးအပြင်းထန်ဆုံးတိုက်ပွဲတခုဟု သိရသည်။ ထိုဒေသမှာ KNU တပ်မဟာ (၆) နယ်မြေအတွင်း တည်ရှိသည်။ ၁၉၉၅ ခုနှစ် ဝန်းကျင်လောက်တွင် တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူ လူထုများ အိုးအိမ်ရပ်ရွာစွန့်ခွာခဲ့ရပြီး ထိုင်း-မြန်မာ နယ်စပ်တနေရာဖြစ်သော ပိုင်ခလိုင် ကျေးရွာအနီးတွင် ဖြစ်သလို စုပြုံစခန်းချ နေထိုင်ခဲ့ရသည်ဟု ဆိုသည်။ ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်စခန်း ဖြစ်ပေမဲ့ အထောက်အပံ့ပေးသော NGO အဖွဲ့ တစုံတရာနှင့်မျှ ဆက်သွယ်မှုမရသေးသဖြင့် ပြေးရင်းလွှားရင်း သယ်ပိုး ယူဆောင်လာခဲ့သော စားရေရိက္ခာ များကို အချင်းချင်း မျှတခွဲဝေကာ ကြုံသလို ချက်ပြုတ် စားသောက်ခဲ့ကြရသည်။ လုံလုံခြုံခြုံမရှိသော ဘဝမှာ မဝရေစာ စားသောက်နေရသည့်ကြားထဲ ငြိမ်သက် မသွားသေးသော စစ်ပွဲ အန္တရာယ်ကလည်း တရံမလပ်ခြိမ်းခြောက်လျက်ရှိနေခဲ့ရာ စစ်ဘေး ဒုက္ခသည် များအဖို့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလို ကြမ္မာဆိုးများနှင့်သာ ဆက်တိုက် ကြုံတွေ့ခဲ့ကြရလေသည်။

နေစရာ တဲအိမ်များနှင့် စားအိုးစားခွက် အဝတ်အစား အားလုံး ကိုယ့်မှာပါလာသမျှ ကိုယ်ထူကိုယ်ထ စနစ် ဖြင့်သာ သုံးနှစ်သုံးမိုး နီးပါး ရှင်သန်နေထိုင်ခဲ့ကြရပြီး ၁၉၉၇ ရောက်မှ NGO အဖွဲ့ အကူအညီစတင် ရရှိလာကာ လက်ရှိစခန်း နေရာသို့ ထပ်မံပြောင်းရွှေ့ အခြေချခွင့်ရခဲ့ခြင်းဖြစ်သည်။ ဘေးကင်းလုံခြုံရာ ထိုင်းနိုင်ငံ ဘက်ခြမ်း သို့ ပြောင်းရွှေ့ နေထိုင်ခွင့်ရသည့်တိုင် အခက်အခဲတွေက ရှိနေဆဲပင်။ ထွက်ပြေးပြောင်းရွှေ့လာသူများထဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဒေသခံ ကရင်လူမျိုးများနှင့် ကျိုက်ဒုံနယ်တဝိုက်မှ မွတ်ဆလင်ဘာသာဝင်များ အများစုပါဝင်လေသည်။

မဲဆောက်အခြေစိုက် UNHCR ရုံးတွင် မှတ်ပုံတင်စာရင်းသွင်း လျှောက်ထားသူအား နီးစပ်ရာ ဒုက္ခသည်စခန်း များအတွင်းသို့ ဖြန့်ခွဲနေရာချထားသည့်အစီအစဉ်မှာ ၂၀၀၅ ခုနှစ် ရောက်မှ အစပြုလုပ်ဆောင်လာခြင်း ဖြစ်ပြီး ဒုက္ခသည်များအား တတိယနိုင်ငံတခုခုတွင် ပြန်လည်အခြေချနေထိုင်ရေး စီစဉ်ပေးမှုကိုလည်း ထိုအချိန်မှ အစပြုကာ စခန်းအခြေစိုက် လုပ်ကိုင်ဆောင်ရွက်သည့် ပုံစံပြောင်းလဲလာခဲ့ခြင်း ဖြစ်ပေသည်။

မှတ်မှတ်ရရ …. ကိုမိုးသောက်တို့ နို့ဖိုး ဒုက္ခသည်စခန်းအတွင်းသို့ စတင်ဝင်ရောက်လာသည့်နေ့ …. မဲဆောက်မှ စီးလာသောကားပေါ်က ဆင်းလာပြီးနောက် ကြိုဆိုရေးအဖွဲ့  စီစဉ်နေရာ ချထားပေးသည့် အိမ်နံပတ်ရှိရာကို သူငယ်ချင်းတဦး အကူအညီဖြင့် ရှာဖွေသွားရောက်ခဲ့ရသည်။ သူတို့နေထိုင်ရန် ဆောက်လုပ်ပေးထားသော အိမ်ကလေးကို ငေးစိုက်ကြည့်ရင်း ကိုမိုးသောက်ရင်ထဲ အံ့သြနေမိသည်။ ယခင်က စခန်းတွင်းနေထိုင်သူတချို့ ပြောစကားအရ  ကြမ်းခင်းပေါ်လမ်းလျှောက်လျှင်ပင် တအိမ်လုံး သွက်သွက်ခါ ယိမ်းထိုးနေသည်ဟု ကြားခဲ့ ရသဖြင့် စိုးရိမ်စိတ်ပိုခဲ့မိသည်။ ယခု မျက်ဝါးထင်ထင်မြင်ရမှ ကြားဖူးခဲ့သလောက် အခြေအနေ မဆိုးလှကြောင်း သိရတော့သည်။

ယူကလစ်မျောတိုင်ဖြင့် ဆောက်လုပ်ထားသော ဝါးကြမ်းခင်း၊ ဝါးကြမ်းကာ၊ အင်ဖက်မိုး ခပ်တောင့်တောင့် သုံးပင် အိမ်လေးကို မီးဖိုချောင်တွဲကပ် ဆောက်ထားပြီး မီးဖိုခန်းဘေးမှာ ရေသုံးကြမ်းပြင်နှင့် အိမ်သာ တွဲလျက် ရှိနေ၏။ အိမ်သာကျင်းကို ကျောက်ပြားဖြင့် ဖုံးအုပ်ထားပြီး ကြွေကမုတ် မိလ္လာခွက် တင်ထားသဖြင့် သာမန် တောရွာ တွေမှာ တွေ့ရများသည့် ရေလောင်းအိမ်သာထက် အဆင့်မြင့်သည်ဟု ဆိုရမည်။ တောင်ပေါ် စမ်းချောင်းမှ ရေသွယ်ယူကာ ရပ်ကွက်များအတွင်းသို့ ပိုက်များဖြင့် ရေဖြန့်ဝေရေးစနစ် ထားရှိပေးသည်။ အိမ် ၂၀ အတွက် ရေဘုံဘိုင်ခေါင်းတခု တပ်ဆင်ပေးထား၏။

စရောက်သည့်နေ့က ကြုံခဲ့ရသော ပွဲဦးထွက် အတွေ့အကြုံလေးက ကိုမိုးသောက် ဘဝမှာ အမှတ်တရဖြစ်စရာ။ အိမ်နံပတ်ရှာတွေ့ပြီး အိမ်ပေါ်သို့မတက်မီ အိမ်ရှေ့ တံစက်မြိတ်အောက်မှာ ဒူးပိတ်အကာကို လက်ထောက် လျက် အိမ်ခေါင်မိုး ကောင်းမကောင်း ကိုမိုးသောက် မော့ကြည့်လိုက်သည်။ သူတို့စခန်းထဲသို့မရောက်မီ ၆ လခန့် (၂၀၀၆ နှစ်ဆန်းပိုင်း) လောက်က ဆောက်လုပ် ထားသော နေအိမ်အသစ်တွေဖြစ်ပြီး အများစုမှာ နွားကျောင်းသား ကလေးများ တက်ရောက်ခိုနားရင်း ဆော့ကစားထားသဖြင့် ခေါင်မိုးဖက်တချို့ စုတ်ပြဲ ပျက်စီးနေတာတွေ ရှိ၏။

ကိုမိုးသောက် တို့ မိသားစု နေရမည့်အိမ်မှာတော့ ခေါင်မိုးအကောင်းပကတိ ရှိနေတာ တွေ့ရသဖြင့် စိတ်ကြည်လင်ပေါ့ပါးသွားပြီး အိမ်တွင်းပိုင်းကို ငုံ့ကြည့်လိုက် သည့်အခါမှ စိတ်ရှုပ်စရာ မြင်ကွင်းတခု ဘွားခနဲ တွေ့လိုက်ရသည်။ အိမ်ရှေ့ခန်းကြမ်းပြင်တခုလုံး နှင့် ဒူးပိတ်အကာတို့မှာ ရွှံ့ညွန်တွေ တလကြမ်း ပေရေ ညစ်ပတ်နေ၏။ အိမ်ပေါ်မရောက်မီ ရေဆေးခြင်းမင်္ဂလာကို ပင်ပန်းကြီးစွာ ကျင်းပလိုက် ရသည်။ ကိုမိုးသောက် အိမ်နှင့် မျက်နှာချင်းဆိုင်အိမ်သို့ အရင်ရက်ကရောက်နှင့် နေသော  တချိန်က နာမည်ကြီးစာရင်းဝင် ရုပ်ရှင် အနုပညာရှင်တဦးကို ဒေသခံများ အုံနှင့်ကျင်းနှင့် လာရောက် ခရီးဦးကြိုပြုကြရာ လူမရှိသေးသော ကိုမိုးသောက် အိမ်မှာ ပွဲကြည့်စင်ဖြစ်ခဲ့ဟန်ရှိသည်။

စခန်းတွင်းသို့ ရောက်သည့်နေ့မှာပင် အိမ်အတွက်လိုအပ်သော မီးဖိုချောင်သုံး ပစ္စည်းများ (အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်း၊ မီးဖို၊ ရေဇလား၊ ရေပုံး၊ ရေခွက်)၊ မိလ္လာခွက်သန့်ရှင်းရေးဘရပ်ရှ် စသည်များကို ARC မှလည်းကောင်း၊ အိပ်ခန်းဆောင်ပစ္စည်းများ (ခြင်ထောင်၊ စောင်၊ ဖျာ) နှင့် စားနပ် ရိက္ခာ (ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငရုတ်သီးခြောက်၊ သကြား၊ အေးရှမစ်) မီးသွေး တို့ကို TBBC မှ လည်းကောင်း သွားရောက်ထုတ်ယူကြရသည်။ နောက်တနေ့ တွင် ARC မှာ သွားရောက်၍  ကျန်းမာရေး ဆေးစစ်တာခံယူရ၏။ အမျိုးသမီးများအတွက် ကာကွယ်ဆေးထိုးနှံ ပေးသည်။ လူမနေရသေးသော အိမ်အသစ်များတွင် နေထိုင်ရသဖြင့် ခြင်၊ ယင်၊ ကြွက် မရှိဘဲ ရက်အတန်ကြာ နေနိုင်ခဲ့သည်ကို ယခုတိုင် မှတ်မှတ်ရရ  ရှိနေတုန်းပင်။

ကိုမိုးသောက် တို့ ပြောင်းရွှေ့ ရောက်ရှိချိန်မှာ စက်တင်ဘာလ မိုးရာသီကုန်ခါနီး ဖြစ်သော်လည်း မိုးက သဲသဲမဲမဲ ရွာနေဆဲဖြစ်သည်။ အသစ် ဆောက်လုပ်ထားသည့် အိမ်ကလေးတွေပေါ် လူတွေအလျှိုလျှို ရောက်ရှိလာပြီဆိုတော့ တိတ်ဆိတ်ငြိမ်သက်ရပ်ဝန်းလေး  အသက်ဝင်လှုပ်ရှားလာသည်။ မိမိနေထိုင်ရာ အိမ်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ် ရေသွားရေလာကောင်းအောင် ရေမြောင်းတူးဖော်ကြရင်း ထွက်လာ သည့်မြေစာကို မညီမညာ လူသွားလမ်းလေးတွေမှာ  မြေညှိဖို့ကာ လမ်းပြင်ခြင်းအလုပ်ကိုပါ တဆက်တည်း လုပ်ဆောင်ကြသည်။ 


နေ့စဉ်ဆက်တိုက် ရွာသွန်းနေသော မိုးရေ ထဲမှာ အသစ်ဖို့ထားသော မြေလမ်းကလေးတွေ  ရွှံ့ဗွက် တသောသောနှင့် ကျူးကျော်ရပ်ကွက်လေးလို ဖြစ်နေသည်။ ဆောက်ပေးထားသည့် အိမ်တွေကလည်း အရွယ်တူပုံစံတူ။ ဟိုနားဒီနားရှိ  အသိမိတ်ဆွေ တချို့ထံ အလည်သွားပြီး အိမ်ပြန်လာလျှင် ညအမှောင် ပိန်းပိန်းအောက် ခရော်ခရွတ် ချော်ချွတ်နေသည့် လမ်းပေါ် စမ်းတဝါးဝါး လျှောက်လှမ်းရင်း ဖယောင်းတိုင် မီးအလင်းရောင်ကို အားပြုနေရသော အိမ်လေးတွေ တန်းစီရှိနေသည့်အထဲမှာ ကိုယ့်အိမ်ဘယ်ဟာဖြစ်မလဲ မနည်း ခွဲခြား ယူရသည်။ ထိုအချိန်က  ဘက်ထရီမီးချောင်းထွန်းသည့် အိမ်ပင် အလွန်နည်းပါးသေး၏။

မဲဆောက် UNHCR အစီအစဉ်ဖြင့် ကိုမိုးသောက်တို့  နို့ဖိုး ဒုက္ခသည်စခန်းသို့ ရောက်ရှိလာချိန်မှာ စခန်းတွင်း ၌  ရပ်ကွက် (၁၆) ခုရှိသည်။ အမှတ် (၁၆) ရပ်ကွက်မှာ အသစ်ပြောင်းရွှေ့ရောက်ရှိလာသူများကို နေရာချထား သည့် သူတို့အခေါ် (PAB) ရပ်ကွက်ဖြစ်ပြီး၊ ကျန် နဂိုရှိပြီးသား ရပ်ကွက် (၁၅) ခုတွင်  ကရင်လူမျိုးအများစု နေထိုင်သည့် ရပ်ကွက် (၁၄) ခုနှင့် မွတ်ဆလင်ဘာသာဝင်များနေထိုင်သည့် ရပ်ကွက် (၁) ခု ပါဝင်သည်။ မွတ်ဆလင် ရပ်ကွက်အတွင်း လမ်းမတလျှောက် ကုန်စုံဆိုင်၊ အထည်ဆိုင်များ ပြည့်နှက်နေသည်။

အသစ်ထပ်မံရောက်ရှိလာပြီး  PAB ရပ်ကွက်တွင်  နေထိုင်သူများမှာ  မြန်မာပြည် တဝှမ်းမှ ထွက်ပြေး တိမ်းရှောင် လာသူများဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံပါဝင်သည်။ သူတို့ကို မြို့ပြဒုက္ခသည် ဟု ခေါ်ဝေါ် သညာ ပြုလေသည်။  အသီးသီး ဆက်စပ်ပါဝင်လှုပ်ရှားခဲ့သော အဖွဲ့အစည်းအလိုက်လည်းကောင်း၊ လူမျိုးစုအလိုက် သော်လည်းကောင်း၊ တူရာတူရာ အဖွဲ့အစည်းများအလိုက် ရပ်ကွက်တွင်းမှာ နေရာချထား ပေးသဖြင့် လူ နှစ်ထောင်ကျော်လောက် နေထိုင်သော PAB ရပ်ကွက်လေးမှာ မြန်မာပြည်အငယ်စားလေးဟု တင်စားရ လောက်အောင် တိုင်းရင်းသား လူမျိုးစုံ စုဝေးနေထိုင်လျက် ရှိနေသည်။

ဧရိယာ ခန့်မှန်းခြေ ၁ စတုရန်းမိုင်ဝန်းကျင်ရှိပြီး စုစုပေါင်း လူဦးရေ တစ်သောင်းကျော် မှီတင်းနေထိုင်သော ဤစခန်းငယ်လေးအတွင်းမှာ မြန်မာပြည် တနံတလျားက တနယ်စီနေ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကွဲပြားပြီး ဘာသာစကား ခြားနားမှုရှိသော တိုင်းရင်းသား လူမျိုးစု ညီအစ်ကိုမောင်နှမ တွေ ကြိုတင်မျှော်တွေးထားခြင်း မရှိဘဲ အကြောင်းတိုက်ဆိုင်စွာ လာရောက်ဆုံစည်း  မိကြပြီး  နှစ်ကာလ အတန်ကြာသည်အထိ အတူတကွ နီးနီးကပ်ကပ် နေထိုင်ခဲ့ကြရသည်ကိုက အိမ်မက် ဆန်သော လက်တွေ့ဘဝ ဟု ဆိုရပေလိမ့်မည်။

ဝေမော်
၂၄-၁၀-၂၀၁၃ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...