Saturday, October 12, 2013

လုံခြုံရေးဆိုင်ရာ အယူအဆသစ်

Wednesday, July 18, 2007 http://fine-leaves.blogspot.com/2007/07/blog-post_17.html မှ


နေ့ကမ္ဘာ္ဘကြီးတွင်အယူအဆသစ်များစွာခေတ်စားလာသည်။ စစ်အေးတိုက်ပွဲပြီးစကာလနှင့်မတူအောင်ပင် အသစ် ဖြစ်လာနေသည်။ စစ်အေးတိုက်ပွဲပြီးစကာလဖြစ်သော ( ၁၉၉၀ ) နှစ်များကာလနှင့်ပင် ယနေ့သက္ကရာဇ် (၂၀၀၀) ၏ အခြေအနေမတူညီတော့။ စစ်အေးတိုက်ပွဲကာလအတွင်းက ကမ္ဘာကြီးကို ရန်-ငါ ( ၂ ) မျိုးပုံစံဖြင့်ပင်အဓိကခွဲခြားသည်။ ကွန်မြူနစ်ကမ္ဘာနှင့် ကွန်မြူနစ်မဟုတ်သော ကမ္ဘာ ဟူသောပုံစံဖြင့်စဉ်းစားခဲ့ကြသည်. ယခင်က ကမ္ဘာကြီးသည် နံရံတိုင်းများပိုင်းခြားထားသော ကမ္ဘာကြီးဟု ပြောကြသည်။ ရန်သူ မဟုတ်လျှင် မိတ်ဆွေပုံစံဖြင့် စဉ်းစားခဲ့ကြသည်။ သို့သော်ယနေ့ကာလတွင် တခုမဟုတ်လျှင် တခုဟူသောပုံစံဖြင့် စဉ်းစားတွေးခေါ်မှုများ နိဂုံးချုပ်သွားပြီဟု ဆိုကြသည်။
အဖြူ (သို့မဟုတ်) အမည်းကြားတွင်အခြားရောင်စဉ်များရှိသည် ဆိုသည်ကို လက်ခံလာကြသည်။ ယခင်က ကျား သို့မဟုတ် မ ဟူသောလိင်စဉ်းစားချက်မှသည် အခြားလိင်မှုဆိုင်ရာခံစားချက်များဖြစ်သော လိင်တူဆက်ဆံသူများကိစ္စ (Homosexuality) ကိုပါထည့်သွင်းစဉ်းစားလာခဲ့ကြသည်။ ဤသည်မှာ စဉ်းစားပုံ လုံးဝပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ယနေ့ကမ္ဘာတွင် အယူအဆသစ်များရေပန်းစားလာသည်။ ကမ္ဘာ့ငြိမ်းချမ်းမှုထိန်းသိမ်းရေး ဟူသောအယူအဆ (Peace keeping) ၊ ကမ္ဘာလွှမ်းပတ်ပြောင်းလဲမှုနှင့်ပါတ်သတ်သော အယူအဆ (Globalization) ၊ လုံခြုံရေးဆိုင်ရာအယူအဆသစ် (Redefining security) စသဖြင့် ထွက်ပေါ်လာခဲ့သည်။

ယခင်ကာလက လုံခြုံရေးဟုဆိုလိုက်လျှင် နိုင်ငံတခု၏လုံခြုံရေးကိုပြေးမြင်ကြသည်။ စစ်ရေးကိစ္စတွေပါတပါတည်း စဉ်းစားလာသည်။ တပ်အင်အားဖြည့်တင်းရေးနှင့် လက်နက်တပ်ဆင်ရေးကိစ္စတွေလည်းပါသည်။ ဤအတွေးအခေါ်သည် (၂၀) ရာစုပြီးခါနီး စစ်အေး တိုက်ပွဲ ပြီးစကာလအထိ ဤအတိုင်းရှိခဲ့သည်။ ၂၀-ရာစုကာလအထိ လုံခြုံရေး ဟုဆိုလိုက်သည်နှင့် အင်အား ပြိုင်ဆိုင်နေသော အင်အားစုနှစ်ခုအကြား၊ သို့မဟုတ် စစ်ရေးမဟာမိတ်အုပ်စု (၂) ခုအကြား နယ်ခြားမျဉ်းသတ်မှတ်မှု ကိစ္စတွေပါဝင်ခဲ့သည်။ နိုင်ငံတကာ နိုင်ငံရေးဆက်ဆံမှုတွင်လည်း အမှားမခံ သောစည်းမျဉ်းသတ်မှတ်မူတွေထားကြသည်။ အင်အားပြိုင်ဆိုင်နေသောအင်အားစု (၂) ခု အကြား သံမဏိ ကန့်လန့်ကာ ခွဲခြား သတ်မှတ်မှုအထိရှိခဲ့သည်။ ဥပမာအားဖြင့် စစ်အေးတိုက်ပွဲကာလအတွင်းက အရှေ့ဥရောပ-အနောက် ဥရောပ၊ တောင်ကိုရီးယား- မြောက်ကိုးရီးယားစသည့်ဖြင့်ခွဲခြားခဲ့ကြသည်။

စစ်အေးတိုက်ပွဲပြီးကာလတွင် ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံသောပဋိပက္ခများသည်မည်ကဲ့သို့လာမည်နည်းဟု မေးခွန်းထုတ်လာကြသည်။ နိုင်ငံတခုနှင့်တခုအကြား ပဋိပက္ခများကအဓိကကျလိမ့်မည်လော။ မဟာမိတ်နိုင်ငံအုပ်စု တခုနှင့်တခုအကြား ပဋိပက္ခများက အဓိကဖြစ်လာမည်လော။ သို့မဟုတ်နိုင်ငံတခုအတွင်းတွင် လူမျိုးရေးနှင့်ဆိုင်သော ပဋိပက္ခများအဓိကကျလိမ့်မည်လောဟု စစ်ကြောကြသည်။ သို့သော်လက်တွေ့ကမ္ဘာတွင် ယူဂိုဆလားဗီးယားနိုင်ငံနှင့် ကွန်မြူနစ်နိုင်ငံ နိုင်ငံဟောင်းများ၊ တတိယကမ္ဘာနိုင်ငံများ တွင်ပိုမိုပြင်းထန်လာနေသောလူမျိုးရေးပဋိပက္ခများ က နိုင်ငံတကာကစိုးရိမ်ဖွယ်ရာ အခြေအနေတရပ်ကိုရောက်လာနေသည်။ နိုင်ငံတခု၏နယ်နမိတ်မျဉ်းများက အဓိကမကျတော့ပဲ နိုင်ငံတခုအတွင်းကြီးထွားလာနေသော ပဋိပက္ခများက ပို၍အဓိကနေရာ ရောက်လာနေသည်။ ယ
ခင်လုံခြုံရေးဆိုင်ရာ အယူအဆကိုလည်းပြန်လည် အဓိပ္ပါယ် အသစ်ဖွင့်ဆိုလာသည်။

ယနေ့မြန်မာနိုင်ငံရှိ စစ်ခေါင်းဆောင်များသည် လုံခြုံရေးကိစ္စကိုတွင်တွင်ကျယ်ကျယ်ပြောနေကြသည်။ န၀တ၏
အတွေးအခေါ်ဖြစ်သော တို့တာဝန်အရေး (၃) ပါးတွင်ပင်တိုင်းပြည်၏ အချုပ်အခြာအာဏာ မပြိုကွဲရန်၊ တိုင်းရင်း
သားစည်းလုံးညီညွှတ်မှုမပြိုကွဲရန်ဟု အကြောင်းပြကာ လုံခြုံရေးအရေးကြီးသည်ဟု ထည့်သွင်းထားသည်။

လုံခြုံရေး အကြောင်းပြကာ စစ်တပ်အင်အားကိုတိုးချဲ့ ခဲ့သည်။ လက်နက်ဆိုင်စစ်ယန္တယားများကို ဒေါ်လာသန်း
ထောင်နှင့် ချီ၍၀ယ်ယူ တပ်ဆင်ခဲ့သည်။ လုံခြုံရေးကိုအကြောင်းပြကာ နယ်စပ်နှင့်တောင်ပေါ် ဒေသအသီးသီးသို့
ထိုးစစ်များဆင်ခဲ့သည်။ လုံခြုံရေးကို အကြောင်းပြကာ တောင်ပေါ်သူပြည်သူအများအပြားကို နေရပ်မှ မောင်းထုတ်ခဲ့သည်။ ပြည်တွင်းတွင်လည်း အိုးအိမ်ခြံမြေများရွေ့ ပြောင်းခိုင်းခဲ့သည်။ လုံခြုံရေးကိုအ ကြောင်းပြကာ နိုင်ငံရေးအကျဉ်းသမားများစွာနှင့် ကျောင်းသား များစွာကိုထောင်သွင်း အကျဉ်းချထားခဲ့သည်။ လုံခြုံရေးကိစ္စကိုအကြောင်းပြကာ တက္ကသိုလ်ကျောင်းများကို ပိတ်ထားခဲ့သည်။ မြို့ ရွာများတွင် နေ၀င်မီးငြိမ်းအမိန့်၊ စစ်အုပ်ချုပ်ရေးအမိန့်များထုတ်ပြန်ခဲ့သည်။ န၀တသည် လုံခြုံရေးကို အကြိမ်ကြိမ်ပြောနေ လျှက်ကပင် ပို၍ လုံခြုံရေးမဲ့သောအခြေအနေကိုဆိုက်ရောက်နေရသည်။

အနာဂတ်အတွက်ရှေ့တန်းစစ်မျက်နှာသည် မည်ကဲ့သို့ဖြစ်လာမည်နည်း။ ဤအချက်သည် လုံခြုံရေးအတွက်အရေးကြီးသည်။

အချို့ပညာရှင်များက အနာဂါတ်တိုင်းပြည်တခုနှင့် တခုအကြား၊ မဟာမိတ်အုပ်စုတခုနှင့် တခုအကြားပဋိပက္ခသည်အဓိကမကျ။ တိုင်းပြည်တခုအတွင်းရှိ လူမျိုးစုချင်း၊ ဘာသာရေးဆိုင်ရာချင်းဖြစ်သော ပဋိပက္ခများကသာ ပို၍ အရေးကြီးလာမည်ဟုဆိုကြသည်။ သူတို့က ယူဂိုဆလားဗီးယားနိုင်ငံအတွင်းစစ်ပွဲများ။ အာဖကန်နစ္စတန်၊ ဘူရွန်ဒီ၊ လိုင်ဘေးရီးယား၊ ရ၀န်ဒါ၊ ဆိုမာလီယာ၊ သီရိလင်္ကာ၊ ဆူဒန်နိုင်ငံများအတွင်း ထင်သာမြင်သာသော ပဋိပက္ခများကိုထောက်ပြကြသည်။

အချို့ ပညာရှင်များကမူ ယခင်စစ်ရေးပြိုင်ဆိုင်မှုဟောင်း၊ အာဏာပြိုင်ဆိုင်မှုဟောင်းများသည် တစုံတရာအတိုင်းအတာ အထိအဆုံးအဖြတ်ပေးနေလိမ့်ဦးမည်ဟု ထောက်ပြသည်။ ပါမောက္ခကဲန်နက် ဝေါဇ့်က ယခင်ပြိုင်ဆိုင်မှု ဟောင်းများ ဖြစ်သော ဂျာမနီ၊ ဂျပန်တို့သည် အသစ်အဖြစ်ပြန်လည်ခေါင်းဆောင်ထလာနေသည်။

အင်အားကြီးထွားလာနေသော တရုပ်နိုင်ငံ၏ လက်နက်တပ်ဆင်နေမှု သည်လည်း အမေရိကန်၏အင်အားချိန်
ခွင်လျှာအသာစီးရနေမှုကို ခြိမ်းခြောက်လာလိမ့်မည်ဟု ပြောခဲ့သည်။ တိုင်းပြည်များသည် ဓနနှင့်လုံခြုံရေးပြည့်
စုံရန် ကြိုးပမ်းကြသည်။ ထိုသို့ပြည့်စုံလာသော အခြေအနေရှိသည်ဟု ပဋိပက္ခကို ဦးတည်လာနေသည်ဟု သူက
ဖော်ပြနေသည်။

ပါမောက္ခ ဆင်မြူရယ် ဟန်တင်တန်ကတော့ ယဉ်ကျေးမှုကြီးများအကြားတွင်ရှိသော ပဋိပက္ခများသည်ပိုအရေး
ကြီးသော အဆုံးအဖြတ်အခန်းကဏ္ဍက ရှိလိမ့်မည်ဟုပြောခဲ့သည်။ အနောက်တိုင်းယဉ်ကျေးမှု (ဥရောပ၊ မြောက်အမေရိက) နှင့် ဆလားဗစ်-အော်သိုဒေါက်ယဉ်ကျေးမှု ( ရုရှား၊ ယူကရိန်း၊ ဆားဗီးယား ) ၊ အစ္စလာမ်ယဉ်ကျေးမှု၊ ဂျပန်၊ တရုပ် (ကွန်ဖြူးရှပ်ယဉ်ကျေးမှု) တို့ ထိပ်တိုက်တွေ့ကြလိမ့်မည်ဟု ပြောခဲ့သည်။ နိုင်ငံ၏အခန်းကဏ္ဍသည် အဆုံးအဖြတ်ပေးသော အခန်းတွင်ဆက်လက်တည်ရှိနေလိမ့်မည်၊ သို့သော် ပဋိပက္ခသည်နိုင်ငံတို့၏ နယ်နမိတ် အတိုင်းဖြစ်ပွားနေလိမ့်မည်မဟုတ်ဟု သူ့အယူအဆကိုဖော်ပြခဲ့သည်။

အချို့ပညာရှင်များကတော့ စစ်မျက်နှာသစ်သည် နိုင်ငံများအကြားနှင့် ယဉ်ကျေးမှုချင်းထိပ်တိုက် တွေ့ခြင်းအားဖြင့် ဖြစ်လိမ့်မည်မဟုတ်ဟုပြောသည်။ အမေရိကန်သမ္မတ၏ လုံခြုံရေးအကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ အဲန်တိုနီလိက်ခ်ကတော့ ဒီမိုကရေစီနှင့်ဈေးကွက်စီးပွားရေးတန်ဖိုးများကို လက်ခံသောလူ့အသိုင်းအ၀ိုင်းနှင့် လက်မခံသောအသိုင်း အ၀ိုင်းကြားဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။ ကမ္ဘာ့အသိုင်းအ၀ိုင်းကလက်ခံ သောတန်ဖိုးများကို ငြင်းပယ်နေသောနိုင်ငံ များ၊ အကျဉ်းခံလူ့အဖွဲ့အစည်းများ၊ အကြမ်းဖက်မှုကိုထောက်ပံ့ နေသာ နိုင်ငံများ၊ နူးကလီးယားနှင့်လူအစုလိုက် အပြုံလိုက်သေစေနိုင်သောဓါတုလက်နက်များ ထုတ်ရန်ကြိုးပမ်းနေသော နိုင်ငံများ စသဖြင့်ခေါင်းမာသော၊ ဥပဒေပြင်ပရောက်နေသော နိုင်ငံများနှင့်ဖြစ်ပေလိမ့်မည်ဟု ဆိုခဲ့သည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာကြီး၏အနာဂတ်စစ်မျက်နှာအပေါ်အဓိပ္ပါယ်ဖွင့်ပုံချင်း ကွဲပြာနေစေကာမူ လုံခြုံရေးနှင့်ပါတ်သတ်၍ ပြန်လည်ဖွင့်ဆိုရန် ကြိုးစားလာနေမှုကိုမြင်နေရသည်။ ဤအချက်သည်အနာဂါတ်အတွက် မူဝါဒများရေးဆွဲ ချမှတ်ရေးတွင်လည်း အရေးကြီးလာလိမ့်မည်ဖြစ်သည်။

အတွင်းမှခြိမ်းခြောက်မှုများ

အချို့ပညာရှင်များကတော့ ကမ္ဘာကြီးလုံခြုံရေးနှင့်တည်ငြိမ်မှုကို ခြိမ်းခြောက်နေသော အချက်များကိုပင်မနိုင်ငံရေး အင်အားစုတို့အား ပြိုင်မှုကြောင့်ဖြစ်လာခဲ့သည်မဟုတ်။ နိုင်ငံတို့၏ နယ်နမိတ် လက္ခဏာကိုလည်းမဆောင်ဟု လေ့လာဖော်ပြကြသည်။ နိုင်ငံတခု၊ အုပ်စုတခု၊ ယဉ်ကျေးမှုတခုအတွင်းရှိ လူမျိုးရေး၊ ဘာသာရေး၊ လူ့အဆင့်အတန်း၊ စီးပွားရေးခွဲဝေမှု အခြေနေတို့ကို အခြေခံသောမီးပွားများ မှစတင်ကာ ပေါ်ပေါက်လာတတ်မြဲဖြစ်သည်ဟု ဆိုသည်။

ပဋိပက္ခတို့သည် ပိုင်းခြားသတ်မှတ်ထားသော မြေပုံများအတိုင်းမလာ၊ လူ့အဖွဲ့အစည်းတခုအတွင်းရှိ စီးပွားရေး
ဆောင်ရွက်မှု၊ အသားအရောင်အသွေးကွဲပြားမှု၊ ဇာတ်စနစ်ခွဲခြားမှု၊ လူဦးရေတိုးတက်မှု၊ သဘာဝပါတ်ဝန်းကျင်
ပျက်ဆီးမှု၊ လူမျိုးဘာသာကွဲပြားမှု စသဖြင့်မှ သာအခြေပြုလာမည်ဟုဖော်ပြသည်။ လုံခြုံရေးအယူအဆကို လူ
သားတဦးချင်းဆိုင်ရာ လုံခြုံရေးဆိုင်ရာ လုံခြုံရေးအယူအဆ ( Human security ) အဖြစ် ပို၍ အဓိပ္ပါယ်ဖွင့်ဆိုပြ
လာကြသည်။ လူသားတဦးချင်းဆိုင်ရာ လုံခြုံရေးအယူအဆ ( Human security ) ဆိုသည်မှာ မည်ကဲ့သို့ အချက်
များ ပါဝင်ပါသနည်း။

၁။ ချမ်းသာသူက ပို၍ချမ်းသာ၊ ဆင်းရဲသူကပို၍ဆင်းရဲလာ၊ ကွာဟလာသောလူမှုရေးချောက်ကြီး

လွန့်ခဲ့သော ( ၂၅ ) နှစ်ခန့်မှစ၍ ကမ္ဘာကြီးသည်ပို၍ကြွယ်ဝလာသည်ဆိုသည်။ ကမ္ဘာစောင့်ကြည့်လေ့လာရေးသိပ္ပံ အဆိုအရ ကမ္ဘာကြီး၏နှစ်စဉ်ဝင်ငွေသည် ၁၉၇၀ တွင် ( ၁၀ ဒဿမ ၁ ထရီလီယံ ) ဒေါ်လာရှိရာမှ ၁၉၉၄ တွင် ( ၂၀ ထလီရီယံ ) ဒေါ်လာဝင်ငွေ ရှိလာသည်ဟု ကမ္ဘာလုံးတခုလုံးအနေနှင့် တိုင်းတာဖော်ပြသည်။

ကမ္ဘာကြီး၏ ကြွယ်ဝချမ်းသာသူ (၅ ပုံတစ်ပုံ) သည် ကမ္ဘာကြီး၏ ထုတ်လုပ်သော လူသုံးကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု (၈၆%) ကိုစားသုံးနေကြသည်။ ထိုအချိန်တွင် ကမ္ဘာ့အဆင်းရဲဆုံးလူသား ( ၅ ပုံတပုံ ) သည် ၄င်း၏
( ၁. ၃ %) ကိုသာခံစားခွင့်ရရှိကြသည်။ ကမ္ဘာ့ ကြွယ်ဝချမ်းသားသူ ( ၅ ပုံတစ်ပုံ ) သည်ကမ္ဘာကြီး
၏ ထုတ်လုပ်သော အသားနှင့်ငါး (၄၅ %) ၊ စွမ်းအင်အားလုံး၏ ( ၅၈ %)၊ စက္ကူအားလုံး၏
( ၈၄ %)၊ တယ်လီဖုန်းဆက်သွယ်မှု၏ ( ၇၄%) ၊ မော်တော်ယာဉ်များအားလုံး၏ ( ၈၇ %)
ကို ပိုင်ဆိုင်စားသုံးနေကြသည်။ ထူးကဲချမ်းသာသူများအနေဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၃) ဦး၏ပိုင်ဆိုင်သောရပိုင်ခွင့်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ( ၄၈ ) နိုင်ငံပေါင်း၏ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးထက်ပို၍ ကြွယ် ၀ချမ်းသာသည်။ ထိုအချိန်တွင် ယနေ့အာဖရိကလူထု၏ တအိမ်ချင်း ပျမ်းမျှ စားသုံးမှုသည် လွန်ခဲ့သော (၂၅) နှစ်ကထက်စာလျှင် ( ၂၀ %) ပို၍ဆင်းရဲလာသည်။ နောက်ဆုံးနှိုင်းယှဉ်ပြရလျှင် အမေရိကန်လူမျိုးများ၏ နှစ်စဉ်အလှကုန်ကော်စမစ်တစ်မျာအတွက် ဒေါ်လာ (၈ ဘီလီယံ) သုံးစွဲနေချိန်တွင်၊ ကမ္ဘာတခုလုံး ရှိလူများ၏ အခြေခံပညာရေးအတွက်ထောက်ပံ့ငွေမှာ စုစုပေါင်းထက်စာလျှင် ဒေါ်လာ (၂ ဘီလီယံ) ပို၍များနေသေးသည်။

အလားတူပင် နိုင်ငံတခုအတွင်း၌လည်း ဆင်းရဲ-ချမ်းသာကွာဟမှု ကြီးထွားလာနေသည်။ ထွန်းသစ်လာသော
လူလတ်တန်းစားလူထုများ ပေါ်ပေါက်လာနေသည်နှင့်အညီ လူမှုရေးကယ်ဆယ်မှု ပိုက်ကွန်အတွင်းမှ ကျွံကျသွားရသော လူဆင်းရဲများသည်လည်း အများအပြား။ ဥပမာအားဖြင့် စီးပွားရေးအားကောင်းလာသော တရုပ်ပြည်ကိုကြည့်။ ကျေးလက်မှလူများသန်းနှင့်ချီ၍ မြိုပြများပေါ်တက်လာကြသည်။ မြို့ ပြများတွင် တက္ကစီဒရိုင်ဘာဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဖြစ်ဖြစ်အလုပ်လွယ်သည်။ ကျေးလက်တွင် အလုပ်မရှိ။ မြို့ပြ-ကျေးလက်ဖွံ့ဖြိုးမှု ကွာဟမှု ကလည်းကြီးထွားနေသည်။ ကျေးလက်မှလူအများက မြို့ပြသို့ရွေ့ သည်။ မြို့ပြအပါအ၀င် နိုင်ငံအတွင်းမှ လူအများက လုပ်ခပိုရရှိရာအိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံခြားသို့ အစုပြုံလိုက်ရွေ့ နေကြပြန်သည်။

၂။ လူ့အခွင့်အရေးနှင့် လူသားဂုဏ်သိက္ခာ

ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း လူ့အခွင့်အရေးများတိုးတက်ရရှိလာသည်ဟု
ပြောလျှင်လည်း မှန်သလောက် မှန်သည်။ ချီလီနိုင်ငံတွင် နိုင်ငံရေးလွတ်လပ်ခွင့်နှင့် တည်ငြိမ်မှုတိုးတက်ရရှိလာခဲ့ သည်။ အမေရိကန်နိုင်ငံမြို့ပြများပေါ်ရှိ လမ်းမများနှင့် လက်တင်အမေရိကတိုက်နိုင်ငံများတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအရသာကို လူထုများခံစားခွင့်ရရှိလာခဲ့ကြသည်။ သို့သော်လူ့ အခွင့်အရေးနှင့် လူသားဂုဏ်သိက္ခာကို မခံစားရသော ပြည်သူအများအပြား ရှိနေသေးသည်။အိန္ဒိယနိုင်ငံတွင် ဇာတ်နိမ့်၊ ဇာတ်မြင့်စနစ်ဖြင့် ခွဲခြား နေဆဲ။

အမျိုးသမီးများမှာလည်း လူ့အဖွဲ့အစည်းအတွင်း အသိအမှတ်ပြုနေရာပေးမခံရပဲ ခွဲခြားဖိနှိပ်ခံနေရဆဲ။ အိန္ဒိယနိုင်
ငံတွင် ဒေါင်ရီစနစ်ခေါ် ယောင်္ကျားကို အမျိုးသမီးကတင်တောင်းရသော စနစ်ကြောင့် အမျိုးသမီးများစွာ ဖိနှိပ်ခံရ၊
မိမိကိုယ်ကိုသတ်သေနေကြ ရဆဲ။ ထို့အပြင် တိုင်းရင်းသားလူနည်းစုအများစုမှာ သူတို့၏ ယဉ်ကျေးမှု၊ ကိုယ်ပိုင်
ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ငြင်းပယ်ခံနေကြရဆဲရှိသည်။ သူတို့ဒေသရှိ သဘာဝပါတ်
ဝန်းကျင်အရင်းအမြစ်များကို သူတို့ဆန္ဒ၊ အကျိုးစီးပွားမပါပဲ ထုတ်ယူရောင်းချခံ နေရဆဲဖြစ်သည်။ ထို၏ အကျိုး
ဆက်အဖြစ်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အဓမ္မပြောင်းရွှေ့ ခံရမှုများ၊ အဓမ္မလုပ်အားပေးစေခိုင်းခံနေရမှု
များ ရှိနေဆဲဖြစ်သည်။

၃။ ရုန်းရင်းဆန်ခတ် ငွေကြေးစီးဆင်းမှုနှင့် စီးပွားရေးလုံခြုံမှု

၁၉၉၇-၁၉၉၉ တွင် ဖြစ်ပွားခဲ့သော အာရှငွေကြေးအကြပ်အတည်းကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက်၏ ထိခိုက်
နိုင်ပုံအန္တရာယ်ကိုလူအများ သိလာခဲ့ကြသည်။ အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများအနေဖြင့် သူတို့တိုင်း
ပြည်အတွင်းရှိငွေကြေးဆိုင်ရာ ထိန်းချုပ်မှုများ လျော့ချပေးကာ၊ ငွေကြေးဈေးကွက်ကို လွတ်လပ်စွာ ဖွင့်ပေးခဲ့
ကြသည်။ ၁၉၉၄-မှ ၁၉၉၇ ခုနှစ်ကာလအတွင်း တောင်ကိုးရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများသို့
ငွေကြေးဈေးကွက်အတွင်း ဈေးကစားရန် ယာယီငွေကြေးမြှပ်နှံမှု (Portfolio Investment) အမေရိကန်ဒေါ်လာ
ဘီလီယံပေါင်း (၁၄၆) စီးဝင်လာခဲ့သည်။ ထိုငွေပူများက အိမ်မြေဈေးကွက်၊ စတော့ရှယ်ယာဈေးကွက်နှင့် ကာလ တိုရင်းနှီးမြှပ်နှံမှုများသို့ သွားသည်။ ရင်းနှီးသူများက တိုင်းပြည်များ၏စီးပွားရေးအခြေအ နေကိုအခွင့်ကောင်းယူကာ ၁၉၉၇ ခုနှစ်တွင် တပြိုင်နက်ပြန်ထုတ်သွားကြသည်။ အမြတ်အစွန်းများများရနိုင်ရန် အခြေအနေအပေါ်ကစားကြသည်။ ထိုအခြေအနေတွင် အစိုးရ ဘဏ္ဍာတိုက်များမှ အရံစုဆောင်းငွေများဖြူကာ ပြာကာကျသွားခဲ့သည်။ အလုပ်လက်မဲ့ အရေအတွက် ချက်ချင်း (၂) ဆတက်ခဲ့ရသည်။ ကိုးရီးယားနိုင်ငံတွင် ကုမ္ပဏီ(၂၀၀) ကျော်ပိတ်ခဲ့ရသည်။ အလုပ်သမား (၄၀၀၀) ကျော်နေ့စဉ်အလုပ်လက်မဲ့ ဖြစ်ရသည်။ အင်ဒိုနီးရှားတွင် နိုင်ငံတွင် အလုပ်လက်မဲ့ ၁၃. ၇ သန်းအထိချက်ချင်းတက်သွားရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ ၇ သိန်းရှိရာမှ ချက်ချင်း ၁ . ၃ သန်းဖြစ်ခဲ့ရသည်။

၎။ အလုပ်လုံခြုံရေးနှင့် ၀င်ငွေလုံခြုံရေး

ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် စီးပွားရေးနှင့် လုပ်ငန်းခွင် နေရာချမှု ပြင်ဆင်မှုများ နေ့စဉ်ဖြစ်ပေါ်နေရသည်။ နည်း ပညာသိပ်မလိုအပ်သော လုပ်ငန်းများ၊ စက်ရုံများကို လုပ်ခချိုသာသော တတိယနိုင်ငံများဖက်သို့ ရွှေ့ ပြောင်းနေသည်။ ကုမ္ပဏီအချင်းချင်းပူးပေါင်းမှု၊ အရောင်းအ၀ယ်လုပ်မှုကြောင့် လူအများအလုပ်ပြုတ်ရပြန်သည်။ ဤအခြေ အနေကို ဖွံ့ဖြိုးပြီးနိုင်ငံများမှာရော၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ ကြုံနေရသည်။ ဂလိုဘယ်လိုက်ဇေးရှင်းက လူအများ၏အလုပ်လုံခြုံရေးနှင့် ၀င်ငွေလုံခြုံရေးကို ခြိမ်းခြောက်၍နေသည်။ ထို့အပြင် ပျော့ပြောင်းသော လုပ်အားဈေးကွက်ပေါ်လစီ (Flexible labour policies) ကြောင့် လုပ်သားများထိခိုက်နစ်နာနေကြရသည်။ မိမိနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှု များလာစေရေးအတွက် အစိုးရများက အလုပ်သမားသပိတ်များမရှိစေရဟု တာဝန်ယူသည်။ အလုပ်သ မားသမဂ္ဂများ မဖွဲ့နိုင်စေရန် ဖိနှိပ်သည်။ မိမိလုပ်သားများကို မိမိဖိနှိပ်ကာနိုင်ငံခြားငွေရရေးအတွက် နိုင်ငံခြား ကုမ္ပဏီကြီးများကို မျက်နှာချိုသွေးကြသည်။ ဤအဖြစ်များကအလားတူပင်။ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနိုင်ငံများတွင်လည်း လုပ်သားများအခွင့်အ ရေးကာကွယ်ပေးသော ဥပဒေများလျော့ရည်း၍ လာနေသည်။ နိုင်ငံတခု၏ စီးပွားရေးတိုး တက်နှုန်းနှစ်စဉ် ပြနေသည်ကတခြား၊ အလုပ်လက်မဲ့အရေအတွက်က မလျော့သွားခဲ့၊ တခြားဘာသာဖြစ်နေခဲ့ရ သည်။ ဥရောပတိုက်တွင် အလုပ်လက်မဲ့ (၃၅) သန်းရှိနေဆဲဖြစ်သည်။ လက်တင်အမေရိက တိုက်တွင် လူအများ
အလုပ်တိုးတက်လာရသော်လည်း လုပ်သားများ၏ ( ၈၅ %) မှာ အလုပ်သမားအခွင့်အရေးမရှိသော မှောင်ခို စီးပွားရေးကဏ္ဍ (Inforaml sector) တွင် လုပ်နေကြရဆဲဖြစ်သည်။


၅။ ကျန်းမာရေးလုံခြုံမှု

လူအများခရီးသွားလာမှု၊ ကူလူးဆက်ဆံမှုနှင့်အတူ အေ-အိုင်-ဒီ-အက်စ်ပြန့်ပွားမှု နှုန်းကလည်း ကြောက်ခမန်းလိလိတိုးနေသည်။ ၁၉၉၈ ခုနှစ်စာရင်းအရ လူသန်းပေါင်း (၃၃) သန်းမှာ အေ-အိုင်-ဒီ-အက်စ် ရောဂါ ကူးစက်မှုခံနေ ရပြီး၊ ထိုနှစ်တွင်ပင် နောက်ထပ်လူ (၆) သန်း ထပ်မံကူးစက်ဖွယ်ဖြစ်သည်။ နေ့စဉ် လူ (၁၆၀၀၀) ထပ်မံအသစ်ကူးစက်ပြန့်ပွားနေသည်။ ထိုသူများအနက်မှ ( ၉၅ %) မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူများဖြစ်ကြ သည်။ ထို့အပြင်အခြာေးသာ လူဆင်းရဲရောဂါများဖြစ်သော၊ ကူးစက်ရောဂါများဖြစ်သော တီဘီ၊ ငှက်ဖျား၊ ကာလ၀မ်းရောဂါများကြောင့် နှစ်စဉ်လူအမြောက်အများ သေကြေနေကြပြန်သည်။ ထိုအချိန်တွင် အစိုးရများကအသုံး စားရိတ်ကိုလျော့ချရာ၌ ကျမ်းမာရေး၊ ပညာရေးကဏ္ဍများကို လျော့ချ၍နေသည်။ ကျမ်းမာရေးဝန်ဆောင်မှုလုပ်ငန်း များကို ပုဂ္ဂလိက ကူပ္မဏီများလက်သို့ ထိုးအပ်နေကြသည်။


၆။ ယဉ်ကျေးမှုလုံခြုံရေး

ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် လူအများ၏ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးနိုင်မှုများကို ပွင့်လန်းသွားစေသည်တော့မှန်သည်။ အသိအမြင်များနှင့် ဗဟုသုတများ အပြန်အလှန်စီးဆင်းလာနိုင်သည်။ သို့သော်ဈေးကွက်နှင့် အတူ သယ်ဆောင်လာသော ယဉ်ကျေးမှုသြဇာကကြီးလှသည်။ အခြားသော ယဉ်ကျေးမှုများကို တိတ်သွားစေသည်။ ဈေးကွက်နှင့်အတူပါလာသော ယဉ်ကျေးမှုကသာ နေရာချဲ့ ထွင်ယူထားတော့သည်။ မဟတ္တမ ဂန္ဒီကပြောဘူးသည်။ “ပြင်ပမှလာသော ယဉ်ကျေးမှုများကြောင့်မိမိ၏ အိမ်နံရံများပွင့်ထွက် လွှင့်ပျံသွားပါစေ။ လွတ်လွတ်လပ်လပ် စီးဝင်ပါစေ။ သို့သော် မိမိရပ်တည်နေသောမြေသား လွင့်ထွက်သွားသည်အထိတော့ လက်မခံနိုင်” ဟူ၍ဖြစ်သည်။ ယနေ့ကာလ ယဉ်ကျေးမှုက ဖက်မညီ။ တဖက်သတ်ဖြစ်နေရသည်။ ချမ်းသာသော နိုင်ငံများဆီက ယဉ်ကျေးမှုများသာ ဆင်းရဲသောဒေသများသို့ စီးဆင်းနေကြကုန်သည်။

၇။ လူပုဂ္ဂိုလ်တဦးချင်း၏ လုံခြုံရေး

ယနေ့ကာလတွင် ရာဇသတ်သားများက ဂလိုဘယ်လိုက်ဇေးရှင်းကို အခွင့်ကောင်းယူလာကြသည်။ အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာများကို သုံးလာကြသည်။ အဆင့်မြှင့်ဘဏ်စနစ်များကို သုံးလာသည်။ နိုင်ငံတကာ ရာ
ဇ၀တ်ဂိုဏ်းများက ပို၍ခေတ်မှီလာကြသည်။ မူးယစ် ဆေးဝါး၊ အမျိုးသမီး၊ လူကုန်ကူးမှု၊ ငွေမဲခ၀ါချမှု၊ လက်နက်
မှောင်ခိုရောင်းဝယ်မှုများကို ပို၍စနစ်တကျဆောင်ရွက်လာနေကြသည်။ ဘယ်ရာရုစ်နိုင်ငံတွင် မူးယစ်ဆေးဝါး
ကိစ္စနှင့် ပါတ်သတ်သော ရာဇ၀တ်မှုက ၁၉၉၀ တွင် လူတသိန်းလျှင် (၄) မူနှုန်းသာရှိရာမှ ၁၉၉၇ ခုနှစ်တွင်
(၂၆) မှုအထိတိုးတက်လာသည်။ အလားတူ ရုရှား၊ အက်စတိုးနီးယား၊ တောင်အာဖရိက၊ အင်ဂိုလာ၊ မိုဇမ်ဘစ်
နိုင်ငံများတွင် ရာဇ၀တ်မှုများပိုများလာသည်။ ထိုအမှုများကို နိုင်ငံတကာဒုစရိုက်ဂိုဏ်းများက ကျူးလွန်ကြခြင်း
ဖြစ်သည်။ အမျိုးသမီးများကို လူကုန်ကူး ရောင်းချခြင်းနှင့် ပါတ်သတ်၍ အနောက်ဥရောပသို့ တနှစ်လျှင် အမျိုး
သမီး (၅၀၀,၀၀၀) ခန့် ပြည့်တန်ဆာလုပ်ရန် တင်ပို့ရောင်းချခံနေရသည်။

ထို့အတူ အစိုးရများကကျူးလွန်သော၊ ရာဇ၀တ်ဂိုဏ်များမှကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကလည်းအတောမသတ်နိုင် ရှိနေကြသေးသည်။ အချို့နိုင်ငံများကတော့ အမျိုးသားလူ့အခွင့်အရေးကော်မ ရှင်များ၊ အွမ်ဘာ့စ်မန့်ကော်မရှင် (Ombudsmen commission) များဖွဲ့စည်းကာ တတ်နိုင်သမျှ ကာကွယ်ပေးကြသည်။

၈။ သဘာဝပတ်ဝန်းကျင် လုံခြုံရေး

စဉ်ဆက်မပြတ်ဖြစ်ပွားနေသော သဘာဝပါတ်ဝန်းကျင်ပျက်သုဉ်းမှုက အရေးပေါ်အခြေအနေသို့ ရောက်လုနီးပြီဟု ဖော်ပြကြသည်။ တကမ္ဘာလုံးရှိ လူသားများအားလုံးကို ခြိမ်းခြောက်နေသော ကမ္ဘာတခုလုံးတွင် လူသား သန်း (၅၀၀) ကျော်မှာ ဘ၀ပျက်လုခမန်းခံစားနေကြရ ပြီဖြစ်သည်။ ငါး၊ ပုဇွန်၊ စက္ကူနှင့် အခြားသောနိုင်ငံခြား ပို့ကုန် များကြောင့်လည်း သဘာဝပါတ်ဝန်းကျင်ပို၍ပျက်စီးစေရသည်။ အချို့က မြစ်များထုတ်ရောင်းသည်။ အချို့က သယံဇာတကို လွယ်လွယ်ချရောင်းစားသည်။ သစ်ပင်ခုတ်ရောင်းစားသည်။ ထိုကိစ္စများတွင် လူထုများ၏ ဆန္ဒကြားခွင့်မရှိ၊ လူထုများ၏ စိုးရိမ်ပူပန်မှုကိုကြားခွင့် မရနိုင်သေး။ လူအများပိုင်သော သဘာဝပါတ်ဝန်းကျင်ကို လူတစုက ဆုံးဖြတ် လုပ်ကိုင်ဖျက်ဆီးနေဆဲ ဖြစ်သည်။ သဘာဝပါတ်ဝန်းကျင် ပျက်စီးမှုသည် နိုင်ငံများ၏နယ်နမိတ်များကို ဂရုထားလိမ့်မည်မဟုတ်။ လူသား အားလုံးကို အကျိုးသက်ရောက်စေမည်သာ ဖြစ်သည်။

၉။ နိုင်ငံရေးနှင့် လူမှုအသိုင်းအ၀ိုင်း လုံခြုံရေး

လူသားအများတွင် နိုင်ငံရေးနှင့် လူမှုအသိုင်းအ၀န်း လုံခြုံရေးမရှိသော တည်ငြိမ်မှုမရှိသော အခြအနေကိုခံစား
နေကြရဆဲဖြစ်သည်။ လူမှုရေးတင်းမာမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ၊ လူမှုအဖွဲ့အစည်းများအချင်းချင်း ရန်ညှိုး
သိုအမုန်းထားမှုကြောင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေရဆဲဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း
ကမ္ဘာပေါ်တွင် လက်နက်ကိုင်ပဋိပက္ခပေါင်း (၆၁) ခုဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး၊ ထိုလက်နက်ကိုင် ပဋိပက္ခ
များအနက်မှ (၃) ခုသာလျှင် နိုင်ငံအချင်းချင်းတိုက်သော စစ်များဖြစ်သည်။ အများစုမှာ ပြည်တွင်းအတွင်း မိမိ
အမျိုးသားအချင်းချင်းဖြစ်ကြရသော ပဋိပက္ခများ ဖြစ်နေသည်။

လူသားဆိုင်ရာလုံခြုံရေးအယူအဆ

လူသားဆိုင်ရာလုံခြုံရေးအယူအဆကို မိမိတို့နိုင်ငံအတွင်း ပြောသံကိုသိပ်မကြားကြရသေး။ နိုင်ငံတော်လုံခြုံရေး
ကိုသာ ပြောသံကြားနေရသည်။ လူသားဆိုင်ရာလုံခြုံရေးကို စစ်တပ်ဖြင့်ကာကွယ်ပေး၍ မရ။ မစ်-၂၉ ဂျက်တိုက်
လေယာဉ်များဖြင့် ကာကွယ်ပေး၍မရ။ ဒုံပျံများဖြင့် ကာကွယ်ပေး၍မရပါ။ လူသားအားလုံးက ပူးပေါင်းကာကွယ်
ရန်တာဝန်ရှိပါသည်။ စနစ်ကျသော အုပ်ချုပ်ရေးစနစ် (good governance) ဖြင့်ကာကွယ်ပေးရပါမည်။
(Governance) ဆိုသည်မှာ အစိုးရသက်သက်ကိုသာ ဆိုလိုခြင်းမဟုတ်ပါ။ တည်ငြိမ်သော ဥပဒေများ၊ ခိုင်မာသော လူမှုအဖွဲ့အစည်းများ၊ လူသားများအချင်းချင်း တဦးနှင့်တဦးဆက်ဆံရာ၌ အမြတ်အစွန်းသက်သက် ကိုသာမကြည့်ရန် ကန့်သတ်ထားသော အသိတရားများ၊ အသင်းအပင်းများ၊ လူထုလှုပ်ရှားမှုမျးဖြင့် ကာကွယ်ကြရမည်ဖြစ်ပါသည်။ လူသားလုံခြုံရေးကိစ္စကို ပြောကြပါစို့။

အောင်သူငြိမ်း

စာကိုး
1. Article of Professor Kenneth Waltz, University of California, Berkeley.
International Security, Summer 1993 Issue.
2. Samuel Huntington, Clashes of civilization, Foreign affairs, Harvard University,
Summer 1993.
3. Antony Lake, President Clinton's National Security Advisor, Foreign Affairs,
March-April 1994.
4. UNReform online Forum 1998, New York Times, 27-9-1998.
5. UNDP Report, Globalization with a Human Face, 1999.
You might like:

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...