Monday, October 28, 2013

ကျွန်တော် မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်

Myo Tha Htet October 27, 2013 at 3:45am
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၄၅ မှာ မွေးဖွားပြီး၊ ၁၉၆၀ မှာ အိန္ဒိယကို မိခင်ဖြစ်သူ သံအမတ်ကြီး  (မြန်မာ့ပထမဆုံး အမျိုးသမီး သံအမတ်ကြီး) ဒေါ်ခင်ကြည်နဲ့ ပါသွားတဲ့အတွက် မြန်မာပြည် နဲ့ ဝေးသွားပါတယ်။ မြန်မာပြည်ကို ၁၉၈၈ မှာ မိခင် နေထိုင် မကောင်းလို့ ပြုစုဖို့အတွက် ပြန်လာ ခဲ့ပြီးနောက်မှာ ဒီကနေ့အထိ ကမ္ဘာကျော် မြန်မာ့အတိုက်အခံ နိုင်ငံရေးသမားနဲ့ ငြိမ်းချမ်းရေး နိုဗယ်လ် ဆုရှင်အဖြစ် နေထိုင်လျက် ရှိပါတယ်။


စစ်ပြီးခေတ်မှာ မြန်မာ့ခေါင်းဆောင် သုံးဦးကြောင့် မြန်မာဟာ ကမ္ဘာမှာ စန်းပွင့်ခဲ့ပါတယ်။ အဲဒီသုံးဦးကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖနှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး၊ နောက်တဦးကတော့ အာရှက ပထမဆုံး ထွက်ပေါ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ပဲဖြစ်ပါတယ်။ (နာမည်ဆိုးနဲ့ ကျော်တဲ့သူတွေကတော့ အများကြီးပေါ့)။


ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ဒီမိုကရေစီ ရရှိရေး လူထုအရေးတော်ပုံကာလမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးအဖြစ် ပေါ်ထွက်ခဲ့ပေမယ့်လို့ နောက်ပိုင်းမှာ နေအိမ် အကျယ်ချုပ်နဲ့ နေရတာက များပြီး၊ လူထုနဲ့ ထိတွေ့မှုက အဲဒီနောက်ပိုင်း တလျှောက်လုံး ည ၈ နာရီ ရုပ်သံသတင်းမှာ နေ့စဉ်ပါနေခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်လို မဟုတ်ခဲ့တော့ လူအများစုက သူ့ကို ချစ်ကြပေမယ့် သူ့အကြောင်း မသိတာက များပါတယ်။ သိလည်း ပြည်သူအများစုမှာ အပေါ်ယံလောက်သာ သိကြပါတယ်။


ကျွန်တော်သိတဲ့ ဒေါ်အောင်ဆန်းစုကြည်


ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ပထမဆုံး သိတာက ၁၉၈၈ ၀န်းကျင်ကာလက တာမွေပြည်သူ့ကောင်စီရုံးနားက ဟောပြောပွဲစင်မြင့်မှာ ဖြစ်ပါတယ်။ လူထုကို စိတ်ဓာတ် တက်ကြွအောင် ဟောပြောသွားနိုင်တယ် ဆိုတာလောက်သာ မှတ်မိပါတော့တယ်။ ကိုယ်တိုင်လည်း ငယ်သေးပြီး ခပ်လှမ်းလှမ်းကသာ ခပ်ကြောက်ကြောက်နဲ့ ကြည့်ခဲ့မြင်ခဲ့ ရတာဖြစ်လို့ သေချာ မမှတ်မိတော့ပါဘူး။


ဒီဘက်ခေတ် လူကြီးဖြစ်လို့ သတင်းထောက် အလုပ် လုပ်ဖြစ်လာခဲ့ပြီးနောက်မှာတော့ တယ်လီဖုန်းနဲ့ရော၊ ပြင်ပမှာပါ သုံးလေးခါလောက် မေးမြန်းဖူးပါတယ်။ ဒီလောက်ပါပဲ။ ကျွန်တော် မသိတဲ့ (၀ါ) အများသိသလောက်ပဲ ခပ်ရေးရေးသိတဲ့ အကြောင်းတွေကိုတော့ ဒေါ်အောင်ဆန်းစုနဲ့ အမျိုးလို ခင်မင်ကြတဲ့ ဂျပန်ပညာတတ် အမျိုးသမီးတဦးဖြစ်တဲ့ Noriko Otsu ရေးတဲ့ Letter for Aung San Su Kyi ကို မသီတာ(စမ်းချောင်း) ဘာသာပြန်ပြီး မြန်မာပြည်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စတင် ထုတ်ဝေလိုက်တဲ့ ``ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင်`` မှာ နည်းနည်းပါးပါး အတွင်းကျကျ၊ ဖတ်ရသိရပါတယ်။


ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်


ကျွန်တော် လန်ဒန်မှာ အလုပ်လုပ်ခဲ့တုန်းက အောက်စဖို့မှာ စာသင်ဖို့ ရောက်နေတဲ့ သတင်းသမား သူငယ်ချင်းက လိုက်ပြလို့ မသီတာ(စမ်းချောင်း) စာအုပ်ထဲမှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောက်စဖို့အိမ်ကို ဒီနှစ် (၂၀၁၃) ထဲမှာပဲ ရောက်ခဲ့ဖူးပါတယ်။ အောက်စဖို့မြို့လယ်နဲ့ နည်းနည်းလေးလှမ်းတဲ့ ပါ့ခ်တောင်းအရပ်မှာ ရှိပါတယ်။ စာအုပ်ထဲမှာပါတဲ့အတိုင်းဆို ခေါင်းမိုးထပ်ပါပါရင် အိမ်က ငါးထပ်တောင် ရှိပါသတဲ့။


အဲဒီအိမ်ကို အခုတော့ အိမ်ရာအရောင်းအ၀ယ်လုပ်တဲ့သူတယောက်က ၀ယ်ထားပါတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းတို့ တံခါးခေါက်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ နေထိုင်ခဲ့တဲ့ အိမ် ဟုတ်/ မဟုတ် မေးစမ်းတော့ ဖော်ရွေပုံရတဲ့ အဲဒီသူဌေးက ဟုတ်မှန်တဲ့အကြောင်းနဲ့ အိမ်ကိုလည်း သေချာ လှည့်ပတ်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နေခဲ့ဖူးတဲ့အိမ်ကို သူ ရထားတာကို ၀မ်းသာနေခဲ့ပြီး၊ ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှုလို့လည်း ယူဆထားပုံပါပဲ။ ကျွန်တော်တို့ကိုလည်း ဓာတ်ပုံရိုက်ခွင့်ပြုလို့ ရိုက်ခဲ့ကြပါသေးတယ်။


မြန်မာတွေအတွက်ဆိုရင်တော့ ပြည့်စုံသူတွေနေတဲ့ အိမ်ပုံစံမျိုး ပေါက်နေပေမယ့် တကယ်တော့ အင်္ဂလန်မှာက ကျေးလက်တောရွာက အိမ်တွေတောင် အိမ်တအိမ်အတွက် လိုအပ်တဲ့ အသုံးအဆောင်နဲ့ သပ်သပ်ရပ်ရပ်တော့ ရှိကြတာပါပဲ။ ၀ယ်ထားသူရဲ့ ပြင်ဆင်ထားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဟောင်းဟာ သပ်ရပ်နေတာလည်း ဖြစ်ပါလိမ့်မယ်။


စာအုပ်မျက်နှာဖုံးက နာမည်


မသီတာ(စမ်းချောင်း)ရဲ့ စာအုပ်မျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည် အင်္ဂလိပ်စာလုံးပေါင်းကို Aung San Su Kyi လို့ ပေါင်းထားတာက စိတ်ဝင်စားစရာပါ။ မူရင်း စာရေးသူ ဂျပန်အမျိုးသမီး ကိုယ်တိုင်ကလည်း အဲဒီလိုပဲ စာလုံးပေါင်းသလား၊ ဒါမှမဟုတ် စာအုပ်ဒီဇိုင်းလုပ်တဲ့အခါမှာ အဲဒီလို ပေါင်းလိုက်လေသလား၊ ဒါမှမဟုတ် အဲဒီလို စာလုံးပေါင်းတာကိုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်အမှန်လားဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ကမ္ဘာ့မီဒီယာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို Aung San Suu Kyi လို့ စာလုံး ပေါင်းကြပါတယ်။ မြန်မာတွေအများစုကတော့ စုကို Su လို့ပဲ စာလုံးပေါင်းတတ်ကြတာပါ။


စာအုပ်အဖုံးက နာမည်စာလုံးပေါင်းက စိတ်ဝင်စားစရာ ကောင်းသလို စာအုပ်မျက်နှာဖုံးက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကလည်း အင်မတန်မှ ကြည့်လို့ ကောင်းပါတယ်။ တခါ စိတ်ဝင်စားဖို့လည်း ကောင်းနေပြန်ပါတယ်။ ဒီလိုပါ၊ မြန်မာအမျိုးသမီးဝတ်စုံနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘုန်းကြီးဆောင်းတဲ့ မြန်မာ့ပုသိမ်ထီးကို အေးလွန်းလှတဲ့ ဂျပန်နိုင်ငံမှာ လက်အိပ်စွပ်ပြီး ဆောင်းလို့ ကင်မရာကို တည့်တည့်မကြည့်ဘဲ ပြုံးပြီး တနေရာကို ငေးနေ (ကြည့်နေ) ပုံပဲ ဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က ပန်းရောင်ကဲတဲ့ မြန်မာဝတ်စုံ၊ အပေါ်အင်္ကျီနဲ့ ပုဝါလေးကို ချထားပါတယ်။ လေအဝှေ့ကြောင့် ပုဝါလေးက ပါးပါးလေး လွင့်နေပြီး နောက်ခံမှာက ချယ်ရီပန်းတွေလည်း တွေ့ရပါတယ်။ ဒီစာအုပ်မျက်နှာဖုံး ဓာတ်ပုံအတွက် မူရင်းစာရေးသူက အခုလို ဖွင့်ဆိုထားပါတယ်။ ``စု ရောက်လာတဲ့အချိန်က ချယ်ရီတွေ ပွင့်နေတဲ့ အချိန် မဟုတ်ပါဘူး။ ဒါပေမဲ့ ဘီဝါရေကန်နားက ကျွန်မတို့ရဲ့ ကျေးလက်အိမ်လေးနဘေးက ချယ်ရီပင်ကြီးကတော့ အပွင့်တွေ ဝေေ၀ဆာဆာနဲ့ စုကို ကြိုဆိုနေပါတယ်။ စုရဲ့ ပုသိမ်ထီးလေးနဲ့ ဓာတ်ပုံက ချယ်ရီပွင့်တွေနဲ့အပြိုင် လှလှပါသေးတော့တယ်လေ`` (စာ- ၁၇၂၊ ၁၇၃)။


``ပုံတွေကို ကြည့်လိုက်တော့ စုက ပန်းရောင်တောက်တောက် မြန်မာဝတ်စုံနဲ့ ဖြစ်နေပါတယ်။ စု မကြိုက်တတ်တဲ့ အရောင် ဖြစ်နေတာမို့ အံ့သြမိပါရဲ့။ မိုက်ကယ်ကတော့ ကျွန်တော်ပဲ သူ့ကို ငြိမ်းချမ်းရေး အငွေ့အသက်လေးရအောင် ပန်းရောင်လေး ၀တ်စမ်းပါလို့ ပြောခဲ့တာပါလို့ ဆိုပါတယ်။ တကယ်တော့ မြန်မာပြည်က အိမ်ထဲမှာ ငါးနှစ်လောက် နေလိုက်တဲ့အခါ စုဟာ မြန်မာ့ရိုးရာ ဆိုးဆေးအရောင်တွေနဲ့ ပိုယဉ်ပါးလာသလိုပါပဲ၊ နေအိမ်အကျယ်ချုပ်ကို ကျေးဇူးတင်ရမလားပဲ`` (စာ-၆၉)။


အိမ်ထောင်ရှင်မ စု


ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ ကမ္ဘာကျော် နိုင်ငံရေးသမားတဦး ဖြစ်နေပါပြီ။ ဒါပေမဲ့ သူဟာ ငယ်စဉ်ကတော့ အိမ်ထောင်ရှင်မနဲ့ သားတို့မိခင်ပါ။ သူတို့တတွေ အောက်စဖို့မှာ နေစဉ်တုန်းက အင်မတန် ကျပ်တည်းခဲ့ကြပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်းဖြစ်တဲ့ မူရင်း စာရေးသူက သူမြင်သမျှတွေကို အခုလို ရေးပြတော့ စိတ်တောင် မကောင်းပါဘူး။ နိုင်ငံခြားမှာနေတိုင်း (ပညာတတ်တွေ ဖြစ်တာတောင်) ချမ်းချမ်းသာသာ နေရတာ မဟုတ်ပါဘူး။


စု က ``နိုရီကိုရေ... ဆယ်ပေါင်ပဲ (အင်္ဂလိပ်ငွေတဆယ်) ကျန်တော့တယ်၊ ဘယ်လို လုပ်ရမလဲဟင်`` လို့ မေးလာတဲ့အခါတိုင်း ကျွန်မမှာ စိတ်မကောင်း ဖြစ်ခဲ့ရတာပါ။ ဒီလို အခါမျိုးမှာ စုအကြိုက် ဂျပန်တန်ပူရာကြော်တွေ၊ စူကီယာကီတွေ လုပ်စားဖြစ်ကြပါတယ်`` (စာ-၁၈)။


``ကျွန်မတို့နှစ်ယောက် အကြိုက်တူတာက လေဘာတီကုမ္ပဏီက ထုတ်တဲ့ ချည်ထည်ပိတ်စတွေကို မကြာခဏငေးပြီး ကိုယ့်အကြိုက်အရောင်နဲ့ အဆင်တွေကို မှတ်သား ရတာကိုပါ။ ဒါမှ လျှော့ဈေးချတဲ့အခါ အပြေးသွားဝယ်နိုင်မှာကိုး။ စုက လေဘာတီက ချည်ထည်တွေကို မြန်မာထဘီအဖြစ် ချုပ်ပြီး တနင်္ဂနွေနေ့တွေမှာ ၀တ်တာပါ`` (စာ-၁၇)။


မြန်မာယောက်ျားယူဖို့ ကြိုးစားခဲ့ပေမယ့်...


ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ထောင်ရှင်မဘ၀ကို ခြိုးခြိုးခြံခြံ သပ်သပ်ရပ်ရပ်နဲ့ တော်တော်ပီပီပြင်ပြင် နေထိုင်ခဲ့သလို အဲဒီဘ၀ကိုလည်း မြန်မာအမျိုးသားတဦးနဲ့ တည်ဆောက်ဖို့ ရည်ရွယ်ရင်း ရှိခဲ့တာကို မသီတာ(စမ်းချောင်း)ရဲ့ စာအုပ်ထဲမှာ တွေ့ရပါတယ်။ ဒီကိစ္စက စုအတွက် အမြဲတမ်း ဝေဖန်ခံခဲ့ရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ အဲဒီနောက်ဆက်တွဲ အကျိုးဆက်က လက်ရှိ အခြေခံဥပဒေနဲ့ပါ လာငြိနေပြီး ပြင်ပေးပါမှ (၀ိုင်းဝန်းပြင်ကြပါမှ) ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ချေ ရှိလာမှာပါ။


``မိုက်ကယ်က ပြန်ပြောပြတာက အဲဒီအချိန်က စု သဘောကျခဲ့တဲ့ ကောင်လေး ရှိတယ်၊ သူက ငြင်းခဲ့တာတဲ့။ ဘယ်လိုကောင်ကများ စုကို ငြင်းရတယ်လို့ဗျာ`` ပါတဲ့။ ကျွန်မကတော့ အမှတ်မထင်ဘဲ အဲဒီလူ ဘယ်သူဆိုတာ သိခွင့်ရခဲ့ပါတယ်`` (စာ-၁၅)။


မူရင်းစာရေးသူက ဒေါ်အောင်ဆန်းစုကို ငြင်းလိုက်တဲ့သူ ဘယ်သူဆိုတာကို သိသွားပါသတဲ့၊ ကျွန်တော်ကတော့ မသိပါဘူး။ သိချင်စိတ်တော့ ပြင်းပြနေပါတယ်။ သူက ဘာဖြစ်လို့ ငြင်းတာပါလိမ့်လို့လည်း တွေးမိပါတယ်။ ဖြစ်နိုင်ချေတာကတော့ အဲဒီအချိန်မှာ ဗိုလ်ချုပ်နေ၀င်းက တိုင်းပြည်ကို အပိုင်စီးထားနှင့်ပြီ၊ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးကို ယူတဲ့သူဟာ အင်မတန်မိုက်မဲသူ ဖြစ်လိမ့်မယ်လို့ ကိုယ်တော်ချောလေး (အခုတော့ ကိုယ်တော်ချောကြီးပေါ့) က တွေးခဲ့ပုံ ရပါလိမ့်မယ်။ ဗိုလ်ချုပ်နေ၀င်းရဲ့ သမီးက အဲဒီအချိန်မှာ လာကြိုက်ရင်တော့ သူ ယူလိမ့်မယ်လို့ ထင်တာပါပဲ။


မူရင်း စာရေးသူက တိုက်ရိုက် မပြောပေမယ့် ပဟေဠိသဘောတော့ ပြောခဲ့ပါတယ်။ သိတဲ့သူတွေလည်း သိကြမှာပါ။ သိရင်တော့ ပြောပြကြပါ။ သိချင်လွန်းလို့ပါ။ သူက အခုလို ရေးထားပါတယ်။


``သူက လူသိထင်ရှားဖြစ်တဲ့ မြန်မာမိသားစုကြီးထဲက တယောက်ပါ၊ အိမ်ရှေ့စံတယောက်လို ချောမောလှပပြီး ကိန်းဘရစ်ခ်ျကနေ ဘွဲ့ရခဲ့သူပါ။`` (စာ-၁၅) တဲ့။ အငြင်းခံခဲ့ရတဲ့ စုကလည်း အဲဒီအကြောင်းတွေကို စာရေးသူကို ပြောပြခဲ့ပုံကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။


``ဒါ သဘောကျတာ မကျတာနဲ့ မဆိုင်ခဲ့ပါဘူး။ အဲဒီအချိန်က အင်္ဂလန်မှာနေနေတဲ့ မြန်မာတွေကြားမှာ သူကလွဲပြီး ပညာရေးအနေအထားအရ ကျွန်မနဲ့ လိုက်ဖက်မယ့်သူ မရှိခဲ့ဘူးလေလို့ ဖြစ်ပါတယ်။ စုကို ကြည့်ရတာ ဖြစ်နိုင်ရင် မြန်မာတယောက်နဲ့ လက်ထပ်ချင်ခဲ့ပုံပါ`` (စာ-၁၅)။


ဒါကို ထောက်ဆရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အချစ်ထက် ဘ၀ကို တွက်ခဲ့သူ၊ တွက်ခဲ့တဲ့ ဘ၀ဆိုတာကလည်း တိုင်းပြည်ကို အထောက်အပံ့ ဖြစ်စေမယ့် ဘ၀ ဖြစ်နေပါတယ်။ ပညာကိုလည်း အများကြီး ထည့်သွင်း စဉ်းစားခဲ့တဲ့ တချက်ကလည်း ဦးနှောက်ကဲတဲ့ နှလုံးသားမျိုး ရှိသူဆိုတာ ထင်ရှားပါတယ်။ ကွယ်လွန်ပြီးဖြစ်တဲ့ ၀န်ကြီးချုပ် ဦးနုကတော့ သူဟာ ဦးနှောက်ထက် နှလုံးသားကဲသူပါလို့ အခု မကြာခင်က ပြန်ထွက်တဲ့ ဦးနုရဲ့ တာတေ စနေသားထဲမှာ ရေးသားထာပါတယ်။ ကျွန်တော်ကတော့ ဦးနှောက်နဲ့ နှလုံးသား တန်းတူထားတဲ့ ခေါင်းဆောင်မျိုးကို လိုချင်ပါတယ်။


သားနှစ်ယောက်ကိုလည်း မြန်မာပတ်စပို့ ကိုင်စေခဲ့သူ


ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာ နေပေမယ့် သူကိုယ်တိုင်ရော သူ့သားတွေကိုပါ ဗြိတိသျှနိုင်ငံသား မခံယူစေခဲ့ဘူး ဆိုတဲ့ အချက်က စိတ်ဝင်စားစရာပါ။ ဒါပေမဲ့ သူ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး နောက်ပိုင်းမှာတော့ အခြေအနေတွေက ပြောင်းလဲသွားပုံ ရပါတယ်။ သူ့သားနှစ်ယောက်ဟာ ဘယ်အချိန်အထိ မြန်မာနိုင်ငံသားတွေအဖြစ် ခံယူ ခဲ့ကြသလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားမိပါတယ်။


``မင်းတို့ အင်္ဂလိပ်ကလေးတွေဟာ စိတ်ပူတတ်ရန်ကောကွာလို့ ပြောတဲ့အခါ မဟုတ်ပါဘူး၊ ကျွန်တော်က မြန်မာပါလို့ ပြန်ဖြေခဲ့ပါသတဲ့။ အဲဒီအခါမှပဲ ကျွန်မတို့လည်း ပထမဆုံးအနေနဲ့ စုရော သားနှစ်ယောက်စလုံးပါ မြန်မာနိုင်ငံသား ဖြစ်နေတာကို သိလိုက်ရပါတယ်။ စုက ဘယ်တုန်းကမှ ဗြိတိသျှနိုင်ငံသား မခံယူခဲ့ပါဘူး`` (စာ-၄၂)။


``စုက သူ့ရဲ့ မြန်မာနိုင်ငံသားဘ၀ကို ထိန်းသိမ်းထားနိုင်ခဲ့ရုံသာမက သားနှစ်ယောက်ကိုပါ မြန်မာပတ်စပို့ ကိုင်ထားတာကို ခွင့်ပြုခဲ့တဲ့ မိုက်ကယ့်မိသားစုကိုလည်း ကျေးဇူး တင်နေမိပါတယ်။ ဒီလိုအဆုံးအဖြတ်ကလည်း အင်္ဂလန်နဲ့ အင်္ဂလိပ်တွေရဲ့ ပုံရိပ်ပဲ ဖြစ်မယ် ထင်ပါတယ်။ အင်္ဂလန်ဟာ စီးပွားရေးအရ သြဇာမကြီးတော့ပေမယ့် သူ့ရဲ့သိက္ခာ အရတော့ ကမ္ဘာမှာ ကောင်းကောင်းကြီး ရပ်တည်နိုင်နေတာ အဲဒီလို သဘောထားမျိုးတွေအတွက် ဖြစ်ပါလိမ့်မယ်`` (စာ- ၆၃)။


ဒေါ်အောင်ဆန်းစုကြည်ဟာ သားနှစ်ယောက်ကို မြန်မာပတ်စပို့ ကိုင်စေခဲ့တာအပြင် မြန်မာသံရုံးကိုလည်း အခွန်ပေးဆောင်သူတဦး ဖြစ်ပါတယ်။ အင်္ဂလန်မှာ နေတုန်းကတော့ နှစ်ဘက်အစိုးရ သဘောတူညီချက်အရ အစိုးရတရပ်ကိုပဲ အခွန်ပေးရပြီး ဂျပန်မှာ ခေတ္တနေစဉ်ကတော့ သူ့ဝင်ငွေထဲကနေ သံရုံးကို အခွန်ဆောင်ခဲ့သူ ဖြစ်ပါတယ်။


``ကျွန်မက မြန်မာသံရုံးကို ၀င်ငွေရဲ့ ဆယ်ရာခိုင်နှုန်း ပေးရတာမို့ ယန်းငါးထောင် ပေးရမယ်လေလို့ ဆိုတာမို့ သူ့ဝင်ငွေဟာ သိပ်တော့ မဟန်သေးဘူးလို့ ဆိုရမှာပါ။ အဲဒီလိုသာ မပေးရရင် ကောင်းမှာပဲလို့ စုက ပြောပါသေးတယ်။ ကျွန်မက သံရုံးကို ဘာအတွက် ပေးရတာလဲလို့ မေးတော့ စုက ဘာမှ ပြန်မဖြေခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ပေးရမှာပေါ့လို့တော့ ပြောလေရဲ့`` (စာ-၅၁)။


``အင်္ဂလန်မှာရှိတဲ့ မြန်မာတွေအနေနဲ့ သူတို့ရဲ့ လစဉ်ဝင်ငွေထဲက ၁၀ ရာခိုင်နှုန်းကို မြန်မာသံရုံးကို ပေးစရာ မလိုခဲ့ပါဘူး။ ၁၉၄၇ ခုနှစ် ၀န်ကြီးချုပ် အက်တလီနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူညီချက်မှာကို အဲဒီကိစ္စ ထည့်ပြောခဲ့ကြတယ်လို့ ဆိုပါတယ်`` (စာ-၅၂)။


ဖတ်ဖို့ ကောင်းတဲ့ စာအုပ်


ငွေကျပ် ၂၅၀၀ ပေးရပြီး ခင်မင်ရင်းနှီးသူ တယောက်က ပွင့်ပွင့်လင်းလင်း ရေးပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့မိသားစုဘ၀တွေ အကြောင်း စာအုပ်ဟာ ပေါ့ပါးပေမယ့် ခံစားရစေပါတယ်။ ကမ္ဘာကျော် နိုင်ငံရေးသမားလည်း ဖြစ်နေတဲ့ ဒီမြန်မာအမျိုးသမီးကြီးဟာ သူ့တိုင်းပြည်ကို သူ့မိသားစုထက် ပိုချစ်သူ ဖြစ်ပါတယ်။ ဒီတော့ ဒီလို ခေါင်းဆောင်မျိုး အကြောင်းကို သူနဲ့ ခင်မင် ရင်းနှီးသူက ပြောပြထားတာကို နားထောင် (ဖတ်ရှု) သင့်ပါတယ်။


ဘာသာပြန်သူ မသီတာ(စမ်းချောင်း)ရဲ့ ဘာသာပြန်စွမ်းရည်ကလည်း အတော်လေး ကောင်းမွန်တာမို့ မသီတာကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောပြနေသလိုကို ကောင်းပါတယ်။ တကယ်တော့ မသီတာ(စမ်းချောင်း)ရဲ့ ``စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်`` ကို ဖတ်ပြီးနောက်မှာ မသီတာကိုယ်တိုင်လည်း သူသိထားတဲ့ စုအကြောင်းကို စာတအုပ် ကောင်းကောင်းရေးနိုင်တယ်လို့ ထင်တာပါပဲ။ သူ့ထောင်စာအုပ်ထဲမှာ သူတို့နှစ်ယောက် အတူငိုကြတယ်လို့ ရေးထားတာကိုး...၊ ဒီလောက်ဆို ရင်းနှီးမှုက အတော်ကြီးလေသည်ပဲ။


``ကျွန်မတို့နှစ်ယောက်လုံး မငိုဘဲနှင့် မျက်ရည်တွေ ကျဖြစ်ကြသည်။ သို့သော် သည်အခိုက်အတန့်လေးက တကယ့်ကို ဘာမှ မကြာလိုက်။ နောက်တော့ အမကို နားလည်ပေးဖို့ ပြောဖြစ်သည်။ လောလောဆယ် လုပ်စရာတွေ များနေသေးသည်။ အစ်မကလည်း သူ့ကို နားလည်ပေးဖို့ ပြောသည်`` (စာ-၃၂၁၊ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်)။


ကိုယ်တိုင်သိမို့ မသီတာစာအုပ်မှာ သေးသေးလေးဖြစ်တဲ့ အမှားတချို့ကတော့ စာလုံးပေါင်းသတ်ပုံ မှားတာနဲ့ စာ-၁၃ မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းနာမည် မှားနေတာကို ထောက်ပြလိုပါတယ်။ အဲဒီကျောင်းက ကျွန်တော်နေခဲ့တဲ့ ကျောင်းလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မူကြိုတုန်းက နေခဲ့တဲ့ ကျောင်းကို ဆန်ဖရန်စစ်စကို ကွန်ဗင့်ကျောင်းလို့ စာအုပ်ထဲ ရေးထားပါတယ်။ တကယ်တော့ စိန့်ဖရန်စစ် ခရစ်ယာန်သာသာပြုကျောင်း ဖြစ်ပါတယ်။ အခုတော့ တာမွေ အထက (၅) ``ယောက်ျားလေး`` ကျောင်းနဲ့ တာမွေ အထက (၄) ``မိန်းကလေး`` ကျောင်းဆိုပြီး အထက်တန်းကျောင်းကြီး နှစ်ကျောင်း ဖြစ်နေပါပြီ။


ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း (မနေ့တနေ့က ဂျပန်ကို အလည်သွားတဲ့ ခရီးအထိ) သူသိသမျှကို ရေးပြခဲ့တဲ့ မူရင်းစာရေးသူနဲ့ ဘာသာပြန်သူ မသီတာ(စမ်းချောင်း) တို့ကြောင့် ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပိုရင်းနှီးလာသလို ခံစားရပါတယ်။ ဒါဟာ ကောင်းတာပဲ မဟုတ်ပါလား၊ သူ့ကြောင့် ကျွန်တော်တို့ ဂုဏ်ယူရတယ်လေ၊ ကျွန်တော်တို့နိုင်ငံ ဂုဏ်တင့်တယ်လေ...။


၂၀၁၃ အောက်တိုဘာ ၂၇၊ ညနေ ၄ နာရီ။
ရန်ကုန်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...