Saturday, October 26, 2013

ဗိုလ်ချုပ်မှူးကြီးဟောင်း အုတ်ခဲနှင့် ပြင် ၊ သစ် ပြဿနာ

Same Myint October 23, 2013 at 5:54am
 
အခြေခံဥပဒေပြင်သင့်သလား၊ အသစ်ရေးဆွဲသင့်သလား။ သည်ပြဿနာ အခုတလောမှာ ရှေ့တန်းရောက်လာသည်။ တချိန်တည်းတွင် အသစ် မရေးဆွဲသင့်ကြောင်း၊ အသစ်ရေးဆွဲလျှင် အန္တရာယ် သိပ်ကြီးကြောင်း နည်းအမျိုးမျိုးဖြင့် နှပ်ကြောင်းပေး ခြောက်လှန့် လာသည်ကိုလည်း တွေ့ရသည်။

အခြေခံဥပဒေ အသစ်မဆွဲရေး ပြောဆိုဟန့်တားချက်များနှင့် အတူ စစ်တပ်မကြိုက်တာ ဘာမှ မလုပ်ရေးကို အတွေးအခေါ်တစ်ရပ် အဖြစ် ထူထောင် ဝါဒဖြန့်လာသည်ကိုလည်း တွေ့ရသည်။


စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်ထူထောင်နိုင်ရန် အတွက် အတူတွဲဆောင်ရွက်လာ သော အလုပ်တခုမှာ စစ်တပ်နှင့် အားပြိုင်ရင်ဆိုင်ခြင်းမှာ ရည်ရွယ်ဆောင်ရွက်သည်ဖြစ်စေ၊ မရည်ရွယ်ပဲ ရင်ဆိုင်တိုးမိသည်ဖြစ်စေ၊ ထိုသို့ တိုးမိသော ဖြစ်ရပ်မှန်သမျှ ယခုလည်းအကျိုးမရှိ / ယခင်ကလည်း အကျိုးမရှိခဲ့ ဟူသော အတွေးအခေါ်ဖြစ်သည်။ ယခုအကျိုးမရှိဟူသောအချက်ကို အားကောင်းလာစေရန် ၊ ယခင်ကလည်း အကျိုးမရှိဟု ဆက်စပ်ပြောဆိုလာရခြင်းဖြစ်သည်။ စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်ခိုင်ခန့်လာစေရန် ထိုသို့ တိုးချဲ့ထူထောင်လာခြင်းဖြစ် သည်။ ယခင်က အကျိုးမရှိခဲ့ကြောင်း ပြောဆိုသောအခါ ၈၈ အရေးတော်ပုံကြီးသည် ပြည်သူတွေ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရသော်လည်း အကျိုးမရှိဟူသော ပြောဆိုချက်မျိုး၊ ၂၀၀၇ လှုပ်ရှားမှုကြီးသည်လည်း အရှုံးသက်သက်လှုပ်ရှားမှုကြီးဆိုသော ပြောဆိုချက်မျိုး တွေ ဆက်စပ်ပါဝင်လာသည်။
စင်စစ် ဒါတွေအားလုံးသည် ပြည်သူကို စစ်ကျွန်စိတ်ဓါတ်သွတ်သွင်းပေးရန် စနစ်တကျအားထုတ် ကြိုးပမ်းမှု တွေသာ ဖြစ်သည်။ စစ်ကျွန်ဘဝမှာ နေထိုင်ခြင်းသည်သာ အကောင်းဆုံးဆိုသော သဘောအထိ သက်ရောက် လာအောင် တဖြည်းဖြည်း သိမ်းသွင်း ပြောဆိုနေခြင်းဖြစ်သည်။
မောင်ထွန်းသူ ဘာသာပြန်သော ဇစ်မြစ်စာအုပ်ကို အမှတ်ရမိသည်။ Alex Haley ရေးသော Roots စာအုပ် ဘာသာပြန်ဖြစ်သည်။ လူမည်း ကျွန်စနစ်အကြောင်း ရေးထားသော စာအုပ်ဖြစ်သည်။ လူမည်းများသည် စီမံခန့်ခွဲသည့် အလုပ်များကို ဘယ်တော့မှ လုပ်နိုင်မည် မဟုတ်ဟု လူမည်းများကိုယ်တိုင်က ထင်မြင်နေကြ ကြောင်းကို ပေါ်လွင်အောင် ရေးသားဖော်ပြထားသည်။ အလုပ်ကြမ်းလုပ်သော လူမည်းများကိုစီမံခန့်ခွဲပေးဖို့ ရာလူဖြူတွေရှိဖို့လိုအပ်သည်ဟု လူမည်းတွေတော်တော်များများကပင် အမှန်တကယ်ယုံကြည်ခဲ့ကြသည်။ ထိုအတွေးအခေါ်ကား ကျွန်စနစ်ကို ကျားကန်ပေးသော အတွေးအခေါ်ဖြစ်သည်။
ခေတ်တိုင်းခေတ်တိုင်းတွင် လူတစုက တခြားလူတစုကို ကာလရှည်ကြာ ဖိနှိပ်ထားလို့ ရနေခြင်းမှာ စင်စစ် အဖိနှိပ်ခံရသူတွေကိုယ်တိုင်က ဖိနှိပ်သော စနစ်ကို လက်ခံနေသောကြောင့်သာဖြစ်သည်။ တနည်းအားဖြင့် ဆိုရလျှင် ဖိနှိပ်သောစနစ်တခု တည်မြဲဖို့ဆိုလျှင် ဖိနှိပ်မှုကို လူထုလက်ခံအောင် ရှေ့နေလိုက်သော အတွေး အခေါ်တရပ်လိုအပ်သည်။ ထိုအတွေးအခေါ်ကို အဖိနှိပ်ခံတွေထဲမှ အရေအတွက် တော်တော်များများ ကလည်း လက်ခံနေဖို့ လိုအပ်လေသည်။ သို့မှသာ အဖိနှိပ်ခံတွေ ငြိမ်သက်ကြပေလိမ့်မည်။ ထို့ကြောင့် အုပ် ချုပ်သူ ၊ ဖိနှိပ်သူ လူတန်းစား အဆက်ဆက်တို့သည် သူတို့ဖိနှိပ်မှုကို လူထုလက်ခံလာအောင် ရှေ့နေလိုက် ဖေးမပေးသော အတွေးအခေါ်မျိုးကို ရှာဖွေလေ့ရှိသည်။ ကြိုးစားထူထောင်လေ့ရှိသည်။ အခုလည်း မြန်မာ နိုင်ငံတွင် ဖိနှိပ်သူဘက်က ထောက်ခံသော အတွေးအခေါ်တရပ်ကို ညီညီညာညာ ထူထောင်လာကြ တာတွေ့လာရသည်။ ထိုအတွေးအခေါ်၏ အခြေခံမှာ စစ်တပ်မကြိုက်တာ ဘာမှ မလုပ်သင့်ဘူးဟူသော အခြေခံဖြစ်သည်။ စစ်အာဏာရှင်ဟောင်းများနှင့် အလိုတော်ရိ ပညာရှင်ဆိုသူတွေက ပူးပေါင်း ထူထောင်ကြသော ထိုအတွေးအခေါ်ကို အတိုက်အခံထဲကလည်း တော်တော်လေး လက်ခံလိုက် နာလာသည်ကို တွေ့ရသည်။
စစ်တပ်မကြိုက်တာ ဘာမှမလုပ်ရေး အတွေးအခေါ်၏ အဓိကမဏ္ဍိုင်မှာ စစ်ခေါင်းဆောင်ဟောင်းကြီးများ ဖြစ်ပြီး ထိုအတွေးအခေါ်ကို လက်ခံကျင့်သုံးလာသူ အတိုက်အခံများထဲတွင် အရေးပါဆုံးပုဂ္ဂိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ သို့သော် စစ်တပ်မကြိုက်တာ ဘာမှ မလုပ်ရေးကို အတွေးအခေါ်တရပ် အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် ကျယ်ကျယ်လောင်လောင် ဖြန့်ချိအပေးဆုံးပုဂ္ဂိုလ်မှာ ဦးကျော်ဝင်းဖြစ် သည်။ ထို့ကြောင့် ဦးကျော်ဝင်းကနေ စပြောချင်ပါသည်။
အခုနောက်ပိုင်း သူ့စာတွေ ဆောင်းပါးတွေထဲတွင် ဒီအတွေးအခေါ်ကို အလုပ်တခုလို သဘောထားပြီး ဝါဒ ဖြန့်ချိရေးဆန်ဆန် တွင်တွင်ကျယ်ကျယ်လုပ်လာတာကို သတိထားမိသည်။ အခုသူက လွှတ်တော် ကော်မ ရှင်တခုတွင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် စစ်ခေါင်းဆောင်တို့၏ ကျောထောက်နောက်ခံ အားပေးမှုကိုရလာ သောအခါ ဝါဒဖြန့်ချိရေးနှင့် ပိုတူလာသည်။ ဦးကျော်ဝင်းက သူ့ကို မလိုသူ မိတ်ဆွေဟောင်း လက်ဝဲသမား တွေက စစ်အာဏာရှင်တွေနဲ့ ပေးစားကြသည်ဟု အရင်က ခါးခါးသီးသီး နာနာကျည်းကျည်း ပြောဆိုလေ့ ရှိ သည်။ သို့သော် နောက်ဆုံးတော့လည်း စစ်အာဏာရှင်တို့နှင့် ညားသွားသည်ဟုသာ ဆိုရမလိုဖြစ်နေသည်။ မစွန်းရင်းရှိသူမို့သာ ကန်စွန်းခင်းငြိခြင်းဖြစ်တန်ရာပါသည်။
လက်ပံတောင်း ခယောင်းလမ်း ပြန်မလည်မိစေဖို့ ဆောင်းပါးတွင် ဦးကျော်ဝင်းက “လက်ပံတောင်း သပိတ်စခန်းများ အရေးမှာ ဘယ်ဘက်က ကြည့်ကြည့် မဖြစ်သင့်ပါချေ” ဟုရေးခဲ့သည်။ ဗိုလ်အောင်ဒင် ဇာတ် ကားထဲက အပြောမျိုးနှင့် ပြောရလျှင် “ဒါကတော့ ပုလိပ်အမြင်ကို ဦးဘချစ်ရဲ့” ဟုဆိုရမည် ထင်သည်။ ဘယ်ဘက်က ကြည်ကြည့် ဟုဆိုသော်လည်း လယ်သမားဘက်က မကြည့်ခဲ့သည်မှာ ထင်ရှားလှပါသည်။
တကျော့ပြန် ရယ်ဒီကယ်လှိုင်းဆိုသည့် ဆောင်းပါးထဲတွင်မူ “ရယ်ဒီကယ်လှိုင်းများကား အခါအခွင့်သင့်တိုင်း တဝုန်းဝုန်း ရိုက်ခတ်ဆဲ..။ ဥပမာ လက်ပံတောင်းကိစ္စ၊ မန္တလေး ရှစ်လေးလုံးငွေရတု” ဟု ဆိုထားပြန်သည်။ လက်ပံတောင်းအရေးကိုတော့ သူတော်တော် စိုးရိမ်ပုံရသည်။ သူစိုးရိမ်သည်မှာ လက်ပံတောင်း အရေးကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေ ငြိုငြင်မှာကို စိုးရိမ်ခြင်း ဖြစ်ပုံရသည်။ မန္တလေး ရှစ်လေးလုံး ငွေရတုပွဲ ကိုတော့ ဘာ့ကြောင့် ရယ်ဒီကယ်ထဲထည့်လိုက်သလဲ ဆိုသည်ကို အသေးစိတ်ရှင်းမထား။ သို့သော် ဖြစ်ပုံရသည်မှာ သူတို့ ပြုပြင်ပြောင်းလဲရေး ဝန်ကြီးတွေ တက်သည့် ရန်ကုန်ပွဲနှင့် ပုံစံချင်း မတူသော ကြောင့်ဖြစ်လောက်သည်။
စစ်ဗိုလ်ချုပ်ကြီးတွေ ငြိုငြင်မည်ကို သူစိုးရိမ်ကြောင်းကို ဧရာဝတီနှင့် အင်တာဗျူးတွင် သူက အထင်အရှား အတိအလင်း ထုတ်ပြောသည်။ “အပြောင်းအလဲကို စတာ အရင်အစိုးရ ၊ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး” ဟု သူက ထုတ်ပြောထားသည်။ ဒီစကား တခွန်း သိပ်အရေးကြီးသည်။ ဘာ့ကြောင့် အရေးကြီးသနည်းဆိုသော် စစ်တပ်မကြိုက်တာမလုပ်ရေး အတွေးအခေါ်တခုလုံး၏ အခြေခံအုတ်မြစ်ကို စတင်တည်ဆောက်သော ပထမဆုံးအုပ်ချပ် ၊ တနည်းအား ဖြင့် ဖောင်ဒေးရှင်း အုတ်ခဲ (foundation stone) ဖြစ်နေသောကြောင့်ပင်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခွင့်မပြုရင် ဘာမှမတတ်နိုင်ဘူးဟု သူကယူဆသည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မကြိုက်တာ ဘာမှ မလုပ်နဲ့ ဟူသော ကောက်ချက်သည် နောက်ဆက်တွဲ အလိုလို ထွက်ပေါ်လာသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကြိုက်တာကို လုပ်တာ မှန်သမျှသည် အပြောင်းအလဲကို ပျက်စီးအောင်လုပ်ခြင်းဆိုသည့် ကောက်ချက်လည်း အလိုလို ထွက်ပေါ်လာတော့သည်။ ဒီတော့ လက်ပံတောင်းကိစ္စသည် အပြောင်းအလဲကို ပျက်စီးစေမည့် အရာဟု သူမြင်လာသည်မှာ မဆန်းတော့ချေ။ စစ်ခေါင်းဆောင်ဟောင်းတွေကို မဖိတ်သည့် မန္တလေးရှစ်လေးလုံးပွဲကို အန္တရာယ်ဟု မြင်လာသည်မှာလည်း မဆန်းတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့အမြင်အားလုံးသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြိုက်မကြိုက် ဆိုသည့် အချက်အပေါ် အခြေခံတွေးခေါ်နေသောကြောင့် ဖြစ်သည်။ သူအတွေးအခေါ်သည် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ကြိုက်မကြိုက်ဆိုသည့် အခြေခံဖောင်ဒေးရှင်း အုတ်ခဲအပေါ်တွင် တည်ဆောက်ထားခြင်း ဟုတ် မဟုတ်၊ ဒီအချက်နှင့် ဆီလျော်ညီညွတ်မှုရှိမရှိကို ဆက်လက် ဆန်းစစ်ကြည့်ပါမည်။
ဧရာဝတီနှင့် အင်တာဗျူးထဲတွင် သူကယခုလို ဆက်ပြောထားပါသည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သူခွင့်ပြုလို့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာ ဖြစ်လာတာ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ အာဏာဆက်ယူထားတာလည်း အမှန်ပဲ။ သို့သော် ဒါကို ရန်လုပ်နေလို့ မရဘူး။ သူ့ဟာသူ သဘာဝကျကျ ဖြစ်လာတဲ့ အချင်းရာ။”
ဟုဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အခြေခံအတွေးအခေါ်နှင့် တွေးခေါ်လိုက်သောအခါ အရင် အစိုးရ လူဟောင်းတွေ အာဏာဆက်ယူထားတာသည်လည်း သဘာဝကျကျ ဖြစ်လာသည့် အချင်းအရာဟု သူလက်ခံသွားနိုင်ပါတော့သည်။ သည်မျှသာလော။ မကသေးပါ။ အတိုက်အခံဘက်က အလွန်အကျွံ တောင်းဆိုလာလျှင် ပြဿနာရှိလာလိမ့်မည်ဟုလည်း ထိုအင်တာဗျူးတွင်ပင် ဆက်ပြောပါသည်။
“အခြေခံဥပဒေ လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ်ဆိုတာမျိုး တောင်းခဲ့ရင်တော့ တပ်က တခုခုတုန့်ပြန်လိမ့်မယ်။…. မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘာမှ လုပ်လို့ မရဘူး”
ဟုဆက်ပြောသည်။ ဤနေရာတွင် တပ်ဟုပြောခြင်းသည် စစ်အာဏာရှင်တွေကိုပဲ ဆိုလိုခြင်း ဖြစ်နိုင်ပါသည်။ စစ်အာဏာရှင် ဆိုရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အခေါင်အချုပ်ဖြစ်သည်။ ဒီ တော့ တပ်ရဲ့ သဘောတူညီမှု မရှိဘဲနှင့် ဘာမှ လုပ်လို့မရဘူးဟူသော ယူဆချက်သည်လည်း စောစောက ပြောခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုတ်ခဲက ဆက်လက်ပွားထွက်လာသော အတွေးအခေါ်ပင် ဖြစ်သည်။
လှံဖျားပုစဉ်းနား ၊ ကျီးကန်းက ချေးပါဖြစ်နေသော သူ့အတွေးအခေါ်သည် အခြေခံဥပဒေနှင့်သာမက ဒီ့ထက် ပိုကျယ်ပြန့်သော အကြောင်းအရာများနှင့်လည်း ပတ်သက်သေးသည်။ ဖက်ဒရယ်လည်း ပါပါသေး သည်။
“အာဏာသိမ်းနိုင်တဲ့ အလားအလာက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်စပ်နေတယ်၊ ဖက်ဒရယ်ကိစ္စနဲ့ ဆက်စပ်နေတယ်”
ဟု ထိုအင်တာဗျူးမှာပင် သူက ဆက်လက်ပြောသည်။
သို့ဖြစ်ရာ လက်ပံတောင်းကလူတွေ ဆန္ဒမပြကြနဲ့၊ အခြေခံဥပဒေ အသစ်မရေးနဲ့၊ ဖက်ဒရယ်မူကိစ္စ အလွန် အကျွံမတောင်းနဲ့ဟု ပြောနေသော ဦးကျော်ဝင်းတယောက်ကို ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်က မရမက လိုက်ခေါ်ကာ လွှတ်တော်ကော်မရှင်မှာ ခန့်ထားလိုက်သည်ဟူသော အချက်မှာ ဘာမှ အံ့သြစရာ မရှိပါ။ ဘာ့ကြောင့် ဒုဝန်ကြီး မဖြစ်သေးတာပါလိမ့်ဆိုသော အချက်ကိုသာ အံ့သြချင်အံ့သြဖို့ ရှိပေလိမ့်မည်။
ဦးကျော်ဝင်း စိုးရိမ်နေသည်များမှာ သည်လောက်တွင်ပဲလားဆိုတော့လည်း မကသေးပြန်ချေ။ NLD က လွှတ်တော် နေရာအများကို တလုံးတခဲကြီး အနိုင်ရသွားမှာကိုလည်း သူကစိတ်ပူပြန်သေးသည်။ ဒါသည်လည်း ဗိုလ်ချုပ်မှူးကြီး အုတ်ခဲ အတွေးအခေါ်နှင့် ကိုက်ညီပြန်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ် လောက်သည့်ဟာတွေ မှန်သမျှကို သူက ခန့်မှန်းပြီး အကုန်လိုက်စိုးရိမ်ကြောက်ရွံ့ပေးနေလေပြီ။ စိုးရိမ် ကြောက်ရွံ့ရုံမျှသာမက ကြောက်ရွံ့ခြင်းက ကင်းဝေးရမည့် နည်းလမ်းကိုလည်း သူကရှာပေးလိုက်ပြန်သေး သည်။ ထိုနည်းလမ်းကား အခြား မဟုတ်။ ပီအာစနစ် ဟူသတည်း။ ပီအာစနစ်အောက်မှာ ဆိုလျှင် မည်သူ မျှ မဲအများစု အနိုင်မရနိုင်တော့သည့်အတွက် NLD လည်း အများစုမဲ မရနိုင်တော့ဟု ပီအာလုပ်ဖို့ရာ ဗိုလ် ချုပ်မှူးကြီးသန်းရွှေကိုပင် သူကလှမ်းပြီး အကြံပေးလိုက်ပြန်ပါသေးသည်။ (ပီအာစနစ်အပေါ်ကျွန်တော့ အမြင်ကိုတော့ လူထုပုံရိန်ဂျာနယ်မှာ ပြည့်ပြည့်စုံစုံပြောပြီးဖြစ်သောကြောင့် ဤနေရာတွင် အကျယ်မဆွေးနွေးလိုတော့ပါ။)
သူ၏ အင်တာဗျူးထဲတွင် ဖြေဆိုသွားချက်များအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ဆိုးမည်ကို စိုးရိမ်တတ် သော သူ၏ စိတ်ဇောအဟုန် မည်မျှ ကြီးမားကြောင်းဖော်ပြသည့် နောက်ထပ် တချက်ကို ထောက်ပြချင်ပါ သေးသည်။ ထိုအချက်မှာ မိတ္ထီလာ အရေးနှင့် ပတ်သက်သော သုံးသပ်ချက်ဖြစ်သည်။ “မိတ္ထီလာမှာ ရဲတွေရပ်ကြည့်နေတယ် ဆိုတာ အနောက်မီဒီယာတွေက ဖွတာ ဟုသူက ဖြေသွားသည်။ အစိုးရက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကို ကျနော်လက်မခံဘူး” ဟု ပြတ်ပြတ်သားသား ရပ်တည်ကာကွယ်ပေးသွားသည်။ သို့သော် ဒါမျိုးကိစ္စသည် သဘောထား (opinion) မဟုတ်။ အချက်အလက် (fact) ဖြစ်သည်။ အထောက်အထားရှိနေလျှင် လက်မခံချင်ပေမဲ့ လက်မခံလို့ မရ။ အထောက် အထား မရှိဘဲနှင့်လည်း စွပ်စွဲချင်တိုင်း စွပ်စွဲလို့မရ။ မိတ္ထီလာတွင် လူတယောက်ကို ဝက်လာ တောထဲ၌ ဓါးနှင့်ခုတ်၊ တုတ်နှင့်ရိုက်နေကြသောအချိန်တွင် ရဲကရပ်ကြည့်နေသည်မှာ သက်သေအထောက် အထားအခိုင်အလုံနှင့်ရှိသည်။ မသေမရှင်လူတွေကို မီးရှို့နေချိန်တွင် ရဲကရပ်ကြည့်နေသည်မှာလည်း အထောက်အထားရှိသည်။ ဦးကျော်ဝင်း ကြည့်ချင်လျှင် ဗီဒီယိုကလစ်နှင့် အသေအချာပြနိုင်သည်။ ဦးကျော်ဝင်းမတွေ့ဘူးသည်မှာ မလေ့လာသောကြောင့်ဖြစ်မည်။ တကယ်တော့ဒါတွေအားလုံး (Documented) ဖြစ်သည်။ ထိုဗီဒီယို အစစ်အမှန် (Genuine) ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက စစ်ဆေးပြီးကြပြီ။ သည်တချက်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေစိတ်ဆိုး မှာကို သူစိုးရိမ်လွန်းအားကြီးပြီး အကာအကွယ်ပေးချင်စိတ် များလွန်းအားကြီးသွားသည်ဟု ကျွန်တော်ထင်သည်။ သည်လောက်ကြီးအထိ မျက်စိမှိတ်ပြီး တဘက်စောင်းနင်းကြီး ဘက်လိုက်ပြောဖို့တော့ မကောင်းလှ။ ဦးကျော်ဝင်းသည် သူ့ဝန်ထမ်း ဖြစ်လာသောကြောင့် သူ့ဆန်စားရဲမှ သဘောမျိုးပင်ပြောလာပြီလား မဆိုတတ်။
အခုဆက်လက်ပြီး အခြေခံဥပဒေ ပြင်ရေး၊ သစ်ရေးနှင့် ပတ်သက်သော သူ့အယူအဆကို ဆက်လက် ဆန်းစစ်ကြည့်ပါမည်။ ဧရာဝတီနှင့် အင်တာဗျူးတွင် “၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီ လုံးဝမဆန်လို့ ဒါကိုဖျက်ပြီး အသစ်ပြန်ဆွဲဖို့ပြောတဲ့ လမ်းကြောင်း၊ လူကြိုက်များနိုင်တယ်။ ဘာလို့လည်း ဆိုတော့ Radical အစွဲကြီးတာကိုး။ အဲဒီတော့လက်ခုပ်သံ တဖြောင်းဖြောင်း ရနိုင်တယ်။ အဖြေတော့ ရနိုင်မှာ မဟုတ်ဘူး။”
ဟုဖြေထားသည်။
တကျော့ပြန် ရယ်ဒီကယ်လှိုင်းဆောင်းပါးထဲတွင်လည်း
“နိုင်ငံရေးဓလေ့ ကိုယ်တိုင်မှာပင် ရယ်ဒီကယ် အစွဲသန်သော မြန်မာနိုင်ငံအတွက် ဒုတိယလမ်းကြောင်း (အသစ်ပြန်လည် ရေးဆွဲရေး) မှာ လူကြိုက် များနိုင်သည်၊ လက်ခုပ်သံရနိုင်သည်ကို ဆဝါးမိပါသည်။ သို့တစေ သမိုင်းအတွေ့အကြုံ များအရ အန္တရာယ်ရှိနိုင်သည်။ လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်း ဖြစ်သွားနိုင် သည်။”
ဟုရေးသည်။
ရယ်ဒီကယ် အစွဲသန်မသန်ဆိုသောအချက်ကို ကျွန်တော် မငြင်းခုန်လို။ ဒါက သူ့ ယူဆချက် (assumption) သာဖြစ်သည်။ လူထုတရပ်လုံးနှင့်ချီပြီး ၊ လူမျိုးတမျိုးလုံးနှင့်ချီပြီး စွပ်စွဲထားသော ဧရာမစွပ်စွဲချက်ကြီးဖြစ်ပင် ဖြစ်လင့်ကစား လောလောဆယ် သည်နေရာ၌ သည်အချက်အပေါ် ရှည်ရှည်ဝေးဝေးပြောနေခြင်းဖြင့် ပေမရှည်ချင်သေး။ ရယ်ဒီကယ်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် သူ့အတွက် ပြဿနာကြီးတစ်ခုဖြစ်သော်လည်း ကျွန်တော့်အတွက် ပြဿနာ မဟုတ်သောကြောင့် ထိုအချက်အပေါ်တွင် အချိန်ကုန်ခံပြီး အငြင်းမပွားလို။ သို့သော် လူကြိုက်များနိုင်၊ လက်ခုပ်သံ တဖြောင်းဖြောင်းရနိုင်ပါလျှက်နှင့် အန္တရာယ်ရှိနိုင်သည်ဆိုသော အချက်မှာမူ အငြင်းပွားစရာဖြစ်သည်။ လူအများကြိုက်သော်လည်း သမိုင်းအတွေ့အကြုံရှိသောသူ (ဦးကျော်ဝင်း) က မကြိုက်နိုင်၊ အန္တရာယ်ရှိသည်ဟု ဆိုနေခြင်းဖြစ်သည်။ လူအများစုကြီးသည် သူ့လောက် နားမလည်ဟု ဆိုနေခြင်းဖြစ်သည်။ NLD က ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူမည် ဆိုသောအချက်ကိုလည်း သူကလက်မခံနိုင်။ “NLD ၏ ကြေညာချက်ကို ဖတ်ရသောအခါ အပျော်တွေ လွင့်စဉ်သွားသည်၊ အတော်ကြီးကို စိတ်ပျက်မိသည်” ( တကျော့ပြန်ရယ်ဒီကယ်လှိုင်းဆောင်းပါး) ဟုဆိုသည်။
ထိုဆောင်းပါးမှာပင် “ဆန္ဒခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော။ လူထုဆန္ဒအမှန်ကို ရရှိလျှင်ပင်ထား၊ ပြည်သူလူထုအနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်း ရှိနိုင်ပါမည်လော။” ဟုဆိုသည်။ အဓိပ္ပါယ်မှာ NLD က ဆန္ဒခံယူပွဲ လုပ်မှာကို ဦးကျော်ဝင်းသိပ်ကြောက်နေသည်။ ဆန္ဒခံယူပွဲလုပ်လျှင် လူအများက အသစ်ရေးဆွဲရေးကို ထောက်ခံလိမ့် မည်ဟု သူထင်သည်။ ထိုသို့ထောက်ခံလျှင်လည်း ထိုရလဒ်သည် လူထုဆန္ဒအမှန်မဟုတ်ဟု သူကဆိုပြန်သည်။ ထို့အပြင် “ပြည်သူလူထုအနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါခပ်သိမ်းရှိနိုင်ပါမည်လော” ဟုလည်း သူက ဆက်ဆိုပါသေးသည်။ ပြည်သူလူထုသည် မဟာဗျူဟာပြဿနာများကို မချမှတ်နိုင်သော ငတုံးငအများဟု သူကသတ်မှတ်လိုက်ပြန်သည်။ ဒီမိုကရေစီနည်းကို ကြိုက်လှပါသည်ဟူသော ဦးကျော်ဝင်းသည် သည်နေရာတွင်တော့ ပြည်သူလူထု၏ ဆန္ဒတောင်းခံမည့်နည်းကို လက်မခံနိုင်သည်မှာ အံ့သြစရာဖြစ်သည်။ ပြည်သူလူထုက ပေးသော အဖြေကို သူ့လိုဘနှင့် ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ လက်ခံလိုက်မည်ဟူသော ဒီမိုကရေစီ သတ္တိမျိုးကို သူမမွေးမြူနိုင်။ ပြည်သူလူထုသည် ငတုံးငအများ ဖြစ်သောကြောင့် ပြည်သူလူထု အနေနှင့် ဘယ်လို သဘောထားပင်ရှိစေကာမူ၊ အသုံးမကျသော ထိုသဘောထားတွေကို ဘေးချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကသာ ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်လိုက်ပါဟု သူက တိုက်တွန်းနေခြင်းဖြစ်သည်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် တဦးချင်းအနေဖြင့် ဘယ်ဘက် တိမ်းညွှတ်သည်ကိုလည်းသူသိပြီးဖြစ်သည်။ ထို့ကြောင့်လည်း “လက်ပံတောင်းအရေးကို ကိုင်တွယ်ခဲ့သော အမြော်အမြင်ဖြင့် ယခုကိစ္စကိုလည်း ပြန်လည် စဉ်းစားပေးပါ” ဟု သူက ဆောင်းပါးကို နိဂုံးချုပ်လိုက်သည်။
မှန်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းအရေးတွင် ဗိုလ်ချုပ်ကြီးများ ငြိုငြင်မည့် အရေးကို ရှောင်ရှားခဲ့သည်။ ဦးကျော်ဝင်းလိုပင် ဗိုလ်ချုပ်မှူးကြီးအုတ်ခဲပေါ်တွင် တည်ဆောက်ထားသော အမြင်မျိုးဖြင့် လက်ပံတောင်းတောင်စီမံကိန်း ဆက်လုပ်ဖို့ ခုံသမာဓိလူကြီးမင်းလုပ်ပြီး အဆုံးအဖြတ်ပေးခဲ့ သည်။ သည်တပွဲတွင်လည်း ဗိုလ်ချုပ်မှူးကြီး ငြိုငြင်မည့် အလုပ်မျိုးမလုပ်ဖို့ ဦးကျော်ဝင်းက လက်ပံတောင်းကို မျက်စပစ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ စင်စစ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောမှာလည်း ပြင်ရေးဘက် အလေးသာသည်မှာ NLD ကြေညာချက် ကြည့်ရုံနှင့်ပင် သိသာပြီးဖြစ်ပါသည်။ NLD ကြေညာချက်တွင် ဘယ်ဘက်ကိုမှ ဘက်လိုက်ပြီး မပြောလိုဟု ဆိုသည်။ ပြင်ရေးနှင့် အသစ်ရေးဆွဲရေးတို့၏ ကောင်းကျိုးဆိုးကျိုးများကိုသာ ထောက်ပြပါမည်ဟု ဆိုသည်။ တကယ်တန်းထောက်ပြထားသည်မှာ ပြင်ရေး၏ ကောင်းကျိုးနှင့် အသစ်ရေးဆွဲရေး၏ ဆိုးကျိုးကိုသာ ဖြစ်သည်။ ပြင်ရေးက ဥပဒေနှင့် အညီဟုဆိုပြီး၊ အသစ်ရေးဆွဲရေးက စစ်တပ်နှင့် ထိပ်တိုက်တွေ့ရနိုင်သည်ဟု ဆိုသည်။ သည်ကြေညာချက်ကို ကြည့်ရုံနှင့်ပင် NLD ဘယ်ဘက်ယိမ်းကြောင်း၊ ဒေါ်စုဘယ်ဘက် ယိမ်းကြောင်း သိနိုင်သည်။ ဒေါ်စုက သူဘက်ဘက် ယိမ်းကြောင်း ဘာကိုလိုလားကြောင်း အချက်ပြပြီး သူ့အား၊ သူ့ဝိတ်ကိုယူကာ လူထုအား သူ့ကို ထောက်ခံခိုင်းမည်ဟု စိတ်ကူးပုံရသည်။ ဒါကိုပင် ဦးကျော်ဝင်းက စိတ်မချနိုင်။ လက်မခံနိုင်။ လူထုဆန္ဒကို ကြောက်ရွံ့နေ ခြင်းဖြစ်သည်။
ဦးကျော်ဝင်း စိတ်မချနိုင်သလို စစ်တပ်ခေါင်းဆောင်တွေကလည်း စိတ်မချပါ။ ဦးဌေးဦးက အခြေခံဥပဒေ အသစ်ဆွဲဖို့ ၂၀၀၈ အခြေခံဥပဒေမှာ မပါ၊ အခြေခံဥပဒေအသစ်ဆွဲချင်လျှင် စစ်တပ်နှင့်တွေ့မည်ဟု ခြောက်သည်။ မဆလဟောင်း ဦးဟန်ရွှေကလည်း အသစ်ရေးဆွဲလျှင် အန္တရာယ်ရှိသည်ဟု ဆိုသည်။ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အခြေခံဥပဒေကိုကာကွယ်မည်ဟု ဆိုသည်။ ဦးအောင်သောင်းကလည်း အခြေခံဥပဒေ အသစ်ရေးဆွဲလျှင် အာဏာသိမ်းမှုဖြစ်လိမ့်မည်။ သို့သော် သည်တခါသိမ်းလျှင် လက်လွတ်စပယ်လုပ်မည် မဟုတ်ဟု ဆိုသည်။ ကြံ့ဖွံ့ခေါင်းဆောင် ဦးအောင်သောင်းသည် ဘယ်လို capacity ဘယ်လို authority နှင့် သည်စကားကို ပြောသည်ကိုကားမသိ။ (ဘယ်လို ပြောရေးဆိုခွင့်ရှိလို့ သည်စကားမျိုးကို ပြောသည်မသိ။) သေချာသည်မှာကား အားလုံး အတိုင်အဖောက်ညီလှသည်။ အခြေခံဥပဒေ ပြင်လျှင် အာဏာသိမ်းလိမ့်မည်ဟူသော အသိကို လူတိုင်းစိတ်ထဲတွင် ယုံလာအောင် အားလုံးက မီးနီ၊ မီးဝါ တွေပြနေကြခြင်းသာဖြစ်သည်။ လူထုကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုတွေ ၊ တိုင်းရင်းသား အင်အားစုတွေ အားလုံး ၂၀၀၈ အခြေခံဥပဒေမကောင်းသည်ကို အားလုံးသိသည်။ ဦးကျော်ဝင်းလည်း သိသည်။ သည်အချက်ကိုသူမငြင်း။ အခြေခံကစ၍မကောင်းသော အခြေခံ ဥပဒေဖြစ်သောကြောင့် အားလုံးဖျက်ပြီး အသစ်ရေးဆွဲတာက အကောင်းဆုံးဆိုတာလည်း အားလုံးသိသည်။ ထိုသို့သိသည့်ကြားကပင် အသစ်မရေး ဆွဲပါနှင့်ဟု ပြောနေကြခြင်းဖြစ်သည်။ မကောင်းပင် မကောင်းသည် မှန်သော်ငြားလည်း စစ်တပ် ငြိုငြင်မှာမို့ (တကယ်တော့ စစ်အာဏာရှင်တွေ ငြိုငြင်မှာမို့ ) မလုပ်ပါနှင့်ဟု ဆိုနေကြခြင်းဖြစ်သည်။
ကျွန်တော်တို့၏ ဒီမိုကရေစီခေါင်းဆောင်များသည် စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ထူထောင်မည်ဟု ဆိုသည်။ သို့သော် လူထုကိုတော့ စစ်အာဏာရှင်တွေ ငြိုငြင်မည့် အရာများကို မလုပ်ဖို့တားမြစ်နေပြန်သည်။ ထူးဆန်းလှပါပေသည်။
တကယ်တော့ ဒီမိုကရေစီလမ်းကြောင်းကိုသွားလျှင် စစ်အာဏာရှင်တွေ ကြိုက်မည် မဟုတ်ဆိုသော အချက်ကို လူထုကသိပြီးသားပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း အစိတ်ကျော် ၈၈ အရေးအခင်းကာလ ကတည်းက ဒီမိုကရေစီရေး တောင်းဆိုလျှင် စစ်အာဏာရှင်တို့ ကြိုက်မည် မဟုတ်ဟူသောအချက်ကို လူထုက သိသည်။ သိသိနှင့်ပင် စစ်အာဏာရှင်စနစ်အောက်တွင် မနေချင်သောကြောင့် နှစ် အစိတ်လုံးလုံး အပင်ပန်းအဆင်းရဲခံကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးကို ဆောင်ရွက်ခဲ့ကြသည်။ အခု နှစ်ပေါင်းအစိတ်ကြာ ဒုက္ခဆင်းရဲ ခံခဲ့ပြီးတော့မှ စစ်အာဏာရှင်တွေ ငြိုငြင်မှာကို မလုပ်နှင့်ဟု ဆိုသူက ဆိုလာကြသည်။ စစ်အာဏာရှင်တွေပေးသလောက်သာ ရမည် ဟု အလံရှူးလုပ်သူက လုပ်သည်။
၈၈ အရေးခင်းကြီးဆင်နွှဲပြီး လူတွေ အသက်သွေးပေးဆပ်ခဲ့သော်လည်း ဘာမျှမရ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေးလို့သာ ပြုပြင်ပြောင်းလဲရေးရသည်ဟု ကျေးဇူးရှင်ရှာတွေ့သူက ရှာတွေ့ကုန်လေပြီ။ ၂၀၀၇ အရေးအခင်းကြီး တွင် သံဃာတော်တွေ အသက်ပေးခဲ့ကြသည်မှာလည်း အလကား ၊ အရင်စစ်အစိုးရက စတင်လို့သာ အပြောင်းအလဲဖြစ်လာတာဟု အတွေးခေါ်သစ် ရသူက ရကုန်ကြလေပြီ။ ဒီမိုကရေစီရရေး မရရေးမှာ စစ်တပ်အပေါ်မှာသာ မူတည်သည်ဟု သီအိုရီသစ်ဖြန့်ချိနေလေပြီ။ ထိုအရာသည် စစ်အာဏာရှင် စနစ်သက်ဆိုးရှည်ရေး အတွက် နောက်ဆုံးပေါ် ဝါဒဖြန့်ချိနည်းသာဖြစ်ပါသည်။
သူတို့လောဂျစ်နည်းကား စပါတာကပ်စ် ဦးဆောင်ခဲ့သော ကျွန်တော်လှန်ရေးကြီး ကျရှုံးခဲ့သည်ဟူသော အပြောမျိုးနှင့်တူပါသည်။ ဆရာစံနှင့် တောင်သူ လယ်သမားများ အင်္ဂလိပ်နယ်ချဲ့ကိုတွန်းလှန်ခဲ့သော်လည်း ထိုမိုက်မဲသော လယ်သမားများ ခေါင်းဖြတ်အသတ်ခံလိုက် ရတာသာ အဖတ်တင်သည်။ ဘာတခုမှ အောင်ပွဲမရဟု ပြောနေသည်နှင့် အလားသဏ္ဍန်တူသည်။
စပါတာကပ်စ်၏ ကျွန်တော်လှန်ရေးသည် ကျွန်ပိုင်ရှင်တွေကို မချေမှုန်းနိုင်ခဲ့သည်မှာ မှန်ပါသည်။ စပါတာကပ်စ်၏ ကျွန်တော်လှန်ရေးသာမက ကမ္ဘာပေါ်တွင် ပေါ်ပေါက်ဖူးသမျှ ဘယ်ကျွန်တော်လှန်ရေးမှ ကျွန်ပိုင်ရှင်တွေကို ချေမှုန်းပြီး နိုင်ငံရေးအာဏာကို ရယူနိုင်ခဲ့ဖူးသည် မရှိခဲ့ပါ။ သို့သော် ယနေ့ကမ္ဘာပေါ်တွင် ကျွန်စနစ်ရှိပါသေးသလား။ ကျွန်စနစ် ရှိသင့်သည်ဟု ယူဆသောသူ ရှိပါသေးသလား။ ကျွန်စနစ် ဘာ့ကြောင့် ပျောက်ကွယ်သွားသနည်း။ ထိုအချက်သည် အဖြေဖြစ်ပါသည်။ မှန်ပါသည်။ စပါတာကပ်စ် မနိုင်ခဲ့ပါ။ သို့သော် ကျွန်တော်လှန်ရေး အောင်မြင်ခဲ့ပါသည်။
ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမား သူပုန်ကြီးလည်း အာဏာမရယူနိုင်ခဲ့ပါ။ ခေါင်းဆောင်တွေ ရက်ရက်စက်စက် ခေါင်းဖြတ် အသတ်ခံခဲ့ကြရသည်။ ကြိုးပေးအသတ်ခံခဲ့ရသည်။ သို့သော် ထိုဆရာစံတော်လှန်ရေးကြောင့်သာ ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင် ရုန်းထွက်ရ မည်ဟူသော နိုင်ငံရေးအသိစိတ်ဓါတ်ကို နောက်မျိုးဆက်သို့လက်ဆင့် ကမ်းနိုင်ခဲ့သည်။ ထိုစိတ်ဓါတ်ဖြင့် သာ လွတ်လပ်ရေးရသည်အထိ လက်ဆင့်ကမ်း ချီတက်နိုင်ခဲ့သည်။ ဆရာစံသူပုန် အချီးအနှီး မဖြစ်ခဲ့ပါ။
၈၈ အရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင်စနစ်ကို လူထုက လက်မခံတော့ဟူသောအချက်ကို ကမ္ဘာက သိခဲ့သည်။ နောက်မျိုးဆက်က သိခဲ့သည်။ စစ်အာဏာရှင်တွေ ကိုယ်တိုင်သိလာကြသည်။ ယနေ့ စစ်အာဏာရှင်တွေကိုယ်တိုင် သူတို့လည်းဒီမိုကရေစီသမားပါဟု သံယောင်လိုက်အော်ဟစ်လာရသည်။ ဘာ့ကြောင့်ပါနည်း။
၂၀၀၇ သံဃာတော်လှုပ်ရှားမှုကြီးတွင်လည်း သံဃာတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။ သို့သော် တကယ်တန်း သွေးပျက်ခြောက်ခြားခဲ့ရသူတို့မှာ စစ်အာဏာရှင်တွေသာ ဖြစ်ခဲ့သည်။ သွေးပျက် ခြောက်ခြားရုံသာမက စစ်အာဏာရှင်အချင်းချင်းကြား စိတ်ဝမ်း ကွဲပြားလာခဲ့ကြသည်။ ၂၀၀၇ သံဃာတော်လှုပ်ရှားမှုအပြီး ကမ္ဘာတဝန်းတွင် အာရပ်တော်လှန်ရေးနှင့် နိုင်ငံတကာ သိမ်းပိုက်ရေး လှုပ်ရှားမှုတို့ ထပ်ဆင့်ဖြစ်ပေါ်လာသောအခါ မပြောင်းလျှင် မဖြစ်တော့ဆိုသည် ကို စစ်အာဏာရှင်များ လက်မခံချင်ပဲ လက်ခံလာရသည်။ သို့သော် ယခုအခါတွင် ဒီမိုကရေစီလိုလားသည်ဆိုသူများက ပန်းမဝင်ခင် တက်ထောင်ချင်ကြလေပြီ။ ၈ လေးလုံးအရေးခင်းကြီးတွင် ကျခဲ့သော သွေးတွေကိုပင် အားမနာ၊ နှစ်ပေါင်းအစိတ်လုံးတွင် စွန့်လွှတ်အနစ်နာခံလာရသော ပြည်သူများကိုလည်း အားမနာဘဲ၊ “အခြေခံဥပဒေကြီးမှာ ကောင်းတော့မကောင်း သို့သော် စစ်အာဏာရှင်တွေ အမျက်သိုမှာ စိုးသော ကြောင့် မကောင်းသော်လည်း လက်သင့်ခံလိုက်ပါ” ဟု နွားမရွှံ့ပိတ်ထိုးပေးနေလေပြီ။
သေချာသည်ကား ၂၀၀၈ အခြေခံဥပဒေသည် ပြည်သူတို့ကို ကောင်းကျိုးပေးမည့် ဥပဒေမဟုတ်။ ထိုအခြေခံဥပဒေသည် အခြေခံကပင် မကောင်းသောကြောင့် မည်သို့ပင် ဖာထေးသုံးစွဲသော်လည်း ကောင်းလာဖွယ်မရှိ။ ထိုအချက်ကို အားလုံးအသိပင်ဖြစ်သည်။ ထိုအချက်အပေါ်တွင် အငြင်းမပွား။ အငြင်း ပွားနေကြသည်မှာကား ထိုမကောင်းမှန်းသိသော လှည်းကျိုးကြီးကို ခဏတဖြုတ်တော့ထမ်းထားပါကွာ ၊ မဟုတ်ရင် တိုင်းပြည်ချောက်ထဲကျလိမ့်မယ်ဟု ခြိမ်းခြောက်ပြောဆိုနေခြင်းကို ကျွန်တော်တို့ လက်ခံမလား၊ လက်မခံဘူးလားဆိုသော အချက်ကသာ အငြင်းပွားနေသော ပြဿနာဖြစ်ပါသည်။
စစ်စစ် ကျွန်တော်တို့ကို ကျွန်စိတ်သွင်းပေးနေခြင်းဖြစ်သည်။ အညံ့ခံခိုင်းနေခြင်းဖြစ်သည်။ ဆောင်းပါး အစပိုင်းတွင် ပြောခဲ့သော အပိုင်းကို ပြန်ကောက်လိုပါသည်။ ကျွန်စနစ် သက်ဆိုးရှည်ခြင်းမှာ ကျွန်တွေကိုယ်တိုင်က ကျွန်ပိုင်ရှင်တွေရှိမှ သူတို့ရပ်တည်နိုင်မည်ဟု ထင်နေသောကြောင့်ဖြစ်သည်။ တချိန်တွင် ကျွန်တွေက လက်မခံဘဲ တော်လှန်ကြသောအခါ လက်နက်အင်အားမမျှသောကြောင့် အာဏာမရခဲ့သော်ငြား၊ ဖိနှိပ်သူတွေ၏ အတွေးအခေါ်ပြိုလဲပျက်စီးခဲ့သည်။ ကျွန်စနစ်လည်း ပျက်စီးခဲ့သည်။
ယခုစစ်အာဏာရှင်နှင့် စစ်အာဏာရှင်အလိုတော်ရိပညာရှင်တွေက စစ်အာဏာရှင်မကြိုက်တာ မလုပ်ရေး အတွေးအခေါ်သွတ်သွင်းပေးနေလေပြီ။ စစ်အာဏာရှင်တို့အလိုကျ ၂၀၀၈ အခြေခံဥပဒေကိုလက်ခံလိုက် ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ၊ တနည်းအားဖြင့်ဆိုရလျှင် ဖိနှိပ်ရေး အတွေးအခေါ်ကသာ မှန်ကန်ကြောင်း သက်သေထူဖို့ ကြိုးစားနေလေပြီ။ justify လုပ်နေလေပြီ။ ပြည်သူတွေကို စစ်ကျွန်စိတ် သွတ် သွင်းပေးနေလေပြီ။
စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုချုပ်ချယ်မှုအောက်တွင် နေထိုင်ခြင်းကသာ အကောင်းဆုံးပါဟု ပြည်သူတွေက လက်မခံမချင်း ၈၈ တော်လှန်ရေး မရှုံးနိမ့်သေးပါ။ ရှေ့ဆက်နေဦးမည်သာဖြစ်ပါသည်။ စစ်အာဏာရှင်တွေ နှင့် ပြည်သူတွေ တဘက်ဘက်က အညံ့မခံမချင်း ဆက်နေပါဦးမည်။ သို့သော် စစ်အာဏာရှင်တွေ မကြိုက်တာမလုပ်တော့ပါဟု ပြည်သူတွေက အညံ့ခံလိုက်ပါမူ၊ အညံ့ခံသည်နှင့် တပြိုင်နက်မှာ ကျွန်တော်တို့၏ တော်လှန်ရေးရှုံးနိမ့်ပြီဖြစ်ပါသည်။ ရယ်ဒီကယ်တွေ ၊ လစ်ဘရယ်တွေ အဓိက မဟုတ်။ ဆွေးနွေးသောယဉ်ကျေးမှု ရှိမရှိ ဆိုတာတွေလည်း အဓိက မဟုတ်။ တော်လှန်ရေးလုပ်ရမှာလား၊ တည်ဆောက်ရေးလုပ်ရမှာလား၊ နိုင်ငံရေးလုပ်ရမှာလား ဆိုတာတွေလည်း အဓိက မဟုတ်။ ဒါတွေက နည်းလမ်းတွေသာ ဖြစ်သည်။ နည်းလမ်းတွေသာမက ထောက်ပံကြေးယူ သင်တန်းဖွင့်စားသော ကာလပေါ် သင်တန်းဆရာတို့ စုန်းတောက်စားကြသည့် ဝေါဟာရလျှပ်ပေါ်လော်လီမှုတွေအဖြစ်နှင့်လည်း တခါတလေ တွေ့ရတတ်သည်။ တကယ်အရေးကြီးသည်မှာ ဒီမိုကရေစီစနစ်လား၊ အာဏာရှင်စနစ်လားဆိုတာသာဖြစ်သည်။ ဒါကို တကယ် ရွေးချယ်ရမည့် သူတွေမှာလည်း ပြည်သူတွေသာဖြစ်ပါသည်။
စိမ်းမြင့် (မန္တလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...