Wednesday, October 23, 2013

ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်စကားပြောခြင်း - သခင်တင်ဦး

 တို့ဗမာအစည်းအရုံး Dobama Asiayone's photo.

"ထွန်းလှရေ" "ဟုတ်ကဲ့ခင်ဗျ... ဗိုလ်ချုပ်" "မင်း အိုင်စီအက်စ် (ICS) ဦးတင်ထွဋ် နေတဲ့အိမ် သိလား" "သိပါတယ် ဗိုလ်ချုပ်၊ အင်းလျားလမ်း၊ နံပါတ် (၁) မှာပါ။ သူ့အိမ်က လမ်းထဲဝင်ဝင်ချင်းဆိုတော့ မှတ်ရတာ လွယ်ပါတယ်ဗိုလ်ချုပ်" "အေး၊ ဒီဖိတ်စာ ဦးတင်ထွဋ်ကို သွားပေးစမ်း။ ဖတ်ပြီးတော့ သူ ဘာပြန်ပြောမလဲဆိုတာ သေသေချာချာ နားထောင်ခဲ့" "ဟုတ်ကဲ့ပါ ဗိုလ်ချုပ်" အပါးတော်မြဲ ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်အောင်ဆန်းထံမှ စာကိုယူ၍ ချက်ချင်းထွက်လာခဲ့သည်။
လမ်းတွင် ဗိုလ်ထွန်းလှသည် အံ့သြ၍နေသည်။ ထိုကာလတွင် ကွန်မြူနစ်ပါတီ သတင်းစာမှ နေ့စဉ် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်ဘက်ရေးသည်။ မကြာခဏ ရေးသည့်အထဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အတွေးအခေါ် အလွန်ညံ့ဖျင်းသည်။ ယခုအခါ သုံး၍မရသော ရှေးခေတ်နိုင်ငံရေးသမား ဦးဘဖေကို အသုံးပြုသည်၊ မကြာခဏ ဦးဘဖေအား ဖဆပလဌာနချုပ်သို့ ဖိတ်၍ ဆွေးနွေးသည်။ ထိုနည်းအတူ အလွန်ရှေးကျ၍ ခေတ်မမီတော့သော ဒီးဒုတ်ဦးဘချိုကို ဖဆပလ အမှုဆောင်အစည်းအဝေးကို ဖိတ်ကြားကာ အကြံဉာဏ်ယူသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်လူထု၏ အခြေအနေကို ဘာမျှမသိ၊ အင်္ဂလိပ်အစိုးရကို အညံ့ခံကာ ရာထူးလိုချင်ပုံ ပေါ်နေသည်။ အချောင်သမားစိတ် ၀င်နေသည်။ မည်သည့်ဝါဒကိုမှ မလေ့လာ၊ ပေါ်ပင်နိုင်ငံရေးသမား တစ်ယောက်ဖြစ်သည်။ ဤသို့ မကြာခဏ ဗိုလ်ချုပ်အောင်ဆန်းအား မကောင်းရေးကာ ဖဆပလအဖွဲ့ချုပ်ကိုလည်း ဘာမျှရည်ရွယ်ချက်မရှိ၊ နောက်လိုက် နိုင်ငံရေးသမားများကို စုကာထားသည်။ အားလုံး အချောင်သမားများ ဖြစ်သည်။ ပြည်သူလူထုတို့အား ယုံကြည်ဖွယ်ရာ မရှိဟု နေ့စဉ် တစ်ခုတစ်မျိုး ရေးသား၍နေသည်။ ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်ကြီးအား စွပ်စွဲနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရ၏ ပထမဆုံး အိုင်စီအက်စ်(ICS)၊ အင်္ဂလိပ်အစိုးရအဖွဲ့၏ အတွင်းဝန်ချုပ်၊ အင်္ဂလိပ်အစိုးရ၏ လက်စွဲတော်ကြီးတစ်ဦးအား စာဖြင့် ဆက်သွယ်နေသည်မှာ အံ့သြဖွယ်ရာဟု ဗိုလ်ထွန်းလှက တွေး၍နေသည်။ ဦးတင်ထွဋ်၏ နေအိမ်သို့ ရောက်သောအခါ အိမ်ပေါက်ဝတွင် ဗိုလ်ထွန်းလှက ဦးတင်ထွဋ်ကို ကိုယ်တိုင်တွေ့၍ စာပေးလိုကြောင်း၊ မည်သို့ အကြောင်းပြန်မည်ကို နားထောင်လိုကြောင်း ပြောပြရာ တာဝန်ရှိသူက အပေါ်ထပ်သို့ တက်ပြီး ဦးတင်ထွဋ်အား အကြောင်းကြားပါသည်။ ခွင့်ပြုလိုက်သောအခါမှ ဗိုလ်ထွန်းလှအား လာ၍ ခေါ်ပါသည်။ ဗိုလ်ထွန်းလှသည် အပေါ်ထပ်သို့ လိုက်သွားပြီး ဦးတင်ထွဋ်အား တွေ့သောအခါ အလေးပြုပါသည်။ ထို့နောက် စာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးအပ်ပါသည်။ ဦးတင်ထွဋ်သည် စာကို ဖွင့်ဖတ်ပြီးလျှင် "အို၊ တိုင်းပြည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထံက ဖိတ်စာပါလား၊ ဘာအကြောင်းများလဲကွယ်။ ထိုင်ပါ မောင်ရင်" ဦးတင်ထွဋ်သည် ဖိတ်စာကိုကိုင်ရင်း လက်ချောင်းကလေးများပင် တုန်၍နေပါသည်။ "ဘာကြောင့် ဖိတ်လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က အပါးတော်မြဲဆိုတော့ ခိုင်းတာပဲ လုပ်ရပါတယ် ဦးရဲ့" ဟု ဗိုလ်ထွန်းလှက ပြန်၍ပြောသည်။ "ပြီးတော့ ဦးအပြင် ဘယ်သူတွေကို ဖိတ်သေးလဲ" "သည့်ပြင် ဘယ်သူတွေကို ဖိတ်သေးလဲဆိုတာ ကျွန်တော်မသိပါဘူး ဦးရဲ့" "စာထဲမှာ ဘယ်နေ့မှာ ညစာသုံးဆောင်နိုင်မလဲလို့ မေးထားတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်က ဖိတ်တော့ အမြန်ဆုံးလာချင်ပါတယ်လို့ ပြောပြပါ။ ဖြစ်နိုင်ရင် နက်ဖြန်တောင် လာချင်တယ် မောင်ရင်ရယ်" ဦးတင်ထွဋ်က ပြောပါသည်။ "သည်လိုဆိုရင် ဦး၊ မနက်ဖြန်ပဲ ချိန်းလိုက်ပါ၊ ကျွန်တော် ညနေ (၅)နာရီလောက် ကားနဲ့ လာခေါ်ပါ့မယ်" "ရပါတယ် မောင်ရင်ရယ်။ ဦးရဲ့ကားနဲ့ပဲ (၅) နာရီအရောက် လာပါ့မယ်။ ဗိုလ်ချုပ်အိမ်က ဘယ်လမ်းက ၀င်ရလဲ" "ကန်တော်ကြီး Park လမ်းဘက်က ၀င်ရပါတယ်။ မြေပဒေသာကျွန်းရှေ့မှာ တာဝါလိန်း Towerlane လမ်းသွယ်ရှိပါတယ်။ အဲဒီအတိုင်း ၀င်လာရင် ရွှေကြက်ယက်ကျောင်း လွန်တာနဲ့ မျက်နှာချင်းဆိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ပါပဲ။ ကျွန်တော် ညနေ (၅)နာရီမှာ ဂိတ်ဝက စောင့်နေပါ့မယ်" "ကျေးဇူးပါပဲ မောင်ရင်ရယ်၊ ကောင်းပါပြီ။ နက်ဖြန်ကို ချိန်းတဲ့အချိန်အတိုင်း တွေ့ကြတာပေါ့" "ဟုတ်ကဲ့ခင်ဗျာ။ ခွင့်ပြုတော်မူပါဦး" ဗိုလ်ထွန်းလှသည် ပြန်၍လာကာ အကြောင်းစုံကို ဗိုလ်ချုပ်အောင်ဆန်းအား တင်ပြသည်။ ဗိုလ်ချုပ်သည် ထုံးစံအတိုင်း ဘာမျှ ပြန်၍မမေး။ နောက်တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် (၅)နာရီမထိုးမီ ဧည့်ခန်းသို့ ရောက်လာပြီး ဗိုလ်ထွန်းလှသည် ဂိတ်ဝမှသွား၍ စောင့်နေသည်။ ဦးတင်ထွဋ်သည် ချိန်းဆိုထားသည့်အတိုင်း (၅)နာရီတွင် ရောက်လာသည်။ ဗိုလ်ထွန်းလှသည် မော်တော်ကားဒရိုင်ဘာအား ကုန်းပေါ်သို့ ဆက်၍ မောင်းပါရန်ပြောပြီး သူက ကားရှေ့မှ သွက်သွက်လျှောက်၍ သွားသည်။ ကုန်းပေါ်ရှိ အိမ်အပေါက်ဝသို့ ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် အသင့်စောင့်ကြို၍ နေသည်။ ဗိုလ်ထွန်းလှက ကားတံခါးဖွင့်ပေး၍ ဦးတင်ထွဋ် ဆင်းလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းက "ဦးကြီးက အရွယ်တင်တုန်းပဲ။ ကျန်းကျန်းမာမာပဲ" ဟု ဆီးကြိုနှုတ်ဆက်ကာ ဦးတင်ထွဋ်၏ လက်နှစ်ဖက်ကိုကိုင်ပြီး အားပါးတရ ပြောသည်။ "ဟုတ်တယ် ဗိုလ်ချုပ်၊ ကျွန်တော်က ကျောင်းသားဘ၀မှာ လက်ဝှေ့ထိုးတယ်၊ ကြိုးခုန်တယ်။ ဒါတွေကြောင့် အခုထက်ထိ သန်စွမ်းနေတာ။ အခုလည်း မနက်လမ်းလျှောက်၊ ရေမချိုးခင် ကိုယ်လက်လှုပ်ရှား၊ ညနေစာစားပြီးလည်း ခြံထဲလမ်းလျှောက်။ ဗိုလ်ချုပ်လည်း ကျန်းမာတာပဲ"။ ဦးတင်ထွဋ်သည် ဗိုလ်ချုပ်လက်ကို ကိုင်ပြီး အိမ်ပေါ်တက်လှေကားပေါ်သို့ အတူတက်ကြသည်။ ဧည့်ခန်းတွင် မျက်နှာချင်းဆိုင် ထိုင်ကြပြီး ချက်ချင်းပင် ဗိုလ်ချုပ်က "ဦးကြီးကို ထမင်းစား ဖိတ်ရတာက ဦးကြီးဆီက အကူအညီ လိုချင်လို့ပါ" ဟု စကားစလိုက်သည်။ "အမိန့်ရှိပါ ဗိုလ်ချုပ်။ ကျွန်တော် တတ်နိုင်တာမှန်သမျှ ဗိုလ်ချုပ်ခိုင်းတာ လုပ်ပါမယ်" "ဒီလိုပါ ဦးကြီး။ ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန် (Lord Mount Batten) က သူ့ဆီလာဖို့ ဖိတ်တယ်။ ရှေ့တစ်ပတ်မှာ လေယာဉ်ပျံ လွှတ်လိုက်မယ်၊ ကျွန်တော်နဲ့ လူ (၃၀) လိုက်ရမယ်" "ဟာ ဗိုလ်ချုပ် ၀မ်းသာလိုက်တာ။ ဒီလို မှူးမတ် ရေတပ်သေနာပတိချုပ်က ဖိတ်တယ်ဆိုတာ အံ့သြစရာပဲ။ ကျွန်တော် အိုင်စီအက်စ် (ICS) ဖြစ်ပေမယ့် သူတို့ရဲ့ အကြီးဆုံး အစေခံရာထူးရတာတောင် မှူးမတ်သေနာပတိဆိုတာနဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ လောဒ်မောင့်ဘက်တန်ဟာ တော်ဝင်ပုဂ္ဂိုလ် ဂျော့ဘုရင်ရဲ့ ညီအစ်ကို တစ်ဝမ်းကွဲတော်တယ်။ နန်းတော်ဝင် မင်းသားဆိုပေမယ့် နန်းတော်ကပေးတဲ့ အဆောင်အယောင်နဲ့တင် ဇိမ်ခံမနေဘူး။ တစ်ခါတည်း စစ်ထဲဝင် ရေတပ်ကျောင်းတက်၊ လေ့ကျင့်ခန်းတွေ မပျက်လုပ် ကြိုးစားတာဟာ နောက်ဆုံး ရေတပ်စစ်သေနာပတိကြီး ဖြစ်လာတဲ့အထိပဲ" "ကျွန်တော်က ဦးကြီးလို သူ့အကြောင်း အစုံမသိဘူး။ သူဟာ နန်းစွန့်သွားတဲ့ ဝေလမင်းသား အိမ်ရှေ့စံ၊ သူအစ်ကိုဝမ်းကွဲနဲ့ ရုပ်ချင်းဆင်တူတယ်။ အိမ်ရှေ့စံ ဝေလမင်းသားဟာ ကမ္ဘာလှည့်ရင် သူ့ညီဝမ်းကွဲ မောင့်ဘက်တန်ကို သူ့ကိုယ်ရံတော်အဖြစ် ခေါ်သွားလေ့ရှိတယ်။ ဝေလမင်းသားဟာ ကမ္ဘာမှာ အချောဆုံး မင်းသားလို့ နာမည်ကျော်သလို မောင့်ဘက်တန်ကလည်း ရုပ်ရည်သန့်တယ်။ စည်းကမ်းကြီးတယ်။ သပ်သပ်ရပ်ရပ် နေတယ်လို့ ကြားဖူးတယ်။ ဒါလောက်ပဲ သိတယ် ဦးကြီး" "ဟုတ်တယ် ဗိုလ်ချုပ်၊ လော့ဒ်မောင့်ဘက်တန်က သူ့အိမ်တော်မှာ ရှိသမျှ ပစ္စည်းမှန်သမျှ သူ့နာမည် တင်ထားတယ်။ စားပွဲ၊ ကုလားထိုင်၊ ခန်းစည်း၊ ကန့်လန့်ကာ၊ ပန်းကန်ပေါင်းစုံ၊ ဇွန်းခက်ရင်း၊ လက်သုတ်ပ၀ါကအစ အားလုံး သူ့နာမည် တပ်ထားတယ်လို့ ကြားဖူးတာပဲ ဗိုလ်ချုပ်" "ဦးကြီး၊ ဒီလို တော်ဝင်ပုဂ္ဂိုလ်က ကျွန်တော့်ကို ဖိတ်တာ ကျွန်တော်စဉ်းစားမရဘူး။ အထူးသဖြင့် တိုင်းခန်းလှည့်လည်ရင်း ရန်ကုန်မြို့ရောက်လာတော့ ရန်ကုန်ဘုရင်ခံက အော်ရိယန် (Orient Club) (ယခု စိုက်ပျိုးရေးပြတိုက်) မှာ ဧည့်ခံပွဲလုပ်တယ်။ အဲဒီမှာ သူ မိန့်ခွန်းပြောရင်း တစ်ပိုဒ်က ကမ္ဘာမှာ လူထုဟာ အေးအေးသာသာ နေချင်ကြတာ။ ဒါပေမယ့် နိုင်ငံရေးသမားတွေက မဟုတ်တာတွေ ၀င်လုပ်နေလို့ ငြိမ်းချမ်းမှု ပျက်နေတာလို့ ပြောလိုက်တယ်။ ကျွန်တော်လည်း မခံချင်လို့ ထပြီး နိုင်ငံရေးသမားကြောင့် ငြိမ်းချမ်းရေး မပျက်ပါဘူး။ အချောင်သမားတွေ ၀င်ရှုပ်နေကြလို့ပါဆိုပြီး ပြောလိုက်တယ်။ လော့ဒ်မောင့်ဘက်တန်ကလည်း ချက်ချင်းပဲ ဟုတ်ပါတယ်။ နိုင်ငံရေးသမားဟာ လွတ်လပ်ငြိမ်းချမ်းဖို့ပဲ လုပ်တာပါလို့ ဆက်ပြောတယ်" "တကယ် ချီးကျူးစရာ ပုဂ္ဂိုလ်ကြီးပါပဲ။ သူ့ကို မှားတယ်လို့ ပြောတာတောင် ဒေါသမထွက်ဘူး။ အလိုက်သင့် ပြန်ပြောတယ်" ဦးတင်ထွဋ်က ၀င်၍ ထောက်ပါသည်။ "ကျွန်တော့်ကို လော့ဒ်မောင့်ဘက်တန်က မဖိတ်ခင် မိတ္ထီလာက အင်္ဂလိပ်စစ်တပ် ဗိုလ်ချုပ်ကြီးစလင်းက လေယာဉ်ပျံလွှတ်ပြီး ဖိတ်သေးတယ်။ ကျွန်တော့်ကို မြန်မာဗိုလ်ချုပ် တစ်ယောက်အနေနဲ့ ဆွေးနွေးချင်တယ်။ ကျွန်တော်က ကျွန်တော်လာတာ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ဥက္ကဋ္ဌအနေနဲ့ လာတာပါလို့ နိုင်ငံရေးသမားလို့ ပြောတော့ စစ်တပ်နဲ့ပတ်သက်ပြီး ဘာမှ မဆွေးနွေးဘူး။ ဖက်ဆစ်ဂျပန် တိုက်တဲ့အခါ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားတွေက ၀ိုင်းပြီး ကူညီကြလို့ အောင်မြင်တဲ့အကြောင်းသာ ပြောတယ်" "အဲဒါလည်း သူ့အထက်က စစ်သေနာပတိကြီး လော့ဒ်မောင့်ဘက်တန်က ခိုင်းလို့နဲ့ တူတာပဲ။ သူ့ဘာသာသူ ဗိုလ်ချုပ်ကိုဖိတ်ပြီး ဆွေးနွေးဖို့ရာ ဘာမှ အကြောင်းမရှိဘူး။ ကျွန်တော့်ထင်မြင်ချက် ပြောတာပါ။ ဗိုလ်ချုပ်ကို ဘီအိုင်အေခေတ်မှာ သထုံခရိုင်က သူကြီးကို သတ်တယ်ဆိုပြီး အိန္ဒိယရောက် ဆင်းမလားပြည်ပြေး အစိုးရက စွပ်စွဲတယ်။ ဒီအတိုင်း သူတို့ မောင့်ဘက်တန်ဆီ အစီရင်ခံမယ်။ ဒီမှာတင် မောင့်ဘက်တန်က သူ့စစ်ဗိုလ်တွေကို အစုံစမ်းခိုင်းမယ်ထင်တယ်။ အင်္ဂလိပ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး စလင်းသည် စစ်ပြီးသောအခါ Defeat into Victory စာအုပ် ရေးပါသည်။ မြန်မာနိုင်ငံမှ စစ်ရှုံး၍ ထွက်လာပြီးသည့်နောက် ပြန်၍ တိုက်သည့်အခါ အောင်မြင်ပုံကို ရှုံးနိမ့်ခြင်းမှ ပြန်လည်အောင်မြင်ခြင်းအဖြစ် ရေးသားဖော်ပြပါသည်။ ထိုအကြောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပုံကို ထည့်သွင်းဖော်ပြရာ၌ သူသည် မိတ္ထီလာမှနေ၍ လေယာဉ်လွှတ်ပြီး ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းအား ဖိတ်ခေါ်ပါသည်။ လေယာဉ်ကွင်းသို့သွား၍ ကြိုဆိုသောအခါ လေယာဉ်ပေါ်မှ ဂျပန်ဓားကိုလွယ်၍ လူငယ်တစ်ယောက် ဆင်းလာသောအခါ ဘယ်သူပါလိမ့်ဟု တွေးတောနေစဉ် ထိုလူငယ်က ကျွန်ုပ်ထံလာ၍ "ကျုပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းပါ" ဟု လက်ကမ်းနှုတ်ဆက်ပါသည်။ ကျွန်ုပ်သည် အံ့အားသင့်ကာ နှုတ်ဆက်ပြီး "မင်း ဒီကိုလာတာ ဘာမှ မစိုးရိမ်ဘူးလား၊ မင်းကို ဆီးပြီးဖမ်းရင် ဘာလုပ်မလဲ" ဟု မေးသောအခါ သူက "အင်္ဂလိပ်က ဖိတ်တယ်။ အင်္ဂလိပ်လူမျိုးတွေဟာ ဖိတ်ခေါ်ကတိကို လေးစားတယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုတယ်။ ဒါကြောင့် ကျုပ်လာတာပါ" လို့ တည်တည်ကြီး ပြန်ပြောတယ်။ ကျွန်ုပ် သူ့ကို တွေ့တွေ့ချင်း လေးစားသွားတယ်" ဟု ရေးသားထားပါသည်။ "ကျွန်တော်က ဦးကြီးလို အုပ်ချုပ်ရေးပိုင်းတွေ နားမလည်တော့ အကျယ်ချဲ့ပြီး ဘာမှ မတွေးဘူး။ မစဉ်းစားဘူး။ လော့ဒ်မောင့်ဘက်တန်က ဖိတ်တယ်။ ဖဆပလ အဖွဲ့ချုပ် အမှုဆောင်အစည်းအဝေးမှာ တင်ပြပြီး လူပေါင်း (၃၀) အဖော်ခေါ်ခဲ့ဖို့ ဆိုရာမှာ ကျွန်တော်က ဘကြီးဘဘေရယ်၊ အတွင်းရေးမှူး သခင်သန်းထွန်းရယ်၊ ဦးတင်ထွဋ်ရယ်၊ အရပ်သား (၃)ဦးနဲ့ ကျန်တာ စစ်ဘက်က (၂၇)ယောက် ခေါ်သွားချင်တဲ့အကြောင်း တင်ပြတော့ အားလုံးကပဲ သဘောတူ ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့သွားမယ့် ကိုယ်စားလှယ်အဖွဲ့ထဲ ဦးကြီးကိုပါ ထည့်ထားပါတယ်" "အမလေ၊ ကျေးဇူးတင် အံ့သြလိုက်တာ။ ကျွန်တော့်ကို အားကိုးရင် ဗိုလ်ချုပ်နဲ့အတူ လိုက်ပါရင်း တာဝန်ပေးသမျှ ဆောင်ရွက်ပါမယ်" ဦးတင်ထွဋ်က ၀မ်းသာအားရ ပြောပါသည်။ "ဦးကြီးကို အားကိုးတာက မှူးကြီးမတ်ကြီး တော်ဝင်မင်းသား အင်္ဂလိပ်ရေတပ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်နဲ့ တွေ့ရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုပြော ဘယ်လိုနေရမလဲဆိုတာ မသိပါဘူး။ အဲဒါတွေအားလုံး ဦးကြီးက သင်ပြပေးဖို့ အခုလို ဦးကြီးကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်" "ဗိုလ်ချုပ်ရယ်၊ ဒီအသက်၊ ဒီအရွယ်နဲ့ တိုင်းပြည်ကို ခေါင်းဆောင်နိုင်တာ ကျွန်တော် ကြည်ညိုလေးစားလို့ မဆုံးပါဘူး။ အဝေးကနေပြီး ဗိုလ်ချုပ်ကို ကြည်ညိုနေရတာထက် အခုလို လူချင်းတွေ့တော့ ပိုပြီး ကြည်ညိုမိတယ်။ တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ပြည်သူပြည်သားတွေက လေးစားကြဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလို တိုင်းပြည်က ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်ကြီးက တိုင်းပြည်ကို ကြီးစိုးနေတဲ့ ဘုရင်ရဲ့ ဆွေတော်မျိုးတော် ရေတပ်မတော်ရဲ့ စစ်သေနာပတိကြီးနဲ့ တွေ့ရမယ်ဆိုတော့ အရမ်းမတွေ့ဘဲ ကိုယ့်ဘက်က အကုန်ပြည့်စုံအောင် ကြိုးစားလေ့လာတာဟာ တကယ့်ခေါင်းဆောင်ကောင်း ပီသပါပေတယ် ဗိုလ်ချုပ်ရယ်" "ဟုတ်ပါတယ် ဦးကြီး။ ကျွန်တော့်ဘက်က ဘာမှ မချို့ယွင်းစေချင်ပါဘူး။ ကျွန်တော် နိုင်ငံခြားက ၀န်ကြီးချုပ်၊ သမ္မတတွေနဲ့ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်ပါတယ်။ သူတို့ ပြောတာတွေလည်း အားလုံးနားလည်ပါတယ်။ အမြင့်ဆုံးပုဂ္ဂိုလ်ကို ဆာထည့်ပြီးပြောရင် ရိုသေလေးစားရာ ရောက်တယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် တော်ဝင်ပုဂ္ဂိုလ်၊ လော့ဒ်ဘွဲ့ရ ပုဂ္ဂိုလ်တွေနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး။ အဲဒါကြောင့် လော့ဒ်မောင့်ဘက်တန် အရှေ့တောင်အာရှ ရေတပ်စစ်သေနာပတိကြီးနဲ့ တွေ့ရ၊ ပြောရမယ်ဆိုတော့ ကျွန်တော် ဘယ်လိုနေ၊ ဘယ်လိုပြောရမယ်ဆိုတာ လုံးဝနားမလည်ဘူး ဦးကြီး။ တွေ့တဲ့ပုဂ္ဂိုလ်ကြီးက အစကတည်းက တွေ့နေကတည်းက အထင်သေးနေရင် ဘာမှ ရှေ့ဆက်လုပ်လို့ အောင်မြင်မှာ မဟုတ်ဘူး" "မှန်ပါတယ် ဗိုလ်ချုပ်။ ရှေ့ရေးကို အမြင်မှန်နဲ့ တွေးထားတော့ လုပ်သမျှ အောင်မြင်တာပေါ့ ဗိုလ်ချုပ်ရယ်။ လော့ဒ်မောင့်ဘက်တန်က ဗိုလ်ချုပ်ကို ဖိတ်ခေါ်တာလည်း သူ့သဘောနဲ့သူ ဖိတ်တာ မဖြစ်နိုင်ဘူး။ စစ်သေနာပတိဆိုတာ တိုင်းပြည်နဲ့ ဆက်သွယ်တဲ့အခါ ပါရတာ မဟုတ်ဘူး။ သူလုပ်ချင်တာကို အထက်ဝန်ကြီးချုပ်ဆီ တင်ရသေးတာ။ ဘယ်နိုင်ငံက ဘယ်သူနဲ့ ဘယ်လိုဆက်သွယ်ပြီး ဘာပြောမယ်ဆိုတာကအစ အစီရင်ခံရတာ။ ဒါကို ၀န်ကြီးချုပ်က သဘောတူလို့ လုပ်တော့ဆိုမှ လုပ်ခွင့်ရတာ။ ဒီလိုကိစ္စမှာ တစ်ဖက်က မမှားဖို့၊ အသင့်ပြင်ထားဖို့ အရေးကြီးတာပေါ့။ ဗိုလ်ချုပ်က လော့ဒ်မောင့်ဘက်တန်နဲ့ အတွေ့မှာ အပြောမမှားဖို့ အနေအထိုင် မမှားဖို့ ကြိုတင်စိုးရိမ်တာဟာ တကယ့်ခေါင်းဆောင် ပီသပါပေတယ်" "အဲဒီတော့ ဦးကြီး၊ တော်ဝင်ပုဂ္ဂိုလ် လော့ဒ်မောင့်ဘက်တန်နဲ့တွေ့ရင် ဘယ်လိုက စပြီး ဘယ်လိုသုံးနှုန်းရမယ်ဆိုတာ သင်ပေးပါ" "ဗိုလ်ချုပ်က ကြိုတင်ပြင်ဆင်ထားတာ အလွန်သင့်မြတ်လှတာပဲ။ တော်ဝင်ပုဂ္ဂိုလ်များနဲ့ စကားပြောတဲ့အခါမှာ မိုင်လော့ဒ် (My Lord) ဆိုတာ ထည့်ပြောရပါတယ် ဗိုလ်ချုပ်။ မိုင်လော့ဒ်ဟာ စာပေမှာ ရေးဖတ်ရပေမယ့် ပြောတဲ့အခါမှာ မလော့ဒ် ဖြစ်သွားပါတယ်။ သာမန်လူချင်း ပြောရာမှာ မူရင်းက How do you do (ဟောင်း ဒူး ယူ ဒူး) ဖြစ်ပေမယ့် စကားပြောတဲ့အခါ ဟောင်းဒယူဒူ လို့ အသံနိမ့်နဲ့ ပြောရပါတယ်။ Where do you go? (၀ှဲယားဒူးယူဂိုး) လို့ မေးတဲ့အခါ စကားသံက (၀ှဲဒယုဂို) ဖြစ်သွားပါတယ်။ အင်္ဂလိပ်စကားဟာ သူ့အတိုင်းပြောရင် သိပ်ပြီး ညင်သာပါတယ်။ ကျွန်တော်တို့ မြန်မာတွေကသာ Good (ဂွတ်ဒ်)၊ Book (ဘွတ်ခ်)၊ Look (လွတ်ခ်) နဲ့ ပြင်းပြင်းဆိုနေတာ အမှန်က (ဂုဒ်၊ ဘုခ်၊ လုခ်) လို့ ညင်ညင်သာသာ ထွက်ပါတယ်။ ဗိုလ်ချုပ်ကို တွေ့ရင်တွေ့ချင်း မောင့်ဘက်တန်က Good Morning General Aung San (ဂုဒ်မောနင်) လို့ နှုတ်ဆက်မယ်။ ဗိုလ်ချုပ်ကလည်း Good Morning My Lord (ဂုဒ်မောနင် မလော့ဒ်) လို့ ပြန်ဖြေရမယ်" "ကျွန်တော်နဲ့ အဆင့်ဆင့် တွေ့ရမယ့်ပုံ၊ ပြောရမယ့်စကားတွေကို အခုပဲ သင်ပေးပါ ဦးကြီး" "ဒီလိုဆိုရင် ကျွန်တော်တို့ လေယာဉ်ပေါ် တက်တာက စမယ်။ သိဟိုဠ်ကျွန်းကို ကုန်းတွေ ဖြတ်စရာမလိုဘူး။ ပင်လယ်ဖြတ်ပြီး (၄)နာရီလောက် သွားရင် ရောက်မယ်။ လမ်းမှာ အပန်းပြေ အချိုရည်တစ်ခုခုနဲ့ ဘီစကွတ်ကျွေးဖို့ရှိတယ်။ ဒီကထွက်တာ နောက်ကျရင်တော့ ဘူးနဲ့ နေ့လည်စာ ပေးမယ်။ ကန္ဒီမြို့တော်ရောက်ရင် သူတို့ကားတွေနဲ့ ကြိုပြီး တည်ခိုးဂေဟာ ခေါ်သွားမယ်။ ရောက်ပြီး အနားယူကြ။ ညနေစောင်းတော့ ရေချိုး။ ဆိုင်ရာက ညစာနီးရင် လာပြီး အကြောင်းကြားမယ်။ အချိန်ရောက်ရင် စားခန်းမ နီးရင် သူတို့နဲ့ ခြေလျင်သွားမယ်။ ဝေးရင်တော့ ကားနဲ့ ခေါ်မယ်။ ညစာစားဖို့ အ၀တ်က ပုဆိုးနဲ့ ရှပ်အင်္ကျီလက်တိုဆိုရင် တော်လောက်ပြီ။ လူတွေများတော့ တစ်ဦးစီကို ဗန်းတစ်ခုစီ လာချမယ်။ ပေါင်မုန့်၊ ဟင်း၊ အရွက်အသီး၊ Soup တစ်ခွက်စီ ပါမယ်။ စားပွဲကြီးအလယ်မှာ အရက်ပေါင်းစုံ ထားမယ်။ စားပြီးရင် အစာပိတ်တစ်ခုခု ကျွေးမယ်။ စားပွဲကုလားထိုင်တွေမှာ နာမည်တွေ ရေးထားမယ်။ ဗိုလ်ချုပ်က စားပွဲထိပ်မှာထိုင်၊ အနားမှာ တစ်ဖက်တစ်ချက် ဦးဘဘေ၊ သခင်သန်းထွန်း၊ ကျွန်တော်တို့ကို နေရာပေးမယ်။ အားလုံးစားပြီးရင် ဗိုလ်ချုပ်ထတဲ့အခါ အားလုံးထကြပြီး အသင့်စောင့်နေတဲ့ စားခန်းထဲက ပုဂ္ဂိုလ်တွေက အလာတုန်းက ကုလားထိုင်တွေ နေရာထိုးပေးသလို ကုလားထိုင်တွေကို နောက်ဘက် ဆွဲပေးကြမယ်။ လာလမ်းအတိုင်း ပြန်မယ်။ ပြန်ရောက်ရင် ပြောကြဆိုကြနဲ့ ညရောက်တော့ အပူသောက်စရာ လာပေးကြမယ်။ အဲဒါ ရောက်တဲ့နေ့ပဲ။ နောက်တစ်နေ့ မနက်မှာ ရေချိုး၊ အ၀တ်လဲ၊ မနက်စာ ကော်ဖီလက်ဖက်ရည်၊ ပေါင်မုန့်ထောပတ်သုတ်၊ ချိစ်၊ ဆန်ပြုတ်၊ ထမင်း၊ ပူတင်း၊ ကြက်ဥကြော်၊ ကော်ပြန့်ကြော်၊ အစိမ်းကြော် သူတို့ စီစဉ်ထားတာတွေနဲ့ လက်ဖက်ခြောက် ရေနွေး၊ စီးကရက်၊ မီးခြစ်ပေါင်းစုံနဲ့ ဧည့်ခံပါလိမ့်မယ်။ ၈ နာရီခွဲလောက်မှာ ဧည့်ကြိုတာဝန်ခံ အတွင်းဝန်က Lord နဲ့ တွေ့ဖို့ရာ ကားများ အသင့်ဖြစ်နေပါပြီလို့ လာပြောတဲ့အခါ နောက်က လိုက်သွားကြရမယ်။ (၁၅) မိနစ်ခန့် ကြိုတင်ပြီး ဧည့်ခန်းထဲကို ရောက်နေကြပါမယ်။ ချိန်းဆိုထားတဲ့အချိန်ရောက်မှ လော့ဒ်မောင့်ဘက်တန် ထွက်လာပြီး ဗိုလ်ချုပ်နဲ့ အဖွဲ့ကို နှုတ်ဆက်ပါ့မယ်။ ပြီးတော့ အခန်းထဲ ပြန်ဝင်သွားတဲ့အခါ ဗိုလ်ချုပ်က ခေါင်းဆောင်ပြီး နောက်လိုက်ရပါ့မယ်။ လော့ဒ်မောင့်ဘက်တန် သူ့စားပွဲကို သူသွားထိုင်တဲ့အခါ ဗိုလ်ချုပ်က စားပွဲမရောက်ခင် (၅)ပေလောက်မှာ ဆက်မလိုက်ဘဲ ရပ်နေရပါ့မယ်။ လော့ဒ်မောင့်ဘက်တန်က ထိုင်ရာက ဗိုလ်ချုပ်ကို လှမ်းကြည့်ပြီး "ဂျင်နရယ်အောင်ဆန်း ပလိစ်ဆစ်ဒေါင်း (General Aung San Please Sit Down)" လို့ ပြောရင်း ထိုင်ရမယ့် ကုလားထိုင်နေရာကို ညွှန်ပြပါလိမ့်မယ်။ အဲဒီနေရာကို ဗိုလ်ချုပ်က ၀င်ထိုင်ပြီး ကျန်တဲ့လူတွေက သူ့နေရာနဲ့သူ ၀င်ထိုင်ရပါမယ်။ ကျွန်တော့်စိတ်အထင် ဗိုလ်ချုပ်ရဲ့ ညာဘက်မှာ အရပ်ဝတ်နဲ့ ဦးဘဘေ၊ သခင်သန်းထွန်း၊ ကျွန်တော်တို့ကို ထားပြီး ဘယ်ဘက်မှာတော့ စစ်ဝတ်နဲ့ ပုဂ္ဂိုလ်တွေ ထားမယ် ထင်ပါတယ်။ ကုလားထိုင်တွေမှာ နာမည်ကပ်ထားပြီး အသင့်စောင့်နေတဲ့ အဖွဲ့သားများက ကုလားထိုင်တွေကို ထိုင်ဖို့ နောက်ကို ဆွဲပေးကြပါမယ်။ ထိုင်မယ့်လူတွေဟာ ကုလားထိုင်မှာ ကပ်ထားတဲ့ စာကို ကိုယ့်နာမည် ဟုတ်၊ မဟုတ် ကြည့်ရပါမယ်။ များသောအားဖြင့် မမှားနိုင်ပါဘူး။ အစီအစဉ်က ဂုဏ်ထူးရာထူး အဆင့်အလိုက် ထားမှာပါ။ အထူးသတိပြုရမှာက အစားအသောက် ကျွေးတဲ့အခါ အသံမမြည်အောင် စားကြရပါမယ်။ ပါးစပ်၊ လက် ပေသွားရင် ဘေးမှာထားတဲ့ လက်သုတ်ပ၀ါနဲ့ ချက်ချင်းသုတ်ရပါမယ်။ ပြီးတော့ ဗိုလ်ချုပ်နောက်က လိုက်တဲ့အခါ ခြေထောက် အသံမမြည်အောင် လေ့ကျင့်ထားရပါမယ်။ လော့ဒ်မောင့်ဘက်တန်ရှေ့ ထိုင်ကြတဲ့အခါ ကိုယ်ကို မတ်မတ်ထားရပါမယ်။ လက်ကို စားပွဲပေါ် မတင်ရပါဘူး။ ဘေးမှာ ချထားရပါမယ်။ ချောင်းဆိုးချင်ရင် ပါးစပ်ကို လက်ကိုင်ပ၀ါနဲ့အုပ်ပြီး ချောင်းဆိုးရပါမယ်။ မောင့်ဘက်တန် စကားပြောနေတုန်း အားလုံးဟာ သူ့ကိုပဲ ကြည့်နေကြရပါ့မယ်" "ဦးကြီး၊ သူက ဘယ်စကားကစပြီး ပြောမှာလဲ။ ဦးကြီးလည်း အများကြီးပြောရတာ မောရော့မယ်။ ကျွန်တော်တို့ မကြာခင် စားကြမယ်။ ဦးကြီး ဘာများ သောက်ထားမလဲ။ ၀ီစကီ၊ ဘရန်ဒီ၊ ဘီယာ၊ ၀ိုင်မျိုးစုံတော့ ရှိပါတယ်။ ဗိုလ်ထွန်းလှရေ၊ ပုလင်း လက်ဆွဲခြင်း (၂)လုံး ယူခဲ့ကွာ" "ရပါတယ် ဗိုလ်ချုပ်၊ ကိစ္စမရှိပါဘူး။ သူ ဘယ်စကားက စပြီးပြောမယ်ဆိုတာတော့ ခန့်မှန်းလို့ မရဘူး။ လူကြီးများထုံးစံ ပဏာမမှာ နေရတာ အဆင်ပြေလား၊ လမ်းခရီး တော်တော်ပင်ပန်းသလား၊ ကျန်းမာရေးဆေးများလိုရင် ဧည့်သည်တာဝန်ခံကို ပြောပါ။ ရာသီဥတုက ဘာမှ ဆိုးဆိုးဝါးဝါး မရှိလို့ တော်သေးရဲ့ ဆိုတဲ့ စကားတွေနဲ့ စကြတာပဲ။ သိပ်များများ မပြောပါဘူး။ သူပြောရမယ့် စကားကို အဆင်ပြေအောင် ဂျင်နရယ်အောင်ဆန်းကို ဖိတ်ရတာ စစ်ကြီးလည်း ပြီးသွားတော့ တိုင်းပြည်ပြန်လည် ထူထောင်ရေးကို စီစဉ်ကြရတော့မယ်။ စစ်ကြီးကြောင့် ငွေကုန်လူပန်း ဖြစ်ကြတာ။ ဒါပေမယ့် အခြေအနေက ပျက်စီးတာတွေပြင်ဖို့ အသစ်လုပ်သင့်တာတွေ လုပ်ဖို့ မြန်မြန်စီစဉ်ရမှာပဲဆိုပြီး တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးအနေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်တာပါလို့ သူပြောချင်တာကို ပြောမယ်ထင်ရတာပဲ။ တိုင်းပြည်ခေါင်းဆောင်များ ထုံးစံ မိန့်ခွန်းပေးချင်ရင် သူပြောချင်တာကို မိန့်ခွန်းရေးဆရာကို အချက်အလက်ပေး အရေးခိုင်းပြီးတော့ ဖတ်ပြောတာပဲ။ ဆွေးနွေးပွဲဆိုရင် အချက်အလက်တွေပြောပြ၊ အတွင်းဝန်က အစီအစဉ်တွေလုပ်ပြီး အဲဒါကို ဆွေးနွေးရင်း ကြည့်ကြည့်ပြောတာပါပဲ ဗိုလ်ချုပ်ရယ်" "ဒီလိုဆို ကျွန်တော်ပြောချင်တာကို ဘယ်တော့ ပြောရမလဲ" "ဗိုလ်ချုပ်၊ လူကြီးကခေါ်ရင် သူပြောချင်တာရှိလို့ ခေါ်တာမို့ သူစပြီး ပြောချင်တာ ပြောပါစေ။ သူပြောနေတုန်း မကြိုက်တာ၊ ဆန့်ကျင်တာ ပြန်မပြောရပါဘူး။ အားလုံးပြီးမှ ကိုယ်ပြောချင်တာ တိုတိုအစီရင်ခံရပါတယ်။ သူပြောနေတုန်း Very Good My Lord (ဗက်ရိဂုဒ် မလော့ဒ်)၊ Excellent My Lord (အက်စ်ဆဲလင့်မလော့ဒ်)၊ ကျွန်တော်သိပ်ပြီး သဘောကျတာပဲ။ အဲဒီလို သူစကားပြောတာများလို့ နားပြီး အသက်ရှူတဲ့အခါ ချီးကျူးစကားသာ အားရပါးရ ပြောပါ" ထိုအချိန်တွင် ဗိုလ်ထွန်းလှက "ဗိုလ်ချုပ်၊ ထမင်းပွဲ ပြင်ပြီးပါပြီ" ဟု လာ၍ ခေါ်သဖြင့် လိုက်၍သွားကြသည်။ "တောင်ဝင်ပုဂ္ဂိုလ်ကြီးတစ်ယောက်က အစိုးရစီမံကိန်းကို ခေါ်ပြောရင် ငါဟာ ပြောင်မြောက်ထူးခြားတဲ့ ပုဂ္ဂိုလ်ပါလားလို့ ဂုဏ်ယူပြီး နားထောင်ပေးပါ။ ဘကြီးက မြေးကလေးကို ခေါ်ပြောသလို ကြုံရတဲ့အခါ လေးလေးစားစားနဲ့ နားထောင်သလို နားထောင်ပေးပါ။ သူပြောနေတဲ့အထဲ ကိုယ်မကြိုက်တာပါရင်လည်း ပြုံးပြုံးကလေးနေပါ။ နောက်ဆုံး သူက နိဂုံးချုပ်ပြီး မင်းလည်း ဘယ်လိုသဘောရလဲလို့ မေးပါလိမ့်မယ်။ အဲဒီအခါမှာလည်း အရင်လိုက်ပြောသလိုပဲ အားလုံးကောင်းပါသည် ခင်ဗျား၊ Excellent My Lord (အက်စ်ဆဲလင့် မလော့ဒ်) လို့ ပြန်ပြောပါ။ သူလည်း တော်တော် သဘောကျသွားပါလိမ့်မယ်။ ပြီးတော့ သူပင်ပန်းလို့ အားရပါးရ အသက်ရှူနေတုန်း ဗိုလ်ချုပ်ပြောချင်တဲ့စကားကို ဖြည်းဖြည်းစပါ။ ဗိုလ်ချုပ် Lord ဆိုတဲ့ အသုံးအနှုန်းဟာ The Lord ဆိုရင် ခရစ်ယာန်ယေရှုလို့ အဓိပ္ပါယ်ရပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ်ရဲ့ တရားသူကြီးချုပ်တွေကို အစီရင်ခံမယ်ဆိုရင် အာလုပ်စကားဟာ My Lord ဖြစ်ပါတယ်။ ဗိုလ်ချုပ်က ကိုယ်ပြောချင်တာ၊ အစီရင်ခံချင်တာ တင်ပြတော့မယ်ဆိုရင် တော်ဝင်ပုဂ္ဂိုလ်ကြီးကို ပထမဆုံး My Lord (မိုင်လော့ဒ်) လို့ ဆိုရပါမယ်။ မလော့ဒ်လို့ မခေါ်ရပါဘူး။ မလော့ဒ်က စကားပြောတဲ့အခါမှာသာ သုံးရတာပါ" "ဦးကြီး၊ ကျွန်တော် တင်ပြချင်တာကို ပထမရေးပြီး ဦးကြီးကို ပြင်ဆင်ဖြည့်စွက်ဖို့ ပေးပါမယ်။ ဦးကြီးက တည်းဖြတ်ပြီး အသံထွက်တွေပါ သင်ပေးပါ" ဗိုလ်ချုပ်အောင်ဆန်းက ပြောပြပါသည်။ "ဟုတ်ကဲ့ ဗိုလ်ချုပ်။ ဒီလို အလေးအနက်ထားမှပဲ ကိုယ်လိုရာရောက်မှာပေါ့။ တော်ဝင်ပုဂ္ဂိုလ်ကြီးကို တင်ပြရမှာ။ ပြီးတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတစ်ဦး အနေနဲ့ ပြောရမှာဆိုတော့ သတိထားဆောင်ရွက်လေ ကောင်းလေပေါ့။ သူကတော့ သံတမန်ထုံးစံ ခေါင်းညိတ်နားထောင်ပြီး ဘာမှ ဆုံးဖြတ်ချက်ပေးမှာ မဟုတ်ဘူး" "ပြီးတော့ ဘယ်အခါ သူ့ဆီက ထပြန်ရမလဲ" "တော်လောက်ပါပြီ။ ညကျတော့ ညစာစားပွဲမှာ ထပ်တွေ့ကြသေးတာပေါ့လို့ ပြောရင်း မတ်တတ်ရပ်ပြီး ဗိုလ်ချုပ်ကို လက်ကမ်း နှုတ်ဆက်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကလည်း မတ်တတ်ရပ် ဦးညွတ်ပြီး My Lord Goodbye မိုင်လော့ဒ်ဂဒ်ဘိုင်း လို့ သူနှုတ်ဆက်သလို ပြန်နှုတ်ဆက်ပါ" "သူက ထမင်းစားဖိတ်တဲ့ညမှာ ဘာတွေ ပြောကြမှာလဲ" "ဘာမှ ထွေထွေထူးထူး ပြောမှာမဟုတ်ဘူး။ ထမင်းစားပွဲဆိုတာ ရယ်စရာမောစရာ ရွှင်စရာတွေသာ ပြောရတာပါ။ ကျွန်တော်တို့က ပြောဖို့ မလိုပါဘူး။ သူကသာ ပြောမှာပါ။ ပြီးတော့ ထမင်းစားရင်း ကြာမှာဆိုတော့ သူက ညာဘက်မှာ ဗိုလ်ချုပ်၊ ပြီးတော့ ကျွန်တော့်လည်း ထားမယ်ထင်တယ်။ ဘယ်ဘက်မှာတော့ ဦးဘဘေနဲ့ သခင်သန်းထွန်းတို့ ထားမယ်။ သူတို့နဲ့ အများဆုံးပြောမယ်။ ဒါမှ စိုပြည်မှာ။ သူတို့ကတော့ My Lord (မလော့ဒ်) တွေ ဘာတွေ ထည့်ပြောမှာ မဟုတ်ဘူး။ သူတို့ ဘယ်လိုပြောပြော အရပ်သားတွေအနေနဲ့ လက်ခံနိုင်ပါတယ်။ ဗိုလ်ချုပ်က ဘာမှ ၀င်မပြောပါနဲ့။ သူပြောတာကိုသာ လိုက်လိုက်လျောလျော My Lord (မလော့ဒ်) ထည့်ပြီး ပြောပေးပါ။ အားလုံး အရပ်ဝတ်အရပ်စားနဲ့ တက်ပါ။ ခေါင်းပေါင်းတွေ ဘာတွေ မလိုပါဘူး။ ဦးဘဘေကတော့ လူကြီးမို့ ခေါင်းပေါင်းပါမှာပေါ့" နောက်နေ့တွင် ဗိုလ်ချုပ်က သူတင်ပြလိုသော အကြောင်းများကို ရေးသားကာ ဦးတင်ထွဋ်ထံ ပေးပို့သည်။ နောက်နေ့တွင် ဦးတင်ထွဋ်က တည်းဖြတ်ပြင်ဆင်ပြီး အသံထွက်များကို အကျယ်ရေးသားကာ ပြန်ပေးသည်။ အားလုံးကို ဗိုလ်ချုပ်အောင်ဆန်း လေ့လာကာ ဦးတင်ထွဋ် သင်သည့်အတိုင်း ပြောမည့်စကားများကို အရကျက်၊ အော်၍ဖတ် လေ့ကျင့်သည်။ ထို့နောက် မောင့်ဘက်တန်က လေယာဉ်လွှတ်လိုက်သဖြင့် ဗိုလ်ချုပ်နှင့် အဖွဲ့သား (၃၀) သီဟိုဠ်ကျွန်း၊ ကန္ဒီမြို့သို့ သွားကြသည်။ ubapemrclementattleegen.jpg [ဗိုလ်ချုပ်အောင်ဆန်း၏ ဘယ်ဘက်မှ ဆံပင်နောက်လှန်ဖြီးထားသူမှာ ဦးတင်ထွဋ် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ ညာဘက်အစွန်မှ မျက်မှန်နှင့်ပုဂ္ဂိုလ်မှာ ဦးဘဘေ ဖြစ်ပါသည်။] လေယာဉ်ပေါ်မှ ဆင်းကတည်းက တွေ့ကြုံရပုံများမှာ ဦးတင်ထွဋ် ကြိုတင်ပြောပြသည့်အတိုင်း ဖြစ်သည်။ လော့ဒ်မောင့်ဘက်တန်နှင့် တွေ့ရမည့်နေ့တွင် ဧည့်ခန်းဆောင်အတွင်းဝန် စီစဉ်ထားသည့်အတိုင်း ဗိုလ်ချုပ်က ကားတစ်စီး၊ ဦးဘဘေ၊ သခင်သန်းထွန်း၊ ဦးတင်ထွဋ်တို့က ကားတစ်စီး၊ ကျန်သည့် စစ်ဘက်မှ ပုဂ္ဂိုလ်များမှာ ကားကြီး (၂)စီးဖြင့် ထွက်ခဲ့ကြသည်။ အဆင်သင့်စောင့်ဆိုင်း၍နေသော လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်က ဆီးကြိုကာ ဗိုလ်ချုပ်နှင့် အဖွဲ့အား စီစဉ်ထားသည့်အတိုင်း ဧည့်ခန်းမကြီးတွင် နေရာချပေးသည်။ ဧည့်ခန်းမကြီးမှာ ကြီးကျယ်သော်လည်း လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်များ၊ ရုံးအလုပ်သမားများနှင့် ပြည့်လျှံ၍ နေသည်။ လော့ဒ်မောင့်ဘက်တန်၏ အတွင်းဝန်များမှာ များပြားလှသည်။ လော့ဒ်မောင့်ဘက်တန်မှာ အရှေ့တောင်အာရှ ဖက်ဆစ်တိုက်ဖျက်ထုတ်ရေးတွင် မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိ ဖြစ်သည်။ ဥရောပတွင် မဟာမိတ် တပ်ပေါင်းစု၏ သေနာပတိမှာ အမေရိကန်စစ်ဘက် သေနာပတိ အီဆင်ဟောင်းဝါ (Esenhower) ဖြစ်၍ လက်အောက်ခံတပ်များမျာ ဥရောပနိုင်ငံ အသီးသီးမှ ဟစ်တလာ နာဇီတပ်များ သိမ်းပိုက်ခံရ၍ ပြန်လည်တော်လှန်ကြသော တပ်များဖြစ်သည်။ အရှေ့မြောက်အာရှ တပ်ပေါင်းစု၏ သေနာပတိမှာ အမေရိကန် ကုန်းတပ်သေနာပတိ Mac Arthor (မက်အာသာ) ဖြစ်၍ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်နိုင်ငံများကို ဖက်ဆစ်ဂျပန်လက်အောက်မှ ကယ်တင်ရန် ဖြစ်သည်။ လော့ဒ်မောင့်ဘက်တန်မှာ အရှေ့တောင်အာရှ ပြန်လည်ကယ်တင်ရန် မဟာမိတ်တပ်ပေါင်းစု၏ သေနာပတိဖြစ်သော်လည်း အနောက်နိုင်ငံတပ်များ မပါဝင်ဘဲ အမေရိကန်လေတပ်နှင့် ဗြိတိသျှတပ်များ၊ ကိုလိုနီနိုင်ငံ အိန္ဒိယ၊ သီဟိုဠ်၊ နီပေါ ဂေါ်ရခါးတပ်များ ပါဝင်သည်။ ဂျပန်ဖက်ဆစ် လက်တွင်းမှ ကယ်တင်ရန် နိုင်ငံများမှာ စင်ကာပူမှအစ များပြားလှသည်။ ထိုနိုင်ငံများကို စစ်ဆင်ရန်အတွက် စစ်တပ်ဖြန့်ချိမှု နိုင်ငံအလျောက် စစ်ရေးအတွင်းဝန်များ၊ ရန်သူထွက်သွားလျှင် တည်ငြိမ်ရန် အုပ်ချုပ်ရေး အတွင်းဝန်များ အားလုံး အတွင်းဝန် တစ်ဒါဇင်ကျော်မျှ ရှိသည်။ အတွင်းဝန်များမှာ အင်္ဂလိပ်လူမျိုးများသာဖြစ်၍ လုပ်သက်ရင့်သူများ ဖြစ်ကြသည်။ "ဟေ့ တင်ထွဋ်၊ မင်းက ဒီအဖွဲ့ထဲ ပါလာသလား" အတွင်းဝန် အင်္ဂလိပ်တစ်ယောက်က ဦးတင်ထွဋ်အား လှမ်း၍ အော်မေးပါသည်။ ဦးတင်ထွဋ်သည် အသံကြားရာသို့ လှမ်းကြည့်လိုက်ပြီး တွေ့လိုက်ရသည်မှာ အားလုံး သူ့အရင် အိုင်စီအက်စ် (ICS) ဖြစ်၍နေကြသော အင်္ဂလိပ်ဝါရင့် ပုဂ္ဂိုလ်ကြီးများကို တွေ့ရ၍ အားရ၀မ်းသာဖြစ်ပြီး "ဟုတ်ကဲ့၊ ကျွန်တော် မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါလာတယ်" ဟု ပြန်ပြောလိုက်သည်။ "အေး၊ မင်းကို တွေ့ရတာ ၀မ်းသာတယ်ကွာ။ ငါတို့ မတွေ့ရတာ ကြာပြီ။ မင်းက မင်းတိုင်းပြည်ထဲမှာပဲ လုပ်နေရတော့ တွေ့ဖို့ရာ မလွယ်ကြဘူးပေါ့" "ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော့်တိုင်းပြည်ကလည်း အာရှမှာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ ရှိနေတော့ ပြင်ပနဲ့ အဆက်အသွယ်က သိပ်နည်းတာပေါ့" ဤတွင် အင်္ဂလိပ်အတွင်းဝန်တစ်ဦးက ၀င်၍ပြောသည်။ "ဟေ့ တင်ထွဋ်၊ မင်းတို့နိုင်ငံက လွတ်လပ်ရေး တောင်းနေတယ်လို့ ကြားတယ်။ အရမ်းမလုပ်ကြနဲ့နော်။ လွတ်လပ်ရေးဆိုတာ ကြားရတော့ သိပ်ကောင်းတာ၊ တကယ့်လက်တွေ့က လွတ်လပ်တဲ့နို်င်ငံနဲ့တူအောင် လုပ်ဖို့ရာ မလွယ်ဘူးကွ။ နိုင်ငံရေးက အော်လို့ရတယ်။ လွတ်လပ်ရေးက တိုင်းပြည်ကို အုပ်ချုပ်ပြီး ကြီးပွားတိုးတက်အောင် လုပ်ရတော့ အရည်အချင်းပြည့်မှ ရတယ်ကွ။ မင်းတို့ အင်္ဂလိပ်အုပ်ချုပ်တာနဲ့ ရောပြီး ပေါင်းလုပ်။ ကိုယ်က လုပ်တတ်လာပြီး ဌာနတိုင်းကို ကိုင်နိုင်တဲ့ အရည်အချင်းရှိမှ လွတ်လပ်ရေးယူကွ" ဦးတင်ထွဋ်က မည်သို့မျှ ပြန်၍မပြော။ ဤတွင် ဗိုလ်ချုပ်အောင်ဆန်းက စကားဝိုင်းသို့ဝင်ပြီး ပြောသည်။ "Please Excuse me Sir" (ကျေးဇူးပြုပြီး ၀င်ခွင့်ပြုပါခင်ဗျာ) ဟု ပဏာမတောင်းပန်ပြီး "ကျွန်တော်တို့တစ်တွေဟာ နိုင်ငံလွတ်လပ်ပြီး ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နိုင်ပါတယ်ခင်ဗျာ။ ဘာပြုလို့လဲဆိုတော့ ဗြိတိန်နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နေပါတယ်။ ဘယ်သူတွေက ခေါင်းဆောင်နေလဲဆိုတော့ Oxford တက္ကသိုလ်၊ Camebridge တက္ကသိုလ်က သင်ကြားလာတဲ့ ပညာရှင်ကြီးတွေက ခေါင်းဆောင်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံတက္ကသိုလ်က ပညာရေးဟာ အဲဒီတက္ကသိုလ်တွေက ပညာရေးနဲ့ အတူတူပါပဲ။ သင်ခန်းစာတွေဟာ ထပ်တူဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဗြိတိန်နိုင်ငံမှာလို ပညာရှင်တွေ ပေါများပါတယ်။ ဒီပုဂ္ဂိုလ်တွေက ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်နိုင်ပါတယ်" ဗိုလ်ချုပ်အောင်ဆန်း၏ ပြောစကားကြောင့် အားလုံးတို့သည် မှင်တက်မိ၍ သွားသည်။ မည်သူမျှ ၀င်၍မပြော။ အင်္ဂလိပ်အတွင်းဝန်များ ငြိမ်သက်သွားသဖြင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်၍ သွားသည်။ ဦးတင်ထွဋ်ကလည်း မလှုပ်။ မကြာမီပင် လော့ဒ်မောင့်ဘက်တန်၏ ဧည့်ဆောင်အတွင်းဝန်က "ကိုးနာရီထိုးတော့မယ်" ဟု ဗိုလ်ချုပ်အောင်ဆန်းအား ပြောသည်။ အခန်းကြီးတံခါးဝသို့ သူသွား၍ ရပ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း မတ်တတ်ရပ်၍ ရဲဘော်တို့ အသင့်အနေအထားမှာ နေကြဟု ပြောလိုက်ရာ အားလုံးတို့သည် ညီညာစွာ ရပ်၍ လာကြသည်။ ကိုးနာရီထိုးသည်နှင့် တစ်ပြိုင်နက် တံခါးဝမှ အတွင်းဝန်က တံခါးကို ဖြည်းညင်းစွာ ခေါက်လိုက်သည်။ ထိုတံခါးပွင့်လာပြီး လော့ဒ်မောင့်ဘက်တန် ထွက်၍လာသည်။ ရေတပ်မတော် သေနာပတိ စစ်ဝတ်စုံအပြည့်နှင့် ဖြစ်သည်။ ခန်းမကြီးအတွင်းရှိ အားလုံးတို့လည်း မတ်တတ်ရပ်၍ အလေးပြုကြသည်။ လော့ဒ်မောင့်ဘက်တန်သည် အပေါက်ဝတွင်ရပ်ကာ စောင့်နေသော ဗိုလ်ချုပ်အောင်ဆန်းအား လက်ဆွဲနှုတ်ဆက်သည်။ ဦးတင်ထွဋ် ကြိုကာပြောထားသည့်အတိုင်း လော့ဒ်မောင့်ဘက်တန်က ပြုလုပ်သည်။ ပြီးသော် အခန်းတွင်းသို့ ပြန်၍၀င်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ နောက်မှလိုက်၍ သွားကြသည်။ ဦးတင်ထွဋ် ကြိုတင်ကာ ပြောသည့်အတိုင်း အားလုံးတို့သည် ရိုသေလေးစားစွာ ထိုင်လိုက်ကြပြီး လော့ဒ်မောင့်ဘက်တန်၏ မိန့်ခွန်းကို နားထောင်ကြသည်။ ပြီးသော် အားလုံးတို့သည် အနားယူကြသည်။ လော့ဒ်မောင့်ဘက်တန်သည် အပန်းဖြေရင်း ဗိုလ်ချုပ်ကို ဖြည်းဖြည်းမေးသည်။ ဗိုလ်ချုပ်က ပြန်ဖြေပြီး မကြာမီ ဗိုလ်ချုပ်အောင်ဆန်းက ကြိုတင်လေ့လာထားသည့်အတိုင်း လော့ဒ်မောင့်ဘက်တန်ကို ဖဆပလအဖွဲ့ချုပ်ကြီးနှင့် တိုင်းသူပြည်သားများက တစ်နှစ်အတွင်း လွတ်လပ်ရေးပေးပါရန် ပန်ကြားဖို့အတွက် သူလာရခြင်းဖြစ်ကြောင်း တင်ပြသည်။ လော့ဒ်မောင့်ဘက်တန်သည် ဗိုလ်ချုပ်အောင်ဆန်းက တိုတိုနှင့်လိုရင်း ပြောပြသည်ကို နားထောင်နေပြီး နောက်ဆုံးတွင် ခေတ္တနားကာ ညတွင် ထမင်းစားပွဲသို့ ဗိုလ်ချုပ်နှင့်အဖွဲ့ ကြွလာရန် ဖိတ်ကြားပြီး စခန်းသိမ်းလိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် တည်းခိုဆောင်သို့ပြန်ကာ အနားယူကြသည်။ မကြာမီ တည်းခိုဆောင်တာဝန်ရှိသူများက နေ့လည်စာ သုံးဆောင်ရန် အချိန်ရောက်ပြီဖြစ်ကြောင်း လာရောက်ပန်ကြားသည်။ အားလုံးတို့သည် နေ့လယ်စာ စားသောက်ပြီး အဆောင်ပြန်ရောက်သည့်အခါ တရေးအိပ်စက်သူက အိပ်စက်၍ အချို့တို့က ၀ိုင်း၍ စကားပြောကြသည်။ ညနေတွင် အချိန်ရသခိုက် ရေချိုးကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကောင်းစွာ အနားမယူနိုင်။ စိတ်စော၍နေသဖြင့် ဦးတင်ထွဋ် အခန်းသို့ သွားသည်။ "ဦးကြီး၊ ညစာစားပွဲမှာ ကျွန်တော်က ဘာမှမပြောဘဲ လော့ဒ်မောင့်ဘက်တန် ပြောတာကို နားထောင်ပြီး နောက်ကလိုက်ပြီး Oh, We have got fresh knowledge My Lord (အိုး၊ ၀ီဖ်ဂေါ့ထ်ဖရက်ရှနောလိလ်မလော့ဒ်) လို့ ပြောနေရုံနဲ့ ပြီးမှာလား" ဗိုလ်ချုပ်က ရောက်လျှင်ရောက်ချင်း ပြောပြသည်။ ဦးတင်ထွဋ်သည် ရုတ်တရက် ဗိုလ်ချုပ်ရောက်လာသဖြင့် အံ့အားသင့်နေသည်။ ခေတ္တမျှ စဉ်းစားပြီး ဦးတင်ထွဋ်က ပြောပြသည်။ "ဗိုလ်ချုပ်တွေးပြီး ပူမယ်ဆိုလည်း ပူစရာပဲ။ သူကချည်းပြောပြီး ကိုယ်က ဘာမှမပြောဘဲ နေတော့လည်း ဟုတ်တယ်။ စကားဝိုင်း စိုစိုပြည်ပြည် မဖြစ်ဘူး။ တစ်ခုရှိတာက ကိုယ်က လူငယ်၊ ထမင်းပွဲမှာ များများဝင်ပြောတော့လည်း မတော်လှဘူး။ တစ်ခုခုတော့ ပြောမှလည်းကောင်းမယ်" "ဟုတ်တယ်ဦးကြီး။ တော်ဝင်ပုဂ္ဂိုလ် မဟာမိတ်တပ်ဖွဲ့ စစ်သေနာပတိကြီးက ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်။ လေယာဉ်လွှတ်ပေး၊ ဧည့်ခံပွဲအမျိုးမျိုး လုပ်ပေးပြီး ထမင်းစားပွဲနဲ့ ပြုစု ပြန်လုပ်တယ်ဆိုတော့ အဖိတ်ခံရတဲ့ကောင်လေးက ဘာပြောမလဲ။ လူရာဝင်ချင်တဲ့စကားတွေ ပြောလို့က မဖြစ်။ တိုင်းပြည် လွတ်လပ်ရေးအကြောင်း ပြောလို့ကလည်း မဖြစ်။ စဉ်းစားရင်းနဲ့ အဖြေရှာမရတော့ ဦးကြီးဆီပဲ ပြေးလာရတာပေါ့" "ဗိုလ်ချုပ်က အခြေအနေကို အမှန်အတိုင်းတွေးတော့ တကယ်ပင်ပန်းတာပေါ့။ ကျွန်တော်ကိုယ်တိုင် ဘာပြောရမှန်းမသိဘူး။ ထမင်းစားပွဲထုံးစံ ရယ်စရာမောစရာ ပြောရအောင် လူငယ်ဆိုတော့ လူကြီးကို ပုံဝတ္ထု ပြောလို့မဖြစ်၊ အတွေ့အကြုံ ပြောရအောင်လည်း ကိုယ်ကလည်း နိုင်ငံရေးဘ၀၊ နိုင်ငံငယ်ကလေးမှာ ကြုံရတာ ပြောလို့ကလည်း သေးသေးကွေးကွေး ဖြစ်နေမှာ စိုးရိမ်ရ။ ထမင်းစားပွဲဆိုတော့ (၂)နာရီ ပတ်ဝန်းကျင် ကြာမှာမို့ ပြောစရာရှိမှလည်း တော်လိမ့်မယ်" "ကျွန်တော်က အညာသားဆိုတော့ အညာမှာရှိတဲ့ ၀တ္ထု၊ စကားပုံ၊ ရာဇ၀င်တွေ ပြောစရာရှိပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံက တော်ဝင်နားလည်ဖို့ ပြုံးပျော်ဖြစ်ဖို့ ရှာမရဘူး ဦးကြီး" ဦးတင်ထွဋ်က ဗိုလ်ချုပ်ပြောသည်ကို နားထောင်ကာ စဉ်းစားရင်း တစ်စုံတစ်ခု တွေးတောရသဖြင့် ၀မ်းသာအားရ ဖြစ်၍သွားသည်။ "တစ်ခုတော့ လာပြီးတွေ့ရတယ်။ ရယ်စရာ မှတ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နားထောင်ချင်စရာ ဖြစ်မှာ။ ဘာလဲဆိုတော့ စကားပြောနေရင်း စကားဆက်ရမှာမို့လို့ ဦးဘဘေအကြောင်း တစ်နေရာမှာ ထည့်ပြောမယ်ဆိုရင် ပြောစရာရမယ်။ မြန်မာလူငယ်တစ်ဦး အနေနဲ့ နိုင်ငံရေးအသင်းအဖွဲ့ ထောင်ဖို့ရာ အခြေအနေအရ အနောက်တိုင်း YMCA ကို မှီပြီး အရှေ့တိုင်း YMBA ထောင်လိုက်ပုံ၊ နိုင်ငံမှာ သတင်းစာဟာ သိပ်ပြီး အရေးကြီးပြီး သတင်းစာနဲ့ လူထုကို လွှမ်းမိုးဖို့ The Sun သူရိယသတင်းစာ ထောင်လိုက်ပုံ။ ဒါတွေ ပြတ်တောင်းပြတ်တောင်း ထည့်ပြောရင် ဗိုလ်ချုပ် ပြောစရာတွေရမယ်" "ဟာ ကောင်းလိုက်တာ။ ကျွန်တော်သိသမျှ ရေးပေးမယ်။ ဦးကြီးက အဆင့်မြင့်အင်္ဂလိပ်စာနဲ့ ရေးပေးပါ" နှစ်ဦးသဘောတူ ရသဖြင့် ထမင်းစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ကောင်းကောင်းပြောနိုင်ခဲ့သည်။ ပြော၍အပြီး ထမင်းစားပွဲ နိဂုံးချုပ်၍ နှုတ်ဆက်ကြသည့်အခါ ဗိုလ်ချုပ်သည် ဦးတင်ထွဋ် ရေးပေးသည့်အတိုင်း အလွမ်းပြေ ခွဲခွါရသည့်အကြောင်း ပြောပြသည်။ နောက်နေ့ နိုင်ငံတော်သို့ ပြန်ကြသည်။ ဗိုလ်ချုပ်သည် ရွှင်ရွှင်လန်းလန်းဖြစ်ကာ လေယာဉ်ပေါ်တွင် နှုတ်ဆက်စကား ဦးတင်ထွဋ်အား ပြောလိုက်သည်။ "ဦးကြီး၊ ကျွန်တော် ဦးကြီးကို အရဲစွန့်ပြီး ချဉ်းကပ်တာ ထင်တာထက် အောင်မြင်တယ်။ ဦးကြီးကြောင့် လော့ဒ်မောင့်ဘက်တန်နဲ့ ဆက်သွယ်ရေး အံြ့ဥလောက်အောင် ထူးထူးခြားခြား အောင်မြင်တယ်။ အင်္ဂလိပ်စကားရဲ့ အသံထွက်ကိုလည်း ထားတတ်လာတယ်။ ဦးကြီးပြောမှ နာမ် Noun ကို သုံးရင် ရှေ့ကအသံကို ပြင်းပြင်းဆို၊ ကြိယာ Verb ကို သုံးရင် နောက်က စကားလုံးကို ပြင်းပြင်းဆို၊ နားလည်လာတယ် ဦးကြီးရယ်၊ နောက်ကိုလည်း အရေးကြုံလာရင် ကူညီပါ" "ဗိုလ်ချုပ်၊ ကျွန်တော်ကလည်း အခုလို ကူညီရတဲ့အတွက် ၀မ်းသာလို့ မဆုံးဘူး။ ဗိုလ်ချုပ် အလိုရှိတိုင်း ခေါ်ခိုင်းပါ" [မော်နီတာဂျာနယ်၊ အတွဲ-၁၊ အမှတ်-၁၅၊ သြဂုတ်လ ၁၅ ရက်၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ-၁၀၊ ၁၁၊ ၁၂] myanmarthway.blogspot

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...