Friday, October 25, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစိတ်တဒေသ"- ဒုတိယပိုင်း



October 23, 2013 at 10:28pm
ရန်ကုန်တိုင်းမ်ဂျာနယ်မှာ မျက်နှာဖုံး အထူးဆောင်းပါး (Cover Story, Special Feature) အဖြစ် ယနေ့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပါသည့် ကျွန်တော်၏ " မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစိတ်တဒေသ" ကိုယ်တွေ့မှတ်တမ်းဆောင်းပါး ဒုတိယပိုင်းကို ဒီနေရာမှာတင်ပေးလိုက်ပါတယ်။



အားလုံးကိုလေးစားလျက်။

ထွန်းအောင်ကျော် (၇၄)

ယခင်အပတ်မှအဆက် 

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစိတ်တဒေသ"- ဒုတိယပိုင်း

အိမ်မကြီးမှ မီးဖိုချောင်ဖက်သို့ ည၁၀နာရီခန့်တွင် လမ်းကူးအတိုင်း လျှောက်လာပြီး မီဖိုဆောင်အပြင်က ဝရန်တာတွင် လူပျံတော်ပတ္တမြားပိုင်ရှင်ဦးအောင်မြင့် ငှားလိုက်သော ဗီဒီယိုကင်မရာကိုချိန်၍ ခလုပ်နှိပ်ပြီး မိမိကိုယ်ကိုရိုက်သည်။ “သားနဲ့သမီး ငါဟာမင်းတို့အဖေ ထွန်းအောင်ကျော်ပဲ၊ ငါ အခု လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောထဲကို သွားတော့မယ်၊ တကယ်လို့ငါသေသွားခဲ့ရင် မင်းတို့အဖေဟာ ဘာကြောင့်တောခိုခဲ့တယ်ဆိုတာသိဖို့ ဒီစကားကို ပြောနေတာ ဖြစ်တယ်၊ ငါတို့နိုင်ငံမှာ စစ်တပ်က လက်နက်အားကိုးနဲ့ ဗိုလ်ကျစိုးမိုးနေတာကြောင့် လူတွေဟာ ဆင်းရဲမွဲတေလာရတယ်၊ တိုင်းပြည်ကြီးဟာလဲ ကြွယ်ဝချမ်းသာတဲ့တိုင်းပြည်ဘဝကနေ ကမ္ဘာမှာ လူမွဲနိုင်ငံဖြစ်ခဲ့ရတယ် ဒါကြောင့် ငါတို့တိုင်းပြည်နဲ့ပြည်သူတွေကို စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်အောင်လုပ်ဖို့ အဖေတောထဲကို သွားတာဖြစ်တယ်။ ကံအကြောင်းမလှလို့ မင်းတို့အဖေ ငါတောထဲမှာ သေခဲ့ရင်လည်း မင်းတို့ဗမာပြည်ကြီး မလွတ်လပ်မချင်း ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ အဖေမှာချင်တယ်။ မင်းတို့ကို သိပ်ချစ်ပေမဲ့ တိုင်းပြည်အတွက် ဆောင်ရွက်ရမယ့် သမိုင်းပေးတာဝန်အရထွက်သွားတဲ့ အဖေ့ကို သားတို့သမီးတို့ နားလည်ခွင့်လွှတ် နိုင်ပါစေ။ မေမေကြီး၊ ဖိုးဖိုး၊ ဖွါးဖွါး တို့စကားကို နားထောင်ပါ၊ လိမ်လိမ်မာမာနေပြီး စာကိုကြိုးစားကြပါ။ မိမိ တိုင်းပြည်ကို ချစ်ကြပါ”
ကျွန်တော် ဒီလိုပြောနေတဲ့အချိန်မှာ အဖေက ဝရန်တာကတိုင်ကိုမှီပြီး ကြည့်ရင်းမျက်ရည်ကျနေသည်၊ အမေက မျက်ရည်ဝဲနေသည်၊ နောက်သူ့လုံချည်စနှင့် အဖေ့လုံချည်စကို အဆောင်အနေနှင့် ပေးသည်။ “ငါ့သားအန္တရာယ်ကင်း ဘေးကင်းဆောင်ထား၊ အမေအမြဲမေတ္တာပို့ပေးနေမယ်” တဲ့။ မိဘမေတ္တာ အင်မတန်ကြီးမားတယ်ဆိုတာ ကိုယ်ကလေးရမှ ပိုပြီးသိလာရသည်။ အဖေက “အထွန်း ငါ့သား မင်းကို ငါ ဒီတစ်သက် ပြန်မတွေ့ရတော့ဘူးလို့ ထင်တယ်” တဲ့။ ကျွန်တော်က “ဟာ။ အဖေကလည်း ကျွန်တော်တို့ ၆ လအတွင်း ပြန်လာမှာပါ” လို့ပြန်ပြောပြီး အဖေ့ကိုဖက်လိုက်သည်။ အဖေက ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး “ငါ့သား၊ ငါတို့အမျိုးဟာ ဘယ်တော့မှ လက်နက်ချပြီးပြန်လာတာမလုပ်ဘူး၊ လုပ်ရင်ဆုံးအောင်လုပ် အရှုံးပေပြီး ပြန်မလာနဲ့” လို့ မှာသည်။ အဖေ့မျက်လုံးများ အရောင် တဖြတ်ဖြတ်ထွက်နေသည်ကို ယနေ့တိုင်အောင် ပြန်မြင်နေသေးသည်။ အဖေသည် သူပြောသည့် စကားအတိုင်း ကျွန်တော် အဖေနှင့်ပြန်မတွေ့လိုက်ရ။ ၁၉၉၆ ခုနှစ်၊ ၁၀ လ၊ ၄ ရက်နေ့တွင် ကျွန်တော် အမေရိကတွင်ရှိစဉ် ရေချိုးမှား၍ ရုတ်တရက် ဆုံးသွားရှာသည်။


ခရီးရှည်စတင်ချီတက်ခြင်း။ 
စက်တင်ဘာလ ၂၀ရက်နေ့ နံနက်စောစော ၄ နာရီလောက်ထပြီး ဆွေဆွေကို နှုတ်ဆက်အားပေးပြီး အိပ်နေသည့် လူမမယ်ကလေးနှစ်ယောက်ကို နမ်းရှုံခါ၊ အဖေအမေတို့ကို ကန်တော့ပြီးနောက် အိမ်တွင်နေပြီး အဖေ့ထံတွင် ကားပြင် ပညာသင်ယူနေသော ကိုမောင်လှက မုတ္တမ-ရန်ကုန်ကားဂိတ်သို့ အိမ်မှကားဖြင့် လိုက်ပါပို့ဆောင်ခဲ့ပါသည်။
ဆေးတက္ကသိုလ် (၁) ကျောင်းသားများပြန်လည်ပေါင်းစည်းရေးညီလာခံမှ ကျောင်းသားကိုယ်စားလှယ် ၁၁၇ ဦးနှင့် ဖွဲ့စည်းလိုက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည့် ကျွန်တော့်ညီကဲ့သို့ခင်မင်နေသော ကိုကိုလေးကလည်း သူ့သူငယ်ချင်းများနှင့်အတူ ကျွန်တော်နှင့် လိုက်ချင်ကြောင်း ပြောထားသဖြင့် ကားဂိတ်တွင် ဆုံရန်ချိန်းထားသည့်အတိုင်း တွေ့ဆုံကြသော်လည်း တစ်ဦးနှင့် တစ်ဦး စကားမပြောရန်၊ အဆက်အသွယ်မလုပ်ရန် စည်းမျဉ်းချထားပြီး ကားတစ်စီးထဲတွင်သာ အတူအကွတက်ကြရန် သဘောတူထားသည့်အတိုင်း ကားတစ်စီးပေါ်သို့ တက်ခဲ့ကြပါသည်။ ကျွန်တော်၊ မလှမြိုင်နှင့် သူမ၏မောင် ကိုလှရွှေ၊ ကိုသန့်ဇင်၊ ကိုမင်းဝေ၊ ညီမ ရင်ရင်လှနှင့် မောင်အငယ်ဆုံး ကိုမင်းအောင် စုစုပေါင်း ၆ ဦး တို့အပြင် ကိုကိုလေး၊ ကိုကျော်စိုး၊ ကိုဇော်ဝင်း (ခေါ်) ကရင်ငပု၊ ကိုစိုင်း၊ ကျော်ကျော်ဦးတို့ အားလုံး ၁၂ ဦး တစ်ဦးနှင့် တစ်ဦး မသိချင်ယောင်ဆောင်ပြီး ကားတစီးပေါ်သို့ တက်လိုက်ကြသည်။ ကားထွက်လာတော့ ရန်ကုန်မြို့ကြီးကို ကြည့်ရင်း နေရစ်တော့ရန်ကုန်ဟု ရင်ထဲမှ ရေရွတ် နေမိသည်။ သားကို ထောင်ထဲတွင် ထပ်မမြင်လိုသဖြင့် ရင်နာနာဖြင့် အိမ်မှအမြန်ထွက်သွား စေချင်သည့်မိခင်ကြီး၊ သားကို လက်နက်ချပြီး ပြန်မလာနဲ့ဟု မျက်ရည်ကျရင်း မှာကြားသည့်အဖေ၊ အားငယ်ပူဆွေးပြီး အိမ်တွင် ကျန်ရစ်ခဲ့သော  မိန်းမ၊ အပူအပင်မရှိ ဘာမှမသိရှာဘဲ အိပ်မောကျနေသော သားနှင့် သမီးတို့အားလုံး ကျွန်တော်နှင့် တစစဝေး၍သွားပြီဟု ခံစားရင်းကိုယ့်စေတနာမှန်လျှင် အောင်မြင်ရမည်ဟု ယုံကြည်နေမိပါသည်။
ကားကိုလမ်းတွင် စစ်တပ်မှဂိတ်များ အဆင့်ဆင့်ဖြင့်တားပြီး စစ်သားများက ခရီးသည်များကို ကားပေါ်မှ ဆင်းစေကာ ပါလာသော အဝတ်အစားသေတ္တာများ၊ ခရီးသွားအိတ်များကို တစ်ခုမကျန် မွှေနှောက်စစ်ဆေးကြသော်လည်း ကျွန်တော်တို့အုပ်စုမှာ မည်သည့်အခက်အခဲ အတားအဆီးမရှိဘဲ မုတ္တမတဖက်ကမ်းသို့ ရောက်ခဲ့ကြပြီး ထိုမှတစ်ဆင့် ဘီလူးကျွန်းသို့ ကူးခဲ့ကြသည်။ ကိုကိုလေး၏ အမေသည် မွန်လူမျိုး ဘီလူးကျွန်းသူ ဖြစ်သည်။ ကိုကိုလေးအမေ အဆက်အသွယ်ဖြင့် ဘီလူးကျွန်းတွင် နယ်စပ်သို့ သွားလာသည့်လမ်းပြကို ရှာကြသည်။ တစ်ခု ရယ်စရာ ကောင်းသည်မှာ ကျွန်တော်တို့အုပ်စု ဘီလူးကျွန်းသို့ရောက်စဉ် ဘီလူးကျွန်းရပ်ကွက်ကောင်စီမှ “စစ်အုပ်ချုပ်ရေးကို ကြိုဆိုပါသည်” ဆိုသည့်စာတမ်းကို ကြော်ငြာသင်ပုန်းပေါ်တွင် ရေးသားထားပြီး ကျွန်တော်တို့ ကျောင်းသားများ ဆင်းလာသည်ဟု သိသည့်အခါ ကျောင်းသားများက ပြန်သိမ်းပိုက်လိုက်ပြီဟုထင်ပြီး ကျောင်းသားများကို ကြိုပါသည်ဟု ပြင်ရေးရသည်အထိ မည်သူ့ကို အဆင်ပြေအောင်ပေါင်းရမည်ကို မသိဘဲ ကြောက်လန့်နေသည်ကို မြင်သောအခါ ကျွန်တော်တို့တတွေ ရယ်မောမိကြသေးသည်။ နယ်စပ်ကို လမ်းပြမည့်သူအား နှစ်ရက်တိတိရှာမရ သောအခါ ကျွန်တော်တို့ ဖြစ်ချင်ရာဖြစ်ဟူ၍ မနက်လင်းအားကြီးတွင် ဘီလူးကျွန်းရွာမှ မော်လမြိုင်မြို့သို့ ထွက်ခဲ့ကြပြီး မော်လမြိုင်ရောက်သည့်အခါ ဈေးထဲတွင် မလှမ်းမကန်း၌ လူခွဲနေရန်မှာကြားပြီး လမ်းလျှောက်လာရာ ဈေးထေါင့်တစ်နေရာတွင် ခပ်ပိန်ပိန်လူတယောက် ဆောင့်ကြောင့်ထိုင်နေသည်ကို လမ်းလျှောက်လာရင်း ကြည့်လိုက်ရာ မြင်ဖူးသလိုလိုရှိသဖြင့် မသိမသာ ထိုကြောပေးထိုင်နေသူကို ဘေးစောင်းမှ လှည့်ပြီးကြည့်သောအခါ ဘူမိဗေဒတွင် အတူတူတက်ခဲ့ပြီး တတိယနှစ်တွင် နှစ်နှစ်ဆက်တိုက်ကျသဖြင့် ကျောင်းထွက်သွားသော သူငယ်ချင်း ဝမ်းမောင်ဖြစ်နေသည်ကို အံ့သြဝမ်းသာစွာတွေ့ရသဖြင့် နောက်မှ ဖနောင့်နှင့် ကြောကုန်းကိုကန်လိုက်ရာ၊ ဝမ်းမောင်ခမြာ ရှေ့သို့ဟပ်ထိုးလဲအသွား မြေကြီးကို လက်ထောက်ခံလိုက်ပြီး ပါးစပ်အဟောင်းသားနှင့် သူအားကန်လိုက်သူအား ကြည့်လိုက်ရာ ကျွန်တော့်ကို တွေ့သဖြင့် ဝမ်းသာအားရ ထလာပြီး “ဟေ့ကောင် ထွန်းအောင်ကျော် မင်းတောခိုမလို့ လာတာလား” ဟု တန်းမေးပါတော့သည်။ ၁၉၇၅ ခုနှစ်က ကျွန်တော် နိုင်ငံရေးကြောင့် ထောင်ကျခဲ့သည် ဘယ်လောက် စိတ်ဓာတ်ပြင်းသည်ကို သူက တွက်မိဟန်တူသည်။ ကျွန်တော်ကလည်း ကျောင်းနေဖက်၊ ပထမနှစ်ကွင်းအတူဆင်းခဲ့သည့်သူငယ်ချင်းမို့ မကွယ်မဝှက်ဘဲ “အေး ငါတို့တောခိုဖို့ပဲ အခု ဘယ်လို ရောက်အောင်သွားရမလဲ အခက်အခဲဖြစ်နေတယ်၊ ငါတို့လမ်းပြလိုနေတယ်” ဟုပြန်ဖြေလိုက်သည့်အခါ သူက “ငါ့ယောက်ဖက တပ်ပြေးကွ၊ သူက ဒီလမ်းတွေ မ်းတယ်၊ ဒီကောင့်ကို မင်းတို့ လမ်းစားရိတ်ပေးပြီး ခေါ်သွား” လို့ပြောသည်။
သူ့ယောက်ဖကို သွားခေါ်ခိုင်းပြီး ရောက်လာသည့်အခါ မော်လမြိုင်မှ သံဖြူဇရပ်သို့ ရထားစီးပြီး ထိုမှတဆင့် တောလမ်းအတိုင်းသွားလျှင် ဘုရားသုံးဆူသို့ ၇ ရက်နှင့်ရောက်ကြောင်း ပြောသဖြင့် ချက်ချင်းထွက်ရန် စီစဉ်ကြတော့သည်။ ရထားထွက်မည့်အချိန် မေးကြည့်သောအခါ နေလည့်ထွက်မည်ဆိုသဖြင့် ဘူတာရုံသို့ လူစုခွဲ ထွက်ခဲ့ကြ ပြန်သည်။
ဘူတာရုံရောက်သည့်အခါ ရထားလက်မှတ် အားချင်းဝယ်ယူကြပြီး ရထားအလာကိုစောင့်ကြသည် ရထားဝင်လာ သောအခါ လူတွေပြည့်ကြပ်နေပြီး ရထားခေါင်းတွဲကြီးသည် ဟီးနိုးကားခေါင်းကြီး ဖြစ်နေသည်ကို တွေ့ရသဖြင့် ရန်ကုန်သား ကျွန်တော်တို့တစ်သိုက် အံ့သြသင့်ကုန်ကြသည်။ အော် ဗမာတွေ ထွင်လိုက်ရင် ဟီးနိုးကားတောင် ရာထူးတိုးပြီး ရထားခေါင်းတွဲဖြစ်လာတာပဲဟု ပြုံးမိတော့သည်။ ကြာကြာမတွေးနိုင် ကျန်ရစ်လို့ မဖြစ်သဖြင့် အချင်းချင်း မျက်ရိတ်ပြပြီး တွဲတစ်ခုတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် တိုးဝှေ့ဝင်ကြတုံး ရထားထွက်သည်။ ပြေးတက်ရင်း တိုးဝှေ့တက်ရင်း အားလုံး ချောချောမောမော လိုက်ပါလာခဲ့ကြသဖြင့် စိတ်အေးရပြန်သည်။
ရထားက တစ်ဘူတာပြီး တစ်ဘူတာရပ်သည်။ ရထားထဲတွင် မှောင်ခိုကုန်သည်များက အများစုဖြစ်သည်။ နာရီမည်မျှ ကြာသည်ကို မသိလိုက် သံဖြူဇရပ်ဘူတာသို့ ရောက်ပြီဆိုသဖြင့် ဆင်းလိုက်သည်။  အများနှင့်ရောနှောပြီး တစ်ဦးနှင့် တစ်ဦးခွဲ၍ ထိုင်နေကြသဖြင့် ရထားတွဲပေါ်တွင် မသိသာသော်လည်း၊ ရထားပေါ်မှ ကျွန်တော်တို့ အားလုံးဆင်းလိုက် သောအခါ ဆင်းသူများမှာ ကျွန်တော်တို့ တစ်သိုက်လောက်သာဖြစ်သဖြင့် ပေါ်ထင်ကြီး ဖြစ်သွားသည်။ မြို့နေ ကျောင်းသားလူငယ်များအရွယ်၊ လူရည်သန့်များ တစ်အုပ်ကြီး ဆင်းလိုက်သည့်အတွက် တောခိုမည့်သူများဟု မမေးဘဲနှင့် သိနေနိုင်သည့် သဘောသက်ရောက်နေသဖြင့် ချက်ချင်းဘူတာရုံမှထွက်၍ နီးစပ်ရာပန်းခြံ တစ်ခုတည်းသို့ ဝင်ပြီး ကိုယ်ရောင်ဖျောက်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် ကျွန်တော်တို့နောက်မှ မယောင်မလည်နှင့်ပါလာ၍ဖြစ်သည်။
ကျွန်တော်တို့ဝင်သွားသော ပန်းခြံထဲသို့လျှောက်လာစဉ် ပန်းခြံရှိ ကင်းတဲထဲမှ လူတစ်ယောက်က ကျွန်တော်တို့ကို စိမ်းစိမ်းကြည့်နေပြီး ခင်ဗျားတို့ ဘယ်သူတွေလဲ ဘယ်သွားမလို့လဲဟု မေးလာပါသည်။ ကျွန်တော့်စိတ်ထဲတွင် “ဒီလူဟာ ထောက်လှန်းရေးများလား၊ ဟုတ်ရင်တော့ ဒီနေရာမှာတင်ချုပ်ပြီး ပါးစပ်အဝတ်ဆို့ထားမှ ဖြစ်မယ်” ဟု တွေးပြီး ထိုသူကို ကြည့်လိုက်သည်။ သူ့ရုပ်သွင်က နှုတ်ခမ်းမွှေးစစနှင့် မျက်နှာခပ်တင်းတင်း မျက်ရစ်မပါ မိုက်တိမိုက်ကန်းပုံ ပေါက်နေသည်။ အသက်က၂၅ နှစ်ကျော်ခန့် ရှိသည်။ “ငါတို့ကျောင်းသားတွေပဲ တောထဲကို သွားမလို့ မင်းလမ်းသိလား”ဟု ကျွန်တော်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သူက “ခင်ဗျားတို့ ဘယ်အဖွဲ့ အစည်းကလဲ” ဟု ထပ်မေးသည်။ “ငါက FFB အဖွဲ့က ဥက္ကဌ” ပဲဟု ဆိုစဉ်၊ ကိုကိုလေးက “ကျုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကြီးရဲ့ခေါင်းဆောင်တစ်ဦးပဲ” ဟု ဝင်ပြောလိုက်သည်။ ထိုသူက “ကျွန်တော့် နံမည်ဆန်းဦး ကျွန်တော်အကိုတို့နဲ့ လိုက်မယ်၊ အခုအချိန် မြို့ထဲသွားလို့ မသင့်တော်ဘူး။ ရထားလမ်းအတိုင်း နောက်၂ မိုင် လောက်လျှောက်ရင် ကွမ်လှာရွာကို ရောက်မယ်။ အဲဒီရွာက မွန်ရွာ၊ တောတွင်းနဲ့ အဆက်အသွယ်ရှိနိုင်တယ်” ဟု ဆိုလာသည်။ ကျွန်တော်တို့အားလုံး ဝမ်းသာသွားကြသည်။ မထင်မှတ်ဘဲ အဖွဲ့ဝင်တစ်ဦးတိုးလာသလို ဒေသခံလည်း ဖြစ်သဖြင့် လမ်းခရီးကို ကျွန်တော်တို့ထက်သူကပို၍ သိသည်။
ထို့နောက် ဆန်းဦးလမ်းပြသည့်အတိုင်း သံဖြူဇရပ်ဘူတာရုံကို ကွင်းလျက်သွားပြီး ရထားလမ်းကို ပြန်တက်ပြီး ရထားလမ်းအတိုင်း နောက်ပြန်လျှောက်ကြရာ တနာရီကျော်ကြာသည့်အခါ မွန်ကျေးရွာကွမ်လှာသို့ ဆိုက်ရောက်ပါ တော့သည်။ ကွမ်လှာရွာ ဆရာတော်သည်လည်း ဆန္ဒပြပွဲတွင် တက်ကြွစွာပါသည်ဟု ကြားသိရသဖြင့် ဆရာတော်ကို ဖူးရန် ရွာဦးဘုန်းကြီးကျောင်းသို့ ကျွန်တော်တို့ သွားကြသည့်အခါ၊ ရွာမှဆရာတော်လည်း တပြည့်များနှင့်အတူ နယ်စပ်သို့ ယနေ့မနက်ပိုင်းကပင် ထွက်သွားပြီဖြစ်ကြောင်း ကြားသိရသည်။
ထိုအချိန်တွင် အစိုးရစစ်တပ်တောင်ပေါ်မှ ဆင်းလာပြီး ရွာထဲသို့ ဝင်လာပြီဖြစ်ကြောင်း ရွာသားတစ်ယောက်မှ အကြောင်းကြားလာသဖြင့် နီးစပ်ရာအိမ်များပေါ်သို့ လူစုခွဲပြီး တက်လိုက်ကြရသည်။ မကြာမီ ရွာလမ်းမကြီးအတိုင်း စစ်သားများအယောက် ၄၀-၅၀ ခန့် သေနတ် ကိုယ်စီကိုင်စွဲလျက် ဖြတ်သွားသည်ကို အိမ်ထရံကြား အပေါက်များမှ ချောင်းကြည့်ရင်း မြင်နေရသည်။ အားလုံးက ရင်ခုန်နေကြသည်။ ထိုရွာတွင် ကျွန်တော်တို့ကဲ့သို့ ထွက်လာသော မြောက်ဥက္ကလာပမှ အလယ်တန်းကျောင်းသားလေး သုံးယောက်ကို တွေ့သည်။ သူတို့သူငယ်ချင်းတွေကို မြောက်ဥက္ကလာပတွင် စစ်တပ်မှ ပစ်သတ်တာကို မကျေနပ်လို့ လက်နက်ကိုင်တိုက်ရန် ထွက်လာသည်၊ ကျွန်တော်တို့နှင့် လိုက်ပါရစေဟု ခွင့်တောင်းသည်။ ညိုညိုအရပ်မြင့်မြင့်ရုပ်ချောချောကောင်လေးက တင်နိုင်ဝင်း၊ နောက် နှာတံပေါ်ပေါ် ညိုညိုပိန်ပိန်ကောင်လေးက အောင်နိုင်ဦး၊ ခပ်ပုပု အသားလတ်လတ် နှုတ်ခမ်းမွှေးစစနှင့် ကောင်လေးက ဇော်မိုး အားလုံး အသက် ၁၄-၁၅ နှစ် ခန့်သာရှိသေးသည့် အရွယ်လေးတွေ၊ မိဘတွေသိမှ သိပါ လေစ၊ ကျွန်တော်တို့မခေါ်လည်း သူတို့ဖာသာ သူတို့သွားကြမည့် ခံစားချက်ပြင်းသည့်ကလေးတွေ ဖြစ်သဖြင့် ခေါ်သွားလျှင် လူကြီးတစ်ယောက်အနေနှင့် စောင့်ရှောက်မှုပေးနိုင်သည်။ ကလေးတွေချဉ်းသွားလျှင် တစ်စုံတစ်ခု ဖြစ်သွားနိုင်သဖြင့် ကျွန်တော်တို့နှင့်လိုက်ခဲ့ရန် သဘောတူပြီး ခေါ်ခဲ့သည်။ စုစုပေါင်း ကျွန်တော်တို့လူစုတွင် ရန်ကုန်မှ ထွက်လာစဉ်က ၁၀ ဦး၊ နောက် သံဖြူဇရပ်မှ ဆန်းဦးနှင့် ယခုအလယ်တန်း ကျောင်းသားလေး ၃ ယောက်နှင့် အားလုံး ၁၄ ယောက် ဖြစ်လာသည်။

စစ်သားလူထွက် ကောင်လေးကို မော်လမြိုင်သို့ ပြန်လွှတ်လိုက်သည်။ တောင်ပေါ်သို့ တက်လာရာ လမ်းတစ်လျှောက်လုံး ကျွန်တော်၏ ကျောပိုးအိတ်ကို ကျော်ကျော်ဦးက ထမ်းသည်။ မထမ်းပါနဲ့ ပြော၍မရ အကိုအသက်ကြီးပြီ၊ ကျွန်တော် ထမ်းပါရစေဟု ဆိုပြီး အတင်းယူသည်။ ကျော်ကျော်ဦးသည် ကျွန်တော်တို့ ပထမနှစ် ကွင်းဆင်းသည့်အခါ လိုက်ပါကြီးကြပ်ပေးသော ဘူမိဗေဒဌာနမှ လက်ထောက်ကထိကဆရာမ ဒေါ်ဝင်းယုစိန်၏ သားဖြစ်သည်။ အရပ်ငါးပေ ၁၁လက်မ ခန့်ရှည်ပြီး အသားဖြူဖြူ မျက်နှာသွယ်သွယ် အပေါ်နှုတ်ခမ်းတွင် မှဲ့ရှင်လေးတစ်လုံးပါသည့် ရုပ်ရည်သန့်ပြန့် ချောမောသည့် တက္ကသိုလ် ကျောင်းသားလူငယ်တဦးဖြစ်သည်၊ အမြဲပြုံး နေတတ်ပြီး တောက်ပသော မျက်လုံးများရှိသည်။
တောင်တစ်လုံးကိုကျော်ပြီးနောက် ကျွန်တော်တို့အုပ်စုသည် မွန်ပြည်သစ်ပါတီနှင့် တိုးတော့သည်။ သူတို့က ကျွန်တော်တို့ တက်လာသည်ကို ကြိုတင်သိပြီး တောင်ထိပ်၌ စောင့်နေကြသည်။ ရုပ်ရှင်ထဲတွင် တွေ့ရသော သူပုန်ဆိုသူများသည်၊ ပုဆိုးကွင်းသိုင်းပြီး မုတ်ဆိတ်မွှေးနှုတ်ခမ်းမွှေးထူလပြစ်နှင့် အော့ကြောလန် ရာဇဝင် လူဆိုးကြီးများသဖွယ် အစိုးရအလိုကျ ရိုက်ကူးပြသသည့် ရုပ်ရှင်သရုပ်ဆောင်များနှင့် မျက်စိရှေ့တွင် တွေ့ရသော မွန်သူပုန်များသည် တက်တက်စင်အောင် ကွာခြားလှပါသည်။
မွန်ပြည်သစ်ပါတီ၏ မွန်တပ်ဗိုလ်ကြီးသည် မျက်စိတဖက်ကန်းနေသည့် ဗိုလ်ကြီးစိုးမြင့်ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ပညာတတ်တစ်ဦးဖြစ်ပြီး အသက် ၄၀ ခန့် အရပ် ၅ပေ ၁၀လက်မခန့်၊ ထောင်ထောင်မောင်းမောင်းနှင့် ကြံခိုင်သူတစ်ဦး ဖြစ်ပါသည်။ စစ်ပျောက်ကျား ယူနီဖောင်း အထက်အောက်ဝတ်ထားပြီး မွန်စစ်သားတိုင်း ယူနီဖောင်း အပြည့်အစုံနှင့်ဖြစ်သည်။ အေကေ ၄၇၊ အမ် ၁၆ မောင်းပြန်သေနတ်များနှင့်အတူ ရော့ကက်လောက်ချာများလည်း ပါလာကြပါသည်။ ဗိုလ်ကြီးစိုးမြင့်သည် ခင်မင်စရာကောင်းသူလည်း ဖြစ်ပါသည်။ သူက ကျွန်တော်တို့ကို အားပေးစကား ပြောကြားမိတ်ဆက်ပြီး ကျွန်တော်တို့သွားချင်သည့်နေရာကို လိုက်ပါပို့ဆောင်ပေးမည် ဟု ကတိပြုသည့်အတွက် အတိုင်းမသိ ဝမ်းသာကြောင်း ကျေးဇူးလည်း အထူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ခရီးဆက်ရာ၊ ရွာတရွာသို့ အရောက်တွင် ကျောင်းသားနှစ်ဦးလည်း ရောက်နေကြောင်း သူတို့အဖွဲ့ကို လာကြိုနေကြောင်း ပြောကြားပြီး ကျွန်တော်တို့နှင့် တွေ့ဆုံစကားပြောလိုကြောင်း ကမ်းလှမ်းလာသဖြင့် သွားရောက်တွေ့ဆုံရာ တစ်ဦးသည် ပိန်ညှောင်ညှောင် မျက်မှန်ပါဝါ အထူကြီးနှင့်ဖြစ်ပြီး နောက်တစ်ဦးမှာမူ လူလတ်ပိုင်း တစ်ယောက်ဖြစ်သည်။ မျက်မှန်နှင့်ပုဂ္ဂိုလ်က “ခင်ဗျားတို့ ဘယ်သူတွေလဲ။ ဘယ်အဖွဲ့အစည်းကလဲ” ဟု ခပ်တည်တည်နှင့် မယုံသလို စစ်ဆေးသလို မေးခွန်းတွေမေးလာသဖြင့် မင်းတို့ကကော ဘယ်ကလဲဟု ပြန်လှန် မေးမြန်း လိုက်ပြီး၊ ကိုကိုလေးက “ငါက ကျောင်းသားသမဂ္ဂပြန်လည်ပေါင်းစည်းရေးအဖွဲ့ချုပ်ကြီးက ခေါင်းဆောင် တစ်ယောက်ပဲ” ဟု ဘုတောလိုက်မှ သူတို့သည် လုပ်သားများ ကောလိပ်မှ ကျောင်းသားများဖြစ်ပြီး စုစုပေါင်း လူ ၄၀ ခန့် တောခိုလာခဲ့ပြီး စုရပ်အနေနှင့် သူတို့က ဤနေရာတွင် လာစောင့်နေခြင်းဖြစ်ကြောင်း သူ၏အမည်မှာ ဥာဏ်အောင် ခေါ် ဥာဏ်ကြီး ဖြစ်ကြောင်း ပြောဆိုမိတ်ဆက်ကြပြီး ခင်မင်သွားကြပါတော့သည်။

ဆက်လက်ဖော်ပြပါမည်-
ဝမ်းခစခန်း စစ်သင်တန်းအပြီး ရိုက်ထားသောပုံ
နောက်တန်း ညာမှဘယ်သို့ - သက်တင်ဦး (လုပ်သားကောလိပ်)၊ တင်နိုင်ဝင်း (ကျဆုံး)၊ ဇော်မိုး
ရှေ့တန်း ညာမှဘယ်သို့ - အောင်ကိုဦး (လုပ်သားကောလိပ်)၊ သက်တင် (လုပ်သားကောလိပ်)၊
ဝမ်းခစခန်း စစ်သင်တန်းအပြီး ရိုက်ထားသောပုံ နောက်တန်း ညာမှဘယ်သို့ - သက်တင်ဦး (လုပ်သားကောလိပ်)၊ တင်နိုင်ဝင်း (ကျဆုံး)၊ ဇော်မိုး ရှေ့တန်း ညာမှဘယ်သို့ - အောင်ကိုဦး (လုပ်သားကောလိပ်)၊ သက်တင် (လုပ်သားကောလိပ်)၊

Htun Aung Gyaw

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...