Monday, October 21, 2013

စီးပွားတော်လှန်ရေး ၂၀၁၃



ခေတ်ပြောင်းတော်လှန်ရေးတိုင်းတွင် စီးပွားတော်လှန်ရေးမှာ အဓိက ကျသည်။ ၁၉၆၂ က စခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ၁၉၈၈ တွင် ပြိုကျခြင်းသည် စီးပွားရေး ချွတ်ခြုံကျ သွားသောကြောင့် ဖြစ်သည်။ ၂၀၁၁ တွင် စသော ခေတ်ပြောင်းတော်လှန်ရေး ၂ နှစ်ခွဲသား ရောက်ချိန်တွင် စီးပွားတော်လှန်ရေး မည်သို့ ရှိပါသနည်း။


စီးပွားရေးစနစ်သည် ပုံပျက်နေသဖြင့် ပုံမှန်ပြန်ဖန်တီးခြင်း (Normalization) နှင့် ဈေးကွက် စီးပွားရေး ဖော်ဆောင်ခြင်း (Marketization) တို့သည် စီးပွားတော်လှန်ရေး၏ အဓိက စရိုက် လက္ခဏာများ ဖြစ်သည်။ စီးပွားရေးသည် ကျယ်ပြန့်လှသဖြင့် စာမျက်နှာအခက်အခဲကို ငဲ့ကွက်ပြီး အရေးကြီးသော ကဏ္ဍအချို့ကိုသာ မီးမောင်းထိုး ဆန်းစစ်လိုက်ပါသည်။


စွမ်းဆောင်ရည်

စီးပွားရေး ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံရေးနှင့်မတူဘဲ Capacity ခေါ် စွမ်းဆောင်ရည် ပိုလိုအပ်သည်။ မြန်မာနိုင်ငံတွင်းတွင် အခြေခံစီးပွားရေး ပညာရပ်တွင်ပင် အားနည်းသည့်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို တာဝန်ယူရသည့် အပေါ်ပိုင်းတွင်လည်း စွမ်းဆောင်ရည် ချို့တဲ့သည်။ စေတနာလည်းရှိ၊ စွမ်းလည်းစွမ်းသည့် လူတစ်ဦးစ နှစ်ဦးစ၏ တွန်းအားဖြင့်သာ ရွေ့ရလျှင် စွမ်းသူတို့ အုံနှင့်ကျင်းနှင့် ဝိုင်းရွှေ့သလောက် ရွေ့မည်မဟုတ်။ တစ်ဖန် စီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် အခြေခံမှစပြီး ပြင်ရသည့်အခါ ဆေးခါးကြီး တိုက်ရသည်လည်း ရှိသည့်အတွက် လူအများ ဆန့်ကျင်မှုများကို ရင်ဆိုင်ရနိုင်သည်။ ထိုသို့ ဆန့်ကျင်မှုများကို မည်သို့ကျော်လွှားရမည် ဆိုသည်မှာလည်း စွမ်းဆောင်ရည်ကိစ္စပင် ဖြစ်သည်။

ဈေးကွက်စီးပွားရေးသို့ ပြုပြင်ပြောင်းလဲခြင်း၏ အနှစ်သာရတစ်ရပ်မှာ အစိုးရက နောက်ဆုတ်ပြီး ပုဂ္ဂလိကကို ရှေ့တင်ပေးခြင်း ဖြစ်သည့်အတွက် ပုဂ္ဂလိကပိုင်း၏ စွမ်းဆောင်ရည် သည်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွင် များစွာစကားပြောသည်။ စီးပွားရေးလုပ်ငန်း အများစုမှာ မိသားစု လုပ်ငန်း အမူအကျင့်များသာ ရှိနေပြီး နိုင်ငံတကာနှင့် ယှဉ်နိုင်ရန်ဝေးစွ၊ နိုင်ငံတကာ အသိအမြင် လုပ်နည်းလုပ်ဟန် တို့နှင့်ပင် အလှမ်းဝေးနေ သေးသည်။ အမြင်ကျယ်သူတို့ စပြောင်းနေကြပြီ ဖြစ်သော်လည်း အများစုမှာမူ ဖြည်းဖြည်းလေးလေး အေးအေးဖြင့်သာ ရှိနေသည်။ တိုင်းပြည်၏ဝမ်းဗိုက်ဟု တင်စားကြသော စီးပွားရေးလုပ်ငန်းရှင်တို့ အင်နှင့်အားနှင့် ဆောင်နိုင်ပါမှ နိုင်ငံ့စီးပွား ရှေ့သို့ လှမ်းတက်နိုင်မည်။

၂၀၁၅ အမီ

တက်သုတ်ရိုက် ဆောင်ရွက်ရန် အရေးကြီးကိစ္စမှာ မြန်မာ့ပုဂ္ဂလိက ကဏ္ဍကို ၂၀၁၅ အမီ အားသစ်လောင်းနိုင်ရေး ဖြစ်သည်။ အရှေ့တောင်အာရှ လွတ်လပ်စွာ ကုန်သွယ်ရေးကို မျက်ကန်းတစ္ဆေ မကြောက်ခဲ့သည့် မြန်မာ လုပ်ငန်းရှင်တို့ ၂၀၁၂ လောက်ရောက်မှ အိပ်ရာမှ လန့်နိုးကာ ပြူးပြူးပျာပျာ ဖြစ်ကုန်ကြသည်။ တံခါးဖွင့်လိုက်လျှင် အကောင်းရောအဆိုးပါ ကြုံရမည်။ အခြားအရှေ့တောင်အာရှ နိုင်ငံများမှ ဝင်လာသော ကုန်တို့နှင့် ဈေးချိုသည် ချင်း၊ အရည်အသွေး ချင်း မယှဉ်နိုင်လျှင် “တော်သူနေပြီး မတော်သူသေ” ရတော့မည်။ “ထလော့မြန်မာ၊ မြန်မာထလော့” သည် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တို့အတွက် နေ့စဉ် နှုတ်တက်ရွရွ ကျင့်သုံးရမည့် ဂါထာဖြစ်လာသည်။

ရေခံမြေခံကောင်း

အစိုးရ၏တာဝန်မှာ စီးပွားရေးလုပ်ငန်း အပင်တို့ ရှင်သန်ပေါက်ရောက် ကြီးထွားမြန်သည့် ရေခံမြေခံကောင်း (Enabling Environment) ဖန်တီးပေးခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းတို့ အသစ်တည်နိုင်အောင်၊ တိုးချဲ့နိုင်အောင် အဓိကလိုအပ်သည့် အရာမှာ အရင်းဖြစ်သည်။ အရင်းကို လွယ်ကူစွာရအောင်၊ ဈေးချိုအောင် ဖန်တီးပေးရန် လိုသည်။ အရင်းရရန် အတွက် ပထမဦးဆုံး ဘဏ်စနစ်၊ ဒုတိယအားဖြင့် ငွေကြေးဈေးကွက်ကို တိုးတက်အောင် ဆောင်ရွက်ရမည်။

ပို့ကုန်များများ ပို့နိုင်အောင် ပြည်တွင်းသုံးငွေကို ပျော့စေခြင်း (Devaluation) သည် ဒေသတွင်း အောင်မြင်သော ပို့ကုန်နိုင်ငံများ ပွဲတွေ့ လက်စွဲဆေးတစ်မည် ဖြစ်သည်။ တစ်ဒေါ်လာလျှင် မြန်မာ ကျပ်ငွေ တစ်ထောင်ပတ်ဝန်းကျင်တွင် ရှိနေသဖြင့် ပို့ကုန်အားပေးသည့် အခြေအနေတွင် ရှိနေသည်။ သို့သော် ငွေပျော့ခြင်းအပြင် ထုတ်လုပ်နိုင်စွမ်းအား တိုးတက်ကောင်းမွန်ခြင်း၊ ဈေးကွက်သစ်များ ရှာဖွေခြင်းတို့ ဆောင်ရွက်နိုင်မှသာ ပို့ကုန်တို့ တိုးတက်လာမည်။

စီးပွားရေးဖွံ့ဖြိုးမှု၏ ရေခံမြေခံကောင်းတွင် အခြေခံ အဆောက်အဦများ ကောင်းမွန်ရေး ပါဝင်သည်။ စက်မှုဇုန် မြေဈေးကြီးခြင်း၊ လျှပ်စစ်ဓာတ်အား အခက်အခဲ တို့သည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရော ပြည်တွင်းလုပ်ငန်းရှင် တို့အတွက်ပါ ရေခံမြေခံကောင်းများ မဟုတ်ကြပါ။ ကိုယ့်ထက် ရှေ့ရောက်နေသည့် ထိုင်း၊ ဗီယက်နမ်တို့ထက် မြေဈေးကြီးလျှင် လှည့်ပြန်သွားကြမည်။ လျှပ်စစ်မီးမရလျှင် စက်မှုနိုင်ငံ ထူထောင်ရေး အိပ်မက်ပင် မက်နိုင်မည်မဟုတ်။

အခွန်

မြန်မာ့စီးပွားရေးတွင် ပုံမမှန်မှုကြီး တစ်ရပ်မှာ အစိုးရသည် အခွန် အကောက်ထက် သဘာဝ သယံဇာတ ရောင်းချရငွေကို မှီခိုလည်ပတ်နေခြင်း ဖြစ်သည်။ တည်ဆောက်ရေး ကာလတွင် အသစ်အသစ်များ ဖန်တီးခြင်း အတွက် ငွေပိုသုံးရမည် ဖြစ်သည့်အတွက် ဘတ်ဂျက်တိုးအောင် အခွန်စနစ် ပြင်ရန် အားလုံးလိုလိုက အကြံပေးထားပြီး အခွန်ပိုရအောင် စတင်ဆောင် ရွက်နေပြီ။ ပြည်သူ့ထံမှ အခွန်ရလျှင် ပြည်သူအပေါ် တာဝန်ခံမှုလည်း ပိုတက်လာနိုင်သည်။

ငွေလဲလှယ်နှုန်း

ရုံးသုံး ငွေလဲလှယ်နှုန်းက တစ်မျိုး၊ ဈေးကွက်ပေါက်ဈေးတစ်မျိုး၊ FEC ဈေးက တစ်မျိုး စသည်ဖြင့် အမျိုးမျိုးဖြစ်ခဲ့သည့် ငွေလဲလှယ်နှုန်းများကို တစ်ခုတည်းဖြစ်အောင် ဆောင်ရွက်ခြင်း (Unification of Multiple Exchange Rates) သည် နှစ်သုံးလေးဆယ် ငွေကြေးကဏ္ဍ မူမမှန်မှုကြီးကို တည့်မတ် လိုက်ခြင်း ဖြစ်သည်။ နိုင်ငံခြားငွေ လဲလှယ်ခြင်းကို ဖြေလျှော့လိုက်သဖြင့် နိုင်ငံခြားငွေကို တရားဝင် ငွေလဲကောင်တာ များတွင် အလွယ်တကူ လဲလှယ်နိုင်လာသည်။ ငွေလဲလှယ်နှုန်းကို ကိုင်တွယ် ရာတွင် ထိန်းကျောင်းမျှော (Managed Float) မှသည် လွတ်လပ်မျှော (Free Float) သို့သွားရန် စီစဉ်နေသော်လည်း လက်ရှိစွမ်းဆောင်ရည် အရ တဖြည်းဖြည်းသာ သွားသင့်ပြီး အရင်လိုလျှင် ကမောက်က မဖြစ်နိုင်သည်။

ဗဟိုဘဏ်

ယခင်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ဌာနတစ်ခုသာ ဖြစ်သည့် ဗဟိုဘဏ်ကို လွတ်လပ်အောင် ဆောင်ရွက်နေခြင်းသည် ထူးခြားသော စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ ဗဟိုဘဏ်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ထိုဥပဒေနှင့်အညီ ဗဟိုဘဏ်ကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်ပြီ။ ယခုအချိန်တွင် ဗဟိုဘဏ်သည် ငွေကြေးမူဝါဒ၏ အခေါင်အချုပ် သီးသန့်ဌာနကြီး အဖြစ် ဝန်ကြီးအဆင့် ဗဟိုဘဏ်ဥက္ကဋ္ဌက တာဝန်ယူနေပြီ။ လွတ်လပ် ဗဟိုဘဏ် အဖြစ် အပြည့်အဝ လည်ပတ်နိုင်ရန် အချိန်ယူရဦးမည် ဖြစ်သော်လည်း ယခုကဲ့သို့ အသစ်ပြင်ဆင် ဖွဲ့စည်းနိုင်ခြင်းမှာ မြန်မာ့စီးပွားရေး မူဝါဒ သမိုင်းတွင် ပထမဦးဆုံးအကြိမ် ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

တရုတ်၊ ဗီယက်နမ်တို့ကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားဖြင့် တက်လိုသည့် မြန်မာအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်း၊ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် တစ်ခဲနက် စိတ်ဝင်စား လာခြင်းသည် တစ်အားပင် ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လူအများထံ ရောက်မရောက် အမြင်လွယ်ဆုံးမှာ အလုပ်အကိုင် အခွင့်အလမ်းတွင် ဖြစ်သဖြင့် ထုတ်လုပ်ရေး၊ လယ်ယာ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း တို့ကဲ့သို့ အလုပ်များများ ဖန်တီး ပေးနိုင်သည့် ကဏ္ဍများသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာအောင် စီမံဆွဲဆောင်ရမည်။ ကုန်ထုတ်လုပ်ရေး ဘက်သို့ ဝင်လာကြပြီဟု သိရသည့်အတွက် ဝင်လက်စဖြင့် ဆက်တိုက် ထပ်ဝင်လာအောင် ဆွဲဆောင်စီစဉ်ပေးရန် လိုသည်။

ခရီးသွားလုပ်ငန်း

မြန်မာတို့ မြန်မြန်ဆန်ဆန် ခူးစားရမည့် ကဏ္ဍမှာ ခရီးသွားလုပ်ငန်း ဖြစ်သည်။ မြန်မာကို ကမ္ဘာက သမိုင်းတစ်လျှောက် အကြီးမားဆုံး စိတ်ဝင်စားခြင်းနှင့် ယခင်က အရောက်အပေါက် နည်းခြင်းတို့ ပေါင်းလိုက်သည့်အခါ မြန်မာသို့ လာလည်သူ ခရီးသွားဦးရေသည် စံချိန်တင် မြင့်တက်လာသည်။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းသည် ဝန်ဆောင်မှု ဖြစ်သည့်အတွက် လုပ်သား အင်အားလိုအပ်မှု များပြားပေရာ အလုပ်အကိုင်ရရှိမှု တက်လာမည်။ ဆိုက်ကားဆရာ၊ ဟိုတယ်ပိုင်ရှင်၊ ရုပ်သေးသမား၊ ဧည့်လမ်းညွှန်၊ အမှတ်တရပစ္စည်း ထုတ်လုပ်သူ၊ ထမင်းဆိုင်ရှင် စသည့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆက်စပ်နေသည့် နေရာစုံ ကဏ္ဍစုံတို့ အကျိုးခံစားရမည် ဖြစ်သည့် အတွက် ရပြီးအရှိန်ကို ထပ်တင်ရမည်။ ဟိုတယ်ဈေးမြင့်ခြင်း၊ ဟိုတယ်ခန်း နည်းခြင်း၊ လေယာဉ်လက်မှတ် ရနိုင်မှု စသည့် စိန်ခေါ်မှုများကို ရှင်းနိုင်ရမည်။ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ဗုံးကွဲခြင်းသည် ချက်ချင်းလက်ငင်း ပေါ်ပေါက်လာသည့် စိန်ခေါ်မှု ဖြစ်သည်။

လယ်ယာ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဆိုသော်လည်း နာမည်သာရှိပြီး လယ်ယာကဏ္ဍသည် ဖွံ့ဖြိုးရန် လိုအပ်နေသေးသည်။ အရင်းအနှီးများ ထိုးသွင်းခြင်း၊ လမ်း၊ မီးစသည့် အခြေခံ အဆောက်အဦများ ပြင်ဆင်ပေးခြင်း၊ ဓာတ်မြေသြဇာ စသည့် သွင်းအားစုများ တိုးတက် ထည့်သွင်းခြင်း၊ စိုက်နေကျ သီးနှံများအစား ဝင်ငွေကောင်းဈေးကွက်ရှိ သီးနှံသစ်များ ကြံဆ စိုက်ပျိုးခြင်း စသည်တို့ ဆောင်ရွက်မှသာ တကယ့် လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်လာပြီး လယ်ယာနှင့် ချိတ်ဆက်နေသည့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းတို့ ဘဝ တိုးတက်လာမည်။

နိုင်ငံရေး ဘောဂဗေဒ

စီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် ပြောင်းသွားလျှင် လက်ရှိ အကျိုးရှိနေသူ များက နစ်နာမည် စိုးသောကြောင့် ခုခံတားဆီးသည် များကိုလည်း မြင်နေရသည်။ “ဒီရေမြင့်တက်လာလျှင် လှေများအားလုံး ဒီရေနှင့်အတူ မြင့်တက်လာမည်” ဖြစ်သည့်အတွက် လက်ရှိ အကျိုးခံစားနေရသူ များသည် အခြေအနေနှင့် ဆီလျော်အောင် လိုက်ပါပြောင်းလဲနိုင်လျှင်ဆက်လက် အကျိုးရှိမည် ဖြစ်သည်။ ယခင်က မြန်မာနိုင်ငံ နွားခြေရာခွက်ထဲတွင်သာ တွင်ကျယ်ရာမှ နိုင်ငံတကာနှင့် မီအောင်လိုက်နိုင်လျှင် အနည်းဆုံး အရှေ့တောင်အာရှ အဆင့်ထိ ပေါက်နိုင်သည်။ နိုင်ငံရေးနှင့် စီးပွားရေးသည် ခွဲမရအောင်တွဲနေသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် နာသွားမည်ဟု ထင်သူတို့က နိုင်ငံရေးအရ အဟန့်အတားပြုနိုင်သည်ကို ခက်ခဲသည်ဖြစ်စေ ရအောင် ကျော်လွှားရမည်။

အထူးဂရုစိုက်ရန်မှာ နိုင်ငံရေးပြောင်းသွားရုံဖြင့် စီးပွားရေး လိုက်တက်မလာပါ။ ဒီမိုကရေစီနိုင်ငံသို့ ချီတက်ရုံဖြင့် ဥုံဖွဆိုပြီး နိုင်ငံ ချမ်းသာလာမည် မဟုတ်ပါ။ ကြံနိုင်ဆနိုင်၊ ကြိုးစားနိုင်၊ အားပေးနိုင်ပါမှ စီးပွားရေး တက်လာလိမ့်မည်။

ဇေယျသူ

http://thevoicemyanmar.com/

 မှ ကူးယူဖော်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...