Wednesday, October 16, 2013

အဖေကိုတရားစွဲတဲ့ စေါဘဦးကြီး” (၁၂.၈.၂၀၁၂ သို့ )


*မှတ်ချက် ။ ….ဒီအကြောင်းလေးကို ၀၄.၀၈.၂၀၁၂ က ဟစ်တိုင် ကိုပေးပို့ ထားခဲ့ပါတယ်။ နေရာအခက်အခဲကြောင့်ထင်ပါရဲ့ ယနေ့ ထိပေါ် မလာ ခဲ့လို.အချိန်မှီအောင်၊ ကိုယ့်FB မှာဘဲတင်လိုက် ပါတယ်။ ဖတ်ရတာတော့ဟိုမှာလိုသိတ်..မစမတ်..ဖူးပေါ့ လေ။

...................................

နေစရာအိမ်တွေများပါရဲ့နဲ့ အိမ်တစ်ခြမ်းထပ်လိုချင်လို့ ….ဒေါ်စုကို အောင်ဆန်းဦးကတရားစွဲတယ်ကြားတော့.. ဗိုလ်ချုပ်နဲ့ ပတ်သက်ရင်အမြှီးပါလဲလေးစားမယ်ဆိုတဲ့ စိတ်ဓါတ်ပျောက်သွားတယ်။ လူတွေဟာလူတွေဘဲလေ ဘုရား နဲ့ပတ်သက်တဲ့အထဲမှာတောင် ဒေ၀ဒတ် ပါနေသေးတာဘဲ ။ ကရင့်ခေါင်းဆောင်စောဘဦးကြီးက သူ့အဖေကို တရားစွဲဖူးတယ်ဆိုတာကြားဖူးတော့ .. သူ့ကိုဘာကြောင့်လေး စားထိုက်တယ်ဆိုတာသိသွားတယ်။
ကရင့်တော်လှမ်းရေးထဲရောက်ခါစ… သူများတွေ စောဘဦးကြီး ဆိုလို့သာ လိုက် “ဦး” နေတာ၊ ဘာကြောင့် လေးစားဖို့ကောင်းတယ်ဆိုတာမသိဘူး။ ပိုဆိုးတာက…ပြည်တွင်းမှာနေတုန်း၊အစိုးရကထုတ်တဲ့ စာအုပ်တစ်ခုမှာ “နယ်ချဲ့အင်္ဂလိပ်လက်ကိုင်ဒုတ်” ဆိုပြီးဓါတ်ပုံတစ်ပုံတွေ့ဖူးတယ်။ ဓါတ်ပုံထဲမှာ စောဘဦးကြီးက မုတ်ဆိပ်မွှေး..ပါးသိုင်းမွှေးနဲ့။ ဝတ်ထားတာကလဲ.. ရွှေဘသရုပ်ဆောင်တဲ့ “ ဗိုလ်စံဖဲ” ဇာတ်ကားထဲက နောက်ဆုံးအခန်းမှာ….ဗိုလ်စံဖဲကို ကြိုးစင်တင်ဖို့ ဖမ်းခေါ်သွားတဲ့ အင်္ဂလိပ်အလိုတော်ရိ ပန်ချာပီစစ်ပုလိပ် တွေယူနီဖေါင်းအတိုင်းဘဲ..... ဆိုတော့... အစိုးရသုံးတဲ့စကားလုံးကိုယုံသွားတယ်။ နယ်စပ်ရောက်မှ နဲနဲကြားဖူးလာတာက.... မော်လမြိုင်ကို ကရင်တပ်တွေသိမ်းတော့ တချို့ကရင်တပ်ဖွဲ့တွေကဘဏ်တိုက်တွေဖေါက်ပြီးငွေတွေယုကြလို့ ၊ စောဘဦးကြီးက သူ့မှာတာဝန်ရှိပါတယ် ဆိုပြီး…..သူပိုင်တဲ့လယ်မြေတွေရောင်း….ငွေတွေပြန်စိုက်လျှော်တာကြား ဖူးတော့ နဲနဲလေးစားလာတယ်။ သူ့အဖေကို ဘာကြောင့် ဘယ်လိုတရားစွဲတယ်ဆိုတာကြားဖူးတော့မှ စပြီး..အသေအခြာလေး စားထိုက်တယ် ဆိုတာသိသွားတယ်။ တကယ်တော့ ဒီအကြောင်းက စာပေမှတ်တမ်းမှတ်ရာမရှိပါဘူး။ ၁၉၈၉ခုနှစ်..ညတစ်ည…..မာနယ်ပလောမှာ ဖူးဝါးခို (ဗိုလ်ချုပ်ကြီး တာမလာဘော )ပြောပြတဲ့ အိပ်ယာဝင် ဖြစ်ရပ်မှန်ပုံပြင်ပါ ။ အဲဒီတုန်းကမာနယ်ပလောမှာ…လှေဆိပ် ကုန်းပေါ်ကိုတက်တက်ချင်း …ဘယ်ဘက်မှာ အိမ်ကြီးဆိုတာရှိတယ်။ သစ်သားအိမ်ကြီးပေါ့။ အဲဒီမှာ ထိုစဉ်က စစ်ရေးချုပ် ဗိုလ်ချုပ်ကစဲဒိုနဲ့ ရုံးအဖွဲ့ရယ်…ဗိုလ်ချုပ်ကြီးတာမလာဘော အဖွဲ့ ရယ်။ ရုံးလဲထိုင်တယ်….နေလဲနေတယ်။ အဲဒီတုန်းက ည ၉ နာရီဆိုရင် မာနယ်ပလောတစ်ခွင်လုံး ရှိတဲ့မီးစက်တွေပိတ်….ဘုရားရှိခိုး…အိပ်ယာဝင်ကြရတယ်။ စစ်တပ်ထုံးစံအတိုင်းပေါ့။ ဒါပေမဲ့ ဖူးဝါးခို ဟာဘယ်တော့ မှချက်ချင်းမအိပ်ဘဲ မှောင်ထဲမှာဘဲ...အားလုံးကြားအောင် စကားစမြည်တွေ ပြောနေလေ့ရှိတယ်။ အဲဒီတုန်းကမှတ် သားဖူးတာပါ ။ ဇာတ်လမ်းကဒီလိုပါ....... ခုနှစ်သက္ကရာဇ် အချိန်ကာလမပါ ပါ။ ဒေါက်တာစောဘဦးကြီးဟာ အင်္ဂလန်က ဥပဒေပညာဘွဲ့ရပြီး မြန်မာပြည်ပြန်ရောက် သူ့မိဘများနှင့် အတူနေထိုင်စဉ် တစ်နေ့မှာ….လယ်သမား ကြီးတစ်ဦးဟာ သူ့အိမ်ပေါ်ကနေခေါင်းငိုက်စိုက် မျက်ရည်စက်လက်နဲ့ ဆင်းသွားတာကို..... အိမ်ရှေ့ဝရန်တာမှာ စာဖတ်နေတဲ့ စောဘဦးကြီးကတွေ့လိုက်တယ်။ ဒါနဲ့အကြောင်းသိချင်လို့ထင်ပါရဲ့ ….. ခြံပြင်ရောက်သွားတဲ့လယ်သမား ကြီးနောက်ကိုလိုက်သွားပြီး အကျိုးအကြောင်းမေးတယ်။ လယ်သမားကြီးက စောဘဦးကြီးကို သူဆင်းလာတဲ့ အိမ်ပေါ်ကမှန်းမသိတော့ အကျိုးအကြောင်းရှင်းပြသတဲ့။ ဖြစ်စဉ်က အဲဒီလယ်မားကြီးဟာ သူပိုင်တဲ့လယ်မြေတွေ ကို စောဘဦးကြီးဖခင်ထံမှာ ပေါင်နှံထားခဲ့တယ်။ အဲဒီနေ့ဟာနောက်ဆုံးရွေးရမဲ့ရက်ဖြစ်တယ်။ အခက်အခဲအမျိုးမျိုးကြောင့် အဲဒီနေ့ကျမှရွေးနိုင်ပြီး လာခဲ့တဲ့ခရီးကလဲ ခက်ခဲတော့ ညနေပိုင်းမှရောက်လာသတဲ့။ ဒါကြောင့် လယ်မြေကိုသွားရွေးတဲ့အခါမှာ နောက်ဆုံးရက်လဲဖြစ်…စာချုပ်ပါအရထိုနေ့ညနေအထိဆိုတော့ ညနေစောင်းသွားပြီဖြစ်တဲ့အတွက် လက်မခံနိုင် တော့ကြောင်း….လယ်မြေများသိမ်းဆည်းလိုက်ပြီဖြစ်ကြောင်းပြောလိုက်လို့ …. ၀မ်းနဲအားငယ်စွာနဲ့ ပြန်လာရတာဖြစ်ကြောင်း။ မိမိတို့မိသားစုဘာဆက်လုပ်ရမည်မသိကြောင်း စောဘဦးကြီးကိုရှင်းပြသတဲ့။ ဒီအခါမှာ စောဘဦးကြီးက သူ့လက်ကနာရီကိုကြည့်ပြီး “ အခု ညနေ ၅ နာရီခွဲဘဲရှိသေးတယ် ဦးကြီးသွားပြောတဲ့အချိန်ကဆိုရင် ၅ နာရီ လောက်ဘဲရှိမယ် ဒါကြောင့် ၆ နာရီမထိုးသေးရင် အချိန်မှီသေးတယ်လို့ပြောလို့ရတယ် ကျွန်တော်သက်သေဘဲ။ ဒီကိစ္စတရားရုံးကို လျှောက်ပါ“ ဆိုပြီးလယ်သမားကြီးကိုအကြံပေးတယ်။ ဒီအခါမှာ လယ်သမားကြီးက “ဦးကြီးတို့ ဒီအဆင့်အထိ…နားမလည်...လက်လှမ်းမမှီပါဘူးကွယ် ။ ရုံးတို့ဂတ်တို့ဆိုတာ…..ရှေ့နေရှေ့ရပ်တွေနဲ့မှဖြစ်မှာ၊ ဦးကြီးတို့မှာ ဒီလိုရှေ့နေငှားရအောင်လဲ လက်လှမ်းမမှီ ငွေကြေးမပြည်စုံပါဘူး..... ဘ၀ကံအတိုင်းဘဲ ရှိပါစေတော့” လို့ပြန်ပြောသတဲ့ ၊ ဒီအခါမှာစောဘဦးကြီးက “ဒီမှာဦးကြီး ကျွန်တော်ဟာရှေ့နေဘဲ၊ ဦးကြီးကမတရားခံရတာ။ ဒီအမှုဟာရုံး ရောက်ရင် နိုင်ကိုနိုင်ရမယ်။ ဦးကြီးသာအမှုတင်ပါ...ကျွန်တော်လိုက်မယ် ရှေ့နေခတစ်ပြားမှပေးစရာမလိုပါဘူး ကျွန်တော်မတရားမှုကိုမကြိုက်လို့ပါ” ဆိုပြီး အားပေးရင်းနဲ့ တရားစွဲဖြစ်သွား ခဲ့တယ်တဲ့။ ဒီလိုနဲ့…စောဘဦးကြီးအဖေကတစ်ဖက်…စောဘဦးကြီးနဲ့လယ်သမားကြီးကတစ်ဘက်….အဆင့်ဆင့် တရားဆိုင်ကြရင်း…နောက်ဆုံးစီရင်ချက်ချတဲ့နေ့မှာ…စောဘဦးကြီးဟာ လက်သီးကျစ်ကျစ်ဆုတ်.... ခေါင်း ငိုက်ဆိုက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။ တရားရုံးကစီရင်ချက်မှာ သူ့ဖခင်ဘက်ကိုအနိုင်ပေးလိုက်တယ်လေ။ အိမ်ပြန် ရောက်တော့ ဖခင်နဲ့မျက်နှာချင်းဆိုင်ရင်း စောဘဦးကြီးက ဒီအမှုမှာ သူ့ဘက်က ဥပဒေကြောင်းလျှောက်လှဲ ချက်တွေ ဘယ်လောက်ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့ကြောင်း။ ဒါပေမဲ့တရားရုံးက ဆုံးဖြတ်ပုံ...မမျှတဟုထင်ကြောင်း….မကြေမနပ်နဲ့ပြောသတဲ့။ အဲဒီအခါမှာ စောဘဦးကြီးဖခင်က သူ့သားကို “အေး....မင်းလျှောက်လဲချက်တွေ အကုန်ပြည့်စုံပေမဲ့…မပြည့်စုံတာတစ်ခုရှိတယ်..... အဲဒါက.... အဲဒီတရားသူကြီးကို ငါကျွေးသလိုမင်းကျွေးမထားနိုင်ခဲ့ဘူးလေ” လို့ ခပ်အေးအေးပြန်ပြောသတဲ့။
သမိုင်းမ၀င်တဲ့ ဖြစ်ရပ်မှန်ပုံပြင်ကလေးကတော့ ဒါပါဘဲ ။ ဥပဒေပညာရှင် စောဘဦးကြီးဟာ အဲဒီကထဲက.....ဥပဒေဆိုတာဟာ…တစ်ခါတရံမှာ တကပ်တမ်းရိုးသားခံစားရတဲ့သူတွေကို ကာကွယ်ဖို့ထက်...နားလည်တဲ့လူလယ် တွေက ဥပဒေနားမလည်တဲ့ ရိုးသားသူတွေကို ပိုပြီးဖိနှိပ်ဖို့ ”လက်နက်”သဖွယ် ဖြစ်တတ်တယ်ဆိုတာ….နားလည် သဘောပေါက်သွားပုံရပါတယ်။ ဒါကြောင့်လဲ ကရင်အမျိုးသားရေးမှာ “လက်နက်အစစ်” ကိုကိုင်တဲ့လမ်းစဉ်ကို မရွေးမဖြစ် နောက်ဆုံးရွေးခဲ့ရတာ ဖြစ်ချင်လဲဖြစ်မှာပေါ့။
MK ; ၄.၈.၂၀၁၂ --EU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...