Tuesday, October 1, 2013

ဒေါ်စု ဆရာကျော်ဝင်း နှင့် နာကျင်အချိန်ပို

     မနေ့က ဆရာကျော်ဝင်းရဲ့ "တကျော့ပြန်ရယ် ဒီကယ်လှိုင်း" ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတယ်။ တော်တော်လှုပ်ခတ်တာလည်း တွေ့ရတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ရေးကြတဲ့ ပညာရှင်တွေထဲမှာ ဆရာကျော်ဝင်းဟာ လူစိတ်ဝင်စားမှုအများဆုံးနဲ့ လူအယုံကြည်ဆုံး စာရေးသူပဲ။ ခု သူဦးတည်ရေးသားလိုက်တာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။
     ဒီနေရာမှာ စကားစပ်လာလို့ အခြားအကြောင်းအရာလေးကို ဖြတ်ပြောလိုက်ချင်သေးတယ်။ အခု ဒီမိုကရေစီအပြောင်းအလဲအပေါ်ထားတဲ့ တပ်မတော်ဗဟိုပြုအင်အားစုရဲ့ သဘောထားကိုပါ။ တပ်မတော်အစိုးရကနေ အသွင်ပြောင်းလာတဲ့ အနှီအင်အားစုက အခု ဒီမိုကရေစီအပြောင်းအလဲဟာ သူရို့လုပ်တာပါတဲ့။ သူတို့သဘောထားကြီးကြီးနဲ့ ခင်းကျင်းပေးလိုက်တဲ့ အားလုံးအတွက် နိုင်ငံရေးအခင်းအကျင်းသစ်ပါတဲ့။ ဒါဟာ တစ်ပိုင်းတစ်စလောက်တော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ လေနဲ့ငြင်းနေရမယ့်ကိစ္စ မဟုတ်ပါဘူး။ ခက်တာက အပြောင်းအလဲရဲ့ ဖန်တီးရှင်ဆိုသူ အနှီပုဂ္ဂိုလ်များဟာ တိုင်းပြည်ဇာတ်ခေါင်းကွဲပြီး နောက်ကောက်ကျခဲ့တာနဲ့ပတ်သက်လို့တော့ သူတို့မှာ တာဝန်ရှိတယ်လို့ ယောင်လို့တောင် ၀န်မခံခဲ့ဖူးပါဘူး။ ထားပါတော့။ ဒါကတော့ စကားကြုံလို့ ကြားဖြတ်ပြီးပြောတာပါ။ ဆရာကျော်ဝင်းဆောင်းပါးဆီ ပြန်သွားပါ့မယ်။
     မြန်မာနိုင်ငံရေးသမိုင်းမှာ ရယ်ဒီကယ်အစွဲသန်လို့ ဒီမိုကရေစီမဖွံ့ဖြိုးခဲ့ပုံ သမိုင်းသက်သေများနဲ့ ဆောင်းပါးကို စဖွင့်ပါတယ်။ ရယ်ဒီကယ်ရဲ့အဓိပ္ပါယ်ဟာ အဘိဓါန်အရ "အမြစ်မှတော်လှန် ပြောင်းလဲလိုသော" ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ နိုင်ငံရေးအရ သဘောထားမတူသူချင်း အပြန်အလှန် ဖယ်ထုတ်လိုသော၊ ထိပ်တိုက်ရင်ဆိုင်ရေး အပြုတ်တိုက်ရေး ဓလေ့ပါပဲလို့လည်း ထပ်ဆင့်ဖွင့်ဆိုထားပါတယ်။ ဒီမိုကရက်တစ်ဓလေ့ဆိုတာကိုတော့ "သဘောထားမတူသူများ  အတူလက်တွဲညှိနှိုင်းဆောင်ရွက်ကြရမည့်ယဉ်ကျေးမှု" လို့ ပြောပြပါတယ်။
     လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ အုပ်စုငယ်တွေထပ်ခွဲလို့ရနိုင်ပေမယ့် အဓိကအားဖြင့်တော့ သုံးပွင့်ဆိုင်အခင်းအကျင်းပါ။ တပ်မတော်ဗဟိုပြုအင်အားစု၊ အတိုက်အခံအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတို့ပါပဲ။ အဲဒီအင်အားစုသုံးခုဟာလည်း ကွဲပြားတဲ့အခြေခံတန်ဖိုးတွေကို စွဲကိုင်ထားပြီး မတူညီတဲ့နိုင်ငံရေး တူရူချက်တွေ ရှိနေပါတယ်။ ဒီလိုအနေအထားမျိုးမှာ ဒီမိုကရက်တစ်ဓလေ့သည်သာ တစ်ခုတည်းသောထွက်ပေါက်လို့ ဆိုထားတာဟာ သဘာဝကျပါတယ်။
     2.9.2013 မှာ NLD ကကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီမှာ အခြေခံဥပေဒနဲ့ပတ်သက်ပြီး လူထုဆန္ဒခံယူမယ်လို့ ကြေညာထာါးပတယ်။ ဆောင်းပါရှင်က ဒါကိုစိုးရိမ်မိကြောင်း ပြောပါတယ်။ အဲဒီအတိုင်း ဆက်သွားရင် ရယ်ဒီကယ်ချောက်ကမ်းပါးဘက်ကို ယိမ်းသွားနိုင်တယ်လို့လဲ ဆိုပါတယ်။ ဒီခြေလှမ်းဟာ သွေးနုသားနု ဒီမိုကရေစီအတွက် အန္တရာယ်ကြီးလွန်းတယ်လို့ ပွင့်ပွင့်လင်းလင်း သတိပေးလိုက်ပါတယ်။
     ဒီဆောင်းပါးမှာ အဓိကနိုင်ငံရေးအင်အာစုးသုံးခုအနက်က အတိုက်အခံ အင်အားစုတစ်ခုတည်းကိုသာ ဦးတည်ပြောဆိုတာသတိပြုမိပါတယ်။ ဘာကြောင့်လဲ။ အဖြေက ရှင်းရှင်းလေးပါ။ ကျန်တဲ့အင်အားစုတွေဟာ ပြောလို့ဆိုလို့ မရလို့ပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် သူပြောဆို သတိပေး နိုင်တဲ့ အကွာအဝေးရဲ့ ဟိုး  တစ်ဖက်မှာ ရှိနေလို့ပဲ ဖြစ်ပါတယ် ။  အဓိကနိုင်ငံရေးအင်အားစုတွေထဲမှာတော့ အဲဒီအင်အားစုနှစ်ရပ်ဟာ သမိုင်းနဲ့ချီပြီး ခေါင်းမာခဲ့ကြတဲ့ ရယ်ဒီကယ်စစ်စစ်ကြီးတွေပါ။ သူတို့လက်မခံနိုင်တာ လုပ်ဖို့ကြံရင် အင်အားသုံးပြီး ညစ်ဖို့ရာလည်း အဆင်သင့်ပါပဲ။ ဒါကို သဘောမပေါက်ဘဲ ဆရာကျော်ဝင်းစာကို အပေါ်ယံလောက်သာဖတ်ပြီး အတိုက်အခံရဲ့ပင်မရည်ရွယ်ချက်ဟာ မှားသယောင်၊ တပ်မတော်ဗဟိုပြုအင်အားစုကပဲ မှန်သယောင် ထင်မြင်ယူဆမိရင်တော့ ငါးပါးမက မှောက်သွားနိုင်ပါတယ် ။ ဆောင်းပါးမှာ မတို့မထိဘဲ တမင် ချန်လှပ်ထားခဲ့တဲ့  မဟာတံတိုင်းကြီးများရဲ့ မာကျောမှုကို မျက်ခြေပြတ်မသွားဖို့ လိုပါတယ်။
     ဆရာကျော်ဝင်းဆောင်းပါးမှာ အတိုက်အခံရဲ့ ပင်မရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ဝေဖန်ထားတာ တစ်ခွန်းမှ မပါပါဘူး။ အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ့်နည်းလမ်းကိုသာ ပြောနေတာဖြစ်ပါတယ်။ ဒါ နည်းလမ်း ကိစ္စပါ။ 
     လတ်တလော မျက်မှောက်ပြုနေရတဲ့ "နိုင်ငံရေးအခိုက်အတန့်" နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရှုမြင်ပုံနဲ့ ဆရာကျော်ဝင်း ရှုမြင်ပုံ လုံးဝ မတူပါဘူး။ ဒီကွဲပြားမှုဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လက်ရှိနိုင်ငံရေးအခိုက်အတန့်ကို ဆရာကျော်ဝင်းက "တည်တည်ငြိမ်ငြိမ် ရှေ့ဆက်နိုင်ရေးအတွက် အကဲဆတ်လှသော အခြေအနေ" လို့ ရှုမြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ "စစ်မှန်တဲ့ အပြောင်းအလဲအတွက် နောက်တစ်ကြိမ် ပြန်မရနိုင်တဲ့နောက်ဆုံးမိနစ်" အဖြစ် မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲရဲ့ အနှစ်သာရကို အဓိကထား နှလုံးသွင်းပြီး ဆရာကျော်ဝင်းက တည်ငြိမ်မှုကို အလေးကဲလိုဟန် ရှိပါတယ်။ အဲဒီ အခြေခံကွဲပြားမှုကမှ တဆင့် မတူညီတဲ့ နည်းဗျူဟာတွေကို ကိုယ်စီ ကိုယ်စီ အာရုံညွတ်ကြတာလို့ မြင်မိပါတယ်။
     ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်နဲ့ပတ်သက်လို့ နိုင်ငံရေးရည်မှန်းချက်ကြီးသူ ဖြစ်တယ်။ ဒါကြောင့် လုပ်နည်းလုပ်ဟန်မှာ တခြားနိုင်ငံရေးသမားတွေ စောင့်ကြည့်လေ့လာသူတွေနဲ့ မတူတာရှိနိုင်ပါတယ်။ သေချာတာကတော့ ပြည်သူထိခိုက်မယ့်အလုပ်မျိုးကို မိုက်မိုက်မဲမဲ လုပ်မယ့်သူ မဟုတ်ဘူးဆိုတာပါပဲ။ ဒါကလည်း သူ့ရဲ့ဖြတ်သန်းမှုကိုကြည့်ရင် လယ်ပြင်ဆင်သွားသလို ထင်ရှားပြီးသားပါ။
     ဆရာကျော်ဝင်းက သူ့ဆောင်းပါးမှာ ဆန်ရင်းနာနာဖွတ်ထားသလို ရှိပေမယ့် သူတို့ဟာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသူတွေတော့ မဟုတ်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆရာကျော်ဝင်းရဲ့ ပုဂ္ဂိုလ်ရေးအကဲဖြတ်ချက်ကတော့ "ရှားရှားပါးပါး လစ်ဘရယ်စိတ်အခံ ရှိသူ " ပါ တဲ့ ။     ။
Nay Zaw shared Aung Aung's photo.

မနေ့က ဆရာကျော်ဝင်းရဲ့ "တကျော့ပြန်ရယ် ဒီကယ်လှိုင်း" ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတယ်။ တော်တော်လှုပ်ခတ်တာလည်း တွေ့ရတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ရေးကြတဲ့ ပညာရှင်တွေထဲမှာ ဆရာကျော်ဝင်းဟာ လူစိတ်ဝင်စားမှုအများဆုံးနဲ့ လူအယုံကြည်ဆုံး စာရေးသူပဲ။
ခု သူဦးတည်ရေးသားလိုက်တာက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...