Monday, September 23, 2013

State အင်စတီကျူးရှင်းများ ဖွံ့ဖြိုးရေးမော်ဒယ်လ်နှင့် ကိုယ့်အားကိုယ်ကိုးရေး


ပညာရပ်ဆိုင်ရာ အင်စတီကျူးရှင်း အဖွဲ့အစည်းများ၏ လွတ်လပ်စွာ ရပ်တည်မှုနှင့် စပ်လျဉ်းပြီး လစ်ဘရယ်နိုင်ငံများ၌ နိုင်ငံတော် အဆင့်တွင် အနည်းဆုံးလေးခုမက ရှိသည်ကို လေ့လာတွေ့ရှိရသည်။
မြန်မာနိုင်ငံအနေနှင့် နိုင်ငံတော် အဆင့်အင် စတီကျူးရှင်းများ သီးခြားခွဲထွက် ဖွဲ့စည်း ရှင်သန်နိုင်ပါက ယခုသွားနေသော ပြုပြင်ပြောင်းလဲရေး၏ ပင်မကျောရိုးဖြစ် လာနိုင်ခြေ ရှိသည်ကို အလေးအနက် ထားသင့်သည်။

အခြားတစ်ဖက်၌လည်း အစိုးရအဖွဲ့နှင့် နိုင်ငံတော် အဆင့်အင် စတီကျူးရှင်းများ သီးခြားလွတ်လပ်စွာ ရပ်တည်မှုကြောင့် ဖွံ့ဖြိုးမှုအတွက် အစိုးရပေါ်လစီ ဖြစ်စဉ်များကို Checks and Balances လုပ်ရာတွင် ပိုမို ခရီးရောက်နိုင်ပြီး လုပ်ငန်းစဉ်များက သွက်လက်လာသည်ကို နိုင်ငံတကာ ဖွံ့ဖြိုးမှု အတွေ့အကြုံ များအရ သိသာစေသည်။ ဆိုလိုသည်မှာ အစိုးရအဖွဲ့မှ ခွဲထွက်မည် ဆိုသော်လည်း အစိုးရနှင့် နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းများက အပြန်အလှန် တာဝန်ခံမှုနှင့် အပြန်အလှန် ဆက်သွယ်မှုများကိုမူ သီးသန့်ထားရှိရမည် ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ KDI၊ Research Institute များ၊ ဂျပန်နိုင်ငံမှ JICA၊ JETRO၊ စင်ကာပူတွင် Institue of Policy Studies၊ Asian Century Institute၊ NUS Centre များ၊ ထိုင်းနိုင်ငံ၏ State Institution များက အစိုးရပေါ်လစီနှင့် စတိတ် အင်စတီကျူးရှင်း ယဉ်ကျေးမှုဖြင့် ဖွံ့ဖြိုးမှု အတွေ့အကြုံများ ရှိပြီးဖြစ်သည်။

ထို့အပြင် နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းများက လွှတ်တော်၏ စောင့်ကြည့်မှု၊ လွှတ်တော်ကို ပြန်လည် စောင့်ကြည့် အကြံပေးမှုနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်သည်။ ထိုအဆင့်အတန်းမျိုးကို နိုင်ငံတော်က သီးခြားတည်ဆောက်ရန် အပူးတပြင်း လိုအပ်နေသည်မှာ ခေတ်မီကမ္ဘာကြီး သို့မဟုတ် တတိယကမ္ဘာ့ နိုင်ငံများနှင့် နှိုင်းယှဉ်ခြင်းဖြင့် လည်းကောင်း၊ Capacity ပိုင်းဆိုင်ရာ အားနည်းချက်များကို မရှက်မကြောက် ဝန်ခံခြင်းဖြင့် လည်းကောင်း၊ ဖွံ့ဖြိုးမှုကို ဆွဲတင်ရာတွင် အရပ်ဘက် အင်စတီကျူးရှင်း အားနည်းခြင်းကြောင့် လည်းကောင်း လုံလောက်နေပြီ ဖြစ်သည်။

ဤကဲ့သို့ နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းများမှာ
(၁) ဗဟိုဘဏ်နှင့်အဖွဲ့
(၂) ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် အဖွဲ့
(၃) ပြည်ထောင်စု ဗဟိုစာရင်းအင်းဥက္ကဋ္ဌနှင့် အဖွဲ့
(၄) ပြည်ထောင်စု ရာထူးဝန်အဖွဲ့
(၅) ပြည်ထောင်စု ရှေ့နေချုပ်နှင့်အဖွဲ့
(၆) တက္ကသိုလ်များ ဗဟိုကောင်စီအဖွဲ့ စသည်တို့ ဖြစ်သည်။
သမ္မတ ဖွဲ့စည်းပေးခဲ့သော ဘဏ္ဍာရေး ကော်မရှင်ကိုလည်း ထည့်သွင်း စဉ်းစားနိုင်သည်။ သမ္မတက ဖွဲ့စည်းထားသော လူအခွင့်အရေး ကော်မရှင်နှင့် မြန်မာ့ငြိမ်းချမ်းရေး စင်တာ စသည်တို့သည် Semi-government များ ဖြစ်သည်။ သို့သော် လွှတ်လပ်သော အင်စတီကျူးရှင်းများ ဖြစ်ရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။

ယခုအစိုးရ၏ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ယန္တရား ဖြစ်စဉ်များ၏ အခရာကျသော အဆိုပါ နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းများ လိုအပ်မှုကြောင့် နိုင်ငံတကာ အကူအညီနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမှုသည် အမျိုးသားအဆင့် စီမံကိန်းများ ရေးဆွဲရာတွင် စာရင်းအင်း အချက်အလက်များ မည်မျှအရေးပါ ကြောင်းကို ထင်ဟပ်စေပါသည်။

၂၀၁၃ ခုနှစ် ဗဟိုဘဏ် ဥပဒေသစ် ထွက်ပေါ်လာပြီး ဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ မဆိုင်းမတွပင် ရွေးချယ် ခန့်အပ်ခဲ့ပြီးနောက် ငွေကြေးနှင့် ဘဏ္ဍာရေး ဈေးကွက်၏ နိုင်ငံတော်အဆင့် အင်စတီကျူးရှင်း စတင်ဖွဲ့စည်းနိုင်ခဲ့ခြင်းကို ကြိုဆိုရမည် ဖြစ်သည်။ အခြားသော နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းများ အမည်ခံ ဖွဲ့စည်းထားခြင်း ရှိပြီဆိုသော်လည်း ယခုလိုအပ်နေသည်မှာ အပြန်အလှန် ထိန်းကျောင်းရန်အတွက် လွတ်လပ်စွာ ရပ်တည်မှုနှင့် ခိုင်မာသောဥပဒေ၊ နည်းဥပဒေဖြင့် ကျားကန်ပေးမှုအတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်က ဖြည့်ဆည်းပေးရန် လိုအပ်နေကြောင်းကို ယခုဆောင်းပါးမှ တစ်ဆင့်လှစ်ဟပြရခြင်း ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှုကို ဦးစားပေးထားသော စီးပွားရေး စီမံကိန်းများ၊ ဖွံ့ဖြိုးမှုညွန်းကိန်းများ တွက်ချက်ရာတွင် လိုအပ်နေသည့် ကိန်းဂဏန်းဆိုင်ရာများနှင့် အစိုးရ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်) ၏ သုံးစွဲပုံကို ထောက်ပြရန် လိုအပ်နေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော် အဆင့်အင် စတီကျူးရှင်းများ လွတ်လပ်စွာ ရပ်တည်နေကြောင်းကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဂုဏ်သိက္ခာရှိစွာ ထုတ်ဖော်နိုင်မည် ဖြစ်သည်။

အာဏာပိုင်ဝါဒီတို့၏ ဂိတ်ဆုံးနှင့် ကိုယ့်အားကိုယ်ကိုးပေါ်လစီ

အလှမ်းဝေးလှသော လက်တင်အမေရိက နိုင်ငံများ၏ Demilitarization အကူးအပြောင်းများကို ချိန်ထိုး ရှင်းပြခြင်းထက် အာရှ၏ ဖြစ်လေ့ဖြစ်ထရှိသော Demilitarization ဖြစ်စဉ်နှင့် အာဏာပိုင်ဝါဒ ရောထွေးသူများ၏ နိုင်ငံရေး နောက်ပြန်ဆုတ်မှု အတွေ့အကြုံများကို ခွဲခြမ်း စိတ်ဖြာကြည့်မှသာ ယထာဘူတ ကျမည်ဖြစ်သည်။ အာရှနိုင်ငံရေး မော်ဒယ်လ် သည် စစ်တပ်နှင့် အာဏာပိုင် ဝါဒရောထွေးမှု၊ တစ်ပါတီ နိုင်ငံရေးစနစ် ယဉ်ကျေးမှု ဖြစ်ထွန်းခဲ့ကြသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံရေး စစ်ဘက် ပါဝင်ပတ်သက်မှုသည် ဆယ်စုနှစ် ငါးခုကျော်ကြာခဲ့သည်။ အင်ဒိုနီးရှား ဆူဟာတိုစစ်ဘက် နိုင်ငံရေး စွက်ဖက်မှုသည် ဆယ်စုလေးခုကျော် ပါဝင်ပတ်သက်ခဲ့သည်။ တောင်ကိုရီးယား ဖွံ့ဖြိုးမှု တည်ဆောက်မှုတွင် ဂျင်နရယ် ပတ်ကျုံးဟီး၏ ကျေးဇူးမေ့သူ မည်သည့် တောင်ကိုရီးယားနိုင်ငံသား တစ်ဦးတစ်ယောက်မျှမရှိ။ ထိုင်ဝမ်၏ ထွန်းသစ်စ နိုင်ငံအဖြစ် ရပ်တည်မှုကို ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်က အရင်းရှင်ဈေးကွက် စီးပွားရေးဖြင့် ပုံဖော်ခဲ့သည်။ ဖိလစ်ပိုင်၏ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုအတွက် ဗိုလ်ချုပ်ကြီး ရာမိုစ်ကို မေ့ကြသေးမည် မဟုတ်ပေ။ ယခုလည်း အင်ဒိုနီးရှား၏ ပဲ့ကိုင်ရှင် သမ္မတဆူဒိုယူနိုဘန်ဘန်းမှာ မျက်မှောက် သက်သေဖြစ်သည်။ ထို့ကြောင့် အရှေ့တောင်နှင့်အာရှတွင် ပတ်ကျုံဟီး၊ ပရင်မ့်နှင့် ရာမိုစ် နာမည်ကောင်း ထွက်မှုနှင့် အာဖရိကတွင် မူဂါဘီ၊ ကဒါဖီနှင့် ဆက်ဒမ်ဟူစိန်တို့ နာမည်ဆိုးထွက်မှုက သမိုင်းမှတ်တမ်း ရှိနေမည်ဖြစ်သည်။

ဤတွင် စစ်ဘက်မှ နိုင်ငံရေး၌ မပါမဖြစ်နှင့် အရေးပါလှသည်ကို အမွှန်းတင်ခြင်း မဟုတ်ပါ။ စစ်ဘက်က ပါဝင်ပတ်သက်ခဲ့မှုများကို ဖော်ပြလိုရင်းသာ ဖြစ်သည်။ ထိုစစ်ဘက်နိုင်ငံရေး တာဝန်ယူမှုတွင် ၎င်းတို့၏ ကိုယ်ပိုင် အရည်အချင်း၊ ပညာ၊ အတွေ့အကြုံ၊ ဆန္ဒနှင့် စိတ်ဓာတ်ရေးရာ ကွာခြားချက်ကြောင့် ပြောင်းလဲသွားခဲ့သော နိုင်ငံရေးဖြစ်စဉ်ကို သီးသန့် ရည်ညွန်းရခြင်း ဖြစ်ပေသည်။ စစ်ဘက်၏ နိုင်ငံရေး နောက်ကြောင်းပြန်မှုတွင် အကျိုးစီးပွားများအားလုံး ပြစ်ပုံချခဲ့ပါသလား၊ တစ်ဝက်တစ်ပျက်လား၊ ပူးတုံခွာတုံလား ဆိုသည်ကို အလေးပေးလေ့လာမှသာ မြန်မာ့ဖွံ့ဖြိုးမှုအတွက် ကိုယ့်အားကိုယ်ကိုးရေး လမ်းစဉ်မှာ ရှင်းလင်းလာမည် ဖြစ်သည်။

ကောက်ချက်မှာ စစ်ဘက်နှင့် အာဏာပိုင်ဝါဒ ရောထွေးသူများ၏ နိုင်ငံရေး နောက်ဆုတ်မှု အတိုင်းအတာ၊ ပေးထားချက် ဂိတ်ဆုံးမှာ ၎င်းတို့ အကျိုးစီးပွား မပျက်သုဉ်းရေးအတွက် ရာနှုန်းပြည့်နီးပါး အာမခံနိုင်သော အခြေအနေတစ်ရပ် ဖန်တီးထားရစ်ခဲ့သည်ကို မထိပါးသော ပေါ်လစီမူဝါဒများသာ ဖြစ်ပါသည်။ ထို့ကြောင့် Reform ကိစ္စများ၊ မြန်မာ အကျပ်အတည်းများ အလုံးစုံ ဖြေရှင်းဆောင်ရွက်ရာတွင် စစ်ဘက်နှင့် အာဏာပိုင်ဝါဒ ရောထွေးနေသူများကို အားကိုးအားထားပြုရန်၊ အလွန်အကျွံ မှီခိုမှုမပြုကြရန် အဖြေထွက်လာမည် ဖြစ်သည်။

ဆိုလိုသည်မှာ မြန်မာ့ချို့ယွင်းချက်များအတွက် အစိုးရအပေါ် အလုံးစုံ မျှော်လင့်မထားရန်၊ မျှော်လင့်မထားသင့်ဘဲ မိမိတို့ စွမ်းဆောင်ရည်နှင့် အင်စတီးကျူးရှင်းပိုင်းဆိုင်ရာ တိုးတက်မှုကို ဖန်တီးတည်ဆောက်ကြရန်မှာ ရီဖောင့်မစ်များနှင့် ပြည်သူလူထုအားလုံး နားလည် သဘောပေါက်ရန် လိုအပ်လာပြီ ဖြစ်သည်။ အကူးအပြောင်းတိုင်းတွင် ၎င်းတို့ စေတနာ ဗလပွ ရှိသည်ဆိုစေ၊ ဆန္ဒပြင်းပြလွန်းပါသည်ဟု အကြောင်းပြပြ၊ အကျိုးစီးပွားနှင့် Capacity ပိုင်းအားနည်းချက်များ ရှိနေခဲ့သောကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံတော် တည်ဆောက်ရေးသို့ သွားရာလမ်းတွင် ကိုယ့်ကိုယ်ကိုယ် အားကိုးကြရန်သာ သမိုင်းပေးတာဝန် ဖြစ်လာသည်။ ထိုဖွံ့ဖြိုးမှု စီမံကိန်းများကို မဟာဗျူဟာ၊ နည်းဗျူဟာချမှတ် ဆောင်ရွက်ရန် အချိန်သို့ ကျရောက်နေပြီ ဖြစ်သည်။

စစ်ဘက်နှင့် အာဏာပိုင်ဝါဒ ရောထွေးသူများ၏ နိုင်ငံရေး နောက်ပြန်ဆုတ်မှု ဖြစ်ရပ်တိုင်းသည် ၎င်းတို့ ကိုယ်ပိုင်အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် ကျန်သည့်အပိုင်းမှာ လူထုနှင့် ရီဖောင့်မစ်များ၏ တာဝန်သာဖြစ်သည် ကိုခံယူရမည် ဖြစ်သည်။ အကျိုးစီးပွား အားပြိုင်မှုများကို နိုင်ငံရေးပုံဖော်မှုတွင် ကာလတစ်ခုအထိ အချိန်ယူ ဖြေရှင်းနေပါက ကျန်သည့်အချိန် ကာလအပိုင်းမှာ တိုးတောင်းသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးရေးအတွက် နောက်ကျနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်မှာ ခွာကြည့်ရန်၊ အပြင်ထွက်ပြီး အတွင်းသို့ ပြန်ကြည့်ရန် လိုလာပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စစ်ဘက်နှင့် အာဏာပိုင်ဝါဒ ရောထွေးသူများသည် မည်သည့်အခါကမှ စေတနာရှိခဲ့သည် မရှိပေ။ မိမိတို့ပြဿနာ မိမိတို့သာ ဖြေရှင်းကြရန်သာ ဖြစ်သည်။ ထိုအသွင်ပြောင်းလဲမှု ဖြစ်စဉ်မျိုးကို ဖိလစ်ပိုင်သမ္မတ ရာမိုစ်နှင့် အင်ဒိုနီးရှား သမ္မတတို့က ဥပမာပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ယခုကဲ့သို့ ရှည်လျားစွာ ရှင်းလင်းနေရခြင်းမှာ နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍ အရေးပါမှုကို ချိတ်ဆက်ကြည့်မှသာ မြင်နိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။

ဘတ်ဂျက်နှင့် တင်ဒါစောင့်ကြည့်ရေးအဖွဲ့

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး မှတ်တမ်းအရ လသာမြို့နယ် မဲဆန္ဒနယ်မှ အမတ်ဦးကြည်မြင့် တင်သွင်းသော အဆိုတစ်ရပ်မှာ ... စီးပွားရေးနှိုးဆွ ငွေကြေး ကြိုတင်သုံးစွဲသမျှ ဘတ်ဂျက်ကာလ တစ်ခုအတွင်း ပြန်လည် ဖြည့်တင်းသွားရန် စောင့်ကြည့် ထိန်းကျောင်းရေး အဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်းခြင်းဟု ဆိုရမည့် ... နိုင်ငံတော်အဆင့် အင်စတီကျူးရှင်အဆို ရှုံးနိမ့်ခဲ့ပုံဖြင့် သာဓကပြမည် ဖြစ်သည်။ ဦးကြည်မြင့် တင်သွင်းသည့် အဆိုကို လွှတ်တော်အမတ် သုံးဦးနှင့် ပြည်ထောင်စုဝန်ကြီးတို့က ကန့်ကွက် ဆွေးနွေးခဲ့ခြင်းကြောင့် အဆိုရုပ်သိမ်းသွားခဲ့သည်။ လွှတ်တော်အမတ် ဦးကြည်မြင့် ပြန်လည် ရှင်းလင်းချက်သည် ဘောဂဗေဒ တရားများ ဖြစ်သောကြောင့် လက်ခံနိုင်ဖွယ် ရှိသည်။ စီးပွားရေး သီအိုရီအတိုင်းဆိုလျှင် အစိုးရသုံးစွဲသော ငွေကြေးများကြောင့် ကုန်ပစ္စည်းများ ပေါများလာခြင်း၊ အလုပ်အကိုင်များ ပေါများလာခြင်း၊ ဝင်ငွေများ မြင့်တက်လာခြင်း၊ ထိုမှအစိုးရ ဘဏ္ဍာအခွန် ရရှိမှု မြင့်တက်လာ ခြင်းစသည့် ဈေးကွက်ယန္တရား ဖြစ်စဉ်များနှင့် ငွေကြေးဖောင်းပွမှု ဖြစ်စဉ်ကို စောင့်ကြည့် ထိန်းကျောင်းရေး အဖွဲအစည်း ဖွဲ့စည်းရန် ဖြစ်ကြောင်းကို ဦးတည်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အစိုးရ ဦးဆောင် အသုံးစရိတ်များ အလေ့အလွင့် မရှိအောင် ထိန်းကျောင်းရန် နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းများ လိုအပ်သည်ကို ၂၀၁၁ ခုနှစ်ကတည်းက ထောက်ပြခဲ့ခြင်း ဖြစ်သည်။

ယခုလည်း လွန်ခဲ့သော ဇွန်လပိုင်းမှ စတင်ကာ အစိုးရတင်ဒါများ ရက်ဆက်တိုက် ခေါ်ဆိုနေသည်ကို အစိုးရထုတ် သတင်းစာတွင် တွေ့မြင်ရပြီး ဖြစ်သည်။ အစိုးရတင်ဒါ သို့မဟုတ် အစိုးရ အသုံးစရိတ်များဟု ဆိုရမည် ဖြစ်သောကြောင့် ယခုနှစ်စပိုင်းက ရေးဆွဲခဲ့သော အစိုးရလိုငွေပြ ဘတ်ဂျက် စီမံကိန်းဖြင့်သွားသော ပေါ်လစီကို ဆန်းစစ်ရန်လည်း အကြောင်းဖန်လာသည်။

အစိုးရ၏ လိုငွေပြ အသုံးစရိတ်များ၊ နိုင်ငံတကာ ပံ့ပိုးငွေများ၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ၏ ချေးငွေများ၊ ထောက်ပံ့ငွေများဖြင့် သွားနေသော အသုံးစရိတ် စီးပွားရေးဖြင့် ပုံဖော်နေသည်မှာ ယခုအချိန်တွင် ဖြစ်နိုင်စွမ်းရှိသော လက်ဆုပ်လက်ကိုင် ပြနိုင်သော ရလဒ်ကောင်း တစ်ခုတလေ ရှိသင့်နေပြီ ဖြစ်သည်။ အသုံးစရိတ် သီအိုရီကြောင့် အစိုးရတွင် ကုန်ထုတ်လုပ်ရေးနှင့် ကုန်ထုတ်စွမ်းအားမဲ့သည့် Sector များအတွက် အသုံးစရိတ်များ တင်းကြမ်းသုံးစွဲနေရာ အမှန်တကယ်အားဖြင့် ဈေးကွက် သို့မဟုတ် လူထုလက်ထဲတွင် ငွေကြေး ပိုပိုလျှံလျှံ သုံးစွဲလာနိုင်သည့် အခြေအနေ ဖြစ်ရမည်။ လူထု၏ အလုပ်အကိုင် လက်မဲ့အား ဖြေရှင်းပေးခြင်းနှင့် အလုပ်ရရှိမှုမှာလည်း ဖောခြင်းသောခြင်း ဖြစ်နေရမည်။ ဈေးကွက်အတွင်း ငွေသွား ငွေလာများ သွက်သွက်လက်လက် လှုပ်ယမ်းနေရမည့် အချိန်သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။ ထိုညွှန်းကိန်းများသည် ဘောဂဗေဒ သဘောတရားမှ ရိုးရိုးရှင်းရှင်းလေး နားလည်လွယ်ရန် ရှင်းပြခြင်း ဖြစ်သည်။ သို့သော် သီအိုရီအရ ဘောင်မလွတ်ပါ။

အစိုးရအဖွဲ့တွင် ကော်မတီ စုစုပေါင်း ၂၅ ခု၊ ကော်မရှင်နှစ်ခုနှင့် အဖွဲ့ခုနစ်ခု ဖွဲ့စည်းထားပြီး ဖြစ်သည်။ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ၊ ကော်မရှင်များ စုစုပေါင်း ၂၄ ခုဖွဲ့စည်းထားပြီး ဖြစ်သည်။ သို့သော် လိုအပ်နေသာ နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းဖြစ်သည့် ဘတ်ဂျက် အသုံးစရိတ်များ လေ့လာစောင့်ကြည့် ထိန်းကျောင်းရေးနှင့် အစိုးရတင်ဒါများ ပွင့်လင်းမြင်သာမှု လေ့လာစောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းသင့်သည်ကို စောကြောလိုခြင်း ဖြစ်သည်။ ထိုအခြေအနေများကို စောင့်ကြည့်ရန် အထက်ဖော်ပြပါ လွတ်လပ်စွာ ရပ်တည်လာသော State အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍ အပူတပြင်း လိုအပ်လာသည့် အချိန်သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။

အစိုးရအဖွဲ့နှင့် လွှတ်တော်များကား ဤအချက်ကို မမေ့သင့်အပ်။

သန်းစိုး (ဘောဂဗေဒ)
 The Voice Weekly Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...