Tuesday, September 17, 2013

" Power Center တို့၏ အားပြိုင်မှုနှင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်း"


ဒီမိုကရေစီနိုင်ငံများတွင် Sovereignty ဆိုသည့် အချုပ်အခြာအာဏာကို အုပ်ချုပ်ရေးအာဏာ (Executive Power)၊ ဥပဒေပြုအာဏာ (Legislature Power)၊ တရားစီရင်ရေးအာဏာ (Judiciary Power) ဟူ၍ အာဏာသုံးရပ်ပိုင်းခြားခွဲဝေမှု (Separation of Powers)စနစ်ဖြင့် အာဏာခွဲဝေအသုံးပြုကြရပါသည်။ သို့ရာတွင် အဆိုပါ အာဏာသုံးရပ်ကို သီးခြားကင်းလွတ်စွာထားပါက အာဏာ အချင်းချင်းပြိုင်ဆိုင်မှု သို့တည်းမဟုတ် အာဏာလွန်ဆွဲမှုများ ဖြစ်ပေါ်တတ်ပြီး နိုင်ငံတော်ဟူသည့် Institution တစ်ခု မျှခြေပျက်သွားတတ်ကာ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့်ပင် ယင်းအာဏာ သုံးရပ်ကို အပြန်အလှန်ထိန်းညှိမှု (Check and Balance) ပြုလုပ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပြဌာန်းပေးရပါသည်။
မြန်မာနိုင်ငံတွင်မူ အနားယူသွားသူကြီး၏ စနစ်ကျသည့် အသွင်ကူးပြောင်း ရေး တင်ကူး စီမံချက်များအရ တပ်မတော် (Military Power) ကိုမူ သမ္မတ၏ လက်အောက်တွင် ထားရှိခြင်းမရှိပဲ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက် စီမံအုပ်ချုပ်မှုအောက်တွင်သာ ထားရှိခဲ့သည်သာ တွေ့ရပါသည်။ သို့ဖြင့် မြန်မာနိုင်ငံ၏ အာဏာအမွေခွဲဝေမှုတွင် အာဏာ(၄)ရပ် တစ်နည်းအား ဖြင့် Power Center (၄)ခု ရှိလာပါတော့သည်။ မြန်မာ့နိုင်ငံရေး ဇာတ်သိမ်းပိုင်းတွင် အလွမ်းနှင့် သိမ်းမလား၊ ပျော်ရွှင်စွာ ပေါင်းကြမလား၊ အလဲလဲအကွဲကွဲဖြင့် ဇာတ်ပျက်မလား ဆိုသည်မှာ ထို Power Center (၄) ခု၏ အာဏာကျင့်သုံးမှု အပေါ်၌ မူတည်နေပါသည်။

ယနေ့နိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံရေးလေ့လာသူများ သတိမမူ၊ ဂူမမြင် ဖြစ်နေသည့် အရေးကြီးဆုံးတစ်ချက်မှာ တပ်မတော်နှင့် အစိုးရ၊ အစိုးရနှင့် လွှတ်တော်၊ လွှတ်တော်နှင့် တပ်မတော်၊ အနိုင်ရပါတီနှင့် အတိုက်အခံပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အတိုက်အခံပါတီတို့၏ ပွတ်တိုက်မှုများကိုပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ တပ်မတော်သည် အစိုးရ၏ ညွှန်ကြားမှုအောက်တွင် ရှိမနေဆိုသည့်အချက်အား မေ့လျော့နေကြကြောင်းကို အရပ်ဘက်အဖွဲ့အစည်းများနှင့် Interest Group များ၏ ကချင်စစ်ပွဲများအရေး၌ အစိုးရကို ဖိအားပေးမှုများကို ကြည့်လျှင် သိသာခဲ့ပါသည်။ နောက်တစ်ချက်မှာ Power Center (၄) ခုအနက်၊ အစိုးရ၊ လွှတ်တော်နှင့် တပ် မတော်တို့၏ အာဏာသည် တရားစီရင်ရေးအာဏာထက် ပိုမိုသာလွန်နေခြင်းပင် ဖြစ်သည်။ ဤသည်မှာ ထုံးစံအရ နိုင်ငံတကာတွင်လည်း တရားစီရင်ရေးအာဏာ၏ လုပ်ပိုင်ခွင့်အာဏာသည် တရားစီရင်ရေး ရပ်ဝန်းဖြစ်သည့် တရားရုံးနှင့် ခုံရုံးများတွင်သာ ရပ်တည်နေသဖြင့် ကျန်အာဏာ (၃) ခုကဲ့သို့ ထင်ရှားခြင်း မရှိခြင်းလည်း ဖြစ်ပါသည်။ သို့သော် ပြောစရာရှိသည်မှာ လွှတ်တော်သည် တရားစီရင်ရေးအာဏာ၏ လုပ်ပိုင်ခွင့်များကို လျှော့ချရန် ကြိုးစားမှုများကို မကြာခဏတွေ့မြင်နေရခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် တရားသူကြီးသက်တမ်းကို လျှော့ချလိုခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို ဖြုတ်ချခြင်းများပင် ဖြစ်ပါသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးခေါ်ယူကျင်းပရာတွင် လွှတ်တော်ဥက္ကဌ နှစ်ဦးကို ချန်လှပ်ထား ခဲ့ရာ၊ ပြည်သူ့ လွှတ်တော်ဥက္ကဌမှ သမ္မတသို့ ကာလုံ အစည်းအဝေးခေါ်ရန် စာပို့ခြင်း များသည်လည်း နိုင်ငံတော်၏ အမြင့်ဆုံးသော အာဏာရယူသုံးစွဲနိုင်သူ (Power Elite) တို့၏ အားပြိုင်မှုများဖြစ်သည်။ ထို့အတူပင် အစိုးရနှင့် လွှတ်တော်တို့၏ အာဏာပွတ်တိုက်မှုများကိုလည်း ကြိမ်ဖန် များစွာ တွေ့ရပြန်ပါသည်။ ပုံမှန်းအားဖြင့် ဒီမိုကရေစီစနစ်အရ အာဏာအပြန်အလှန် ထိညှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပွတ်တိုက်မှုများသည် သမရိုးကျဖြစ်သော်ငြားလည်း အာဏာလွန်ဆွဲသည့်အနေအထားမျိုး တစ်နည်းအားဖြင့် Power Struggle ပြုလုပ်မှုများသည် အာဏာညီမျှမှု (Balance of Power) မဖြစ်စေနိုင်တော့ပဲ မျှခြေ ပျက်သွားတတ်ပါသည်။ 

ထိုမျှခြေပျက်ခြင်း၏နောက်ဆက်တွဲများတွင် နိုင်ငံရေးတည် ငြိမ်မှုအခြေအနေပျက်ပြားခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့်ပင် မြန်မာ့နိုင်ငံရေး၏ ဇာတ်သိမ်းခန်းသည် ယင်း Power Center (၄) ခု အပေါ်တည်မှီနေ သည်ဟု ပြောခြင်းဖြစ်ပါသည်။ လတ်တလောအခြေအနေအရ လူတိုင်းစိတ်ဝင်စားနေသည့် ၁၁ ဘီလျံ ကိစ္စတွင် တပ်မတော်နှင့် အစိုးရအကြား ကြီးမားသည့် ပွတ်တိုက်မှုတစ်ခုဖြစ်ပေါ်လာနိုင်ပြီး၊ ယင်း၏ အဆုံးသတ်သည် လှပ နိုင်ခြေ နည်းပါးမည်ဖြစ်ရာ နှစ်ဦး၊ နှစ်ဘက် အကျိုးမရှိသည့် Game တစ်ခုဖြစ်ပါ သည်။ ဤအခြေအနေမျိုးတွင် လွှတ်တော်သည် တစ်ဘက်ဘက်မှ ရပ်တည်ခြင်းထက် Moderator နေရာတွင် ရှိနေခြင်းမျိုး၊ စေ့စပ်ဆွေးနွေးသူ (Negotiator) အဖြစ်ရပ်တည်ကာ ထိန်းညှိပေးခြင်းမျိုးက ပိုသင့်တော်မည့် ကာလဖြစ်ပါသည်။ သို့မဟုတ်ပါက နောက်ကြောင်းပြန်လှည့်သည့် အန္ဒရာယ်ကို ကြုံတွေ့နိုင်ဖွယ်ရှိပါသည်။ သို့သော် U-Turn သည် အာဏာမက်မော၍ ပြန်လှည့်ခြင်း ထက် ချောင်ပိတ်ရိုက်ခံရသည့်အခြေအနေမှ ရှောင်လွှဲနိုင်ရန် ဖန်တီးရသည့် အနေအထားဖြစ်ပါလိမ့်မည်။

သို့ဖြစ်၍ ဂယ်ပေါက်တစ်ခုဖွင့်ပေးခြင်းဖြင့် ယုံကြည်မှုပျက်ပြားစေကို ဖါ ထေးသွားနိုင်ပါလိမ့်မည်။ ထိုသို့မဟုတ်ပဲ နှစ်ဘက်ထိပ်တိုက်တွေ့နိုင်သည့် နည်းလမ်းကို ဆက်လက်အသုံးပြုနေဦးမည်ဆိုပါက ရလဒ်ကောင်းနိုင်မည်မဟုတ်ပဲ အမျိုးသား ရင်ကြားစေ့ရေးပျက်ပြားခြင်းနှင့် ဒီမိုကရေစီကျဆုံးခြင်းများ ကိုသာ အကြွင်းရရှိမည်ဖြစ်ရာ၊ ယခု လတ်တလော အခြေအနေတွင် ပြုပြင်ပြောင်းလဲရေးကို ပိုမို လိုလားသော သို့တည်းမဟုတ် ပျော့ပြောင်းသော ဘက် (အုပ်စု) မှ အရင်လျှော့ပေးရတော့မည်ဖြစ်ကြောင်း သုံးသပ် ရပါတော့သည်။

(လင်းသက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...