Thursday, September 26, 2013

တွက်နည်းသိဖို့ လိုပါသည်

September 25, 2013 at 11:10pm


ယနေ့အချိန်ဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြုပြင်ပြောင်းလဲရေးတွေအတွက် အားစိုက် လုပ်ဆောင်နေကြချိန်ဖြစ်ပါသည်။ ဒီလိုလုပ်ဆောင်နေချိန်ဖြစ်တာနဲ့ အညီ တွေ့ဆုံဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ပညာနှီးနှောဖလှယ်ပွဲတွေကလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်လာကြ တာ တွေ့ရပါသည်။
ဒီလုပ်ဆောင်မှုတွေနဲ့အတူ ကျွန်တော်တို့နိုင်ငံရဲ့လူကြီးတွေရော လူငယ်တွေပါ သင်တန်းတွေတက်ရ၊ အစည်းအဝေးတွေတက်ရ၊ မှတ်တမ်းတွေရေးရနဲ့ ကြည့်လိုက်ရင် အားတယ်လို့မရှိဘဲ အမြဲတမ်းလိုလို အလုပ်ရှုပ်နေတာတွေ့ရပါသည်။ ဒီလိုကြိုးစားလုပ်ဆောင်နေမှုတွေဟာ နိုင်ငံအတွက် ခွန်အားတွေပဲဖြစ်ပါသည်။
တစ်နေ့ မောင်ဖိုးပြားတစ်ယောက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစည်းအဝေးတစ်ခု သွားတက်ရပါသည်။ စာတမ်းဖတ်တာတွေ၊ တွေ့ဆုံတာတွေ အကြံပေးတာတွေလုပ်ကြတဲ့ပွဲဖြစ်ပါသည်။ မိမိတို့ရဲ့တွေ့ရှိချက်တွေကို တင်ပြကြ၊ ထောက်ပြကြ၊ ပြန်လည်ချေပကြနဲ့ စိတ်ဝင်စားဖို့ကောင်းလွန်းလှပါသည်။ ကျွမ်းကျင်ပညာရှင်တွေက ဝေဖန်အကြံပေးကြသည်။ သုံးသပ်ကြသည်။ အတိတ်က အဖြစ်အပျက်တွေကို ဥပမာပြုတတ်ကြသလို၊ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတွေကို ဥပမာပြုပြီး အချက်အလက်တွေ ကိန်းဂဏန်းတွေဖြင့် တင်ပြကြပါသည်။

လက်တွေ့သမားတွေက သတင်းအချက်အလက်တွေ သိပ်မစုဆောင်း၊ ယခုလက်ရှိအဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ပြီးလုပ်ကိုင်ကြသည်။ အမှားတွေ့လျှင် သင်ခန်းစာယူကြသည်။ သူ့နည်းသူ့ဟန်နဲ့တော့ ဟုတ်နေကြတာပါပဲ။ အဆင်လည်းပြေနေခဲ့တာပဲလေ။ ဒါပေမယ့် ဘာလို့လည်း မသိဘူးဗျ၊ ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးမှု နောက်အကျဆုံးနိုင်ငံထဲမှာပါတယ်ဆိုပဲ။
ဒါတွေကဘာကြောင့်ဆိုတာကို တင်ပြကြတယ်ဗျ။ အခြေခံအချက်ကတော့ အုပ်ချုပ်မှုစနစ်ကြောင့်၊ ပညာရေးစနစ်ကြောင့် စတဲ့ ကြောင့်ပေါင်းများစွာနဲ့ ရှင်းလင်းသွားကြတာများ ဟုတ်ပေသားပဲပေါ့။ သေချာတာပေါ့ ဒီအချက်တွေကြောင့် နောက်ကျခဲ့တာ။ ဥပမာ ပညာရေးစနစ်ပေါ့ဗျာ။ ကျောင်းတွေက မြို့ပြင်မှာရှိနေလို့ မြို့ထဲကိုရွှေ့ပေး၊ သင်ထောက်ကူ ပစ္စည်းမစုံလင်လို့ စုံအောင်လုပ်ပေး၊ ဆရာတွေက အရည်အချင်းမရှိဘူး၊ စာမေးပွဲအကဲဖြတ်စနစ်က မကောင်းလို့၊ တက္ကသိုလ်ပညာရေးက ကျောင်းသားတွေအတွက် အာမခံချက်မပေးနိုင်လို့ စတဲ့ အကြောင်းပြချက်တွေပေါ့ဗျာ။ ဆက်ပြောနေရင် ပြီးတောင်ပြီးပါတော့မလားမသိ။

အထက်က အချက်တွေက အကုန်အမှန်တွေပဲဗျ။ သိပ်ဟုတ်တာပေါ့။ ကဲဒီတော့ ဒါတွေကို ကျွန်တော်တို့ ဘယ်လိုပြင်ကြမှာလဲ။ အဲဒီနေရာမှာတော့ အသံတွေသိပ်မကြားရပါ။ အသံတွေတိတ်သွားတာလား၊ ဆွဲနေတဲ့ အစီအစဉ်တွေပဲ မပြီးသေးလို့လား၊ ငါတို့နဲ့ မဆိုင်ဘူးလို့များသတ်မှတ်သလား မသိပါ။ ၀င်ရောက်ဆွေးနွေးသူ နည်းနေတယ်လို့ထင်မိပါသည်။ ဒါ့အပြင် ဆွေးနွေးညှိုနှိုင်းအဖြေရှာတဲ့ သဘောထက် ကိုယ်ရည်သွေးကြတာများတယ်လို့ထင်မိပါသည်။ ဒီလိုနဲ့ပဲ မှတ်တမ်းတင်ပြီး အစည်းအဝေးဆုံးဖြတ်ချက်ကတော့ ထုံးစံလိုဖြစ်နေတဲ့ နောက်တစ်ကြိမ် ထပ်မံဆွေးနွေးလုပ်ဆောင်ကြမည်ပေါ့။ အဲဒီတော့ ဘာတွေဖြစ်လာသလဲဆိုတော့ ဟုတ်ကဲ့မှတ်တမ်းတင်ထားလိုက်ပါမယ်၊ အထက်ကိုပြန်လည်တင်ပြပါအုံးမယ်၊ ခွင့်ပြုချက်တောင်းလိုက်ပါမယ်၊ နောက်ပြီးအကြောင်းပြန်ပါ့မယ် စသည်ဖြင့်မပြတ်မသားနဲ့ပဲ ပြီးနေရတာတွေများလာသည်ဟုထင်ပါသည်။ မောင်ဖိုးပြားလည်း ပြောသမျှ
လိုက်မှတ်နေလိုက်တာ စာအုပ်ထဲ ဘာလုပ်ဆောင်ရန်လိုအပ်၊ ဘယ်လောက်နဲ့ အပြီးဆောင်ရွက်ရမယ် စတာတွေများပြီး မည်ကဲ့သို့လုပ်ဆောင်ရမည်ဆိုသည်ကို မှတ်ထားတာမတွေ့ရတော့ မကြားလိုက်တာ ပဲဖြစ်မှာပါလို့ တွေးမိပါသည်။ မောင်ဖိုးပြားလည်း အထက်ကိုပြန်လည်တင်ပြရမှာမို့ ကြားတာမှန်သမျှ လိုက်မှတ်ခဲ့တာပေါ့ဗျာ။

ဒီလိုနဲ့ မောင်ဖိုးပြားလည်း ဆွေးနွေးဖလှယ်ပွဲတွေကို နည်းနည်းလန့်သလိုဖြစ်လာပါသည်။ အရင်လူတွေက နောက်လူတွေကို အပြစ်တင်ကြသည်။ လူငယ်တွေမတော်ကြဘူး၊ မကြိုးစားကြဘူး စသည်ဖြင့် ပြောကြပါသည်။ ပြောတယ်ဆိုတာကလည်း ဟုတ်လို့လည်းပြောကြတာနေမှာပါ။ ဟုတ်ပြီဆိုတော့ လူငယ်တွေကို မကြိုးစားကြလို့ ကြိုးစားဖို့ပဲပြောနေလျှင် နားပူလာပါလိမ့်မည်။ အဲဒီတော့ ဘယ်လိုကြိုးစားရမယ်ဆိုတဲ့ နည်းလမ်း၊ ဘာတွေဖြစ်လာနိုင်သည်ဆိုသည့် အာမခံချက် စတာတွေကိုလည်း ရှင်းပြသင့်သည်ဟုထင်ပါသည်။ သို့မဟုတ်ပဲ ကြိုးစားကြ၊ ကြိုးစားကြပဲပြောနေလျှင် လူငယ်တွေကို ပဲကြိုးစားခိုင်းပြီး ခင်ဗျားတို့က မကြိုးစားကြဘူးလားလို့ ပြန်အမေးခံရမည်ထင်ပါသည်။
ဒီနေရာမှာ မောင်ဖိုးပြား အကြောက်ဆုံးတစ်ခုရှိပါသည်။ အဲဒါဘာလဲဆိုတော့ ပြစ်ထားမှာကို အကြောက်ဆုံးဖြစ်ပါသည်။ လူကြီးတွေက လူငယ်တွေကို ဒီကောင်တွေမကြိုးစားကြဘူး၊ ပြောလဲရမှာ မဟုတ်ပါဘူး ထားလိုက်ပါကွာဆိုရင်တော့ အဲဒီနိုင်ငံရဲ့ အနာဂတ်က မတွေးရဲစရာဖြစ်လာပါမည်။ ဒါ့ကြောင့် ပြစ်မထားကြပါနဲ့။ ညံ့တယ်၊ မကြိုးစားဘူးဆိုတာ အားလုံးလက်ခံနေပြီဆိုရင် ဒါကို ဘယ်လိုပြောင်းလဲမလဲဆိုတာ စဉ်းစားကြဖို့သင့်ပါပြီ။ ဖြေရှင်းရန် နည်းလမ်းရှာဖို့သင့်ပါပြီ။ မဟုတ်ဘဲ ဒီကောင်တွေညံ့တယ်၊ မတော်ဘူးဆိုတာတွေကိုပဲပြောနေရင်တော့ ကောင်းကျိုးရလဒ်ကောင်းကို ရနိုင်မည်မဟုတ်ဟု ထင်မြင်မိပါသည်။
ဒါ့ကြောင့် လူကြီးတွေက လူငယ်တွေကို လက်တွဲခေါ်ယူကြဖို့ တောင်းဆိုချင်ပါသည်။ အတွေ့အကြုံတွေကို မျှဝေစေချင်ပါသည်။ ဒါ့အပြင် မိမိတို့ခေတ်က လူတော်တွေအကြောင်း၊ အောင်မြင်မှုရခဲ့တာတွေ အကြောင်း ပြောပြသလို၊ မအောင်မြင်ခဲ့တာတွေ၊ မရရှိခဲ့တာတွေကိုလည်း ပြောဖို့လိုအပ်သည်ဟု ထင်မြင်မိပါသည်။ အကောင်းတွေပဲ ပြောနေလျှင် လူဆိုတာက အီသွားတတ်တယ်မဟုတ်ပါလား။ ကိုယ်မရနိုင်ခဲ့၊ မအောင်မြင်ခဲ့တဲ့အချက်တွေကိုလည်း နမူနာတွေပြပြီး ပြောဆိုလမ်းပြမယ်ဆိုရင်တော့ စူးစမ်းလိုစိတ်ရှိတဲ့လူငယ်တွေဟာ လူကြီးတွေမရခဲ့တာကို ရအောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးတွေဖြစ်လာ နိုင်ပါသည်။ သို့ဖြစ်သောကြောင့် ကြိုးစား ဆိုတဲ့စကားကို အကြိမ်ပေါင်းများစွာပြောနေတာထက် လူငယ်တွေမှာရှိတဲ့ ကောင်းတဲ့မခံချင်စိတ်လေးတွေကို နှိုးဆွပေးနိုင်တဲ့ စကားလုံးတွေ၊ အပြုအမူတွေ လည်း လိုအပ်သည်ဟု ထင်မြင်ပါသည်။

ဒီနေ့လူငယ်တွေက အရမ်းညံ့ကြတယ်ဆိုတယ် အသံတွေကလည်း နေရာတော်တော်များများမှာ ကြားနေရတာပဲ။ ကြားရပါများလာတော့လည်း ရိုးလာသလိုပဲ သိပ်မခံစားရတော့သလိုဖြစ် လာကြသည်ဟု မြင်ပါသည်။ ဒါပေမယ့် သတင်းတွေဖတ်ရတိုင်းလည်း ရေချိုပုဇွန်မွေးမြူရေးအတွက် ဘယ်နိုင်ငံက ကူညီမယ်၊ ခွါနာလျှာနာ အတွက်ဘယ်နိုင်ငံက ကူညီမယ်၊ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီး ဘယ်သူက ကူညီမယ်၊ နည်းပညာနဲ့ ပတ်သက်ပြီး ဘယ်သူက ကူညီမယ် စသည်ဖြင့် ကူညီမယ်ဆိုတဲ့ အသံတွေကလည်း တစ်ရက်ထက်တစ်ရက်ပိုမို ကျယ်လောင်လာတာတွေ့ရပါသည်။ ဒါဖြင့် သိပ်ဟုတ် တာပေါ့။ အကူအညီတွေက ခုမှပေးတာဆိုတော့ ခုမှလိုလို့ပေါ့။ အရင်က မလိုလို့မပေးခဲ့တာနေ မှာပေါ့လို့ပဲတွေးချင်မိပါသည်။ တကယ်လည်းဟုတ်နေပါသည်။ ကျွန်တော်တို့ကို လူကြီးတွေက ဆုံးမတိုင်း အရင်ခေတ်က လူတွေအရမ်းတော်တယ်ကွ။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းကြည့်ကွာ၊ အသက် သုံးဆယ် ၀န်းကျင်နဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်နေပြီ။

ဘယ်လောက်တော်လိုက်လဲတဲ့။ မှန်ပါတယ် ဗိုလ်ချုပ်က အရမ်းတော်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့လို ဖြစ်အောင်ကြိုးစား စသည်ဖြင့် လူကြီးတွေက ဆုံးမကြတာဖြစ်ပါသည်။ ကျွန်တော်တို့ အသက်ကြီးလာတဲ့အခါ ငါ့လိုဖြစ်အောင်ကြိုးစားလို့ ဆုံးမနိုင်ဖို့ကတော့ မှုန်ဝါးဝါးပဲလို့ ထင်ပါသည်။ အဲဒီတော့ ကျွန်တော်တို့လည်း ဘယ်သူ့လိုဖြစ်အောင်ကြိုးစားလို့ ပြောရပါတော့မယ်။ ဒီအခါ အရင်ခေတ်က ဆိုတဲ့စကားလုံးကိုပဲ ပြန်သုံးရပါလိမ့်မယ်။ သေချာစဉ်းစားကြည့်တော့ ဘယ်အချိန်ထိများ ကျွန်တော်တို့ ဟိုတုန်းကလူတွေဆို သိပ်တော်ကြတာလို့ပြောရမည်မသိ။ နှစ်ပေါင်းများစွာကြာအောင် ဟိုတုန်းကဆိုတဲ့ နာမ်စားသုံးနေကြရင် အဲဒီနာမ်စားကိုယ်စားပြုတဲ့နာမ်က ဘယ်သူတွေဆိုတာတောင် ရှာလို့ရပါတော့မည်လား မသိပါ။

တစ်နေ့က ဌာနဆိုင်ရာတစ်ခုရဲ့ စက်ရုံမှူးကြီးတစ်ယောက်နဲ့တွေ့တော့ သူက မောင်ဖိုးပြားကိုပြောတယ်ဗျ။ ငါတို့နိုင်ငံက ပုစ္ဆာရဲ့အဖြေကိုသိတယ်ကွ။ ဒါပေမယ့် ခက်နေတာက တွက်နည်းကို မသိကြဘူးကွ ဟုပြောပါသည်။ ကျွန်တော် အရမ်းကို သဘောကျသွားပါသည်။ သိပ်မှန်တဲ့စကားဖြစ်ပါသည်။ အထက်မှာပြောခဲ့သလို ကျွန်တော်တို့နိုင်ငံနောက်ကျရခြင်း အကြောင်းကို အားလုံးသိကြပါသည်။ ထိုနည်းတူစွာ ပညာရေးစနစ်၊ ကျန်းမာရေး၊ စီးပွားရေး စသည်ဖြင့် နယ်ပယ်ပေါင်းစုံမှာနောက်ကျနေတယ် ဆိုတာကို အားလုံးသိရှိကြပါသည်။ အဲဒီလိုပဲ လိုအပ်ချက်တွေကိုလည်း သိကြပါသည်။ အားလုံးကလည်း သံပြိုင်ပြောနေကြပါသည်။ သို့ပေမယ့် စောစောက ဦးကြီးပြောသလို အဖြေသိပေမယ့် တွက်နည်း မသိကြသလိုဖြစ်နေသည်ဟုထင်မိပါသည်။

အဲဒီတော့ ဝေဖန်ကြတာ၊ ထောက်ပြကြတာတွေက ကောင်းပါသည်။ အကျိုးလည်းများစွာရှိပါသည်။  ထို့အတူ ဆွေးနွေးငြင်းခုံတယ်ဆိုတာလည်း ကောင်းသည်ဟုမြင်ပါသည်။ သို့ပေမယ့် အပြစ်တင်နေ တာမျိုးဆိုရင်တော့ မအောင်မြင်နိုင်ပါ။ ဒါ့ကြောင့် အပြစ်တင်နေတာတွေကို ရပ်ပြီး ဝေဖန်သုံးသပ်တာအပြင် နည်းလမ်းကောင်းတွေကိုလည်း အကြံပြုဖို့လိုမည်ထင်ပါသည်။ ကျွန်တော်တို့နိုင်ငံမှာ အတွေ့အကြုံ ရင့်ကျက်သူတွေ များစွာရှိနေပါသည်။ ထိုနည်းတူ နိုင်ငံပြင်ပမှာလည်း ကျွမ်းကျင်တဲ့ မြန်မာပညာရှင်တွေ နယ်ပယ်အသီးသီးမှာ ရှိနေကြပါသည်၊ ရပ်တည်နေကြပါသည်။ အဲဒီတော့ အတွင်းရော အပြင်ကပါ ကျွမ်းကျင်တဲ့ ပညာရှင်တွေဆွေးနွေးတိုင်ပင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဆိုလျှင် ကျွန်တော်တို့နိုင်ငံ နောက်ကြရခြင်းအကြောင်းကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတွေ ပေါ်ထွက် လာမည်ဟု လေးနက်စွာ ယုံကြည်မိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

                                                                            ဖြိုးဝေမြင့်(စက်မှုအင်ဂျင်နီယာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...