Tuesday, September 24, 2013

ဒါဖတ်ပြီးမှ လွှတ်တော်ကို သွားပါ

Win Ko Myint and Sa Maung shared 7Day News Journal's photo.


သင်နေထိုင်ရာအရပ်ဒေသကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို နောက်ဆုံးတွေ့ခွင့် ရခဲ့သည့်နေ့ကို မှတ်မိ ပါသလား။ ဒါမှမဟုတ် သင့်စိုးရိမ်ပူပန်မှုတစ်ခုကို ပြောပြဖို့ သိလိုသည့်မေးခွန်း တစ်ခုကိုမေးဖို့ သင့်ကိုယ်စားလှယ်၏ လိပ်စာ၊ တယ် လီဖုန်းနံပါတ်နှင့် အီးမေးလ်တို့ သင့်မှာရှိပါသလား။
ဒါမှမဟုတ် လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးမှုများနှင့် ဥပဒေကြမ်း များအကြောင်း တစ်စုံတစ်ယောက်က သင့်ကို တခုတ်တရလာရောက်ရှင်းပြဖူးပါသလား။

မေးခွန်းသုံးခုလုံးအတွက် အဖြေက “ဟင့်အင်း”ဆိုလျှင်တော့ ၀န်ဆောင်မှုကောင်းမွန်စွာ မရရှိသော တတိယတန်းစားနိုင်ငံသားအဖြစ်ကို သင်ရောက်ရှိနေတာ သေချာပြီ။ သတိထားပါ။ သင်မသိလိုက်မီမှာ သင့်အခွင့် အရေးများကို ချိုးဖောက်ခံရဖို့ နီးစပ်နေသည်။

ဒီမိုကရေစီ နည်းလမ်းအရ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ခြင်းသည် မိမိသဘောကျ လေးစားသော နိုင်ငံရေးသမားများကို ထောက်ခံအင်အားပြရုံသက်သက်၊ မိမိမကြိုက်သည့်ပါတီကို ဆန့်ကျင်ရုံသက်သက်မဟုတ်ပါ။ ကိုယ့်ကိုကိုယ်စားပြုသူတစ်ဦးဦးကို လူ့အဖွဲ့အစည်းအပေါ် ဆုံးဖြတ်ချက်ပြုရာနေရာမှာ ပို့ထား ခြင်းဖြင့် မိမိဘ၀နှင့် ဆနများလုံ ခြုံစေရန် ရည်ရွယ်သည့် ဒီမိုက ရေစီ၏အခြေခံလုပ်ထုံးဖြစ်သည်။

ပြည်သူက ရွေးချယ်တင် မြှောက်သည့် ကိုယ်စားလှယ်များက ရွေးကောက်ပွဲပြီးသည့်အခါ တူတူပုန်းတမ်းကစားကြခြင်းသည် ဒီမိုကရေစီရင့်ကျက်သည့် နိုင်ငံကြီးများမှာပင် ဖြစ်လေ့ရှိသည့် နိုင်ငံရေးရောဂါတစ်ခုဖြစ်သည်။ နိုင်ငံတကာအလေ့အထများအရ လွှတ်တော်(ပါလီမန်) ကိုယ်စားလှယ်များက သူတို့ကိုယ်စားပြုသည့် မဲဆနနယ်မြေများနှင့် ပြည်သူများကို မကြာခဏထိတွေ့ ဆက်ဆံကြဖို့အတွက် ကိုယ်စားလှယ်များကိုယ်တိုင်က တာဝန်ရှိသလို နိုင်ငံရေးပါတီများနှင့် ပါလီမန်များမှာလည်း တာဝန်ရှိသည်။

ကမ္ဘာတစ်ဝန်း ပါလီမန်များက ပါလီမန်အမတ်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို နိုင်ငံသားများသိအောင် ပညာပေးအစီအစဉ်များ ပြုလုပ်ကြရသည်။ အင်တာနက်၊ ပုံနှိပ်နှင့် မီဒီယာအမျိုးမျိုးကတစ်ဆင့် “သင့်ပါလီမန်အ မတ်ကို ဘယ်သူလဲ သင်သိပါ သလား”။ “သူ၊ သူမကို ဘယ်လို ဆက်သွယ်ရမလဲဆိုတာ သင်သိရဲ့လား”၊ “သူ့ကို သင်ဘယ်လိုလူချင်းတွေ့နိုင်တယ်ဆိုတာ သိရဲ့လား” စ
သည့် ရိုးရှင်းပြီး အရေးပါလှသည့် မေးခွန်းများနှင့် အဖြေများကို ပေးရင်း ပြည်သူများက သူတို့သက်ဆိုင်ရာကိုယ်စားလှယ်များ
ကို ထိတွေ့ဆက်သွယ်နိုင်ဖို့ ပါလီမန်များက ပညာပေးကြသည်။

နိုင်ငံရေးပါတီများကလည်း ကိုယ့်ပါတီဝင်ကိုယ်စားလှယ်များက ပြည်သူ့အပေါ် တာဝန်ကျေသူများဖြစ်ဖို့ ထိန်းကျောင်းရန် တာ ၀န်ရှိသည်။ မိမိကိုယ်စားပြုသည့် နယ်မြေနှင့် ပြည်သူများကို ထိတွေ့ဖို့တွန့်ဆုတ်သည့်ကိုယ်စားလှယ်သည် အနာဂတ်တွေအတွက် အလားအလာကောင်းသည့် နိုင်ငံရေးသမားတစ်ယောက်မဖြစ်နိုင်ပါ။

နိုင်ငံတကာ ပါလီမန်များသမဂ္ဂ(InterParliamentary Union) က ကမ္ဘာတစ်ဝန်းပါလီမန် များ၏ အရည်အသွေးကို အကဲ ဖြတ်ဖို့အတွက် လမ်းညွှန်စာအုပ်ကို ၂၀၀၈ ခုနှစ်က ထုတ်ဝေခဲ့သည်။ “ပါလီမန်ကို အကဲဖြတ်ခြင်း” (Evaluating Parliament) ဆိုသည့် စာအုပ်မှာ ပါလီမန်တစ်ခုကို အကဲဖြတ်ဖို့အတွက် အခြေခံတန်ဖိုး ငါးခုကိုချမှတ်ထားသည်။ (၁) ကိုယ်စားပြုမှု(Representativeness) ၊ (၂) ပွင့်လင်းမြင်သာမှု (Transparency) ၊ (၃)ပြည်သူများလက်လှမ်းမီနိုင်မှု (Accessibility)၊
(၄)တာဝန်ယူနိုင်မှု(Accountability)နှင့် (၅) ထိရောက်မှု(Effectiveness) တို့ဖြစ်သည်။

အချက်ငါးချက်တွင် ကိုယ်စားပြုမှု (Representativeness) သည် အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်သည်။ ပါလီမန်သည် လူ့ အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုနိုင်ရန်အတွက် အမတ်တစ်ဦးချင်းစီက သက်ဆိုင်ရာမဲဆန္ဒနယ်နှင့် ပြည်သူများကို ကိုယ်စား ပြုနိုင်ဖို့လိုအပ်သည်။ ပြည်သူ့အသံများကို နားထောင်ခြင်းနှင့် ပြည်သူများကို ပြန်လည်ရှင်းလင်းတင်ပြခြင်းမပြုလုပ်ဘဲ ပါလီမန် ထဲတွင် မိမိဆန္ဒတစ်ခုတည်းဖြင့် ဆွေးနွေးဆန္ဒမဲပေးခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်ပါ။

ကမ္ဘာတစ်ဝန်း ပါလီမန်များက အမတ်များ၏ တာဝန်ကိုရှင်းလင်းထားကြသည့်အနက် သြစတြေးလျပါလီမန်၏ ရှင်းလင်းချက်က ပို၍နားလည်လွယ်သည်။ အမတ်တစ်ဦးမှာ အကြမ်းဖျင်းအားဖြင့် တာဝန်သုံးရပ်ရှိသည်။ (၁) သက်ဆိုင်ရာနယ်မြေနှင့် ပြည်သူတို့၏ ကိုယ်စားပြုမှုတာဝန်၊ (၂) ပါလီမန်အဖွဲ့ဝင် အမတ်တစ်ဦး၏တာဝန်၊ (၃) (တစ်သီးပုဂ္ဂလ မဟုတ်လျှင်) သက်ဆိုင်ရာနိုင်ငံရေးပါတီ၏ တာဝန်တို့ဖြစ်သည်။

မရင့်ကျက်သည့်နိုင်ငံများမှာတော့ အမတ်များက အမှတ်(၂) နှင့် (၃)တို့ကိုသာ တာဝန်ကျေကြသည်။ အမှတ်(၁)တာဝန်ကိုတော့ မကြာခဏပျက်ကွက်လေ့ရှိကြသည်။ အမှတ်(၁)တာဝန်ကို ထမ်းဆောင်သည့်နေရာမှာ Constituency Service ဟုခေါ်သည့် မဲဆနနယ်မြေကို ၀န်ဆောင်မှုပေးခြင်းသည် အရေးအကြီးဆုံး တာဝန်တစ်ခုဖြစ်သည်။ ၀န်ဆောင်မှုများမှာ ပြည်သူများ၏ ဆန္ဒ
နှင့် ထင်မြင်ချက်များကို မေးမြန်းနားထောင်ခြင်း၊ လိုအပ်လျှင် အခက်အခဲများကို ရင်ဆိုင်နေရသည့် မိသားစု (သို့မဟုတ်) အစု
အဖွဲ့လေးများကို အကြံပေးခြင်းနှင့် ကူညီဖြေရှင်းပေးခြင်း၊ ပါလီမန်ထဲတွင် ဆွေးနွေးငြင်းခုံမှုများကို ပြည်သူများထံ ပြန်လည် ရှင်း
လင်းတင်ပြခြင်းနှင့် မီဒီယာနှင့် ပုံမှန်တွေ့ဆုံမှုများလည်း ပါဝင်သည်။

ပါလီမန် အစည်းအဝေးကျင်းပသည့်အချိန်မှအပ မိမိနယ်မြေအတွင်းမှာ ခရီးများများထွက်ပြီး ပြည်သူတစ်ဦးချင်းစီကို တွေ့ နိုင်ဖို့အတွက် အချိန်များများသုံးသင့်ကြောင်း နိုင်ငံတကာပါလီမန်များက ညွှန်ကြားကြသည်။ မိမိမဲဆန္ဒနယ်မြေများရှိ ပြည်သူများ၏ စီးပွားရေး၊ ကလေးငယ်များ၏ ပညာရေးအရည်အသွေး၊ ၅ နှစ်အောက် ကလေးငယ်များ၏ သေဆုံးမှုနှုန်းထား၊ သဘာဝပတ်ဝန်း ကျင်ယိုယွင်းမှုနှင့် ဒုစရိုက်မှုနှုန်း၊ အလုပ်လက်မဲ့နှုန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုအခြေအနေ၊ သယ်ယူပို့ဆောင်ရေးအရည်အသွေးနှင့် အားကစားအရည်အသွေးတို့အထိ လေ့လာစူးစမ်းကြဖို့ တာဝန်ရှိသည်။

ထိုတာဝန်များကို ပြုလုပ်ဖို့ အမတ်များက ကျောင်းသားလေးများနှင့် စကားပြောဆိုဖို့ လိုအပ်သလို အိမ်ထောင်ရှင်မများနှင့်လည်း စကားလက်ဆုံကျရပါမည်။ ဘွဲ့ရအလုပ်လက်မဲ့လူငယ်များ၏ ရင်ဖွင့်သံကို နားထောင်နိုင်သလို ဆေးရုံက လူနာများ၏ ဆေးကုသမှုစရိတ်ဆိုင်ရာ စကားများကိုလည်း စိတ်ရှည်လက်ရှည်နားထောင်ဖို့လိုအပ်သည်။ အသေးစားလုပ်ငန်းရှင်များနှင့်အတူ စီးပွားရေးအလားအလာနှင့် ခြိမ်းခြောက်မှုများအကြောင်းကို ဆွေးနွေးဖို့လိုအပ်သလို ၀န်ထမ်းများ၏ ဘ၀ကိုလည်း လေ့လာဖို့ တာဝန်ရှိသည်။ အချုပ်ပြောရလျှင် ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အတွက် ပြည်သူကို လေးလေးနက်နက် ထိတွေ့ဖို့ထက် ပို အရေးကြီးသည့် တာဝန်မရှိပါ။ ဘလော့ဂ်များ၊ လူမှုမီဒီယာများနှင့် စာပို့စနစ်များ အသုံးပြုပြီး ပြည်သူများ မိမိကို တိုက်ရိုက်ထိ တွေ့ဆက်ဆံနိုင်ဖို့အတွက် လမ်းကြောင်းများ ဖွင့်ပေးသင့်ပါသည်။ တာဝန်ကျေပြီး အပတ်တကုတ် ကြိုးပမ်းသည့် ကိုယ်စားလှယ်များ အကြောင်းကို ကြားနေရသည့်အတွက် အားတက်မိသေးသည်။

ပြည်သူများကလည်း မိမိတို့ ကိုယ်စားလှယ်များ ဘာလုပ်နေသည်၊ ဘာစာအုပ်တွေ ဖတ်နေသည်၊ သို့မဟုတ် ဘာမှလည်း မလုပ်၊ ဘာစာမှလည်း မဖတ်ဘဲ နေနေသည်ကို စစ်ဆေးဖို့ တာဝန်ရှိသည်။ သူတို့ဘာတွေလုပ်နေသည်၊ ဘာစာအုပ်တွေဖတ် နေသည်ဆို
ခြင်းက ကျွန်တော်တို့ အနာဂတ် အပေါ်တိုက်ရိုက်အချိုးကျပါသည်။

တူတူပုန်းတမ်းကစားတာများပြီး ကိုယ်စားလှယ်များက ပြည်သူကို ကိုယ်စားမပြုနိုင်လျှင်တော့ ကမ္ဘာကျော် စစ်တုရင်ချန်ပီယံ ဂယ်ရီကပ်စပါးရော့ဗ်က ရုရှားလွှတ်တော်ကို ဝေဖန်သလို ဖြစ်လိမ့်မည်။

“တကယ့်နိုင်ငံရေးက လွှတ်တော်ထဲမှာ မရှိဘူး။ လမ်းပေါ်နဲ့ မီဒီယာထဲမှာပဲရှိတယ်”

ကိုယ်စားလှယ်ကြီးများမကျင့်ကြံသင့်သည်ကတော့ ကြယ်တံခွန်လိုဖြစ်ပါသည်။ ကြယ်တံခွန်များသည် တစ်ခဏတောက်ပသည်။ သို့သော် နှစ်များစွာကြာမှ တစ်ခါပြန်ပေါ်လာတတ်ပါသည်။ ကျွန်တော်တို့ ပြည်သူများ၏ ဘ၀မှာထိုမျှလောက် အောင့်အည်း
သည်းခံစောင့်စားဖို့ အချိန်မရှိလှပါ။

၂၀၁၅ မတိုင်မီ တစ်ကြိမ်ပြန်လည်ဆုံတွေ့ဖို့သင်ကတိပြုနိုင်ပါသလား။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...