Monday, September 9, 2013

အီလစ်စစ်တမ်း ဗဟုအနာဂတ်နှင့် ၂၀၁၅ ပဟေဠိ

Burma-Newselite and Linn Wai shared 7Day News Journal's photo.
စကားပလ္လင်
စာရေးသူ သက်ဝင်ယုံကြည်ခဲ့ဖူးသော လက်ဝဲအိုင်ဒီအိုလိုဂျီက“သမိုင်းကိုလူထုကဖန်တီးသည်”ဟု ခံယူပါသည်။ သို့တစေ အဆိုပါလက်ဝဲ အိုင်ဒီအိုလိုဂျီကို လမ်းညွှန်သဘောတရားအဖြစ်ခံယူသည်ဆိုသော နိုင်ငံကြီးများတွင်မူ သက်ဆိုင်ရာလူထုမှာ သမိုင်းကိုဖန်တီးဖို့နေနေသာသာ ဘာတွေဖြစ်လို့ဖြစ် မှန်းပင်သိခွင့်မရ။

ပေါလစ်ဗျူရိုတစ်စု (ထို့ထက်ဆိုရလျှင်) Strongman တစ်ယောက်လောက်ကသာ သူတို့စိတ်ကြိုက်
သမိုင်းကို သူတို့လိုသလို ပုံဖော်သွားကြသည်ကိုသာတွေ့ရသည်။

ရေရှည်တွင် သမိုင်းခေတ်များ၏ အကောင်းအဆိုးကို လူထုယုံကြည်မှုဖြင့် သတ်မှတ်အကဲဖြတ်သွားရမည်ဖြစ်သည့်တိုင် အရေးကြီးသော သမိုင်းအလှည့်အပြောင်းများကိုကား လူထုမဟုတ်၊ လူတစ်စုကသာဖန်တီးပုံဖော်သွားလေသလား စဉ်းစားဖို့ရှိလာသည်။ ဆိုကြပါစို့
elite သမိုင်း။ ဤနေရာတွင်လည်း elite ဆိုသောစကားလုံး ဘာသာပြန်နှင့်ပတ်သက်၍ ပြဿနာရှိသည်။ မြန်မာလက်ဝဲသမားများက ဤဝေါဟာရကို “လူ့မလိုင်”၊ “ရေပေါ်ဆီ” စသဖြင့် မလိုလားသောအဓိပ္ပာယ်ဖြင့် ဘာသာပြန်ကြသည်။ အခါခပ်သိမ်းမှန်လိမ့်မည်မထင်ပါ။ အဘိဓာန်ဖွင့်ဆိုချက်အရ elite ဆိုသည်မှာ လူမှုအုပ်စုတစ်ခုအတွင်း သူများထက်ခေါင်းတစ်လုံးပိုမြင့်သူဟု ယေဘုယျအနက်ထွက်သည်။
ဓနအင်အားသာလျှင် business elite ၊ လုပ်ပိုင်ခွင့်အာဏာသာလျှင် powerelite၊ နိုင်ငံရေးသြဇာပိုသာလျှင် political eliteစသဖြင့် သုံးနှုန်း
ကြသည်။

တစ်ဆက်တည်းဆိုရလျှင် ဤဝေါဟာရမှာ ပြင်သစ်မှမွေးစားယူရသည်ဖြစ်၍ တော်တော်များများ နှုတ်ကျိုးနေသလို “အီ လိုက်”ဟူ၍ကား အသံမထွက်။

“အီလိ(ထ)”ဟုအသံထွက်ရမည်ဟု “ဒင်နီယါယ်ဂျုန်းအသံထွက် အဘိဓာန်”ကညွှန်းသည်။ စာရေးသူကတော့ မြန်မာ့နားနှင့်စွဲ လောက်မည်ထင်သော “အီလစ်” ဟူ၍သာ အသံဖလှယ်လိုက်ပါသည်။ ဘာသာဗေဒ၀ံသာနုများ နားကလောလည်း မတတ်နိုင်။ ကျစ်လျစ်တိကျသော မြန်မာဝေါ ဟာရမရှာတတ်၍ “အီလစ်”လိုက် ရပါကြောင်း...။ ဤကား ယခု စာစုအတွက် စကားပလဒင်...။

အီလစ်စစ်တမ်း
ယခုလောလောဆယ် မြန်မာ့နိုင်ငံရေးတွင် “ပါဝါအီလစ်”နှင့် “နိုင်ငံရေးအီလစ်”တို့သာ အဆုံးအဖြတ်နေရာတွင် ရှိနေသေးသည်ဟု ယူဆရပါသည်။ စီးပွားရေး၊ ဖွံ့ဖြိုးမှုအဆင့်နိမ့်ပါးဆဲရှိလေရာ “ဘိဇနက်အီလစ်”များမှာ အရေးမပါလှသေး။ နိုင်ငံရေးပါတီများမှာလည်း အင်စတီကျူးရှင်း သဘောထက် လူပုဂ္ဂိုလ်ပုံရိပ်ကပိုကြီးနေရာ “အီလစ်”သဘောပြောဖို့ခက်မည်ထင်သည်။ သို့ အတွက် “ပါဝါအီလစ်”နှင့် “နိုင်ငံရေးအီလစ်” နှစ်မျိုးကိုသာ အဓိကစစ်တမ်းထုတ်ကြည့်လိုသည်။

“ပါဝါအီလစ်”ဆိုရာတွင် အစုသုံးစု ထပ်မံခွဲနိုင်ပါလိမ့်မည်။ အုပ်ချုပ်ရေးအာဏာ (အစိုးရ) ဥပဒေပြုရေးအာဏာ (လွှတ်တော်)နှင့် လက်နက်ကိုင်တပ်ဖွဲ့များ(တပ်မတော်)တို့ကို ကိုယ်စား ပြုကြသည့် အီလစ်များဖြစ်သည်။ ယခင်အစိုးရကာလအထိတော့ အဆိုပါအီလစ်သုံးစုလုံးမှာ တစ်ခုတည်းသောအဖွဲ့အစည်းဆိုင်ရာ သစ္စာခံမှုဖြင့် စည်းနှောင်ထားနိုင်ခဲ့သည်ဖြစ်၍ တစ်စုတစ်စည်း တည်းသဘောဆောင်သည်။ ယခု ဤအနေအထားယိုယွင်းလာသည်။ အထူးသဖြင့် အစိုးရအီလစ်နှင့် လွှတ်တော်အီလစ်ကြား ပွတ်တိုက်
မှုများရှိလာသည်။ ဤသို့သောပွတ်တိုက်မှုများမှာ အပြောင်းအလဲကာလ၏ သဘာဝကျသောအခြင်းအရာများဟုဆိုရသည့်တိုင် အချိန်မီဘရိတ်မအုပ်နိုင်လျှင်မူ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တစ်ခုလုံးအတွက်ပါ အန္တရာယ်ရှိနိုင်သည်။

အီလစ် တစ်ခုခုသော်လည်းကောင်း၊ နှစ် ခုစလုံးသော်လည်းကောင်း အီလစ်အနေအထားမှ စုတေသွားနိုင်စရာပင်ရှိသည်။ တပ်မတော်သည်ကား အခိုင်အမာဆုံးအီလစ်ဟုဆိုရပါလိမ့်မည်။ မြန်မာ့နိုင်ငံရေး၏ အဆုံးအဖြတ်အခန်းတွင်ရှိနေဆဲဖြစ်သည်။ ယနေ့တပ်မတော်တွင် ယခင်မြန်မာ့
ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့်ရှိခဲ့ဖူးသော တုပ်နှောင်မမျိုးမည်သည့်နိုင်ငံရေးပါတီနှင့်မှ ရှိဟန်မတူတော့။ ဤအချက်ကမူ လွတ်လပ်သော ပရော်ဖက်ရှင်နယ်အင်စတီကျူးရှင်းဖြစ်လာရေးအတွက် ကောင်းသော အလားအလာဟုဆိုချင်သည်။

ပါဝါအီလစ်မဟုတ်သော နောက်ထပ်အရေးကြီးသည့်တစ်ခုမှာ နိုင်ငံရေးအီလစ်ပင်ဖြစ်သည်။လူပုဂ္ဂိုလ်အရ ဒီမိုကရေစီသင်္ကေတလိုဖြစ်နေ၍ ဒီမိုကရေစီအီ လစ်ဟူ၍လည်း ဆိုနိုင်သည်။ နိုင်ငံတကာထောက်ခံမှုရော၊ ပြည်တွင်းလူထု၏ယုံကြည်မှုကိုပါ ရယူထားနိုင်သည့်အားသာချက် ရှိသည်။ သို့တစေ၊ နိုင်ငံရေး အီလစ်မှ ပါဝါအီလစ်ဖြစ်စေရေးအတွက်မူ အခြေခံဥပဒေဆိုင်ရာ အတားအဆီးတစ်ခုရှိနေဆဲဖြစ်သည်။
၂၀၁၂ကြားဖြတ်ရွေး ကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအီလစ်နှင့် ပါဝါအီလစ်များကြား ဆက်ဆံရေးလမ်းပွင့်လာသည်မှာကား ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွက် အလားအလာကောင်းဟုဆိုနိုင်ပါလိမ့်မည်။ သို့တိုင်အောင် အရေးအကြီးဆုံးတပ်မတော်အီလစ်နှင့်မူ ထင်သာမြင်သာရှိသော ဆက်ဆံရေးမျိုး မတွေ့ရသေးပါချေ။ သတိကြီးကြီးထားရမည့်အချက်မှာ မြန်မာ့နိုင်ငံရေးဓလေ့တွင် ယခုထက်တိုင် စွဲခိုင်နေဆဲ ရယ်ဒီကယ်အင် အားစုများနှင့် စည်းခြားထားနိုင်ဖို့ဖြစ်သည်။ ဤသို့မဟုတ်ပါက လက်ရှိလစ်ဘရယ်ရေစီးကြောင်းသည်ပင် ရယ်ဒီကယ်ဝဲဂယက်ထဲ နစ်မြုပ်သွားနိုင်သည်။ ဤအတိုင်း ဖြစ်လာခဲ့လျှင် နိုင်ငံရေးအီလစ် အတွက်ရော တိုင်းပြည်ကံကြမ္မာ ပါ ကတိမ်းကပါးဖြစ်ကောင်းဖြစ် သွားနိုင်စရာရှိသည်။

ဗဟုအနာဂတ်
အစဉ်အလာလွှမ်းမိုးတွင် ကျယ်ခဲ့သော သမားရိုးကျစဉ်းစား နည်းအရမူ မိမိလိုလားနှစ်သက် ရာစံနှုန်းတစ်ခုခုဖြင့် တစ်ခုတည်းသော အနာဂတ်ကိုပုံဖော်ကြည့် လေ့ရှိသည်။ အဆိုပါတစ်ခုတည်း သောအနာဂတ်ကိုပင် ပစ်မှတ် ထား၍ “မုချအောင်ရမည်”ဟု မာန်သွင်းခဲ့ကြသည်။ “မုချများ၏ ကျဆုံးချိန်”ဟု ဆိုရလောက်အောင် မရေရာမသေချာမှုများ တင်းကျမ်းပြည့်နေသည့် ၂၁ ရာစုတွင် ဤနည်းဖြင့် ဘယ်လိုမှအလုပ်မဖြစ်
နိုင်တော့ပါ။

အနာဂတ္တိဆရာ အယ်(လ) ဗင်းတော်ဖလာကမူ အနာဂတ်ကို “ဧကသဘော”မကြည့်။ “ဗဟု သဘော”ဖြင့်ချဉ်းကပ်သည်။ “ဗဟုအနာဂတ်” ဟုဆိုပါသည်။ သူ့အလိုအရ “ဖြစ်နိုင်ခြေအများဆုံးအနာဂတ်” (possible future) “ဖြစ်ကောင်းဖြစ်လာနိုင်သည့် အနာဂတ်” (probable future) နှင့် “ဖြစ်သင့်ဖြစ်ထိုက်သည့် အနာဂတ်” (preferable future) ဟူ၍ သုံးမျိုးသုံးစားခွဲပြီး သရုပ်ခွဲစိစစ်ရမည်ဟုဆိုသည်။

မဟာဗျူဟာချမှတ်ရေးဆွဲ သူတစ်ယောက်အနေနှင့် “ဖြစ်သင့်ဖြစ်ထိုက်သည့်အနာဂတ်” ကို အဓိက“မစ်ရှင်”ထားရမည်ဖြစ်သည့်တိုင် “ဖြစ်နိုင်ခြေအများဆုံး အနာဂတ်”ကို လုံးဝပစ်ပယ်လို့ မရ။ ဤသည်ကို ပကတိအရှိ အဖြစ်ယူ၍ “မစ်ရှင်ခွဲ” (sub-mission) များအဆင့်ဆင့်ချမှတ် ရမည်ဟုပြောသည်။ အကယ်၍ များ “ဖြစ်ကောင်းဖြစ်လာနိုင်သည့် အနာဂတ်”မှာ အဆိုးဆုံးရှုမြင်ကွင်းဖြစ်နေလျှင် ဤသည်ကိုသတိကြီး စွာဖြင့် ရှောင်ကွင်းနိုင်ရမည်ဟု ညွှန်းပါသည်။

၂၀၁၅ ပဟေဠိ
ဆိုခဲ့ပါဗဟုအနာဂတ်အမြင်ဖြင့် (စာရေးသူဉာဏ်မီသလောက်) ၂၀၁၅ ပဟေဠိကိုအဖြေညှိကြည့်ပါမည်။ ဆိုခဲ့ပြီးသော မြန်မာ့ပါဝါအီလစ်များနှင့် နိုင်ငံရေးအီလစ်တို့ကြား ဆက်ဆံရေးများဆွေး နွေးညှိနှိုင်းမှုများနှင့် မျှတသော အပေးအယူလုပ်နိုင်စွမ်းတို့ အပေါ်မူတည်ပြီး ၂၀၁၅ ရှုမြင်ကွင်း
ကို မှန်းဆကြည့်ပါမည်။ ယခုလို...။

၁။ သမ္မတကြီး၏ ယခုချိန်ထိနောက်ဆုံးမိန့်ခွန်းတွင် ညွှန်းဆိုထားသည့် “သဘောထား၊ မတူညီသူများ အတူလက်တွဲဆောင်ရွက်နိုင်မည့် နိုင်ငံရေးယဉ်ကျေးမှုသစ်”ထွန်းကားရာ ရှုမြင်ကွင်း။ ဤယဉ်ကျေးမှုမျိုးသာ အမှန်တကယ်ထွန်းကားနိုင်လျှင် မြန်မာ့ဒီမိုကရေစီရေးမှာ စိတ်ချရ သည့်အဆင့်တစ်ခုသို့ အသေ အချာရောက်ရှိသွားပါလိမ့်မည်။ တော်ဖလာညွှန်းသော “ဖြစ်သင့် ဖြစ်ထိုက်သည့်အနာဂတ်”ဖြစ်ပါသည်။

၂။ ဆိုခဲ့ပါ နိုင်ငံရေးယဉ်ကျေးမှုသစ်မျိုး အစပျိုးလာပြီဖြစ်သည့်တိုင် လုံလောက်စွာမထွန်းကားသေးသော ရှုမြင်ကွင်း...။ ဤအတိုင်းဆိုလျှင် မြန်မာ့ဒီမိုကရေစီရေးမှာ ယခုလက်ရှိအတိုင်းပင် ရှေ့မတိုးနောက်မဆုတ် အီလည်လိုက်နေပါ လိမ့်ဦးမည်။ လတ်တလော အခင်းအကျင်းများအရ တော်ဖလာညွှန်းသော “ဖြစ်နိုင်ခြေအများဆုံးအနာဂတ်”ဖြစ်လိမ့်မည်ထင်သည်။

၃။ သန္ဓေတည်စနိုင်ငံရေး ယဉ်ကျေးမှုသစ်မှာ အစဉ်အလာရယ်ဒီကယ်ရေစီးထဲ မျောပါပျက် ပြယ်သွားလောက်သည့် ရှုမြင်ကွင်း။ ဤအတိုင်းဆိုလျှင် မြန်မာ့ ဒီမိုကရေစီရေးမှာ နောက်ပြန် လှိုင်းထိနိုင်သည့် အန္တရာယ်ရှိသည်။ တော်ဖလာညွှန်းသော “ဖြစ်ကောင်းဖြစ် လာနိုင်သည့် အနာဂတ်”ဖြစ်သလို အဆိုးဝါးဆုံး ရှုမြင်ကွင်းလည်းဖြစ်သည်။

မြန်မာ့အီလစ်များအနေနှင့် ရှုမြင်ကွင်း (၁)ကို ဦးတည်ကြိုးပမ်းကြစေလိုသည်။ အကြောင်းကြောင်းကြောင့် ဤရှုမြင်ကွင်းကို မရောက်နိုင်သေးလျှင်သော်မှ ရှုမြင်ကွင်း (၃)နှင့် မကြုံရအောင်ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
ရေးသားသူ- ကျော်ဝင်း

 စာရေးသူ
တစ်ဦးချင်းအနေနှင့်ဆိုလျှင်မူ ရှုမြင်ကွင်း(၂)လောက်နှင့်ပင် သေပျော်ပါပြီ။ ရှုမြင်ကွင်း (၁)ကိုမူ သားသမီးများအတွက် ချန်ထားခဲ့ပါတော့မည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...