Thursday, September 26, 2013

"စာရွက်ပေါ်ကသဘောထားနှင့် ပြင်ပကတိုက်ပွဲများ"


၂၀၁၃ ခုနှစ်အတွင်း ပြည်သူလူထုလိုလားသော ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း
အားထုတ်မှုများရှိခဲ့သလို စိတ်တိုင်းကျသည့်အခြေအနေသို့ ရောက်ရှိရန်လည်း
အလှမ်းဝေးနေပါသေးသည်။ လာမည့် အောက်တိုဘာလအတွင်း နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပွဲရှိသည်ဟု ကြားသိရပါသည်။

ထိုလက်မှတ်ရေးထိုးပွဲသို့ လက်ရှိအပစ်ရပ်ထားသည့် လက်နက်ကိုင်အင်အားစု
အားလုံး တက်ရောက်ရန် မသေချာသေးဟုလည်း သိထားပါသည်။
ကေအိုင်အေကတော့ လုံးဝတက်ရောက်မည်မဟုတ်ဟု သဘောထားကို
ပြတ်ပြတ်သားသား ကြေညာပြီးခဲ့ပြီ။ UMFC အနေနှင့်လည်း တိတိကျကျ
ဆုံးဖြတ်ချက်မချသေးသော်လည်း စာချုပ်လက်မှတ်ထိုးရုံမျှနှင့် ငြိမ်းချမ်းရေး
စစ်စစ်မှန်မှန် ဖော်ဆောင်ဖို့ အလှမ်းဝေးသည်ဟု သဘောထားရှိနေကြောင်း
ယူဆရသည်။

ကျွန်တော်တို့ ကျောင်းသားများ၏ ငြိမ်းချမ်းရေးပေါ်ထားသည့် သဘောထား
မှာလည်း တိုင်းရင်းသားအင်အားစုများနှင့် များစွာမကွာခြားလှပါ။
အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခြင်းကို ဦးစားပေး
မလုပ်သင့်ဘဲ နိုင်ငံရေးပြဿနာကိုသာ အရင်ဆုံးဖြေရှင်းသင့်သည်ဟု
ယူဆထားပါသည်။ ကျွန်တော်တို့ နိုင်ငံ၏ ပြည်တွင်းစစ်သမိုင်းသည် ၆၅ နှစ်ကျော်
ရှည်ကြာခဲ့ပြီ။ ယနေ့ အထိ ငြိမ်းချမ်းရေးကြိုးပမ်းမှုကြီးပေါင်း (၇)ကြိမ်တိုင်အောင်
ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်သည်ကို ကြည့်ခြင်းဖြင့် အာဏာပိုင်များ
ဘက်မှ တကယ့်ငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေလိုသည့်ဆန္ဒဖြင့် ထိတွေ့ ဆက်ဆံမှု
မရှိသေးကြောင်း ကောင်းကောင်းသဘောပေါက်မိပါသည်။

၁၉၅၂ ခုနှစ်က တရုတ်ဖြူတပ်များ ဗမာပြည်တွင်း ကျူးကျော်ဝင်ရောက်ချိန်တွင်
ဗမာပြည်ကွန်မြူနစ်ပါတီက စတင်ပြီး ငြိမ်းချမ်းရေးအဆိုပြုခဲ့သည်။
၁၉၅၆ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းခေါင်းဆောင်သော
ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင်
ဖဆပလ၀န်ကြီးချုပ် ဦးနုက မိန့် ခွန်းပြောပြီး ငြိမ်းချမ်းရေးကို အဆိုပြုခဲ့ပြန်သည်။
၁၉၆၃ ခုနှစ် ဇွန်လမှ နိုဝင်ဘာလအထိ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများကို
ရန်ကုန်တွင်ကျင်းပခဲ့ရာ ပြည်သူတို့ ၏ မြောက်ခရိုင်ငြိမ်းချမ်းရေးချီတက်ပွဲကြီး
အကြီးအကျယ်ဖြစ်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်
၁၇ ဖွဲ့ နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်များကို ချုပ်ဆိုခဲ့သည်။ ဤသို့ ငြိမ်းချမ်းရေး
လှုပ်ရှားသူများ ပြုလုပ်တိုင်းတွင် အာဏာလက်ရှိအစိုးရများက နိုင်ငံရေးပြဿနာ
များကို နိုင်ငံရေးဖြင့်အဖြေရှာရန် ချန်လှပ်ထားခဲ့သည် (သို့ မဟုတ်) ပျက်ကွက်
ခဲ့ကြသည်။ ထို့ ကြောင့် ငြိမ်းချမ်းရေးနှင့် ယနေ့ အထိ အလှမ်းဝေးနေဆဲဟု
မြင်မိပါသည်။

၂၀၁၀ နောက်ပိုင်း ရွေးကောက်ပွဲနှင့်တက်လာသော အရပ်သားတစ်ပိုင်း
အစိုးရလက်ထက်တွင်လည်း အပစ်ရပ်စာချုပ်များ ချုပ်ဆိုခဲ့သော်လည်း
ငြိမ်းချမ်းရေးအဆင့်ထိ မရောက်နိုင်သေး။ ရှမ်းပြည်တိုးတက်ရေးပါတီ၊
ရှမ်းပြည်တပ်မတော်တစ်ခုတည်းကို ကြည့်မည်ဆိုလျှင်ပင် အပစ်အခတ်ရပ်စဲရေး
သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အစိုးရတပ်နှင့်
တိုက်ပွဲပေါင်းတစ်ရာကျော် ဖြစ်ပွားခဲ့သည်။ အစိုးရဘက်မှ တောင်းဆိုနေသော
''ဥပဒေတွင်းဝင်၊ ပါတီထောင်၊ လွှတ်တော်တွင်းကဆွေးနွေး" ဆိုသည့်
လမ်းကြောင်းကို တိုင်းရင်းသားတိုင်းက လက်ခံနိုင်ကြသည်မဟုတ်။
၂၀၀၈ အခြေခံဥပဒေအောက်သို့  အတင်းဆွဲထည့်ရေး အသွင်ဆောင်နေရပြီး
လက်နက်ချခိုင်းသည့်သဘောမျိုးဖြစ်သည်ဟု ယူဆထားကြသည်။
ဆွေးနွေးပွဲများခေါ်ယူပြီး ငြိမ်းချမ်းရေးစကားများ ကျယ်ကျယ်လောင်လောင်
ပြောနေလင့်ကစား တိုင်းရင်းသားဒေသများတွင် သေနတ်သံမစဲသေးသည်မှာ
စစ်ရေးအမြင်လွန်ကဲစွာလွှမ်းမိုးထားသည့် အာဏာရှင်စနစ်အကြွင်းအကျန်
အယူအဆများကြောင့်ဖြစ်သည်ဟု တိုင်းရင်းသားများဘက်က သုံးသပ်ကြသည်။

ယနေ့ ခေတ်တွင် ပြည်သူပြည်သားများ အဆာလောင်ဆုံးက ငြိမ်းချမ်းရေး
ဖြစ်နေသည်။ ယင်းငြိမ်းချမ်းရေးကို ရှာဖွေဖို့ ရာ လက်ရှိသွားနေသော
နည်းနိဿယများဖြင့်ကား မလွယ်ကူပေ။ စစ်တပ်တစ်တပ်တည်းဖြစ်အောင်
ထူထောင်လိုက်ခြင်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခများ ပြေလည်သွားလိမ့်မည်
ဟူသော အယူအဆသည် သိပ်ကိုမှားယွင်းနေသော အယူအဆသာလျှင်
ဖြစ်သည်။ ထိုအကောက်အယူကြောင့် နယ်ခြားစောင့်တပ်၊ နယ်မြေစောင့်တပ်များ
စတင်ဖွဲ့ စည်းရန် ဖိအားပေးရာမှတစ်ဆင့် အပစ်ရပ်သဘောတူညီချက်များ
ပျက်ပြားသွားရခြင်းဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊
တိုင်းရင်းသားပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် အမျိုးသားတန်းတူရေး
တို့ ကို ကြိုတင်ဆွေးနွေးညှိနှိုင်းခြင်းမပြုဘဲ ပြည်ထောင်စုတပ်မတော်
ပေါ်ပေါက်လာမည်မဟုတ်ပေ။

မကြာသေးမီကပင် " ၂၀၀၈ ဖွဲ့ စည်းပုံကို မပြင်နဲ့ ၊ ဖက်ဒရယ်ကို မတောင်းနဲ့ "
ဆိုသော အယူအဆများကို အမျိုးသားလွှတ်တော် အကြံပေးသုခမိန်တစ်ဦးဖြစ်သူ
ဦးကျော်ဝင်းက ထုတ်ဖော်ပြောဆိုလာသည်အထိ ကြုံတွေ့ လာရသည်။
အောက်တိုဘာ အပစ်အခတ်ရပ်စဲပွဲဆိုသည်မှာ နိုင်ငံရေးအဓိပ္ပာယ်
ကျယ်ကျယ်ဝန်းဝန်းရှိလာမည့်ပုံ မပေါ်တော့။ တိုင်းရင်းသားများနှင့် ဒီမိုကရေစီ
အင်အားစုများဘက်မှ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု
စနစ်ပြောင်းရေး တောင်းဆိုမည့်ကြံရွယ်ချက်များကို အဓိကထား ထိုးနှက်လိုက်
သည့်သဘောပင်ဖြစ်သည်။ အစိုးရအကြံပေးသည့်အပိုင်းမှ ထွက်ပေါ်လာသော
စကားဆိုသည့်အတွက် "ပြည်သူတွေကို ဖက်ဒရယ်မတောင်းသင့်ဘူး" ဟု
ပြောခြင်းသည် လက်ရှိအစိုးရဘက်မှ လျော့ ပေးစရာမလိုဘူး၊ ပြည်သူတွေ
ဘက်မှသာ အလျော့ပေးရမည်ဟု အဓိပ္ပာယ်ထွက်နေပါသည်။ စစ်တပ်၏
အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍဆိုသည်ကိုလည်း မတို့ မထိဘဲ
လက်ရှိအတိုင်း အခိုင်အမာထားရှိပေးဖို့  ကာကွယ်ပြောကြားနေသောစကားသာ
ဖြစ်သည်။ အလားတူစကားများကို အာဏာရပါတီတွင်းမှာလည်းကောင်း၊
လွှတ်တော်တွင်းရောက် နိုင်ငံရေးပါတီအချို့ မှာလည်းကောင်း ကြားနေရပါသည်။
ထို့ ကြောင့် ဗမာ့နိုင်ငံရေး၏ ပစ္စက္ခအခြေအနေသည် လုံးဝအားရစရာမကောင်း
တော့ဘူးဟု မှတ်ချက်ပေးရပါတော့မည်။

မငြိမ်းချမ်းသောကာလအတွင်း စစ်အသုံးစရိတ် တရိပ်ရိပ် မြင့်တက်လာမှုများ
ကြောင့် ကျွန်တော်တို့ ကျောင်းသားများ၏ ပညာရေးကို အမြဲပင်လစ်လျူရှုခြင်း
ခံနေကြရသည်။ ကျွန်တော်တို့ ရင်ထဲတွင်လည်း စစ်ပွဲများကို သတ်ပစ်ချင်
လောက်အောင် မုန်းတီးနေပါသည်။ ငြိမ်းချမ်းရေးကိုကား မျက်စိစုံမှိတ်၍
ချစ်မြတ်နိုးမိပါတော့သည်။ ကျွန်တော်တို့  ငြိမ်းချမ်းရေးပန်းတိုင်ကိုသွားဖို့ 
ငြိမ်းချမ်းသောနည်းလမ်းများကို ထပ်မံစဉ်းစားတင်ပြကြပါစို့ ။

စစ်ဝါဒအလုံးစုံပျက်သုဉ်းပါစေ။
ငြိမ်းချမ်းရေးအဓွန့် ရှည်ပါစေ။

(Venus News ဂျာနယ် အတွဲ ၅၊ အမှတ် ၉ တွင် ပါရှိသော ကျော်ကိုကို၏
"စာရွက်ပေါ်ကသဘောထားနှင့် ပြင်ပကတိုက်ပွဲများ" မှ ထုတ်နုတ်ဖော်ပြပါသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...