Sunday, September 8, 2013

ဝမ်းသာကြည်နူးမိလို့

 

နေအတော်လေးပူတဲ့ တစ်နေ့က ကိစ္စတစ်ခုနဲ့ စမ်းချောင်းမကြီးကြီးလမ်းထဲရောက်တယ်။
ပြန်တော့မလို့ ကားစက်နှိုးနေစဉ် အတူပါလာတဲ့ ညီလေးတို့ လင်မယားက
“ဟင်....ဟိုမှာ........လဲတော့မယ်....” ဆိုပြီး ရုတ်တရက်အော်သံ ကြားလိုက်တယ်။

ကျွန်တော်တို့ကားရဲ့ အနောက်ဖက် ပေ(၂၀)လောက်အကွာမှာ လမ်းလျှောက်ရင်း ဒယီးဒယိုင်ဖြစ်နေတဲ့ အသက် (၃၀)ခန့် အမျိုးသားတစ်ယောက်ကို လှမ်းတွေ့လိုက်ရတယ်။
သူ့ဂုတ်ပိုးပေါ်မှာ ၄နှစ်လောက် သားလေးတစ်ယောက် ခွစီးပြီး လိုက်ပါလာတယ်။
နောက်ပြီး ပုခုံးပေါ်မှာလည်း တံပိုးနဲ့ ဈေးရောင်းစရာလေးတွေ ထမ်းလာတယ်။
“ဟာ..ဟာ.......လဲကျတော့မယ်...”
ဒယီးဒယိုင်ဖြစ်နေတဲ့ အမျိုးသား အခြေအနေပိုဆိုးလာတယ်။ မကြာခင် လုံးဝ ပုံလဲကျသွားတော့မယ်။
ဂုတ်ပေါ်က ကလေးငယ်က ကြောက်လို့ စပြီး ငိုနေပြီ။

ကျွန်တော်တို့ (၃)ဦးစလုံး မတိုင်ပင်ပဲ ကားပေါ်က ရုတ်တရက်ခုန်ဆင်းလိုက်ကြတယ်။
ဂုတ်ပိုးပေါ်က ကလေးကို အောက်ကို အမြန်ပွေ့ချလိုက်ပြီး အမျိုးသားကိုလည်း တွဲထူပေးလိုက်တယ်။
လမ်းနံဘေး အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ အနားယူစေတယ်။

အမျိုးသားက အရမ်း ခေါင်းမူးနေပြီး စကားတွေ ဗလုံးဗထွေးဖြစ်နေတယ်။
အရက်များမူးတာလားလို့ ထင်လိုက်ပေမယ့် အရက်နံ့လုံးဝမရဘူး။
တစ်ကိုယ်လုံး ချွေးတွေအရမ်းထွက်နေတယ်။
လက်ကောက်ဝတ်သွေးခုန်နှုန်း (Pulse) အရမ်းမြန်နေပြီး ခုန်နှုန်းကလည်း အရမ်းအားနည်း (Faint) နေတယ်။ သတိလက်လွတ်တော့မလိုဖြစ်နေပြီ။
လက္ခဏာတွေကတော့ သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း (Hypoglycemia) ကြောင့် မူးလဲခြင်းနဲ့ တူတယ်။

ဒါနဲ့ သူ့ကို သကြားလုံးကျွေးတယ်။ အချိုရည်ဝယ်တိုက်၊ မုန့်ဝယ်ကျွေးတယ်။
သူက မူးဝေနေတဲ့ကြားထဲ နံဘေးက သူ့သားလေးကိုပဲ ကြည့်ကြည့်နေတယ်။
ပထမ သဘောမပေါက်ဘူး။ သူ့သားကို တိုက်ပေးပါလို့ ပြောနေတာကိုး။
သူ့သားလေး သောက်ပြီးမှပဲ သူပါ သောက်ရှာတယ်။
သူ့ခမျာ အချိုရည်တောင် မနည်းကြီး ကြိုးစားသောက်နေရရှာပုံ။
၁၀မိနစ်လောက်ကြာမှ နည်းနည်းလေး လန်းလာလို့ မေးကြည့်တော့ ထမင်းမစားရတာ ၂ရက်ရှိပြီလို့ ပြောပါတယ်။
ဒါနဲ့ နံဘေးအိမ်တစ်အိမ်က အဘိုးတစ်ယောက်ကလည်း သူ့အိမ်က မုန့်တွေ ထုတ်ကျွေးတယ်။
မုန့်ကျွေးတော့လည်း သူ့ခမျာ စကားဗလုံးဗထွေးနဲ့ သူ့သားကိုအရင်ကျွေးဖို့ချည်း ပြောနေတယ်။

စကားနည်းနည်းချင်း ပြောနိုင်လာမှ သိရတာတွေကတော့ -
သူက ညောင်တုန်းကားလမ်းမကြီးနံဘေး ရွာတစ်ရွာက လယ်သမားတစ်ဦးပါ။
မိုးရာသီဝင်စက မိုး၊လေကြီးပြီး သူ့အိမ်အမိုး ပျက်စီးသွားပါသတဲ့။
ဒါနဲ့ သူလည်းမရှိမဲ့ရှိမဲ့ ငွေလေးထုတ်ပြီး အမိုး ပြန်မိုးလိုက်တော့ စပါးစိုက်ဖို့ အရင်းပြုတ်သွားပါသတဲ့။
ကံဆိုးခြင်းတွေဆက်တိုက်လာတယ်ပဲ ပြောရမလား၊ သူ့အမျိုးသမီးက လယ်ထဲသွားရင်း ပိုးထိပြီး ဆုံးသွားပါတယ်။
ဒီတော့စိတ်ဓာတ်ကျပြီး အလုပ်လည်း သိပ်မလုပ်နိုင်တော့ဘူးဖြစ်လာတယ်။
ဒီလိုနဲ့ တဖြည်းဖြည်း စားသောက်ဖို့ ငွေကြေးတောင် ပြတ်လပ်လာလို့ ကြံရာမရဖြစ်ပြီး ရန်ကုန်က အမျိုးတစ်ယောက်အိမ်ဆီ အကူအညီတောင်းမလို့ လိုက်လာတယ်။ ဖြစ်ချင်တော့ အဲဒီအမျိုးကလည်း အိမ်ပြောင်းသွားလို့ မတွေ့နိုင်တော့ဘူး။
ဆိုတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ခဏခိုကပ်ပြီးနေတယ်။
ရက်ကြာလာတော့ ဘုန်းကြီးကျောင်းမှာလည်း နေဖို့ သိပ်အဆင်မပြေတော့ဘူး။
ဒါနဲ့ ပြန်ဖို့ လမ်းစရိတ်လေးရလိုရငြား အထမ်းနဲ့ ဈေးလိုက်ရောင်းတာပါတဲ့။
လက်ကျန်ငွေက အရမ်းကို နည်းလာလို့ သူက ထမင်းကို လုံးဝမစားတော့ပဲ သူ့ကလေးကိုတော့ ကြိုးစားပြီး ၀ယ်ကျွေးပါသတဲ့။ သူကတော့ ထမင်းလုံးဝမစားရတာ (၂)ရက်ရှိနေပါပြီတဲ့။

နောက်ဆုံးမှာတော့ ကျွန်တော်တို့ အနေနဲ့ အပေါ်ကပြောခဲ့သလိုပဲ အစားအသောက်၊ အချိုရည်လေးတွေ ကျွေးမွေးပေးပြီး သက်သာလာအောင် ပြုစုပေးပြီးတော့ အပြန်လမ်းစရိတ်နဲ့ စားစရိတ် ၄-၅ ရက်စာလောက် တွက်ချက်ပြီး ပေးအပ်ခဲ့ပါတယ်။

နံဘေးကလူတစ်ချို့က လိမ်စားတဲ့သူဖြစ်နေဦးမယ်၊ ဘာညာနဲ့ သတိထားဖို့ ပြောကြသူတွေလည်း ရှိပါတယ်။
ဒါပေမယ့် အဲဒီ အမျိုးသားဟာ အလိမ်အညာပဲဖြစ်နေစေပါဦးတော့ စမ်းသပ်ချက်အရ အဲဒီအချိန်မှာ Hypoglycemia တကယ်ကို ဖြစ်နေတာပါ။ ဒီတိုင်းသွားရင် မူးလဲကျပြီး လူကြီးရော၊ ကလေးပါ ဒုက္ခရောက်တော့မှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် ကူညီပေးခဲ့တာ အလဟဿတော့ မဖြစ်ခဲ့ဘူးလို့ ယုံကြည်ပါတယ်။

နောက်တစ်ချက် တွေးမိတာက သူပြောခဲ့တာတွေဟာ တကယ့်အမှန်တရားဆိုရင် တကယ် ၀မ်းနည်းစရာပါဗျာ။ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။
ဒီတိုင်းသာဆိုရင် တကယ်ဆင်းရဲတဲ့လယ်သမားတစ်ချို့တွေရဲ့ ဘ၀ဟာ တကယ်သနားစရာပါ။ မြန်မာပြည်က ဆင်းရဲချမ်းသာ လူတန်းစား ကွာဟမှုကိုလည်း တစေ့တစောင်း မီးမောင်းထိုးပြနေသလိုပဲ။

နောက်ဆုံးတစ်ချက် လေးစားမိတာက သူ့ရဲ့ မိဘမေတ္တာကိုပါ။
ကိုယ်တိုင် ထမင်း ၂ရက်အငတ်ခံပြီး ကလေးကိုချည်းပဲ ကျွေးမွေးနေတာ၊ မူးလဲနေချိန်မှာတောင် ကိုယ့်အတွက် အချိုရည်ကို မသောက်သေးပဲ ကလေးကို စိတ်ပူနေတာတွေဟာ စံပြုလောက်စရာ မိဘမေတ္တာတွေပါ။

ညီလေးတို့လင်မယားနဲ့ ပြုလုပ်ဖြစ်ခဲ့တဲ့ ခရီးသွားဟန်လွှဲ အမှတ်တရ လူသားချင်းစာနာမှုအကူအညီလေးတစ်ခုပါ။
ကိစ္စသေးသေးလေးဆိုပေမယ့် ၀မ်းသာကြည်နူးမိလို့ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...