Monday, September 9, 2013

အလံတစ်လက်၏ ခြောက်နှစ်တာ ခရီးရှည်

August 23, 2013 at 8:23am
                  စက်တင်ဘာလရဲ့ မိုးရွာသွန်းနေတဲ့ ရက်တစ်ရက်မှာ တိုက်ခန်းတွဲကြီးတစ်ခုရဲ့နောက်က ကွင်းပြင်ကျယ် တစ်ခုထဲမှာ ကျွန်တော်ထီးဆောင်းပြီး ရပ်နေခဲ့တယ်။အမှန်တကယ်က ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို ထီးမိုးပေးရင်း မိုးရွာထဲမှာ လူနှစ်ယောက် အတူတူရပ်နေတယ်လို့ဆိုရမှာပါ။ သူကတယ်လီဖုန်းတစ်လုံးနဲ့ ပြည်ပ အသံလွှင့်ဌာနက မေးလာတဲ့မေးခွန်းတွေကို ပြန်ဖြေနေခဲ့ပါတယ်။ သူပြန်ဖြေတဲ့ စကားပေါင်းများစွာထဲက တစ် ခွန်းကို ခုထိ အမှတ်ရနေဆဲပါ။ဒါကတော့ “မနက်ဖြန် သံဃာတော်တွေရဲ့ ဆန္ဒပြပွဲကိုသာ ရက်ရက်စက်စက် ထပ်မံဖြိုခွဲခဲ့မယ်ဆိုရင် မဟုတ်မခံတဲ့ ကျွန်တော်တို့ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းစိတ်ဓာတ် ဘယ်လိုရှိတယ် ဆိုတာ အာဏာပိုင်တွေ သိအောင် ပြရတော့မယ်” ဆိုတဲ့ စကားစုပါပဲ။ဒီစကားတွေကို ပြောခဲ့တဲ့သူကတော့ ဒီနေ့ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဒုဥက္ကဌ ကိုလင်းထက်နိုင်ပါပဲ။ ဒါဟာ လွန်ခဲ့တဲ့ ခြောက်နှစ် ၀န်းကျင်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ။

          အဲဒီအချိန်ကာလက ကျွန်တော်တို့တစ်ဖွဲ့လုံးပေါင်းမှ တယ်လီဖုန်းတစ်လုံးပဲရှိပါတယ်။ပြည်ပ မီဒီယာ တွေရဲ့အမေးအဖြေတွေကို ကျွန်တော်တို့တစ်ယောက်တစ်လှည့် ဖြေခဲ့ကြရတာပါ။တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း မိုးထဲလေထဲမှာ အလုပ်လုပ်ခဲ့ရပါတယ်။သံဃာလှုပ်ရှားမှုအစပိုင်းလို့ ပြောနိုင်တဲ့ အချိန် ဖြစ်ပါ တယ်။သံဃာတော်တွေ ဘယ်လမ်းကြောင်းက ချီတက်ကြွချီလာပြီလဲ ဆိုတာလည်း ဒီဖုန်းတစ်လုံးတည်းနဲ့ပဲ သတင်းစုဆောင်း၊ အဆက်အသွယ်လုပ်ပြီး လိုက်ပါဝန်းရံခဲ့ကြပါတယ်။နေ့တိုင်းစုရပ်တစ်ခုမှာ ဆုံကြပြီး သတင်း ရတဲ့ နေရာကိုသွားကာ ဆန္ဒပြပွဲတွေမှာ လိုက်ပါချီတက်ခဲ့ကြပါတယ်။ကျွန်တော်တို့အဖွဲ့မှာ ကျောင်းတော်တော် များများကကျောင်းသားတွေပါပါတယ်။ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ဒဂုံတက္ကသိုလ်၊ အနောက်ပိုင်းတက္ကသိုလ် စီးပွားရေးတက္ကသိုလ်၊ မှော်ဘီနည်းပညာတက္ကသိုလ်၊ကွန်ပြူတာတက္ကသိုလ် စတာတွေ အဓိကပါဝင်ခဲ့ပါတယ်။ တက္ကသိုလ်ချင်း မတူပေမယ့် ဆန္ဒပြရာမှာ ညီညွတ်တဲ့စိတ်နဲ့ တစ်သားတည်းကျတဲ့မျှော်လင့်ချက်တွေရှိပါတယ်။ ဒီထဲက မျှော်လင့်ချက်တစ်ခုကတော့ “စစ်အာဏာရှင်စနစ်ကို ခွပ်ဒေါင်းအလံလွှင့်ထူပြီး တိုက်ပွဲဆင် ဖြုတ်ချကြ” ဖို့ပါပဲ…။
          ၂၀၀၇ သြဂုတ်လ ၂၈ရက်နေ့မှာ လျှို့ဝှက်စွာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ဟာ လာမယ့် ၂၀၁၃ သြဂုတ်လ ၂၈ရက်မှာဆို (၆)နှစ်ပြည့်မြောက်ပါတော့မယ်။သမိုင်းမှာ တင်ရှိနေတဲ့ အကြွေးတွေကို အလုံးစုံပြန်ရယူနိုင်ဖို့ ဒီနေ့အထိ ကျွန်တော်တို့ တိုက်ပွဲဝင်နေဆဲပါ။၁၉၆၂ခုနှစ်က မတရားဖြိုချခံလိုက်ရတဲ့သမဂ္ဂအဆောက်အအုံနဲ့ရက်ရက်စက်စက် စတေးလိုက်ရတဲ့ ကျောင်းသားတစ်ရာကျော် အတွက် တရားမျှတမှု ပြန်လည်ဆောင်ကြဉ်းနိုင်ဖို့ ကျွန်တော်တို့ ကျားကုတ်ကျားခဲ ကြိုးစားနေရဆဲပါ။စစ်အာ ဏာရှင်စနစ် ထွန်းကားလာချိန်ကတည်းက တရားဝင်ရပ်တည်ခွင့် ဆုံးရှုံးသွားတဲ့ ကျောင်းပေါင်းစုံက ကျောင်းသားသမဂ္ဂတွေရဲ့ တရားသဖြင့် ရပ်တည်ခွင့်ရရှိရေးတိုက်ပွဲကို မနားမနေ ဆက်လက်ဆင်နွှဲနေရဆဲပါ။ ကျောင်းသားထုတစ်ရပ်လုံးရဲ့ အကျိုးဖြစ်စေတဲ့ ပညာရေးစနစ်မြှင့်တင်ရေး တောင်းဆိုမှုတွေ၊ လက်ရှိပညာရေး စနစ်ရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်မှုတွေကိုလည်း အဆက်မပြတ်ပြုလုပ်နေရဆဲပါ။ဒီခြောက်နှစ် တာကာလမှာ ကျွနတော်တို့ ဒဏ်ရာအမျိုးမျိုးရခဲ့ပေမယ့်လည်း လွှင့်ထူထားပြီးဖြစ်တဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ ကိုလုံးဝမြေမခစေဘဲလက်ကမ်းသယ်ဆောင်လာနိုင်ခဲ့တာဖြစ်လို့ ဗကသများအဖွဲ့ချုပ်တစ်ခုလုံးက ကျောင်းသား ရဲဘော်တွေရဲ့ တာဝန်ကျေပွန်မှုကို ဦးညွှတ်အလေးပြုလိုက်ပါတယ်…။

မုန်တိုင်းလမ်းကြောင်းပေါ်က သမဂ္ဂ
          ဗမာပြည်မှာ နာဂစ်လေမုန်တိုင်း အကြီးအကျယ်ဝင်ရောက်ဖျက်ဆီးသွားတဲ့အခါ လူပေါင်းများစွာ သေကြေပျက်ဆီးရပါတယ်။မုန်တိုင်းဒဏ်ခံဒေသတွေနာလန်ထူဖို့ အချိန်အကြာကြီးယူခဲ့ရပါတယ်။အဲဒီအချိန်က ကျွန်တော်တို့ ဗကသအဖွဲ့ဝင်တွေ ပြည်သူတွေကိုကူညီပေးရင်းက ဖမ်းဆီးခံရ၊ထောင်ချခံခဲ့ရပါတယ်။အဖမ်းခံ ရမယ့် အန္တရာယ်က သီသီလေးလွတ်ခဲ့ရတဲ့ ရဲဘော်မင်းသွေးသစ်ဟာ ခွပ်ဒေါင်းအလံနဲ့အတူ မြေအောက်စည်းရုံး ရေးဆင်းပြီး ဗကသဆက်လက်ရပ်တည်ရေးအတွက် ဘက်ပေါင်းစုံက ကြိုးစားခဲ့ရပါတယ်။သူ့ဆီမှာ မုန်တိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်း စုဆောင်းမိသွားပါပြီ။သူ့ရဲ့ သဘာဝပတ်ဝန်းကျင်အကြောင်း ဟောပြောမှု တစ်ခုကနေ မုန်တိုင်းတွေနဲ့ ပတ်သက်တဲ့အချက်အလက်တစ်ချို့ ကျွန်တော်သိခဲ့ရပါတယ်။ ဒါဟာ ဘာလဲဆိုတော့ “မုန်တိုင်းရဲ့ ပထမအခြမ်း ဖြတ်ကျော်ပြီးသွားချိန်မှာ မုန်တိုင်းမျက်စိဖြတ်သန်းပါတယ်။ အဲဒီ အချိန်မှာ ရာသီဥတုကြည်လင်သာယာပြီးတော့ မုန်တိုင်းစဲသွားပြီလို့ လူတွေ ထင်တတ်ကြပါတယ်။ဒါပေမယ့် မကြာခင် ပိုမိုပြင်းထန်တဲ့ မုန်တိုင်း ဒုတိယအခြမ်း ဆက်လက်တိုက်ခိုက်မှာဖြစ်ပြီး ပထမယိုင်နဲ့သွားတဲ့ အဆောက်အဦးတွေ ဗုန်းခနဲ့ ပြိုလဲကျတော့မှာ ဖြစ်ပါတယ်..” စတဲ့ သီအိုရီလေး တစ်ခုပါပဲ။
          ဒီအယူအဆကို ကြားတဲ့အခါ ကျွန်တော်စဉ်းစားမိတယ်။ပထမအခြမ်း မုန်တိုင်းဖြတ်သန်းသွားပြီး ကျွန်တော်တို့ကို အကဲစမ်းပြီးတဲ့ အခုအချိန်ဟာ အင်မတန်သတိထားစရာကောင်းတဲ့ မုန်တိုင်းမျက်စီ ရောက်ရှိ နေချိန်ပဲ ဖြစ်ပါတယ်။ကြည်လင်သာယာပြီဆိုပြီး မြူးတူးရွှင်ပြနေရမယ့် အချိန်မဟုတ်သေးပါဘူး။အိမ်မပြိုအောင် မှန်မှန်ကန်ကန် ကျားကန်ထားရမယ့် အချိန်ပါ။၂၀၁၂-၁၃ တစ်နှစ်တာမှာ သမဂ္ဂခရိုင်ပေါင်း (၂၀)ကျော် ဖွဲ့နိုင် တယ်။ငါတို့အင်အားရှိပြီဆိုပြီး လက်မထောင်လို့ မဖြစ်သေးပါဘူး။နောင်လာမယ့် ပိုမိုကြီးမားပြင်းထန်မယ့် မိုးသက်မုန်တိုင်းကို ဘယ်လိုရင်ဆိုင်ကာကွယ်မယ်ဆိုတဲ့ သဘောတရားကို ရှာဖွေနေရပါလိမ့်မယ်။ဗကသများ အဖွဲ့ချုပ်ရဲ့ ကိုယ်ခံအားလိုဖြစ်နေတဲ့ မူ(၅)ချက်နဲ့အတူ ယနေ့ခေတ်နဲ့ လျော်ညီတဲ့ ၀ါဒတစ်စုံကို ရှာဖွေပြီး ခုခံ ကာကွယ်ဖို့ အားထုတ်သင့်တဲ့အချိန်ဖြစ်ကြောင်း ကျောင်းသားရဲဘော်တွေကို သတိပေးလိုပါတယ်။

အလံကိုလေးစားရင် ညီညွတ်ရေးကို တည်ဆောက်ပါ
          ကျွန်တော်တို့ စက်တင်ဘာရွှေဝါရောင်အရေးတော်ပုံအတွင်းက မြင့်မြတ်တဲ့ ရွှေတိဂုံဘုရား အရှေ့ဘက် မုခ်မှာ သမဂ္ဂခွပ်ဒေါင်းအလံကို လေမှာဝဲပျံနေအောင်လွှင့်ထူခဲ့ကြပါတယ်။ဒါဟာ(၂၁)ရာစုဗမာပြည်ကျောင်းသား လှုပ်ရှားမှုသမိုင်းရဲ့ ပထမဆုံးလွှင့်ထူနိုင်ခဲ့တဲ့ အောင်လံတံခွန်ပါပဲ။စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြုတ်ချဖို့ တော်လှန်ရေးအချက်ပေးအမြှောက်သံလည်း ဖြစ်ခဲ့ပါတယ်။ရွှေတိဂုံရင်ပြင်ထက်ကနေ ဆူးလေရင်ပြင်အထိ ကျောင်းသားတွေ လက်ဆင့်ကမ်းသယ်လာတဲ့ ခွပ်ဒေါင်းအလံကိုမြင်တဲ့အခါ အာဏာရှင်တွေ ကြောက်ဒူးတုန် နေခဲ့ပါတယ်။ဒါကြောင့် နောက်တစ်ရက်မှာပဲ လူသတ်ပွဲကို စတင်ကျင်းပပြီး ရာဇပလ္လင်ကို သွေးနဲ့ဆေးခဲ့ကြပါ တယ်။ကျွန်တော်တို့ကျောင်းသားတွေရဲ့ ရွှေဝါရောင်ကာလ ကြွေးကြော်သံကတော့ “စစ်ကျွန်မခံ တို့တွန်းလှန်၊ ခွပ်ဒေါင်းအလံလွှင့်ကြစို့” ရယ်လို့ဖြစ်ကြောင်း တင်ပြလိုပါတယ်။
          အခုလိုသမိုင်းနဲ့ချီပြီး တော်လှန်မှန်ကန်တဲ့ဘက်မှာရှိနေခဲ့တဲ့ ခွပ်ဒေါင်းအလံဟာ ၂၀၁၂ကနေ အခုချိန် ထိတော့ ဆက်လက်ပျံဝဲနေတုန်းပဲရှိနေပါတယ်။နောင်မှာလည်း အခုလိုပျံဝဲနေပြီး ကျွန်တော်တို့ရွတ်နေတဲ့ စကားပုံတစ်ခုလို “Fly Fly Till the Sky” မိုးထိမြင့်အောင် လွှင့်ထူနေမယ်ဆိုတာ ယုံကြည်မိပါတယ်။ဒီလို ဖြစ်အောင်လည်း အခု သမဂ္ဂတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းသားရဲဘော်အားလုံးမှာ တာဝန်ရှိပါတယ်။ သမဂ္ဂတည်မြဲရေးကို ခံကတုတ်နက်နက်တူးပြီး ခုခံကာကွယ်ကြရမှာ ကျွန်တော်တို့တာဝန်ပါ။အခုလက်ရှိ သမဂ္ဂ ကျောင်းသားတိုင်း ခွပ်ဒေါင်းအလံကိုလေးစားကြပါတယ်။ကျွန်တော်တိုက်တွန်းချင်တာက“အလံကို လေးစားရင် ကျောင်းသားညီညွတ်ရေးကို တည်ဆောက်ပါ” ဆိုတာပါပဲ။
          ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ၀န်ခံရရင် ညီညွတ်ရေးကိုတောင်းဆိုနေရတာ အကွဲအပြဲတွေရှိနေလို့ပါ ပဲ။ဒီနေရာမှာ စာရေးဆရာနောင်ကျော်ရဲ့ အရေးအသားတစ်ခုကို ကိုးကားလိုပါတယ်။ “ကျောင်းသားထု ကြားထဲမှာ အကွဲအပြဲတွေအကြီးအကျယ်ရှိလာတဲ့အခါတိုင်းလိုလိုမှာ အာဏာရအစိုးရရဲ့ သပ်လျှိုသွေးခွဲမှုဟာ တိုက်ရိုက်(ဒါမှမဟုတ်) သွယ်ဝိုက်ပတ်သက်နေတတ်ပါတယ်။ဒါက သမိုင်းတစ်လျှောက်လုံးရဲ့ အကွဲအပြဲဆိုင်ရာ မှတ်ချက်ပါ။အချို့အခြေအနေမှာတော့ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့ သြဇာထူထောင်မှုနဲ့ နှောင်ကြိုးတချို့ကြောင့် ညီညွတ်ရးပြိုကွဲရတာမျိုး ရှိတတ်ပါသေးတယ်။” ကျွန်တော်တို့ခေတ်မှာ ဖြစ်နေရတဲ့ ကျောင်းသားထုကြား အကွဲ အပြဲပြဿနာဟာဆရာနောင်ကျော်ထောက်ပြထားတဲ့ အချက်(၂)ချက်စလုံးကြောင့်ပါ။ဒီကနေ့ကျောင်းသားတွေ အခြေအနေမှန်ကို ကွဲကွဲပြားပြားနားလည်အောင် ရှုမြင်သုံးသပ်ပြီး ဘယ်အဖွဲ့အစည်း၊ဘယ်ပုဂ္ဂိုလ်ရဲ့ ပယောဂနဲ့ မှ ညီညွတ်ရေးမပြိုကွဲအောင် စည်းလုံးကြဖို့ ထပ်ဆင့်အကြံပြုလိုပါတယ်။

မူကို ရပ်ခံနိုင်ခြင်းနှင့် မှိုင်းကို ဖယ်ရှားပစ်ခြင်း
          ကျွန်တော်တို့တာဝန်ယူခဲ့တဲ့ (၆)နှစ်တာကာလမှာ ဗကသမူအပေါ်မှာ အခိုင်အမာရပ်တည်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။၁၉၆၀ကချမှတ်ခဲ့တဲ့ မူ(၅)ချက်အပြင် သမဂ္ဂရဲ့သမိုင်းတစ်လျောက်လုံးကျင့်သုံး ခဲ့တဲ့အခြေခံတရားတွေကိုလည်း အသက်ကိုစောင့်ရှောက်ထိန်းသိမ်းသလို ထိန်းသိမ်းလာခဲ့တာပါ။အဓိကကျတဲ့ အချက်တွေကတော့ မှတ်ပုံမတင်ရေးမူနဲ့ ပြည်သူ့အကျိုးပြုရေး(တစ်နည်းပြောရရင် ကျောင်းသားအရေး သက်သက်အမြင်ကို လက်မခံရေး)တို့ပဲ ဖြစ်ပါတယ်။အခုနောက်ဆုံး ထပ်မံကြုံတွေ့ခဲ့ရတဲ့ စဉ်းစားချက်တစ်ခု ကတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဖုံးဖို့ ကြိုးစားနေတဲ့ “ပြုပြင်ပြောင်းလဲရေးမှိုင်း”ကို ဖယ်ရှားပစ်ရေးပါ တိုးချဲ့ပြင်ဆင်လာရပါပြီ။ဥပမာ-ရှစ်လေးလုံးငွေရတုပွဲမှာပြည်သူလူထုကိုပစ်ခတ်နှိမ်နင်းပြီး ၀န်ချတောင်းပန်ခြင်း တာဝန်ယူခြင်း အလျဉ်းမရှိသေးတဲ့ အစိုးရခေါင်းဆောင်တွေကို ဖိတ်ကြားခြင်းကို ဗကသများအဖွဲ့ချုပ်က ကန့်ကွက်ခဲ့တာဟာ မိမိတို့မူအပေါ်မှာ အခိုင်အမာရပ်ခံလိုက်ခြင်းပဲဖြစ်သလို နိုင်ငံရေးအင်အားတချို့က လက်ခံထားတဲ့ “ယနေ့ခေတ်ဟာ တစ်စုံတစ်ရာပြုပြင်ပြောင်းလဲရေးလမ်းပေါ် ရောက်နေပါတယ်”ဆိုတဲ့ ထင်ယောင်မြင်မှားအနေအထားကို လုံးဝဖယ်ရှားရှင်းလင်းပြလိုက်တာလဲဖြစ်တယ်။
          ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အ၀မရမချင်း ပြည်သူထဲက သားသမီးတွေဖြစ်တဲ့ ကျောင်းသားအလွှာရဲ့ ဒီမိုကရေစီအရေးလည်းပဲ မရသေးဘူးလို့ မှတ်ယူပြီး တောင်းဆိုနေရပါမယ်။ပြည်သူတွေ ငြိမ်းချမ်းရေးကို အမှန်တကယ်မခံစားမရရှိသေးဘဲ ကျွန်တော်တို့ချည်းသက်သက် အဆင်ပြေရေး၊လက်ဆွဲ နှုတ်ဆက်ရေးကို လုံးဝ(လုံးဝ)လုပ်မှာမဟုတ်ပါဘူး။တိုင်းရင်းသား ကျောင်းသားညီအကိုတွေရဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်မရှိသေးဘဲ ပြည်မကျောင်းသားတွေချည်း သမဂ္ဂဖွဲ့စည်းခွင့်ရရှိရေး ညှိနှိုင်းဆွေးနွေးမှုကို လက်သင့်ခံနိုင်မှာ မဟုတ်ပါဘူး။ဘယ်အခြေအနေမှ တကယ်မပြောင်းလဲသေးဘဲ အလုပ်ဖြစ်ရေးအတွက တစ်ဖက်သတ်ကျတဲ့ ကမ်းလှမ်းမှုမျိုး၊ ကျောင်းသားထုတစ်ရပ်လုံး ထောက်ခံမှုမပါတဲ့ ရေပေါ်ဆီပြေလည်မှုမျိုးကို ဗကသများ အဖွဲ့ချုပ်အဖွဲ့ဝင်တိုင်း အိပ်မက်ထဲမှာတောင် ထည့်သွင်းစိတ်ကူးနေကြမှာ မဟုတ်ပါဘူးလို့ တိုင်းပြည်ကို ကတိက၀တ်ပြုရင်း “အလံတစ်လက်၏ခြောက်နှစ်တာခရီးရှည်” ဘယ်လမ်းကြောင်းကို ဦးတည်နေသလဲဆိုတာ ပြည်သူလူထုကို ဖွင့်ချတင်ပြလိုက်ရကြောင်းပါခင်ဗျား…။     ။
                                                                             ကျော်ကိုကို

(ကိုးကား-လွတ်လပ်ရေးခေတ် အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း-နောင်ကျော်)
        သမဂ္ဂဂျာနယ်တွင် နောက်ဆုံးဖေါ်ပြထားသော ဆောင်းပါးဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...