Saturday, September 14, 2013

နှလုံးသား ဒိုင်ယာယီ (၁၂)

September 13, 2013 at 7:18pm

ဘဝမှာ ဖြစ်ချင်တာထက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အလုပ်တွေကို ရွေးချယ်လိုက်ရတဲ့ အခြေအနေလည်း ရှိတတ် သည်။ BPA တပ်မတော် တည်ထောင်ပြီး တလခန့်အကြာ ဒုတိယအကြိမ်မြောက် လှုပ်ရှားခွင် လေ့လာရေးခရီး ထွက်ရန်ပြင် ဆင်ရပြန်သည်။ ကျနော်နှင့်အတူ လိုက်ပါမည့် ရဲဘော်လေးတဦးနှင့် ကျနော် ပေါင်း ၂ ဦးသာလျှင် ဖြစ်သည်။
ပထမအကြိမ်သွားရောက်မည့် ရလလဖ အဖွဲ့တည်ရှိရာ နောင်ထောင် ရှမ်းကယားနယ်စပ်ဘက် မဟုတ်တော့။ ကယားပြည်နယ် အတွင်းပိုင်းမှ ဖြတ်ကျော်ဝင်ရောက်ရတော့မည် ဖြစ်သည်။

ခရီးမထွက်မီ လိုအပ်သည်များကို ပြင်ဆင်ရင်း ထိုညကောင်းစွာပင် အိပ်၍မရ။ ဝင်ရောက်ရမည့် လမ်းကြောင်း ကို  စိတ်ကူးဖြင့် ပုံဖော်ကြည့်နေမိသည်။ သို့သော် မည်သို့မှ စဉ်းစား၍နိုင်သေးသဖြင့် နောက်ဆုံး ဖြစ်ပေါ်လာ သော အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားသွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ကျနော့် နံဘေး အပြစ်ကင်းစင်စွာ အိပ်မောကျနေသော သမီးတို့ကို ကြည့်ရင်း ဆို့နင့်နေမိသည်။ ဇနီးသည်ထံမှတော့ ဆိုးသည်ကောင်းသည် ဆိုသည့် စကား တခွန်းတပါဒမှ ထွက်မလာ။ သူလည်း အိပ်မရ။ အတွေးနွံထဲနစ်နေပုံရသည်။ တချက်တချက် သူ၏သက်ပြင်းချသံ ကျနော့်နားစည်တွင်းသို့ မကြာခဏဝင်ရောက်လာသည်။ သူ့ရင်တွင်း ၌လည်း မည်မျှပူလောင်နေမည်ကို ကျနော်သိသည်။ သို့သော် ဖြေသိမ့်ရန်ခွန်အားတို့သည် ကျနော့် ၌ မရှိ။

တော်လှန်ရေး နယ်မြေသို့ အသွင်ကူးပြောင်းရောက်ရှိလာသော ရဲဘော်အတော်များများ အသက်ဆုံးရှုံးခဲ့ကြ ရသည်။ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ ဆိုသကဲ့သို့ အောက်ခြေပိုင်းတွင်သာ ဇာတ်လမ်းသိမ်း ခဲ့ရသည်။ ထိုရဲဘော်များ ဘဝလွတ်မြောက်ရေးအတွက် စွန့်စွန့်စားစား ကျနော်လှုပ်ရှားရမည်ကို ခံယူထားသော ကြောင့်လည်း ဖြစ်သည်။ ကိုယ်ဖောက်သောလမ်းကို ကိုယ်လျှောက်ရမည်မှာ ဓမ္မတာပင်။ လင်းကြက်တွန်သံ ကြားမှ အတွေးများလည်း ပြတ်တောက်သွားသည်။ ဇနီးသည်ကလည်း စားသောက်ရန်အတွက် မီးဖိုထဲတွင် ချက်ပြုတ်နေလေသည်။ အိပ်မောကျနေသော သမီးတို့ပါးပြင်ကို အနမ်းပေးပြီး အခန်းပြင်သို့ ကျနော်ထွက်လာ သည်။ ဇနီးသည်အနီးချဉ်းကပ်ပြီး သမီးတို့ကို ဂရုစိုက်ပေးရန် တဖွဖွမှာကြားဖြစ်သည်။ ထိုအခါ ဇနီးသည်မှ တုံ့ပြန်လာခဲ့သည်။ “စိတ်ချပါဟယ်…. နင့်ခရီးကိုသာ ဖြောင့်ဖြောင့်တန်းတန်းနဲ့ အောင်မြင်အောင် သွားပါ။ နောက်ကြောင်းအတွက် ပူပင်သောက မဖြစ်ပါနဲ့ ကလေးတွေကိုလည်း ငါကောင်းမွန်စွာ စောင့်ရှောက်ပါမယ်။ ဘုရားသခင်ကလည်း ငါတို့မိသားစုကို စောင့်ရှောက်ပါလိမ့်မယ်” ဟု ပြောလာသည်။ မည်သို့မျှ ခွန်းတုံ့မပြန်နိုင်။ ထုပ်ပိုးထားသောကျောပိုးအိတ်ကို လွယ်ကာ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။

ကျနော့် အိမ်နှင့်တပ်စခန်းက ၃ နာရီခန့် ခရီးနှင်ရသည်။ ကျနော်နှင့်လိုက်ပါမည့်ရဲဘော်လေးနှင့် ကျနော် စကားပင် မဆိုဖြစ်ကြ။ အတွေး ကိုယ်စီဖြင့် တောင်ပေါ်တပ်စခန်းသို့ လှမ်းနေကြခြင်းဖြစ်သည်။ နေ့လည်ပိုင်းလောက်တွင် တပ်စခန်းသို့ ရောက်ရှိခဲ့ကြသည်။ ကျနော်တို့ ရောက်သွားတော့ ခရီးထွက်မည့် ရဲဘော်များမှာလည်း အလုပ်ရှုပ်နေကြသည်။ ယူဆောင်သွားမည့် ပစ္စည်းများကို တပ်ခွဲမှူးဖြစ်သူမှ လိုက်လံစစ်ဆေးလျက်ရှိသည်။ ရဲဘော်တဦးလျှင် သေနတ် တလက၊် ကျည် ၄၅၀ တောင့်၊ ဟန်းကော ၁ လုံး၊ ဓား၊ ဆန်နို့ဆီဘူး ၃၀ ဆန့် ဆန်ကြိုးတချောင်း၊ အမယ်စုံထုပ်၊ ယူနီဖောင်း ၂ စုံ၊ ခြင်ထောင်၊ မိုးကာနှင့် လိုအပ်သော ပစ္စည်းများကို ယူဆောင်စေသည်။

နောက်တနေ့ နံနက် ၅ နာရီထိုးသည်နှင့် ခရီးစတင်ကြရသည်။ လမ်းများကို ခုတ်ထွင်ရှင်းလင်း၍ သွားရသည်။ တောင်ကြောများကို ဝေ့ဝိုက် ၍ ခရီးဆက်ရသည်။ အဓိက မိုင်းမနင်းမိစေရေးအတွက် ဖြစ်သည်။ ထိုဒေသတွင် အစိုးရတပ်မှ ထောင်ထားသော မိုင်းများ ရှိသလို တော်လှန်ရေးဘက်မှ ထောင်ပြီး စွန့်ပစ်ထားသော မိုင်းများမှာလည်း ဒုနဲ့ဒေး ရှိသည်ဟု ဆိုနိုင်သည်။ လမ်းခရီးတလျှောက်တောတောင် တော်တော်များများကို ခက်ခက်ခဲခဲ ကျော်လွှားခဲ့ကြ ရသည်။ ထိုင်းနယ်စပ်မှ သံလွင်မြစ်သို့ ရောက်ရန်အတွက် ၃ ညအိပ် ၄ ရက်ခရီးနှင်ရသည်။ သံလွင်မြစ်သည် ရေစီးကြမ်းသလို စုပ်ဝဲမှုတ်ဝဲများကြောင့် တဖက်ကမ်းသို့ကူးရန် အဓိက အတားအဆီးကြီးလည်း ဖြစ်သည်။

သံလွင်ကို ကျော်ဖြတ်နိုင်ရန်အတွက် တတ်သိကျွမ်းကျင်သူများက ရေမနေပင်ကြီးကို လှဲပြီး လှေအဖြစ်ထွင်းထု ကြရသည်။ လွှတိုက်သူ ပေါက်ဆိန်ဖြင့် လှေဝမ်းထွင်းရသူ စသဖြင့် အလုပ်ရှုပ်ကြသည်။ လှေအရှည်မှာ ၁၀ တောင်ဝန်းကျင်သာရှိပြီး တခါကူးလျှင် လှေလှော်မည့် ရဲဘော် ၂ ဦးနှင့် ရဲဘော် ၃ ဦးကိုသာ သယ်ဆောင်နိုင် သည်။  ဝတ်ဆင်ထားသော အဝတ်အစားနှင့် ဖိနပ်များကို ချွတ်ကာ လှေဝမ်းအတွင်းသို့ ထည့်ကြရသည်။ အရေးအကြောင်း ကြုံက ကူးခတ်ရန် လိုအပ်သောကြောင့်ဖြစ်သည်။ ရေဆန်သို့ ကိုက် ၃၀၀ ခန့်လှော်တက်ပြီးမှ ရေစီးဖြင့် တဘက်ကမ်းသို့ မျှောချလှော်ခတ်ရသည်။ တခေါက်လျှင် နာရီဝက် ၄၅ မိနစ်ခန့်ကြာတတ်သည်။

အချိန် ၂ ရက်ခန့် သံလွင်မှာပင် ကုန်ဆုံးရသည်။ သံလွင်ကို ကျော်ဖြတ်ပြီးသည်နှင့် မြင့်မားမတ်စောက်သော သခွတ်တောင်ကို တဖန်တက်ရပြန်သည်။ မိုးရွာလျှင်တော့ အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။  အိပ်ရန် နေရာအခက်အခဲရှိသောကြောင့် ဖြစ်သလို အိပ်စက်ကြရသည်။ သစ်ပင်ကိုင်းငယ်များကို ချိုင်ပြီး ထိုသစ်ရွက်များ ပေါ်တွင် မိုးကာခင်း ၍ အိပ်စက်ကြရသည်။ ဖိနပ်ကို မည်သို့အခါမှ မချွတ်ကြ။ ကျွတ်နှင့် ခြင်များကလည်း သဲသဲမဲမဲ အုပ်နှင့်ကျင်းနှင့်လာတတ်ကြသည်။ ခြင်များကိုရိုက်ရန်ပင် မလို .. လက်နှင့်မျက်နှာ တို့ကို သပ်ချလိုက်ရုံနှင့် အထွေးလိုက် အထွေးလိုက် ပါလာတတ်သည်။

မနက်မိုးသောက် ခရီးဆက်ပြန် တော့လည်း ခန္ဓာကိုယ်ချွေးနံ့ကလည်း မှက်အကောင်ကြီးများက လစ်ဟာ နေသည့် မည်သည့်နေရာမဆို ဝင်ရောက် ကိုက်ကြပြန်သည်။ လမ်းဘေးဘယ်ညာ သစ်ပင်ငယ်များ ပေါ်တွင်လည်း လူနံ့ကြောင့် ခေါင်းများ ထောင်နေသော ကျွတ်များကလည်း အလွတ်မပေး ရေချောင်း များကိုလည်း နာရီနှင့်ချီကာ ဖြတ်ရသောကြောင့် သဲဝဲစားခြင်းကိုလည်း အနည်းနှင့်အများ ခံကြရသည်။ အနောက်ဘက်ကမ်းသို့ ရောက်ရန်အတွက် နောက်ဆုံး အခက်အခဲအနေဖြင့် ပွန်ချောင်းကို ဖြတ်သန်း ကြရသည်။ ပွန်ချောင်းရေပြင်မှာ ကြည်လင်သောကြောင့် ငါးများ ဥဒဟို ကူးခတ်နေသည်ကို တွေ့ရသည်။ ပွန်ချောင်းကို ကူးခတ်ရန် လှေမလို။ အဝတ်အစားနှင့် လက်နက်တို့ကို မိုးကာအတွင်း ထုပ်ပိုးပြီး ရေပြင်တွင် ချိန်ချကြည့်ရသည်။ ထိုမိုးကာကို ဖက်ပြီး ရေလယ်ကျွန်းလေးသို့ အရင်ကူးခတ်ရသည်။ ရေလယ်ကျွန်းလေးတွင် ခေတ္တအနားယူပြီး တဖန်အနောက်ဖက်သို့ ကူးကြရသည်။ ပွန်ချောင်း ကျော်သွား သည်နှင့် အနောက်ဘက် ကမ်းသို့ ရောက်ရန် နီးကပ်လာပြီဟု ဆိုရမည်။

ခရီးအတန် နှင်လိုက်သည်နှင့် ဒေါတမကြီး ရွာအနီး သို့ရောက်ရှိခဲ့သည်။ ရွာအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ရန် မလွယ်ကူ သောကြောင့် ရဲဘော်လေး ၃ ဦးကို အရပ်ဝတ်ဖြင့် ရှေ့ပြေးရွာအတွင်းသို့ ဝင်ရောက်စေခဲ့သည်။ နာရီဝက် ခန့်အကြာ ရဲဘော်များနှင့် ရွာသားအတော်များများ ကျနော်တို့ရှိရာသို့ ရောက်ရှိလာကြသည်။ အရက် ခေါင်နှင့် ထမင်းဟင်းတို့ကိုပင် ယူဆောင်လာခဲ့ကြသည်။ ရဲဘော်များ၏ မိဘဆွေမျိုးအချို့ ပါလာသောကြောင့် ပြုံးပျော် နေကြသည့် မြင်ကွင်းတို့ကိုလည်း တွေ့မြင်ရသောကြောင့် ပီတိတို့ပင် ဖြစ်ပေါ်ခဲ့ရသည်။ ကျနော်နှင့် လိုက်ပါမည့် ရဲဘော်လေးက အပူပင်ကင်းသလို ခပ်ပျော်ပျော် နောက်လိုက်ပြောင်လိုက်နှင့် အချိန်တို့ကို ကုန်လွန်စေခဲ့သည်။ အချိန်ပြည့် အတွေးနယ်ချဲ့နေရသူက ကျနော်ပင်ဖြစ်သည်။

မဟာမိတ် ကရင်နီတပ်မတော်နှင့် ခရီးသာအတူ ထွက်ခဲ့ရသည်။ သူတို့တပ်ခွဲမှူးဖြစ်သူက စိတ်ကြည်လင်ပုံမရ။ မလွန်ဆန်နိုင်သော အကြောင်းတရားများ ကြောင့်သာ မလွှဲသာမရှောင်သာ ဆက်ဆံနေရပုံရှိသည်။ ရဲဘော်အများစုနှင့် ကျနော်ဆက်ဆံရေးက ပြေပြစ် သည်။ ကရင်နီဘာသာစကားကို ကောင်းစွာပြောဆို နိုင်သလို ခင်မင်ရင်းနှီးစွဲရှိသောကြောင့် လိုအပ်သည့် လုပ်ငန်းတချို့ကို နားလည်မှုဖြင့် အပေးအယူ လုပ်ခဲ့ကြသည်။ ရှေ့ခရီးစဉ်အတွက် လိုအပ်သော ငွေကြေးကို ကရင်နီအကောက်ခွန်ဌာနတွင် လက်မှတ်ထိုး ၍  ထုတ်ယူရသည်။ နောက်တနေ့ ပြည်တွင်းဝင်ရန်အတွက် နံနက် ၄ နာရီတွင် ခရီးစတင်ကြသည်။ ကျနော်တို့ကို ကရင်နီတပ်မတော်မှ တပ်ကြပ်ကြီးတဦးက လိုက်ပါပို့ဆောင်ပေးသည်။ တရွာဝင်တရွာထွက်နှင့် အတော်ကလေး ခရီးနှင်ရသည်။

အချို့ရွာများက အတွင်းသို့ အဝင်မခံကြ။ ရွာနံဘေးတွင် နေစေပြီး လိုအပ်သည့်စားသောက်ဖွယ်ရာများကို ပို့ပေးလေ့ရှိသည်။ ဖရူဆိုမြို့အနီးရှိ ရွာတရွာတွင်ရှိသော ကရင်နီတပ်မတော်မှ တပ်စုမှူးတဦးနှင့် ဆုံတွေ့ခဲ့ကြသည်။ ထိုတပ်စုမှူးနှင့် ကျနော် အချိန်အတော်ကြာ ခရီးစဉ်အတွက် ဆွေးနွေးတိုင်ပင်ဖြစ်ကြသည်။ တပ်စုမှူးမှာ သဘောကောင်းသလို ကူညီလိုစိတ်အပြည့်ရှိသည်ဟု ဆိုရမည်။ သူနှင့်ပတ်သက်သော အဖွဲ့အစည်းများနှင့် လည်း ကျနော့်ကို မိတ်ဆက်ပေးသည်။ ထိုအဖွဲ့အစည်းများနှင့် ပူးပေါင်းလှုပ်ရှားလျှင် ပို ၍  အဆင်ပြမည်ဟု သူကယုံကြည်သည်။ မငြင်းသာခဲ့။ မီးစင်ကြည့်ကရမည့် အခြေအနေဖြစ်နေသည်။

ထိုအဖွဲ့အစည်း ရှိရာသို့ ဦးစွာ ထိုးဖောက်ဝင်ရောက်ကြည့်ရဦးမည်။ အခြေအနေက ကြိုတင်ခန့်မှန်းရန် ခက်ခဲနေသည်။ နောက်ဆုံး ဆုံးဖြတ်ချက် တခုချလိုက်သည်။ ကျနော်နှင့်လိုက်ပါမည့် ရဲဘော်လေးကို ထိုတပ်စုမှူးနှင့် ခေတ္တထားခဲ့မည်။ တဦးတည်း လှုပ်ရှားမည်။ အခြေအနေမကောင်းလျှင် ကျနော်တဦးတည်းသာ ခံရမည်ဟု သွေးတိုးစမ်းခဲ့ခြင်း ဖြစ်သည်။ လိုအပ်သည့်မှတ်ပုံတင်ရရန်အတွက် စဉ်းစားရပြန်သည်။

မှောင်ခိုလမ်းကြောင်းတွင် ကျွဲနွားများ ကုန်ကူးနေသူများထံမှ မှတ်ပုံတင်တခုကို သိမ်းယူလိုက်သည်။ ထို့နောက် ကျနော် ဖရူဆိုမြို့အတွင်း ဝင်ရောက် ကာ ပတ်စပို့ ဓာတ်ပုံရိုက်လိုက်သည်။ ရရှိလာသော ပတ်စပို့ပုံကို အသုံးချရန်အတွက် သိမ်းဆည်းထားသော မှတ်ပုံတင်ကို မီးဖြင့်အပူပေးကာ ပလပ်စတစ်ကို ခွာထုတ် လိုက်သည်။ ဓာတ်ပုံကိုခွာထုတ် ၍ ကျနော့်ဓာတ်ပုံနှင့် အစားထိုးပြီး ပလပ်စတစ်လောင်း လိုက်သောအခါ ကျနော့်တွင်ကိုယ်ပိုင်မှတ်ပုံတင်တခု ရရှိသွားပြီဟု ဆိုရတော့ မည်။ 

အုပ်ကြီးဖေ
၁၄-၉-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...