Tuesday, September 3, 2013

ပိုးဟပ်နှင့် ခြတို့အကြောင်း


၂၀ ရာစု၏ အကြီးမြတ်ဆုံးပုဂ္ဂိုလ်အဖြစ် အများကအသိအမှတ်ပြုကြသည့် မဟတ္တမဂန္ဓီက လူသားတို့အတွက် အဆိုးရွားဆုံး ဒုစရိုက်မှုခုနစ်ခု (Seven Deadly Sins)ကို အခုလို အနက်ဖွင့်ခဲ့သည်။
- အသိတရားမရှိသည့် ယစ်မူးမှု၊
- စွန့်လွှတ်အနစ်နာခံမှုမရှိသည့် ကိုးကွယ်ယုံကြည်မှု၊
- လူသားမဆန်သည့် သိပ္ပံပညာ၊
- အမှားအမှန်မပါသည့် ဗဟုသုတ၊
- မူမရှိသည့် နိုင်ငံရေး၊
- အလုပ်မပါသည့် ကြွယ်ဝချမ်းသာမှု၊
- ကျင့်ဝတ်စာရိတ္တမဲ့သည့် စီးပွားရေး၊

နံပါတ် (၆)နှင့် (၇)ကို ဆွေးနွေးကြပါစို့။

အာဏာရှင်စနစ်က ရုန်းထွက်ဖို့ ကြိုးစားကြသည့် နိုင်ငံများအတွက် အလွတ်ရုန်းဖို့ အခက်ခဲဆုံး ပိုက်ကွန်ကတော့ အာဏာရှင်တို့ တည်ဆောက်ခဲ့သည့် ခြစားမှုစနစ်နှင့် ထိုစနစ်၏ ဒေါက်တိုင်များဖြစ်သည့် “ခရိုနီ”များဖြစ်သည်။ ပြည်သူအများစုက ဆာလောင်မွတ်သိပ်နေချိန်မှာ တစ်ရာခိုင်နှုန်းက ကမ်းကုန်အောင် ဇိမ်ခံနေကြသည့် ဒီမိုကရေစီနိုင်ငံအများအပြား ကမ္ဘာပေါ်မှာရှိပါသည်။

“ရေရှည်(မိတ်ဆွေ)” ဟု အဓိပ္ပာယ်ရသည့် ခရိုနီရော့စ်(Chronios)ဆိုသည့် ဂရိဘာသာစကားကနေ “ခရိုနီ”ဆိုသည့် ဝေါဟာရပေါ်ပေါက်လာခဲ့သည်။ ယခုခေတ်မှာတော့ “ခရိုနီအရင်းရှင်ဝါဒ” (Chrony Capitalism) ဆိုလျှင် အာဏာရသူ၊ လုပ်ပိုင်ခွင့်ရှိသူတို့နှင့် အကျိုးတူပူးပေါင်းပြီး နိုင်ငံ့စီးပွားရေးကို ထိန်းချုပ်သွေးစုပ်သည့်စနစ်ဟု အနက်ဖွင့်ကြသည်။ အာဏာရှင်စီးပွားရေးစနစ်မှာ ခရိုနီများက ဒင်္ဂါးပြား၏ “ပန်း” ဆိုလျှင်၊ အခြားမျက်နှာစာဖြစ်သည့် “ခေါင်း”ကတော့ ခြစားသည့် အုပ်ချုပ်သူများဖြစ်သည်။

အုပ်ချုပ်သူများခြစားသည်ကို “ကလက်တိုကရေစီ” (Kleptocracy)ဟု ညွှန်းဆိုကြသည်။ ဂရိဘာသာမှာ “ကလက်တပ်စ်” (Kleptes)သည် “သူခိုး”ဟု အဓိပ္ပာယ်ရသည်။ “ကရေစီ”ကတော့ “ကရာတော့စ်” (Kratos)က လာသည့် အုပ်ချုပ်မှု၊ “ကလက်တိုကရေစီ”ကို အရပ်စကားနှင့် ဘာသာပြန်ရလျှင် “သူခိုးများ၏ အုပ်ချုပ်မှု”ဟု ဆိုရမည်။

ခရိုနီအရှင်းရှင်ဝါဒနှင့် ကလက်တိုကရေစီတို့ ပူးပေါင်းသည့်အခါမှာတော့ ဆာလောင်မွတ်သိပ်နေသည့် ပြည်သူများ၊ ငါးနှစ်အရွယ်မတိုင်မီ သေဆုံးကြရသည့် ကလေးငယ်များ၊ ကျိုးကြေသွားခဲ့ရသည့် ဈေးကွက်ယှဉ်ပြိုင်မှုတစ်ခုနှင့် အစွန့်ပစ်ခံရသည့် မြတ်သောစာရိတ္တစံနှုန်းများက လူ့အဖွဲ့အစည်း၏ အကျအဆုံးစာရင်းဖြစ်လာပါတော့သည်။

ဆယ်စုနှစ်များစွာမှာ ပထမဆုံးအကြိမ် လက်ရှိအစိုးရက ခြစားမှုနှင့် ခရိုနီဝါဒကို တိုက်ဖျက်ဖို့ ရဲဝံ့စွာကြေညာသည့်တိုင် စနစ်ဟောင်းကတော့ မြန်မာနိုင်ငံမှာ အားကောင်းနေဆဲဖြစ်သည်။ ရုပ်မြင်သံကြားလုပ်ငန်းမှသည် အင်တာနက်ဝန်ဆောင်မှုနှင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများအထိ လက်ဝါးကြီးအုပ်လုပ်ပိုင်ခွင့်များကို ခွင့်ပြုနေဆဲဖြစ်သည်။

မြန်မာနိုင်ငံစီးပွားရေးကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာနေခဲ့သည့် သြစတြေးလျနိုင်ငံ၊ မက်ကွာရီတက္ကသိုလ်က ပါမောက္ခရှောင်တာနဲလ်ကတော့ သတင်းတစ်ပုဒ်မှာ မြန်မာ့ခရိုနီများကို အခုလိုမှတ်ချက်ချသည်။ “ခရိုနီတွေရဲ့ အကြီးမားဆုံးပြဿနာကတော့ သူတို့က ကုန်ပစ္စည်းသစ်တွေ ဒါမှမဟုတ် ဈေးကွက်အသစ်တွေကို ချဲ့ထွင်ပြီး ငွေရှာတာမဟုတ်ဘူး။ ပြီးခဲ့တဲ့စစ်အစိုးရက ပုဂ္ဂလိကကဏ္ဍကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားချိန်မှာ လုပ်ပိုင်ခွင့်ကို ရအောင်ယူတဲ့နည်းနဲ့ ငွေရှာခဲ့ကြတာ”

ခရိုနီများ၏ အလုပ်လုပ်ပုံကို သူက ဆက်ရှင်းပြသည်။

“သူတို့ဟာ (လူ့အဖွဲ့အစည်းကို ဘာမှပြန်မပေးဘဲ ဖဲ့ယူသွားကြတဲ့) အကျိုးအမြတ်ရှာဖွေသူတွေသာဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ တကယ်လိုအပ်တဲ့ စွန့်ဦးတီထွင်သူတွေမဟုတ်ဘူး။ အပြောင်းအလဲကို သူတို့ဆန့်ကျင်ခဲ့ကြတယ်။ ဆန့်ကျင်နေဆဲလည်းဖြစ်တယ်”

ပြည်သူအားလုံးပိုင်ဆိုင်သည့် သဘာဝသယံဇာတများကို “စာရင်းပျောက်” ထုတ်ယူသွားခဲ့ကြသည်ကတော့ မြန်မာ့သမိုင်း၏ အလီဘာဘာနှင့် ခိုးသား ၅၀၀ ဇာတ်လမ်းဖြစ်သည်။ နိုင်ငံတကာ အခွန်စောင့်ကြည့်ရေးအဖွဲ့(Revenue Watch) ၏ ယခုနှစ်ထုတ်ပြန်သည့် သယံဇာတစီမံအုပ်ချုပ်မှုအညွှန်း (Resource Governance Index) မှာ ကမ္ဘာတစ်လွှား သဘာဝသယံဇာတ ကြွယ်ဝသည့် နိုင်ငံ ၅၈ နိုင်ငံ၏ ပွင့်လင်းမြင်သာမှုနှင့် အုပ်ချုပ်ပုံအရည်အသွေးကို အမှတ်ပေးထားသည်။ ၅၈ နိုင်ငံတွင် နံပါတ်ဘယ်လောက်ချိတ်မည်ဟု ထင်ပါသလဲ။

မှန်ပါသည်ခင်ဗျား။ ၅၈ နိုင်ငံမှာ နံပါတ် ၅၈ ချိတ်ပါသည်။ အစီရင်ခံစာမှာ နိုင်ငံများကို “အင်စတီကျူးရှင်းနှင့် ဥပဒေစနစ်”၊ “အစီရင်ခံမှုအလေ့အထ”၊ “အရည်အသွေးထိန်းချုပ်ရေးနှင့် အကာအကွယ်များ”၊ “သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်မှု” စသည့်အချက်လေးချက်နှင့် တိုင်းတာခဲ့သည်။

ခေါင်းစဉ်တစ်ခုချင်းစီကို အမှတ် ၁၀၀ စီ ပေးသည့်အနက် မြန်မာနိုင်ငံက “အင်စတီကျူးရှင်းနှင့် ဥပဒေစနစ်မှာ”မှာ ရှစ်မှတ်၊ “သယံဇာတနှင့်ပတ်သက်၍ ပြည်သူကို အစီရင်ခံမှု” အပေါ်မှာ ငါးမှတ်၊ “အရည်အသွေးထိန်းချုပ်ရေး” မှာ နှစ်မှတ်နှင့် “သဘာဝပတ်ဝန်းကျင်စောင့်ရှောက်မှု” မှာ နှစ်မှတ်သာရသည်။ ကျောင်းသားစကားနှင့်ပြောရလျှင်တော့ “ဘာသာစုံကျသည်”။ ဘဲဥကွဲရုံဟုပြောရမည်။

ငိုရအခက် ရယ်ရအခက်ဖြစ်မိသည်ကတော့ အော့ကြောလန် အာဏာရှင်ရောဘတ်မူဂါဘီ၏ ဇင်ဘာဘွေက နံပါတ် ၅၁ ချိတ်ပြီး မြန်မာထက် ခုနစ်ဆင့်သာနေခြင်းဖြစ်သည်။ အာဆီယံမိတ်ဆွေ အင်ဒိုနီးရှားက အဆင့် ၁၄ ဖြစ်သည့်အတွက် အဆင့် ၄၄ ဆင့် သာနေပါသည်။

သတင်းကောင်းတစ်ခုတော့ရှိသည်။ လက်ရှိအစိုးရက မြန်မာနိုင်ငံအနေဖြင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှုအဖွဲ့ (Extractive Industries Transparency Initiative)ကို ဒီနှစ်ကုန်မှာဝင်ဖို့ ကြိုးပမ်းမည်ဆိုသည့် ကြေညာချက်ဖြစ်သည်။ သယံဇာတကရသည့် ငွေကြေးတစ်စုံတစ်ရာကို ပြည်သူတို့ ခံစားဖူးတော့မည်ဟု မျှော်လင့်ပြီး ယခုဆုံးဖြတ်ချက်ကို ကြိုဆိုပါသည်။

“ပိုးဟပ်” များအကြောင်းကို လေ့လာသည့်အခါ အခြားတိရစ္ဆာန်များထက်သာလွန်သည့် သူတို့၏ အရည်အချင်းတစ်ခုကို သတိထားမိသည်။ မည်သည့်ရာသီဥတု၊ ဒေသနှင့်မဆို အသက်ရှင်ရပ်တည်ရေးအတွက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေထိုင်နိုင်စွမ်းဖြစ်သည်။ နိုင်ငံတော်တော်များများက ခရိုနီအများစုကလည်း ထိုအရည်အသွေးကို ပိုင်ဆိုင်ကြပါသည်။

နိုင်ငံရေးအခြေအနေများ ပြောင်းလဲလာသည့်အခါ ရေခင်းမြေခင်းအသစ်မှာ ရှင်သန်ဖို့အတွက် သူတို့ ကျွမ်းကျင်ပါးနပ်စွာ ကစားကြသည်။ တချို့က သူတို့ကိုသူတို့ ပါလီမန်အမတ်မင်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အလှူရှင်ကြီးများအဖြစ် အသွင်ပြောင်းလဲတတ်ကြသည်။

လူ့အဖွဲ့အစည်း ပြန်လည်တည်ဆောက်ရေးမှာ နောင်တ တရားဖြင့် ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားကြလျှင်တော့ ကြိုဆိုကြရန်ဖြစ်သည်။ မှန်ကန်သည့်နောင်တနှင့် ပိုးဟပ်တို့၏ ပြောင်းလဲနိုင်စွမ်းကို ခွဲခြားဖို့လိုသည်။

ကမ္ဘာတစ်လွှား ချမ်းသာကြွယ်ဝမှုကို တိုင်းတာသည့် Wealth-X ဆိုသည့်အဖွဲ့က မြန်မာနိုင်ငံမှာ ဒေါ်လာသန်း ၃၀ နှင့်အထက် ကြွယ်ဝသူ အယောက် ၄၀ ရှိပြီး သက္ကရာဇ် ၂၀၂၂ မှာ ၆၈၇ ယောက်အထိ ရှိလာမည်ဟု ခန့်မှန်းသည်။ ဂျက်လေယာဉ်ဝယ်စီးသူများ တိုးပွားလာခြင်းက ဆန်အိုးထဲတွင် ဆန်မရှိသူများအပေါ် အပြုသဘောအကျိုးသက်ရောက်မှုရှိစေဖို့ အားလုံးမှာ တာဝန်ရှိသည်။

လောလောဆယ်မှာတော့ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ သယံဇာတကြွယ်ဝလှသည့် မြန်မာနိုင်ငံ၏ ပြည်သူ ၂၆ ရာခိုင်နှုန်းက အလွန်အမင်းဆင်းရဲနေပြီး ၇၅ ရာခိုင်နှုန်းက လျှပ်စစ်မီးမရရှိကြသေးပါ။

လွတ်လပ်သန့်ရှင်းမှန်ကန်စွာ ယှဉ်ပြိုင်ရမည့် ဈေးကွက်စီးပွားရေးစနစ်တစ်ခုကို ကြိုးပမ်းတည်ဆောက်ကြရမည်။ မိသားစုကျန်းမာရေးအတွက် အိမ်ကို မကြာခဏ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်သလိုဖြစ်ပါသည်။

ပိုးဟပ်နှင့်ခြတို့က မိသားစုကျန်းမာရေးကို ထိခိုက်စေသည်မဟုတ်ပါလား။ ။
 
ရေးသားသူ- ရဲမိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...