Saturday, September 28, 2013

ကျွန်မထာဝရအလေးပြုမယ့်အလံ၊ ကျွန်မထာဝပေးဆပ်သွားမယ့် ဗကသ (၂)

September 23, 2013 at 11:55pm
ကျောင်းသားသမဂ္ဂမှာအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေရင်း ကျွန်မရဲ့ တက္ကသိုလ်ကျောင်းသူဘ၀ဟာ တဖြည်းဖြည်း ပြောင်းလဲမှန်းမသိ ပြောင်းလဲလို့လာပါတော့တယ်။ အရင်က အတန်းလစ်တိုင်း သူငယ်ချင်းများနဲ့ သာ အချိန်ကုန်တတ်တဲ့ကျွန်မဟာ နောက်ပိုင်းမှာ အတန်းမတက်ချိန်တိုင်း ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်ပြီး စာအုပ်တွေ ကိုသာ ဖတ်လာပါတော့တယ်။
ကျွန်မကောင်းစွာ မသိခဲ့တဲ့ ကျောင်းသားသမိုင်းအကြောင်းတွေ၊ ဗမာပြည်ရဲ့ နိုင်ငံရေး သမိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေကို အပြင်ဆိုင်များမှရော အင်တာနက် ၀ဘ်ဆိုက်များမှရော ရှာဖွေ ဖတ်ရှုဖြစ်ခဲ့ပါတယ်။ အဲဒီကနေတဆင့် ကျွန်မထပ်ဆောင်း နားလည် လိုက်ရတာကတော့ ကျွန်မအရင်က ထင်ခဲ့ မြင်ခဲ့တဲ့ လွတ်လပ်ပြီး ပျော်ရွှင် စရာကောင်းတဲ့ တက္ကသိုလ် ကျောင်းသူဘ၀ဟာ အမှန်မှာတော့ ကျောင်းသား လူငယ်တွေရဲ့ တိုးတက်လာမယ့် အတွေးအမြင်တွေကို လှည့်ဖျား၊ ကိုယ်ရည်ကိုယ်သွေးတွေကို မှောက်မှား စွာ အသုံးချစေဖို့ စစ်အာဏာရှင်အစိုးရရဲ့ စနစ်တကျ အကွက်ချစီမံမှုများဖြစ်တယ်ဆိုတာပါပဲ ။
။ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ပြန့်ပွားမလာအောင် တောင်သမန်အင်းက လေညှင်းတွေနဲ့ တိုက်ထုတ်ခဲ့သလို ကျောင်းသားမှာလည်း ကျောင်းသားအခွင့်အရေးရှိရမယ်ဆိုတာတွေ၊ တက္ကသိုလ်ရဲ့ အုပ်ချုပ် စီမံမှုတွေမှာ ကျောင်းသား ကိုယ်စားလှယ်တွေ ပါသင့်တယ်ဆိုတာတွေ၊ ဆရာတွေ သင်ပေးလိုက်တဲ့ စာတွေနဲ့တင် မလုံလောက်ပဲ ပြင်ပဗဟုသုတစာပေတွေကိုလည်း လေ့လာဖို့ လိုအပ်တာတွေ….စတာတွေဟာ လည်း တောင်သမန်ရဲ့ ထန်းတောကြီးများထဲက ဖဲဝိုင်းများ၊ထန်းရည်ဆိုင်များကြားမှာ တိမ်မြုပ်သွားခဲ့ရတာကိုတွေ့လာရပါတော့တယ်။
          ဒါ့အပြင် တက္ကသိုလ်မှာ စတင်ပြီးကျောင်းအပ်ကတည်းက နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ အချက်ကို ကျောင်းသားတိုင်း လက်မှတ်ထိုးခဲ့ရပါတယ်။ဒါဟာလည်း နိုင်ငံကို ဦးစီးဦးဆောင် ပြုနိုင်မယ့် မျိုးဆက်သစ် လူငယ်တွေကို အာဏာရှင်တွေဖက်က လုံးဝ ပေါ်ထွက်မလာစေချင်တာ အသေအချာလို့ ကျွန်မယုံကြည်မိ ပါတယ်။နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့အပြင်  နောင်တစ်ချိန် ခေါင်းဆောင်နေရာတွေကို ရောက်လာ မယ့် ကျောင်းသားလူငယ်တွေနဲ့ ပိုလို့တောင် ပတ်သက်နေတယ်လို့ ဆိုချင်ပါတယ်။ကျွန်မကိုယ်တိုင်လည်း ငယ်စဉ်ဘ၀က နီးစပ်မှုကြောင့် နိုင်ငံရေးကို စိတ်ပါဝင်စားခဲ့ဖူးပေမယ့်လည်း မီးဝေးချိပ်မာ ဖြစ်ခဲ့ရတဲ့အခါ၊ လွတ်လပ်လှပါတယ်ဆိုတဲ့ တက္ကသိုလ်ကို ရောက်လာတဲ့ အခါမှာတော့ နိုင်ငံရေးလည်း မရှိ၊ ကျောင်းသားရေး လည်းမရှိ၊ ဆုံးရှုံးတယ်ဆိုတာမသိ၊ တောင်းဆိုရမယ်ဆိုတာဟာ အဝေးကြီးမှာ ၊ဒီလောက်လွတ်လပ်တဲ့ကျောင်း မှာ ကျွန်မရဲ့ ကိုယ်ပိုင်အတွေးတွေသေဆုံးခဲ့ပြီး လူညွန့်မတုံးရုံတမယ်သာ ဖြစ်ခဲ့ရပါတယ်။ဒီလိုပါပဲ ကျွန်မလိုမျိုး ငါးမျှားချိတ်ကို မမြင်ပဲ အတုအယောင် လွတ်လပ်မှုငါးစာတွေကြောင့် အရည်အချင်းရှိတဲ့ လူငယ်ဘယ်နှယောက် ကိုများ ကျွန်မတို့နိုင်ငံအနေနဲ့ ဆုံးရှုံးခဲ့ပြီးပါပြီလဲ…။ဦးပိန်တံတားပေါ်မှာ၊ ထန်းရည်ဆိုင်-ဖဲဝိုင်းမှာ၊ အင်းစောင်းက အတွဲများထိုင်တဲ့ သစ်ပင်အုပ်အုပ် ဆိုင်အစုတ်လေးတွေထဲမှာ လူငယ်ဘယ်နှယောက်များ ဘ၀ပျက်ခဲ့ရပြီးပြီလဲ။ အသက်မွေးမှုအတွက် ဘာအထောက်အကူမှ မရနိုင်တဲ့ ဘွဲ့အတုတွေကြောင့် ဒုက္ခရောက်ရသူလူငယ်တွေ ဘယ်လောက်များများရှိခဲ့ပြီလဲဆိုတာ ခန့်မှန်းလို့ ရနိုင်မယ် မထင်ပါဘူး။
          ဗကသရဲဘော်တစ်ယောက်အနေနဲ့ ကျွန်မဟာ စည်းရုံးရေးလုပ်ငန်းကိုလည်း အခွင့်သင့်တိုင်း လုပ်ခဲ့ပါတယ်။ ထန်းတောထဲက ကျွန်မသူငယ်ချင်းတွေ၊ ဦးပိန်တံတားပေါ်က ကျွန်မသူငယ်ချင်းစုံတွဲတွေကို စည်းရုံးကြည့်ခဲ့ ပါတယ်။ဒါပေမယ့် ကျွန်မပြန်ရလိုက်တဲ့ အကျိုးအမြတ်ကတော့ ရူးနေလားဆိုတဲ့ အကြည့် တွေပါပဲ။ ဒီလောက် လွတ်လပ်နေတာ ငါတို့အခွင့်အရေး ဘယ်မှာဆုံးရှုံးလဲ။ ပိုလျှံတောင် နေပါသေး တယ်ဟာဆိုတဲ့ စကားသံတွေ သာ ကျွန်မရခဲ့ပါတယ်။အဲဒီအချိန်တုန်းကတော့ ကျွန်မဟာ လူငယ်မာနနဲ့ ငါ့ယုံကြည်ရာကို သူတို့ကတောင် လှောင်ပြောင်သေးတာ ငါကဘာလို့ အချိန်ကုန်ခံ စည်းရုံးနေရမှာလဲဆိုပြီး လှည့်ပြန်လာခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မကိုယ်ကျွန်မ သေသေချာချာ ပြန်ပြီး ဝေဖန်သုံးသပ်ကြည့်တော့ ငါဟာ တော်တော်မှားခဲ့ ပါလားဆိုတာကို ပြန်မြင်လာပါတယ်။ကျွန်မဟာ အများအကျိုး ကျောင်းသားထုအကျိုးအတွက် ဆောင်ရွက်ချင်လို့ ဗကသကို ၀င်ခဲ့တာပါ။ဗကသအတွက် ရဲဘော်အသစ် တိုးပွားလာဖို့အရေးမှာ ကျွန်မဟာ ဘာမဟုတ်တဲ့ တစ်ကိုယ်ကောင်းမာနကြောင့် ပျက်ဆီးခဲ့ရတာကို ကွက်ကွက်ကွင်းကွင်း ပြန်မြင်မိပါတယ်။ဒီလိုနဲ့ ကျွန်မ နောက်တစ်ကြိမ် စည်းရုံးရေးအတွက် ထပ်ပြီး ကြိုးစားခဲ့ပါတယ်။ကျွန်မဟာ အဲဒီအချိန်ကာလက ရတနာပုံ တက္ကသိုလ် မှာတင်မကမန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှာလည်း ဒီပလိုမာတန်းတစ်ခုကိုတက်နေခဲ့ပါတယ်။ အဲဒီကျောင်းမှာပဲ ကျွန်မဟာ သူငယ်ချင်းတစ်ယောက်ကတဆင့် မိတ်ဆက်ပေးလို့ မန္တလေးကွန်ပြူတာ တက္ကသိုလ်(ဒဟတ်တော)က ကျောင်းသားတစ်ယောက်နဲ့ သိခဲ့ရပါတယ်။အဲဒီအချိန်ကာလက ကွန်ပြူတာ တက္ကသိုလ်မှာ သမဂ္ဂ မရှိသေးတဲ့အတွက် ကွန်ပြူတာကျောင်းသားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ရတာဟာ ကျွန်မအတွက်တော့ တကယ့် ၀မ်းသာစရာပါ။ ဗကသအဖွဲ့ဝင်သစ်တွေရဖို့၊ သမဂ္ဂတစ်ခုကို ဖွဲ့နိုင်ဖို့ စည်းရုံး လိုက်မယ်ဟဲ့ဆိုပြီး အားတက်ခဲ့ပါတယ်။
          ဒါပေမယ့် ကျွန်မရဲ့ အားတက်မှုတွေဟာ အဲဒီကျောင်းသားရဲ့ အမေးစကားတွေအောက်မှာ ခမ်းခြောက်လုနီးပါး ဖြစ်ခဲ့ရပြန်ပါတယ်။ခင်ဗျားတို့ ကျောင်းသားသမဂ္ဂမှာလုပ်လို့ ပိုက်ဆံဘယ်လောက် ရမှာလဲ၊ အချိန်ကုန်တာသာအဖတ်တင်တယ်၊ နိုင်ငံရေးနဲ့ကျောင်းသားတခြားစီပါလေ၊ ကျွန်တော့်ဟာကျွန်တော် အရက် သောက်တာကမှ ပိုကောင်းဦးမယ်လို့ သူကဆိုခဲ့ပါတယ်။အရင်တုန်းကစိတ်နဲ့ဆို ကျွန်မရှေ့ဆက်ဘာမှ ပြောတော့မှာ မဟုတ်ပေမယ့် အရင်တစ်ခါက အမှားကို သင်ခန်းစာယူဖို့ ဆုံးဖြတ်ထားတဲ့ အချိန်ဆိုတော့ ကျွန်မ အားမလျော့ဘဲ ဆက်ပြီး စည်းရုံးဖြစ်ခဲ့ပါတယ်။သမဂ္ဂမူဝါဒတွေကို ကျွန်မအလွတ်ရွတ်ပြနေတဲ့အချိန်မှာ သူကတော့ မကောင်းတတ်တဲ့ပုံစံနဲ့သာ နားထောင်နေပါတယ်။သမိုင်းဆိုင်ရာတွေကို ပြောပြစည်းရုံးနေရင်း လက်ရှိတက္ကသိုလ်ကျောင်းသားတွေရဲ့ ကြုံတွေ့နေရတဲ့အခက်အခဲတွေအကြောင်းကို ရောက်တဲ့အချိန်မှာတော့ သူတော်တော်လေးစိတ်ပါဝင်စားလာပါတယ်။နောက်ဆုံးမှာတော့ ကျောင်းသားအခွင့်အရေးတွေ ဘယ်လောက်တောင် ဆုံးရှုံးနေရတယ်၊ မှန်ကန်တဲ့လွတ်လပ်မှုဆိုတာ လုံးဝမရှိဘူးဆိုတာကို သူကောင်းကောင်း နားလည်လက်ခံလာခဲ့ပါတယ်။နှစ်နာရီနီးပါး အတန်းမတက်ပဲ စည်းရုံးအပြီးမှာတော့ (ခံစားချက်တူကြတဲ့ ကျောင်းသားချင်းဖြစ်တာကတစ်ကြောင်း) သူတော်တော်လေးကို ပြောင်းလဲသွားပါတယ်။နောက်ဆုံးမှာတော့ ကျွန်မဟာ အဲဒီရဲဘော်ဆီကနေ “မလင်း ကျွန်တော်လုပ်မယ်ဗျာ..ဒါပေမယ့်သမဂ္ဂဖွဲ့ဖိုကတော့အာမမခံနိုင်သေး ဘူး၊ ကျောင်းကတခြားသူတွေကိုပါ စည်းရုံးတော့ကြည့်မယ်” ဆိုပြီး ပြောလာခဲ့ပါတယ်။ဒါဟာ ကျွန်မ ဘ၀အတွက်တော့ ငယ်ငယ်ကဆုတွေရခဲ့တုန်းက အောင်မြင်တယ်လို့ခံစားဖူးတဲ့ ခံစားချက်တွေထက် သာလွန် တဲ့ခံစားချက်အသစ်နဲ့ ရှေ့ဆက်ဖို့ လမ်းအတွက် အားသစ်တွေကိုပါ တနင့်တပိုး ရလိုက် တာပါပဲ။ကျွန်မရဲ့ ယုံကြည်ရာ ဗကသကနေ ကျွန်မအတွက် ရှေ့ဆက်ရမယ့် အားအင်တွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်မယ့် ရဲဘော်သစ်ကိုပါ ရလိုက်ပါတယ်။
          နောက်ဆုံးမှာတော့ ရဲဘော်တစ်ယောက်တည်းသာမက တက္ကသိုလ်ကျောင်းသားသမဂ္ဂအသစ် တစ်ခု ကိုပါ ကျွန်မတို့ အထက်ဗမာပြည်က ဗကသရဲဘော်တွေအားလုံးက ကြိုးစားပြီး ဖွဲ့နိုင်ခဲ့ပါတယ်။မန္တလေးမြို့နဲ့ အင်မတန် ဝေးကွာလှတဲ့နေရာက တက္ကသိုလ်တစ်ခုမှာ ဗကသဟာ ယုံကြည်ရာတူတဲ့ သမဂ္ဂ ရဲဘော် အသစ်တွေကို ရှာဖွေနိုင်ခဲ့ပါတယ်။ဒါဟာ ကျွန်မရဲ့ ဗကသအဖွဲ့ဝင်အနေနဲ့ အားထုတ်ကြိုးပမ်း ခဲ့မှုရဲ့ နိဒါန်းပဲ ဖြစ်ပါတယ်။ဒီနေရာမှာ ကျွန်မဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့၊ လုပ်ဆောင်ခဲ့တဲ့ အရာတွေကနေ တဆင့် ကျွန်မဘာကြောင့် သမဂ္ဂအလံကို သစ္စာခံခဲ့ရတယ်ဆိုတာ၊ ဘာကြောင့်ထာဝရ ပေးဆပ် သွားမယ် လို့ ဆုံးဖြတ်ခဲ့ရတယ်ဆိုတာတွေကို နောက်ဆောင်းပါးများမှာ ဆက်လက် တင်ပြသွားပါမယ်။       

                                                                                                         မေလင်းခ(ဗကသ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...