Monday, September 23, 2013

ထီးပြိုင်နန်းပြိုင် ငြိမ်းချမ်းရေးနှင့် ထီးလိုမင်းလို ငြိမ်းချမ်းရေး



နိဒါန်း

“ကလေးတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ကလောင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါတယ်”
ဤသည်မှာ ဇူလိုင်လ ၁၂ ရက်နေ့ ကုလသမဂ္ဂဌာနချုပ်တွင် (၁၆) နှစ်မြောက် မွေးနေ့ရှင် မာလာလာ ၏ ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်သည့် စကားဖြစ်သည်။

တာလီဘန်များ၏ တိုက်ခိုက်မှုကြောင့် ဦးခေါင်း တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သော်လည်း ဦးမညွတ်သည့် နီစွေးသော စိတ်ဓာတ်ကြောင့်လည်း ကမ္ဘာကျော် ပညာရေးသံတမန် ဖြစ်လာခဲ့သည်။ တာလီဘန် အကြမ်းဖက်များ အကြောက်ဆုံးမှာ “စာအုပ်” ဟု မာလာလာကဆိုသည်။ မာလာလာ၏ ဘဝဖြစ်စဉ်မှာ ကမ္ဘာပေါ်ရှိ အမျိုးသမီးထုကြီး တစ်ရပ်လုံးကို သိမ်းကျုံးဆွဲယူ နိုင်ခဲ့သလို ကလေးသူငယ် အခွင့်အရေး အတွက်လည်း ထင်ရှား လှသော သင်္ကေတပုံရိပ်တစ်ခု ဖြစ်လာခဲ့သည်။

မာလာလာကျော်ဖြတ်ခဲ့ရသော ခရီးကြမ်းနှင့် စာသင်ခန်းအနိဠာရုံ တို့မှာ တုန်လှုပ်ဖွယ်ရာ ကောင်းသည် မှန်သော်လည်း နယ်စပ်တိုင်းရင်းသား ဒေသများကို ပုံဖော်ကြည့်လျှင် သမိုင်းမတင်၊ မှတ်တမ်းမဝင်သည့် မာလာလာပေါင်းများစွာကို တွေ့ရှိနိုင်ကြပေ လိမ့်မည်။ မာလာလာထက် ဆိုးသော ငရဲခန်းနှင့် ခရီးကြမ်းများမှာ နှစ်ပေါင်း (၆၀) ကျော် ဆိုးမွေအဖြစ် တည်ရှိနေသည်။
တောထဲတောင်ထဲတွင် စာသင်ခန်းဟူသည် ဘာမှန်းမသိ၊ စာအုပ်ဟူသည် မမြင်ဖူးသေးသည့် မာလာလာထက် ပိုမိုဆိုးရွားသော ကလေးသူငယ်များစွာ ရှိနေခဲ့သလို ယခုလည်း ရှိနေဆဲဖြစ်သည်။ စစ်ပွဲ အနိဋ္ဌာရုံများ အကြားတွင် ခက်ခက်ခဲခဲ ရှင်သန်နေထိုင်ကာ စာသင်ခန်း မဝင်နိုင်သည့်၊ အချိန်မတန်မီ စာသင်ခန်းကို ကျောခိုင်းခဲ့ရသည့် ကလေးသူငယ် များစွာ၏ ပုံရိပ်များသည် မိမိတို့မြန်မာနိုင်ငံ အနာဂတ်၏ ပွင့်ဖတ်များကို မိမိတို့ကိုယ်တိုင် ခြွေချနေခဲ့ခြင်း၏ နိမိတ်ပုံများသာ ဖြစ်သည်။ မာလာလာ ၏ Education First သည် ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ်များကို ရည်ညွှန်းခဲ့ခြင်း ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ကြောင့် အိုးပစ်၊ အိမ်ပစ်၊ စာသင်ကျောင်းကိုပစ်ကာ ပြေးလွှားနေခဲ့ရသော လူမသိသူမသိ တိတ်တဆိတ် ကြွေလွင့်ခဲ့ရသော နိုင်ငံ့ရတနာ ရင်သွေးငယ်များမှာ ပို၍ဆိုးပါလိမ့်မည်။

လူမှုနိုးကြားမှု Social Mobilization

လွတ်လပ်ရေးရပြီ ဆိုကတည်းက “ကွဲ” သမိုင်းနှင့် “ချ” ရာဇဝင်များ ကြီးစိုးခဲ့သော မြန်မာ့မြေသည် ယနေ့တိုင်လည်း စစ်မီးမငြိမ်း မြက်ခင်းမစိမ်းနိုင်သော ယမ်းငွေ့တဝေဝေ မီးခိုးတလူလူ မီးလျှံ တလှပ်လှပ် ထနေဆဲဖြစ်သည်။ သမိုင်းကိုပြန်ကြည့်လျှင် ဖက်ဒရယ်ဟူသော စကားလုံး တစ္ဆေထောင်ချောက် အတွင်း ပိတ်မိနေခဲ့သည်က တစ်မျိုး၊ တော်လှန်သော ဗီဇဖြင့် ဒိုင်ယာလော့ဖြင့် အဖြေရှာရေးကို ရှက်ရွံ့ခဲ့သည်က တစ်ဖုံ၊ ဂိုဏ်းဂဏပြဿနာများ တစ်နည်းဖြင့် လွတ်လပ်ရေးရရှိပြီး ရွှေပြည်တော်ကြီး တည်ဆောက်ခဲ့ရာတွင် အမျိုးသားညီညွတ်ရေး ပြိုကွဲခဲ့ရပေသည်။ နှစ်ပေါင်း (၆၀) အတွင်း ဝါးအစည်းပြေသလို တစ်စစီကွဲထွက်ခဲ့ရသော အမျိုးသား ညီညွတ်ရေးသည် တစ်စစီ ပြန်လည်တွဲဆက်ကာ ရင်ကြားစေ့ရာတွင်လည်း စိန်ခေါ်မှုများစွာ ကြုံတွေ့နေသည်။ စိန်ခေါ်မှုမှာ အမျိုးမျိုးအဖုံဖုံ ဖြစ်သလို မူလရှိရင်းစွဲ ပြဿနာများအပြင် လွတ်လပ်ပွင့်လင်းလာသည့် ဒီမိုကရက်တစ် တန်ဖိုးများလည်း ထပ်မံပေါ်ထွက်လာခဲ့သည်။

မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည့် ကမ္ဘာကျော် ဘောဂဗေဒပညာရှင် ဖရန်စစ်ဖူကူယားမားက တောင်ကိုရီးယား ဖွံ့ဖြိုးရေး မော်ဒယ်ကို သာဓကပြု၍ မြန်မာ့ဒီမိုကရက် တိုက်ဇေးရှင်းကို သရုပ်ခွဲပြခဲ့သည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးကို ဒွန်တွဲဖော်ဆောင်သည့် ခေတ်ပြိုင်လမ်းကြောင်းသစ် ဖြစ်နေလေရာ နိုင်ငံ တည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရေး ဟူသော ဖောင်ဒေးရှင်း (၃) ရပ်ကို ထူမတ်ရာ၌ အရေးကြီးလှသော ပြည်သူများ၏ လူမှုနိုးကြားမှု Social Mobilization ကို သတိပေး ပြောကြားခဲ့သည်။ နိုင်ငံသစ်ထူထောင်စ၊ နိုင်ငံရေးစနစ် ကူးပြောင်းစ စသည့် အကူးအပြောင်း ကာလများတွင် လူ့ဘောင်အဖွဲ့အစည်း တစ်ခုလုံးကို ဦးဆောင်မှုပြုသည့် မောင်းနှင်မှုလည်း ဖြစ်သည်။ ဖူကူယားမားညွှန်းသည့် Social Mobilization ကို လူ့အဖွဲ့အစည်း တစ်ခုလုံး၏ တိမ်းညွတ်မှုဖြင့် ဒီမိုကရေစီကို အားကောင်းသန်မာစေသည့် သဘော ဖွင့်ဆိုနိုင်သည်။ ဖူကူယားမား ပုံပမာပြုသော တောင်ကိုရီးယားမော်ဒယ်ကို ကြည့်လျှင် အာဏာရှင် လက်အောက်မှာ ပင် ကောင်းမွန်သော အုပ်ချုပ်ရေးကို အုတ်မြစ်ချ၍ ဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းသွားသော Mobilization ဖြစ်ရာ မြန်မာ့ ဒီမိုကရက်တိုက်ဇေးရှင်း နှင့် မျဉ်းတန်းသဘော မဆောင်ပါ။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၌ ပုံဖော်လျှောက်လှမ်းနေသော နိုင်ငံတည်ဆောက်ရေး လမ်းကြောင်းတွင် လူမှုနိုးကြားမှု (၃) မျိုး ဖြန့်ကြက်ထွက်လာခဲ့ကြောင်း တွေ့ရှိရသည်။

နံပါတ် (၁) လူမှုနိုးကြားမှုမှာ ဒီမိုကရက်တစ် တန်ဖိုးများကို အခြေတည်၍ ဒီမိုကရက်တစ် လူ့ဘောင် တည်ဆောက်လိုသည့် နိုးကြားမှုဖြစ်သည်။ ဤနိုးကြားမှုကို အဓိက ကိုယ်စားပြုကြသည်မှာ ရင့်ကျက်သော နိုင်ငံရေးခေါင်းဆောင်များနှင့် ပညာရှင်ပညာတတ်များ အများစုဖြစ်ကြပြီး လူနည်းစုဟု ဆိုနိုင်သည်။ မြန်မာ့ဒီမိုကရက် တိုက်ဇေးရှင်းတွင် ဤလူနည်းစု၏ စည်းရုံးလှုပ်ရှားမှု သည် အထူးပင် အရေးကြီးသည်။

နံပါတ် (၂) လူမှုနိုးကြားမှုမှာ မူလရှိနေသော အစုအဖွဲ့၊ လူတန်းစား အလွှာ၊ မျိုးနွယ်စုစသည့် လူနည်းစုတို့၏ လူမှုအရင်း Social Capital ကို အခြေခံ၍ ပိုမိုအားကောင်းလာသော လူမှုနိုးကြားမှု ဖြစ်သည်။ ဤနိုးကြားမှုမှာ လူနည်းစုတိုင်းရင်းသားများ ကိုယ်စားပြု ပါဝင်နေသလို တောင်သူ လယ်သမား၊ အလုပ်သမား၊ မီဒီယာ၊ အရပ်ဘက် လူ့အဖွဲ့အစည်း အစရှိသည့် သီးသန့်အစုအဖွဲ့ များ၏ ယုတ်လျော့နေခဲ့ရသော အခွင့်အရေး၊ ပျောက်ဆုံးနေ ခဲ့ရသော အကျိုးစီးပွားတို့ ပေါ်ထွက်လာခဲ့ သည်။ ယနေ့ ထွက်ပေါ်လာနေသော လူတန်းစား ကိုယ်စားပြု အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားမှုများမှာ ဤနိုးကြားမှုတွင် ပါဝင်နေသည်။

နံပါတ်(၃) လူမှုနိုးကြားမှုမှာ ခွဲဖြာတတ်သော သဘောသဘာဝတစ်ခု ဖြစ်ပြီး လူမျိုးစုဝါဒ၊ အသားအရောင်ဝါဒ၊ ဘာသာရေးအယူဝါဒ၊ နိုင်ငံရေးဝါဒ (လက်ဝဲ-လက်ယာ) စသည်တို့ကို အခြေခံသော အကျိုးစီးပွား မြှင့်တင်ရေးဆိုင်ရာ လူမှုနိုးကြားမှုဖြစ်သည်။ ယနေ့အာရပ်နွေဦး ရယ်ဒီကယ်လမ်းကြောင်းသို့ တိမ်းစောင်းသွားတတ်သော သဘောတရားသည် ဤနံပါတ် (၃) လူမှုနိုးကြားမှု ကန်ပိန်းများ အသာစီး ရယူသွားနိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်ကို တွေ့ရှိနိုင်သည်။ ရခိုင်ပြည်နယ် ပဋိပက္ခများသည် ဤနံပါတ် (၃) လူမှုနိုးကြားမှုကို လှုပ်နှိုးရာရောက်စေခဲ့ပြီး နိုင်ငံရေးယိုယွင်းမှုသို့ ဆွဲယူသွား နိုင်သည့် အခြေအနေများလည်း ကြုံတွေ့ခဲ့ရသည်။

လူမှုနိုးကြားမှုနှင့် တစ်ဆက်တစ်စပ်တည်း တွေ့ရှိရသော မျက်နှာစာမှာ အရပ်ဘက် လူ့အဖွဲ့အစည်း အပြိုင်းအရိုင်းဖြင့် ဖွံ့ဖြိုးပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အချို့သောနိုင်ငံများတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများက ပြည်သူများ၏ လူမှုနိုးကြားမှုကို စီမံခန့်ခွဲမှု ပြုသော်လည်း အချို့သော နိုင်ငံများတွင် ပြည်သူများ၏ လူမှုနိုးကြားမှုများက အရပ်ဘက် လူ့အဖွဲ့အစည်းကို မောင်းနှင်မှု ပြုတတ်ကြောင်း တွေ့ရှိရသည်။

နေပြည်တော်သဘောတူညီချက်

ဖူကူယားမား သာဓကပြုခဲ့သော တောင်ကိုရီးယား၏ လူမှုအရင်း Social Capital ကို လေ့လာကြည့် လျှင် ကွန်ဖြူးရှပ်ဝါဒ အရိပ်အငွေ့များနှင့် ဂျိုဆွန်းဒိုင်နက်စတီ သြဇာများ ရောယှက်စိမ့်ဝင်နေသည်။ တောင်ကိုရီးယား တစ်နိုင်ငံလုံးသည် ဘာသာအယူဝါဒ ကွဲပြားမှု ရှိသော်လည်း လူမျိုးအားဖြင့် တစ်မျိုးတည်းသာဖြစ်ပြီး ယဉ်ကျေးမှုအားဖြင့်လည်း တစ်ခုတည်းသာ ရှိသည့်အတွက် သရုပ် အမှတ်အသား Identity Problem ကင်းရှင်းသည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်သည်။ တောင်-မြောက်စစ်ပွဲ အပြီး အခြေခံ အဆောက်အဦကအစ ကုန်ထုတ်လုပ်မှု ကွင်းဆက်အားလုံး ပြိုကွဲပျက်စီး ခဲ့ပြီးနောက် ပြာပုံမှပြန်လည်ရုန်းထ ရှင်သန်နိုင်ရန် ကြမ်းတမ်းစွာလျှောက် လှမ်းခဲ့ရသော အခြေအနေများမှာ မြန်မာ့နွေဦးတင်ကူး အခြေအနေများနှင့် ကွဲလွဲချက် အများအပြားရှိနေသည်။

စိတ်မကောင်းစရာ၊ တစ်ဖန်ရင်နာဖွယ်ရာ ကောင်းလှသည်မှာ မြန်မာ့နွေဦး၏ လူမှုနိုးကြားမှုသည် ဖွံ့ဖြိုးရေး မျက်နှာစာသို့ မျက်နှာမူခြင်းမရှိခဲ့ဘဲ လမ်းကြောင်းအမျိုးမျိုးသို့ ခွဲဖြာ ထွက်သွားခဲ့ခြင်းပင် ဖြစ်သည်။ လူမျိုးပေါင်း တစ်ရာကျော်၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာ တစ်ရာကျော်နှင့် မတူကွဲပြား မှုများ ပေါင်းဆုံနေသော မြန်မာ့လူ့အဖွဲ့အစည်းသည် အသွင်ကူးပြောင်းရေး၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်ဟုလည်း ဆိုနိုင်သည်။ ဤသည်ကိုလည်း နိုင်ငံတော် သမ္မတကြီးနှင့် အစိုးရအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနှင့် နိုင်ငံရေးပါတီများ၊ တပ်မတော်ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်း ခေါင်းဆောင်များနှင့် မီဒီယာများ စသည်တို့အားလုံးက မုဆိုးစိုင်သင် ဒီမိုကရက်တစ်တန်ဖိုး ထူထောင်ရေးကို တရားဥပဒေစိုးမိုးရေးနှင့် ယှဉ်တွဲ၍ ကြိုးပမ်းခဲ့ရကြောင်း တွေ့ရှိရသည်။

လာမည့်အောက်တိုဘာလ အတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပွဲကြီးကို ကျင်းပပြုလုပ်နိုင်ရန် နိုင်ငံတော် သမ္မတကြီးက မျှော်မှန်းထားသလို တိုင်းရင်းသားခေါင်းဆောင် အချို့ကလည်း လက်မှတ်ရေးထိုးရန် သဘောတူညီထား ကြသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရန် လက်မှတ်ရေးထိုးကြမည့် နေပြည်တော်သဘော တူညီချက်သည် လွတ်လပ်ရေးမရရှိမီက တည်ထားပြီးဖြစ်သော ပင်လုံစိတ်ဓါတ်ကို ပြန်လည်အသက်သွင်းခြင်း ဖြစ်သလို အမျိုးသား ညီညွတ်ရေး အတွက် လက်ရှိခေါင်းဆောင်များ၏ ပြင်းပြသော သန္နိဋ္ဌာန်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ ဤသို့ လက်မှတ်ရေးထိုးခြင်းသည် ခေါင်းဆောင် အားလုံးတို့က သန်း ၆၀ သို့ တရားဝင် ကတိကဝတ် ပြုလိုက်ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသည် ဒီမိုကရေစီပင်ပျို သင်းသတ် မခံရရေး၊ ဖွံ့ဖြိုးရေးသို့ အနှောင့်အယှက်ကင်းကင်း ချီနိုင်ရေး အတွက် နေပြည်တော် သဘောတူညီချက်သည် သမိုင်းနှင့်ချီသော မှတ်တိုင် ဖြစ်လာပေမည်။ နိုင်ငံရေးဘောဂဗေဒ သီအိုရီများအရ မရှိမဖြစ်လိုအပ်သော နိုင်ငံရေးတည်ငြိမ်မှု၊ မူဝါဒတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှု တို့အတွက် တစ်ဆက် တစ်စပ်တည်း ဖြစ်နေသလို ဖွံ့ဖြိုးရေး သီအိုရီများ အရလည်း အခြေခံ လိုအပ်ချက်မှာ အမျိုးသားညီညွတ်ရေး ပင်ဖြစ်သည်။

ထီးပြိုင်နန်းပြိုင်မဟုတ်သော ထီးလိုမင်းလိုငြိမ်းချမ်းရေ

မြန်မာ့ရာဇဝင်တွင် ခေတ်အဆက်ဆက် ထွက်ပေါ်ခဲ့ဖူးသော ထီးပြိုင်နန်းပြိုင် စစ်ဘုရင်များ၏ ပြိုင်ဆိုင်မှုများကြောင့် စစ်ခင်းကာ အင်ပါယာချဲ့ထွင်ခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီး နောက်တွင် ဖက်ဒရယ်ဟူသော စကားလုံးတစ္ဆေဖြင့် ခွဲထွက်မည့် အိပ်မက်ဆိုးများကို လက်နက်ကိုင်၍ ဖြေရှင်းခဲ့ကြရသည်။ မျက်မှောက်ကာလတွင် ဖက်ဒရယ်သည် ခွဲထွက်ရေးမဟုတ်၊ ပေါင်းစည်းရေးသာ ဖြစ်သည်ဟူသော ခံယူချက်များ ရဲရဲတင်းတင်း ထွက်ပေါ်လာခဲ့ပြီး အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး သို့ပါ ဦးတည်နေပြီဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးများ နေရာတွင် စားပွဲဝိုင်း တော်လှန်ရေး များ အစားထိုး နေရာယူကြရန် လက်ရှိခေါင်းဆောင် များအပေါ်တွင် မူတည်နေပြီဖြစ်သည်။
နိုင်ငံတော်သမ္မတကြီး မကြာခဏ ရည်ညွှန်းပြောကြားလျက်ရှိသော မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းနိုင်သည့် နိုင်ငံရေး ယဉ်ကျေးမှုသစ်သည် ငြိမ်းချမ်းရေးအတွက် ထီးလိုမင်းလို ဖြစ်မှသာ သန်း ၆၀ အတွက် ရင်မောသက်သာ နိုင်ပေလိမ့်မည်။သို့မဟုတ်ပါဘဲ ထီးပြိုင်နန်းပြိုင် ငြိမ်းချမ်းရေး ကိုသာ ဆက်လက်ဆွဲကိုင် ထားမည်ဆိုပါလျှင် အသွင်ကူးပြောင်းရေး လမ်းဆုံးရောက်နိုင်မည် မထင်ပေ။

စားပွဲဝိုင်း ဒိုင်ယာလော့များတွင် တက်ရောက်ပါဝင်ကြသူများ အနေဖြင့်လည်း ဘက်တစ်ဖက်တည်း ကိုသာ ရပ်တည်ခြင်းမရှိဘဲ သန်း ၆၀ ဘက်တွင် ရပ်တည်ကြမှသာ ငြိမ်းချမ်းရေးပန်းတိုင်သို့ နိုင်ငံတော်ရော၊ နိုင်ငံသားများပါ ရောက်ရှိနိုင်ကြမည် ဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော် ကိုယ့်ဘက် အနိုင်-အရှုံး၊ သူ့ဘက် အနိုင်-အရှုံးစသည့် ကစားပွဲအခြေပြု တွက်ချက်မှု များကိုလည်း အမြော်အမြင် ရှိရှိ ရင့်ကျက်မှု ပြည့်ပြည့်ဝဝဖြင့် ရှောင်ကြဉ်နိုင်ကြရန်လည်း မျှော်လင့်နေကြပေသည်။

နိဂုံး

ငြိမ်းချမ်းရေး တည်ဆောက်ရေးသည် အရောင်း-အဝယ်သဘော လုံးဝ မဟုတ်ရပါသော နိုင်ငံ တည်ဆောက်ရေးသာ ဖြစ်သည်။ မျှော်မှန်းတန်ဖိုး များကို ဆုပ်ကိုင်၍ ဈေးဆစ်တောင်းဆိုရေး မူများကို ဆုပ်ကိုင်ကြသည် များလည်း ရှိတတ်ပေသည်။ ငြိမ်းချမ်းရေးသည် လူနည်းစု တစ်စုတည်း၊ မျိုးနွယ်စု တစ်စုတည်းနှင့်သာ သက်ဆိုင်ခြင်း မဟုတ်သော သန်း ၆၀ ၏ ဖွံ့ဖြိုးရေးကိစ္စဖြစ်သည်။ နိုင်ငံရေးစားပွဲဝိုင်းများနှင့် စပ်လျဉ်း၍လည်း နိုင်ငံရေး အမြတ်ထုတ်မှုများ၊ ၂၀၁၅ အိပ်မက်များ ပါဝင်လာခဲ့ပါက စစ်မှန်သော စေ့စပ်ညှိနှိုင်းမှုများသို့ တက်လှမ်းနိုင် မည်မဟုတ်ပါ။ ရိုးသားမှု အရေးကြီးသည့်နည်းတူ သန်း ၆၀ အတွက် စစ်မှန်သော စေတနာ ရှိရပါလိမ့်မည်။
ကမ္ဘာကျော် မာလာလာထက် ပို၍ဆိုးရွားသော ဘဝပေါင်းများစွာ မြန်မာ့ပြည်တွင်း စစ်တလင်းတွင် ရှိခဲ့ကြသည်။ ပညာရေးသည်သာ ပထမဟု အော်ဟစ် တောင်းဆိုရကောင်းမှန်း မသိရှာကြသော ကလေးသူငယ်များစွာ တောထဲတောင်ထဲတွင် ဆင်းဆင်းရဲရဲ နေထိုင်နေကြရှာသည်။ စနစ်ဟောင်း၊ ခေတ်ဟောင်း၏ အမုန်းတရားများ၊ အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော အငြိုးများကြောင့် ယင်းကလေးငယ် များ၏ အနာဂတ်များကို စတေး ပေးဆပ်နေကြရခြင်း သာဖြစ်သည်။

စစ်ပွဲတွင် သေဆုံးသွားကြရရှာသော၊ စစ်ပွဲကြောင့် အငတ်ငတ် အပြတ်ပြတ် ဖြစ်ကြရရှာသော၊ စစ်ပွဲကြောင့် စာသင်ကျောင်းမရှိ၊ ခေါင်းလောင်းသံမသိ နေထိုင်နေကြရရှာသော၊ ဟိုမှာဘက်ကမ်းရှိ အိမ်နီးချင်းနိုင်ငံများမှ မီးထိန်ထိန်များကို ငေးမော ကြည့်နေရရှာသော တိုင်းရင်းသား ကလေးငယ် များသည် ကမ္ဘာကျော် မာလာလာထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသော ငရဲခန်း နေ့ရက်များကို ကျော်ဖြတ် နေကြရသည်။ ယနေ့ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရေး သာမက ခေါင်းဆောင် အများစု လက်ခံထားကြပြီး ဖြစ်သော အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းတွင် လက်ကိုင်ထားကြမည့် တောင်းဆိုချက်များ၊ လိုလားချက်များနှင့် စပ်လျဉ်း၍လည်း အဆုံးထိ တစ်ပတ်လည်အောင် သုံးသပ်ကြ စေလိုသည်။ ထို့နည်းတူ လက်တွေ့ကျပြီး အလုပ်ဖြစ်သော မဟာဗျူဟာ သဘောကို အခြေခံကြမှသာ မာလာလာထက် ပို၍ အဆပေါင်းများစွာ ဆိုးရွားသော မြန်မာ့မြေမှ မာလာလာပေါင်း များစွာတို့၏ ဘဝပေါင်းများစွာကို အမှန်တကယ် ပြောင်းလဲလာစေမည် ဖြစ်သည်။ ဆိုလိုသည်မှာ လူနည်းစု ကွက်ကွက်ကလေး၏ အကျိုးစီးပွားကိုသာ မလွတ်တမ်း ဆုပ်ကိုင်ထားတတ်သော ထီးပြိုင်နန်းပြိုင် ငြိမ်းချမ်းရေးထက် သန်း ၆၀ အကျိုးစီးပွား ကိုသာ ခြုံငုံရှုမျှော်သော ထီးလိုမင်းလို ငြိမ်းချမ်းရေးသာ မျှော်လင့်ချက်ဖြစ်နေခြင်း ပင်ဖြစ်သည်။

မာလာလာကတော့ “ကလေးတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ကလောင် တစ်ချောင်း ဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အတွက် တော့ တိုင်းရင်းသား ခေါင်းဆောင်များ၏ ကလောင်တစ်ချောင်း၊ လက်မှတ်တစ်ချက်သည် မြန်မာပြည်ကြီးကို ရုတ်ခြည်း ပြောင်းလဲသွားစေမည် ဖြစ်သည်။

(မှူးဇော်)
The Voice Weekly Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...