Monday, September 23, 2013

ကျွန်တော်နဲ့ ကောင်းမွန်သော စီမံအုပ်ချုပ်မှု


လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ကျွန်တော်တာဝန်နဲ့ ယူဂန္ဓာနိုင်ငံမှာ အစည်းအဝေးတစ်ခု တက်ခဲ့ရ ပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းတက္ကသိုလ်က စေလွှတ်ခဲ့တာဖြစ်တယ်။ အာဖရိကတိုက် အလယ်ပိုင်း မှာ Great Lakes လို့ခေါ်တဲ့ အင်းလေးကန်လို ကန်အကြီးကြီးများ စုနေတဲ့ ဒေသတစ်ခုရှိပါတယ်။
ဒီကန်တွေအနီးတစ်ဝိုက်မှာ နိုင်ငံခြောက်နိုင်ငံရှိပါတယ်။ နိုင်ငံ ခြောက်နိုင်ငံက ခေါင်းဆောင်တွေ၊ ပညာရှင်တွေအစည်းအဝေးကို တက်ရောက်ခဲ့ပြီး သူတို့ နိုင်ငံရဲ့ တိုးတက် ဖွံ့ဖြိုးမှု မဟာဗျူဟာတွေကို ဆွေးနွေးပြီးထုတ်ဖော်ခဲ့ကြတယ်။

အစည်းအဝေးရဲ့ အစီအစဉ်တစ်ရပ်မှာ ဒီနိုင်ငံတွေ ဘာကြောင့်တိုးတက် ဖွံ့ဖြိုးမှု နှေးကွေး ခဲ့သလဲ ဆိုတဲ့အကြောင်းရင်းကို ဖော်ထုတ်ခဲ့ကြတယ်။ အခုလို ဆောင်ရွက်တဲ့အခါ အံ့သြစရာ ကောင်းတဲ့ အဖြေတစ်ခုကို ဖော်ထုတ်ခဲ့ကြတယ်။ ဒီနိုင်ငံခြောက်နိုင်ငံဟာ အင်္ဂလိပ်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ နိုင်ငံတွေ လက်အောက်မှာ ကိုလိုနီနိုင်ငံများအဖြစ် ရပ်တည်ခဲ့တယ်။ ကိုယ်စား လှယ်အားလုံးဟာ သူတို့အခုလို ဖွံ့ဖြိုးမှုနှေးကွေးနေတာဟာ သူတို့ကို ကျွန်ပြုခဲ့တဲ့ နိုင်ငံတွေ ကြောင့်ဆိုပြီး ကိုလိုနီစနစ် ကို အပြစ်ပုံချကြတယ်။ မျက်နှာဖြူတွေရဲ့ လုပ်ရပ်တွေကြောင့် သူတို့အခုလို ဖွံ့ဖြိုးမှုအားနည်းနေ တယ် လို့ အဖြေထုတ်ခဲ့တယ်။

သူတို့တင်ပြချက်တွေကြားရပြီး ကျွန်တော်သုံးသပ်မိတယ်။ ဒီနိုင်ငံတွေ အားလုံး ၁၉၆ဝ ဝန်းကျင် လောက် မှာ လွတ်လပ်ရေးရလာတာ နှစ်ပေါင်း ၄ဝ ကျော်နေပြီ။ ဒါပေမယ့် သူတို့ဟာ အခုထိ အတိတ် ကာလက ခါးသီးတဲ့ အရိပ် ဖုံးလွှမ်းနေကြတယ်။ ဒါနဲ့ကျွန်တော့်ကို တင်ပြ ဆွေးနွေးခွင့်ပေးတဲ့ အခါ ကျွန်တော်က မေးခွန်းတစ်ခုထုတ်ခဲ့ပါတယ်။

ခင်ဗျားတို့ ပြောသလို ကိုလိုနီစနစ်ကြောင့် ဖွံ့ဖြိုးမှုနှေးကွေးတာကို လက်ခံပါတယ်။ ဒါပေမယ့် ခင်ဗျား တို့နဲ့ အတူတူ လွတ်လပ်ရေးရခဲ့တဲ့ စင်ကာပူ နိုင်ငံမှာ ကိုလိုနီစနစ်အကြောင်း ပြောသံ ဆိုသံတွေ မကြားရတော့ဘူး။ ပြီးခဲ့တာကို ပြန်ပြီး စားမြုံ့ပြန်နေမယ့်အစား လုပ်စရာရှိတာကို လုပ်ခဲ့တယ်။ အတိတ်ကိုမေ့တာမဟုတ်ဘဲ ရှေ့ဆက်ရမယ့်ခရီးကိုသာ အာရုံစိုက်ပြီး တိုးတက် အောင် လုပ်ခဲ့တယ်။ ဒါကြောင့် အဖြေကို ဖော်ထုတ်တဲ့နေရာမှာ ဘယ်သူဘယ်ဝါကြောင့်လို့ အပြစ်တင်မယ့်အစား ကိုယ့်မှာ အပြစ်ရှိမရှိ သုံးသပ် သင့်တယ်လို့ တင်ပြခဲ့တယ်။

အခုလို ကျွန်တော်က မညှာမတာပြောလိုက်တဲ့အတွက် သူတို့အားလုံး အံ့သြသွားတယ်။ အပြည်ပြည် ဆိုင်ရာ အစည်းအဝေးတွေမှာ ဒီကိစ္စကို ကျွန်တော်မကြာခဏ ကြားခဲ့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများ စုဝေးကြတဲ့အခါ တစ်ချိန်က အုပ်စိုးခဲ့တဲ့သူတွေကို အပြစ်တင်လေ့ ရှိကြ တယ်။ ဝေဖန်ကြတယ်။ ကိုလိုနီနိုင်ငံတွေ ကောင်းတယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ မြန်မာ ပြည်ဟာလည်း ကိုလိုနီစနစ် အောက် မှာ အလူးအလဲခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ကြောင်း ကို အမြဲပြန်လှည့်နေလို့ မဖြစ်ပါဘူး။ လုပ်စရာရှိတာကို တစိုက်မတ်မတ် လုပ်ဖို့သာ အရေးကြီးတာ။

ကိုလိုနီစနစ်ကြီးထွားခဲ့တဲ့ ၁၈ ရာစုနဲ့ ၁၉ ရာစုနှစ်တွေမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ပေါ်တူဂီနိုင်ငံတွေဟာ အာရှ၊ အာဖရိကနဲ့ လက်တင် အမေရိကတိုက်မှာရှိတဲ့ နိုင်ငံတွေကို စီမံအုပ်ချုပ်စိုးမိုးခဲ့တယ်။ ဒါပေမယ့် ကိုလိုနီစနစ် ကျင့်သုံးတဲ့ ပုံစံက မတူကြဘူး။ ပြင်သစ် ကိုလိုနီနိုင်ငံတွေမှာ တိုင်းရင်းသားတွေရဲ့ ပညာရေးကို အားပေးမှု မရှိတာတွေ့ရပါတယ်။ အင်္ဂလိပ်ကိုလိုနီလက်အောက် နိုင်ငံတွေမှာတော့ ဒီလို မဟုတ်ဘဲ ပညာရေးကို အားပေးခဲ့တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ၁၉၂ဝ ခုနှစ်တုန်းက ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ခဲ့တာ တွေ့ရပါတယ်။

ကျွန်တော်အခုလိုပြောပြီး ဖွံ့ဖြိုးမှုနိမ့်ကျခဲ့တဲ့ အကြောင်းရင်းများအနက် လွတ်လပ်ရေး ရပြီး ချိန်မှာ အုပ်ချုပ်စီမံမှု ညံ့ဖျင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ တင်ပြခဲ့ပါတယ်။ အခုလိုတင်ပြ ခဲ့တာဟာလည်း ကုလသမဂ္ဂအဖွဲ့အစည်း အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ ဖွံ့ဖြိုးမှု စီးပွားရေး လေ့လာ တွေ့ရှိချက်များကို အခြေခံခဲ့ခြင်းဖြစ်ပါတယ်။

၁၉၆ဝ ခုနှစ်နောက်ပိုင်းမှာ ဖွံ့ဖြိုးမှုစီးပွားရေးပညာလို့ခေါ်တဲ့ Development Economics ပညာဟာ ပေါက်ဖွားလာခဲ့တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေနဲ့ ဖွံ့ဖြိုးမှုအရှိန်အဟုန်တိုးတက်နိုင်ဖို့ ဘာတွေ လုပ်သင့် သလဲဆိုတာကို စဉ်းစားခဲ့ကြတယ်။ လေ့လာခဲ့ကြတယ်။ တချို့က ဖွံ့ဖြိုးမှုဟာ ရာသီဥတုနဲ့ သက်ဆိုင် တယ်လို့ အဆိုပြုကြတယ်။ ချမ်းသာတဲ့နိုင်ငံများဟာ အေးတဲ့ရာသီဥတု ရှိကြပြီး ဆင်းရဲတဲ့ နိုင်ငံတွေ ကတော့ ရာသီဥတုပူပြင်းတဲ့နိုင်ငံတွေ ဖြစ်ကြတယ်ဆိုပြီး ကောက်ချက် ချခဲ့ကြတယ်။

အေးတဲ့ရာသီမှာ နေထိုင်တဲ့သူတွေဟာ ရှင်သန်ဖို့ ရုန်းကန်ရတယ်။ ကြိုးစားကြရတယ်။ အခုလို ကြိုးစားအားထုတ်တဲ့အတွက် အောင်မြင်မှုတွေရခဲ့တယ်။ ဒါကြောင့်လည်း ချမ်းသာ လာကြတာလို့ ပြောကြတယ်။ ပူပြင်းတဲ့ ရာသီဥတုမှာ နေထိုင်ကြတဲ့သူတွေဟာ ရာသီဥတု မျှတပြီး နေရထိုင်ရတဲ့ နေရာမှာ ပေါ့ပေါ့ပါးပါး အသက်ရှင်နိုင်ကြတယ်။ ဒါကြောင့်လည်း ကြိုးစား အားထုတ်မှု သိပ်မရှိကြ ဘူး။ ရလဒ်ကတော့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း ဖြစ်တယ် လို့ ပြောကြပါတယ်။

စီးပွားရေးပညာရဲ့ထုံးစံအရ အကြောင်းပြချက်အမျိုးမျိုး ဖော်ထုတ်ခဲ့ကြပါတယ်။ အခုလိုဖွံ့ဖြိုးမှု သီအိုရီမျိုးစုံကို စဉ်းစားကြတဲ့အခါ Governance လို့ ခေါ်တဲ့စီမံအုပ်ချုပ်မှုကို အကြောင်းရင်း တစ်ခုအနေနဲ့ ဖော်ထုတ်ခဲ့ပါတယ်။ စီမံအုပ်ချုပ်မှုလို့ပြောရင် ကောင်းမွန် သပ်ရပ်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုရှိသလို ညံ့ဖျင်းတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုမျိုးလည်း ရှိနိုင်ပါတယ်။ ညံ့ဖျင်းတဲ့ စီမံအုပ်ချုပ်မှု စနစ်ကြောင့် အာဖရိကနိုင်ငံအတော်များများဟာ ဆင်းရဲတွင်းက မထွက်နိုင်တာ တွေ့ရပါတယ်။ စာဖတ်သူတွေ သိရှိတဲ့အတိုင်း အာဖရိကနိုင်ငံတွေမှာ သဘာဝ သယံဇာတ ပစ္စည်းတွေ ပေါကြွယ်ဝ တယ်။ ဒါပေမယ့် Resource Course လို့ ခေါ်တဲ့ သယံဇာတ ကျိန်စာအတိုက်ခံခဲ့ရတဲ့အတွက် နိုင်ငံတွေဟာ နာလန်မထူ နိုင်ခဲ့ဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဥပမာနှစ်ခုပေးချင်ပါတယ်။ အာဖရိက မှာရှိတဲ့ နိုင်ဂျီးရီးယား နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံဟာ ၁၉၆ဝ ခုနှစ် လောက်မှာ တစ်ဦးကျ ဝင်ငွေနဲ့ တိုင်းတာရင် အတူတူလောက်ရှိတာ တွေ့ရပါတယ်။ အနှစ် ၂ဝ ကြာပြီး ခရစ်နှစ် ၂ဝဝဝ မှာတော့ တောင်ကိုရီးယား နိုင်ငံရဲ့ ဝင်ငွေဟာ နိုင်ဂျီးရီးယားနိုင်ငံထက် အဆပေါင်း များစွာ ကြီးမားနေတာ တွေ့ရပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ ရေနံတွေအများကြီး ထွက်ရှိပါတယ်။

ဒါပေမယ့် ဒီရေနံတွေကြောင့် ပြည်သူတွေအတွက် ဘာမှမထူးခြားဘဲ နိုင်ငံအုပ်ချုပ်တဲ့ သူတွေ ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ ဘဏ်တွေမှာ အပ်ငွေတွေအများကြီးရှိနေတာ တွေ့ရပါတယ်။ ဒုတိယ ဥပမာက ပိုပြီးထူးခြားပါတယ်။ ဒါက အာဖရိကတိုက်မှာရှိတဲ့ ဂါနာနိုင်ငံနဲ့ အာရှတိုက် မှာရှိတဲ့ မလေးရှား နိုင်ငံတို့ဟာ လွတ်လပ်ရေးကို ၁၉၆ဝ ခုနှစ်မှာ ရခဲ့ကြတယ်။ အနှစ် ၄ဝ အကြာ မှာတော့ မလေးရှားနိုင်ငံရဲ့ တစ်ဦးကျဝင်ငွေဟာ ဂါနာထက် အဆ ၁ဝ လောက် များနေတာ တွေ့ရပါတယ်။ ပိုပြီးထူးဆန်းတာက မလေးရှားနိုင်ငံဟာ စားအုန်းဆီ ထုတ်လုပ်မှုမှာ ကမ္ဘာ့ နံပါတ်တစ် နိုင်ငံအဖြစ် တည်ရှိနေခဲ့ပါတယ်။ ဒီဆီအုန်းပင်တွေဟာ မလေးရှားနိုင်ငံမှာ အလေ့ကျမပေါက်တဲ့အတွက် ပျိုးပင်တွေကို ဂါနာနိုင်ငံကနေ ယူခဲ့ရတာ ဖြစ်တယ်။ ဒီပျိုးပင် တွေကနေ စခဲ့တဲ့လုပ်ငန်းဟာ အခုချိန်မှာ ကမ္ဘာကိုလွှမ်းမိုးနိုင်တဲ့ အခြေအနေ ဖြစ်ခဲ့တယ်။ ပျိုးပင်ရှိတဲ့ ဂါနာနိုင်ငံမှာ ယခင် ပုံစံနဲ့မိရိုးဖလာစိုက်ပျိုးတဲ့ အခြေအနေထက် မတိုးတက် ခဲ့ပါဘူး။

ကျွန်တော့်ရဲ့ တင်ပြချက်တွေကို နားထောင်နေကြတဲ့ နိုင်ငံခြောက်နိုင်ငံက ခေါင်းဆောင် တွေဟာ တအံ့တသြနဲ့ငေးပြီး ပါးစပ်အဟောင်းသားနဲ့ သူတို့ရဲ့ မျက်နှာကို အခုထိမြင်ယောင် မိပါတယ်။ ကြားရတာကို ကျေနပ်ချင်မှ ကျေနပ်ကြမယ်။ လက်ခံချင်မှ လက်ခံကြမယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ပြောစရာရှိတာကို ပြောခဲ့ပါတယ်။ ''အမှန်တရားဟာ သင့်ကို လွတ်လပ်စေတယ်'' တဲ့။ ဒီအဆိုကို ကျွန်တော်သိပ်သဘောကျတယ်။ ပြောစရာ၊ ဆိုစရာ ရှိတာကို ပြောဖို့ လိုတယ်။ ပြောတဲ့ နေရာ မှာလည်း အများနားလည်အောင် သတိပြုရမယ်။ လိုရင်းတိုရှင်းဟာ အလွန်အရေးကြီးပါတယ်။

အများအထင်ကြီးအောင် တချို့က ပြောဆိုချင်ကြတယ်။ ခက်တဲ့စကားလုံး တွေသုံးပြီး ပညာ ပေးတတ်ကြတယ်။ အမှန်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ အရေးကြီးဆုံးက တူညီတဲ့ နားလည်မှု ရရှိဖို့သာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကာလ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းမှာ Good Governance နဲ့ Clean Government ဆိုတဲ့ စကားလုံးတွေ ကြားလိုက်ရတော့ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်ကာလ ယူဂန္ဓာနိုင်ငံမှာ ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့အဖြစ်ကို သွားသတိရမိပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်တုန်းက ရန်ကုန်မြို့မှာရှိတဲ့ American Center မှာ ဟောပြောပွဲတစ်ခု လုပ်ခဲ့ ပါတယ်။ ဟောပြောပွဲရဲ့ ခေါင်းစဉ်က Good Governance ကောင်းမွန်သော စီမံအုပ်ချုပ်မှု။ ဒီခေါင်းစဉ်ကို ပြောဖို့စဉ်းစားတော့ တာဝန်ရှိတဲ့သူတွေက ဆရာရယ် ဒီခေါင်းစဉ်ကို နည်းနည်း ပြောင်းပေးပါ။ အကြောင်းအရာကတော့ ဆရာပြောချင်တာပဲပြောပေါ့။ ဒါနဲ့ ကျွန်တော်က Good Governance အစား Promoting Accountability ခေါင်းစဉ်ရွေးပြီး ဟောပြောခဲ့ ပါတယ်။ အခုတော့ တစ်ချိန်က သုံးခွင့်မရခဲ့တဲ့ ဝေါဟာရကို သုံးစွဲခွင့်ရတာကို ဝမ်းသာစရာ ဖြစ်ပါတယ်။


Good Governance ဟာ အမှန်တော့ ကောင်းမွန်တဲ့အုပ်ချုပ်မှုအစား၊ ကောင်းမွန်တဲ့ စီမံ အုပ်ချုပ်ခြင်း လို့ စဉ်းစားရင်ပိုပြီးပြည့်စုံပါတယ်။ Governance နဲ့ Administration ဟာ မတူပါဘူး။ Administration က ရိုးရိုးလေး ပြောရင် အုပ်ချုပ်မှုဖြစ်တယ်။ Governanc က ပိုပြီးကျယ်ပြန့်တဲ့ အယူအဆ ဖြစ်ပါတယ်။

စီမံအုပ်ချုပ်မှုဟာ လွန်ခဲ့တဲ့ သမိုင်းဦးဘုံမြေ ခေတ်ကတည်းက ရှိခဲ့ပါတယ်။ စီမံ အုပ်ချုပ်ခြင်း ဟာ အမှန်တော့ အဆုံးအဖြတ်ပေးခြင်းသာ ဖြစ်ပါတယ်။ ကောင်းမွန်သော စီမံအုပ်ချုပ်မှုဟာ နိုင်ငံပိုင် လုပ်ငန်းအဖွဲ့အစည်းတွေသာမက စီးပွားရေးနဲ့ လုပ်ငန်းနဲ့ သက်ဆိုင်နေသလို အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့လည်း အကျုံးဝင်ပါတယ်။ ပြည်တွင်းသာမက အပြည်ပြည် ဆိုင်ရာဆက်ဆံရေး တွေမှာလည်း ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု လိုအပ်တာကို တွေ့ရှိရပါတယ်။

ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုနဲ့ပတ်သက်လာရင် အစိတ်အပိုင်းရှစ်ခုရှိတာကို တွေ့ရပါတယ်။ ဒီအပိုင်း ရှစ်ပိုင်းအနက် ပဓာနအကျဆုံးက တာဝန်သိမှု၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုကို သတ်မှတ်နိုင်တဲ့ Accountability ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အယူအဆကတော့ မြန်မာနိုင်ငံမှာ ဒါနဲ့ပတ်သက်လို့ အားနည်းတာတွေ့ရပါတယ်။ တာဝန်ရှိတဲ့သူတွေဟာ တာဝန်မသိကြပါဘူး၊ တာဝန်မယူကြပါဘူး၊ တာဝန်မခံကြပါဘူး၊ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ စိတ်ရှိနေတာဟာ အသည်းယားစရာကိစ္စ ဖြစ်ပါတယ်။

မိမိကို တာဝန်တစ်ခုပေးထားရင် ဒီတာဝန်ကို ဆုံးခန်းတိုင်ထိ ကျေပွန်ရမယ်။ ငယ်ငယ် တုန်းက မိဘတွေက ကျွန်တော့်ကို အမြဲဆုံးမခဲ့တယ်။ ''ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်'' တဲ့။ ဒီစိတ်ထား အမြဲမွေးရမယ်။ ကိုယ့်ရဲ့ တာဝန်မကျေပွန်ရင် ကိုယ့်မှာတာဝန်ရှိတယ်ဆိုတာကို ရဲရဲဝံ့ဝံ့ဝန်ခံပြီး မိမိယူ ထားတဲ့တာဝန် မကျေပွန်တဲ့အတွက် ထွက်ရမယ်။ ဒီ Accountability စိတ်ဓာတ်ဟာ နေရာတိုင်း၊ ရာထူးအဆင့်တိုင်းမှာ ရှိဖို့လိုအပ်ပါတယ်။

ဒါကြောင့် ဂျပန်ဆာမူရိုင်းတွေကို သိပ်သဘောကျခဲ့တယ်။ တိုက်ပွဲ၊ စစ်ပွဲရှုံးရင် မိမိရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ကိုယ်တိုင်ထိုးရဲတဲ့ သတ္တိရှိတယ်။ ဒါဟာ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံမှုပဲ ဖြစ်တယ်။

ဒုတိယအနေနဲ့ကတော့ ပွင့်လင်းမြင်သာမှု (Transparency) ဖြစ်တယ်၊ ဒါက ရိုးသားဖြူစင် ဖြောင့်မတ်မှု နဲ့ဆိုင်တယ်။ ကိုယ့်လိပ်ပြာကိုယ်သန့်ရင် ပွင့်လင်းမြင်သာမှုရှိတာ ပါပဲ။ ဖွက်စရာ၊ ရှောင်စရာ၊ တိမ်းစရာ ဘာမှမရှိတာပါပဲ။

တတိယအပိုင်းကတော့ တုံ့ပြန်မှု (Responsive) ဖြစ်ပါတယ်။ အစိုးရ ဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ့် တာဝန်ရှိတယ်။ ကိစ္စတစ်ခုကို ချက်ချင်း လုပ်ပေးရမယ်။ မြန်ဖို့လိုတယ်။ အခုတော့ မကြာကြာအောင် ဆောင်ရွက်နေကြတယ်။ ကြာလေလေ ကောင်းလေလေ ဆိုတဲ့စိတ်ဓာတ်တွေ ရှိနေသေးတယ်။

စတုတ္ထအပိုင်းက ပါဝင်မှုပဲဖြစ်တယ်။ ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုရှိဖို့ ပတ်သက်တဲ့ သူတွေအားလုံး တက်တက်ကြွကြွ ပါဝင်ဖို့လိုတယ်။ ဘာသိဘာသာနဲ့ အနေသာကြီးဆိုပြီး ဘေးထိုင် နေလို့မဖြစ်ပါဘူး။ နံပါတ် (၅) ကတော့ Inclusive ဖြစ်တယ်။ အားလုံးကို ထည့်သွင်းစဉ်းစားမှုပဲ ဖြစ်တယ်။ မိမိနဲ့ သဘောထားချင်းမတူတဲ့သူတွေ၊ မိမိနဲ့ အမြင်ချင်း မတိုက်ဆိုင်တဲ့သူတွေကို သိမ်းသွင်းနိုင်ဖို့ ဖြစ်ပါတယ်။

နံပါတ်(၆)ကတော့ ထိရောက်မှုဖြစ်တယ်။ အမှန်တော့ သတ်မှတ်ထားတဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ပြည့်မီခြင်းဖြစ်တယ်။ တစ်ဆက်တည်းမှာလည်း Equality လို့ခေါ်တဲ့ မျှတမှု ကို လက်ခံရမယ်။ ဆိုလိုတာက ကြိုးစားတဲ့သူဟာ ကြိုးစားသလောက် အကျိုးခံစားခွင့် ရှိရမယ်။ ကြိုးစားတဲ့လူရော မကြိုးစားတဲ့သူပါ တူညီတဲ့အကျိုးရခြင်းဟာ မတရားပါဘူး။ ဒီအတွေးကို ပြင်ဖို့ ခက်ခဲပါတယ်။ လူတိုင်းက ညီတာကိုနှစ်သက်ကြတယ်။ သူရသလောက် ငါရရမယ်ဆိုပြီး စဉ်းစားကြတယ်။ ရဖို့သာ အာရုံရှိတာ၊ သူလုပ်သလောက် ငါလုပ်မယ်ဆိုတဲ့ စိတ်ကတော့ မရှိဘူး။

နံပါတ်(၇)ကတော့ တရားဥပဒေစိုးမိုးမှုဖြစ်တယ်။ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုရှိနိုင်ဖို့ တရား ဥပဒေ စိုးမိုးရေးဟာ အဓိကကျပါတယ်။ နောက်ဆုံး အပိုင်း(၈)ကတော့ အများဆန္ဒကို လိုက်လျောမှုဖြစ်တယ်။ အဓိပ္ပာယ်က အားလုံးနဲ့ တိုင်တိုင်ပင်ပင်ဆောင်ရွက်ပြီး တူညီတဲ့ ဆန္ဒ သဘောထားတွေကို ထုတ်ဖော်ဖို့ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ကောင်းမွန်တဲ့အုပ်ချုပ်စီမံမှုရှိဖို့ အလွန်လိုအပ်လျက်ရှိပါတယ်။ ကျေးရွာ၊ ရပ်ကွက်ကအစ ပြည်ထောင်စုအဆင့်အထိ နေရာတိုင်းမှာရှိဖို့ ရှင်သန်ဖို့ လိုအပ် ပါတယ်။ ဒီလိုရှိမှလည်း အားလုံးမျှော်မှန်း၊ မျှော်လင့်တဲ့ သာယာဝပြောပြီး အေးချမ်းတဲ့ နိုင်ငံကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။


ဒေါက်တာ အောင်ထွန်းသက်

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...