Thursday, September 26, 2013

ကျွန်မထာဝရအလေးပြုမယ့်အလံ၊ ကျွန်မထာဝရပေးဆပ်သွားမယ့် ဗကသ (၁)

 
September 21, 2013 at 7:21am
ငယ်စဉ်ဘ၀တုန်းက နိုင်ငံရေးဆိုတဲ့စကားလုံး အဘ(အမေ့အဖေ) ပြောလို့ ကြားခဲ့ရပါတယ်။ နိုင်ငံရေးအခြေအနေတွေ၊ ဗမာပြည်နိုင်ငံရေးသမိုင်းအချိုးအကွေ့တွေ၊ နိုင်ငံရေး ပါတီတွေအကြောင်းတွေ အုပ်စုံမသိခဲ့ရပေမယ့်  နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ စစ်တပ်က အာဏာသိမ်းပုံ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ တောခိုအဖွဲ့အစည်းများ၊
မဆလ တစ်ပါတီစနစ်၊ ပမညတ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်…၊ သခင်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်း၊ဦးနေ၀င်း၊ ဒေါက်တာာမောင်မောင်…စတာတွေကို အိပ်ရာဝင်ပုံပြင်တွေလို စိတ်ဝင်တစား နားထောင်ခဲ့ပါတယ်။
အဖေနဲ့အမေ အပါအ၀င်  ဦးလေး၊အဒေါ်များက ကလေးကို နိုင်ငံရေးအကြောင်းတွေ မပြောပါနဲ့လို့ တားဆီးပိတ်ပင်တဲ့ကြားထဲက အဘက အလစ်မှာပြောပြပါတယ်။အဘကိုယ်တိုင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သလို ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလမှာလည်း အဘတို့အဖေ၊အကို၊ဦးလေးတွေ ပါဝင်ခဲ့ကြပါတယ်။ဘယ်လိုပဲ သားသမီးတွေကတားဆီးတားဆီး ဒီမြေး(ကျွန်မ)ကိုတော့ သူပြောပြမြဲ ရှင်းပြမြဲပါ။ရှေးလူကြီးမို့ အသက်ကြီးပြီမို့ ရှေးရိုးစွဲတချို့ရှိပင်ရှိသော်လည်း အမျိုးသမီးတွေကိုတော့ ဘယ်တော့မှ ချိုးနှိမ်ဖိနှိပ်လေ့မရှိ..သူ့မြေးဦး(ကျွန်မ) မိန်းကလေးမို့ နိုင်ငံရေးနဲ့မဆိုင်ဘူး၊ ဘောင်းဘီရှည်မ၀တ်ရဘူး၊ ပြိုင်ဘီးမစီးရဘူး၊ အိမ်တွင်းမှုလုပ်ကိုင်တတ် ရမယ်ဆိုတဲ့ အမြင်မျိုး တစ်စက်ကလေးမမရှိတာ အံ့သြစရာပါ။
          ဒီနေရာမှာ ကျွန်မဆိုလိုချင်တာ ကျွန်မအဘအကြောင်းသက်သက် မဟုတ်ပါ။ကျွန်မကို နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ကျောင်းသားအရေး၊ လူတန်းစားဆိုတဲ့အတွေးတွေကို စတင်သိစေ တွေးစေခဲ့တဲ့ ပုဂ္ဂိုလ်ကို ရည်ညွှန်းပြချင်တာပါ။မှတ်မှတ်ရရ ကျွန်မကိုးတန်းမှာ (၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေ၊ ကျောင်းသားတွေနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို ညီညွတ်စွာ တော်လှန်ခဲ့တဲ့ တော်လှန်ရေးတစ်ရပ်ကို ကျွန်မနဲ့အဘ DVBမှတဆင့် တွေ့မြင်ခဲ့ရပါတယ်။ကျန်းမာရေး မကောင်းတဲ့အဘက အိပ်ရာထဲကနေ အံကြိတ်တောက်ခေါက်နေသလို လူငယ်ကျွန်မလည်း သွေးတွေဆူပွက် ပြီး ကိုယ်တိုင်ဝင်ရောက်ကာ စစ်အာဏာရှင်ကို တော်လှန်လိုမိခဲ့၊ ဖြစ်ချင်ရာဖြစ် အိမ်ကနေခိုးထွက်ပြီး ဆန္ဒပြ သူတွေနဲ့အတူ သေသေကြေကြေ တိုက်ပွဲဝင်လိုစိတ်တွေ ပြင်းထန်နေမိခဲ့ပါတယ်။တစ်ရက် DVBကြည့်ရင်း အလံတစ်လက်ကို ကျွန်မတွေ့မိပါတယ်။အနီရဲရဲမှာ ခွပ်ဒေါင်းနဲ့ စက်ဝိုင်းပုံပါတဲ့ အလံဟာ ကျွန်မစိတ်ကို ဖမ်းစား ခဲ့ပါတယ်။
          အဘကိုမေးကြည့်တော့ ဒါဟာ ကျောင်းသားအလံလို့ ပြောပါတယ်။ခွပ်ဒေါင်းကို ၀ိုင်းထားတာ စက်ဝိုင်း မဟုတ်၊ ကျော့ကွင်းသာဖြစ်တယ်..ဒေါင်းကကျော့ကွင်းကို ရုန်းကန်နေပုံကို ကျောင်းသားတွေ အာဏာစနစ်ကို တွန်းလှန်နေပုံနဲ့ နှိုင်းယှဉ်ပြတော့ ကျွန်မလည်း ဒီအလံအောက်မှာ ရပ်ချင်စိတ်တွေ၊ အလံကို အလေးပြုချင်စိတ် တွေ ပေါ်လို့လာပါတယ်။ဒါတင်မကသေး ဒီအလံဟာ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ရဲ့ ကျောင်းသားဘ၀ ကျောင်းသားသမဂ္ဂဆိုတာကို လုပ်ကြတုန်းက ကိုင်စွဲခဲ့ကြတဲ့အလံ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ရဲ့ အလံတော်ဖြစ်တယ်ဆိုတာကိုပါ ထပ်ဆောင်းသိလိုက်ရတဲ့အချိန်မှာတော့ သမဂ္ဂဆိုတဲ့ စကားလုံးကို ကျွန်မစွဲလမ်းခဲ့ရသလို ကျွန်မကိုယ်တိုင် ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ ခိုလှုံခဲ့တဲ့ အလံအောက်မှာ ထာဝရ ခိုလှုံ ချင်ခဲ့မိပါတယ်။မိသားစုက (အဘမှလွဲ၍) နိုင်ငံရေးကို စိတ်မ၀င်စားကြ၊ တစ်လျှောက်လုံးစစ်အာဏာရှင်ရဲ့ ဖိနှိပ်ခံလာခဲ့ကြရတာကြောင့် နိုင်ငံရေးဆိုရင် ကြောက်စရာသတ္တ၀ါတစ်ကောင်လို့ မြင်နေကြပါတယ်။
          ဒီလိုနဲ့ အဘလည်းအခုဆိုရင် ဆုံးပါးသွားခဲ့ပါပြီ။အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ပြောင်းပါပြီလို့ အော်နေကြတဲ့ ယနေ့ခေတ်ကို အဘလည်း မမှီလိုက်ရှာပါ။အဖေနဲ့အမေကတော့ ခေတ်ပြောင်းလာပြီဆိုပြီး ကျွန်မရဲ့ နိုင်ငံရေး စိတ်ဝင်စားမှုကို တားဆီးကန့်ကွက်တာမျိုး မလုပ်တော့ပါ။ဒီလိုနဲ့ အဘဆုံးပြီးနောက် ကျွန်မ တက္ကသိုလ်ရောက်ခဲ့ပါတယ်။တက္ကသိုလ်တတ်ရင်း အပေါင်းအသင်းတွေကြားမှာ ကျွန်မနိုင်ငံရေးဆိုတာ ကို ယောင်ယောင်လေးတောင် သတိမရမိတော့ပါ။ကျောင်းလစ်လို့ရ၊ ကျူရှင်တက်ရင်အောင်၊ ဆရာတွေနဲ့ အဆင်ပြေအောင်ပေါင်းသင်း၊ အချိန်တန် မဖြေနိုင်ရင်သွားကန်တော့လို့ ရနေတဲ့ တက္ကသိုလ်ကျောင်းသူဘ၀မှာ ကျွန်မ အားလုံးကိုမေ့ပြီး ပျော်ချင်တိုင်းပျော်နေမိပါတော့တယ်။ နိုင်ငံရေးဆိုတာ ဘာလဲမသိချင်၊ ကျောင်းသားအရေးဆိုတာ ကိုယ်နဲ့ဆိုင်တာမှတ်လို့ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မတက္ကသိုလ်မှာ နှစ်နှစ်တိတိ အယောင်ဆောင် လွတ်လပ်ရေးကြီးထဲမှာ နစ်မျောနေခဲ့ပါတယ်။ဒီလိုနဲ့ နောက်ဆုံးနှစ်အရောက်မှာ ကျွန်မဟာ ကျောင်းမှန်မှန်လစ်၊ ဘော်ဒါများနဲ့ပျော်ပါးရင်း သတင်းတစ်ပုဒ်ကို ကြားမိလိုက်ပါတယ်။ရတနာပုံတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂဖွဲ့လိုက်ပြီဆိုတဲ့သတင်းပါပဲ။ဒါနဲ့ ကျောင်းသားသမဂ္ဂဆိုတာ ဘာလဲဆိုတာကို ကျွန်မ အပြင်း အထန် စဉ်းစားမိပါတယ်။ပြင်ပစာပေတွေကို မလေ့လာဖြစ်၊ အဘစကားတွေနဲ့ ဝေးတာလဲကြာပြီဖြစ်တော့ ကျွန်မရင်ခုန်မြတ်နိုး လေးစားခဲ့ရတဲ့ အလံနဲ့သမိုင်းကို ဘယ်လိုမှ ပြန်အစဖေါ်လို့ မရခဲ့ပါဘူး။
          တစ်ရက် ကျွန်မတို့သူငယ်ချင်းတွေနဲ့ စတုဒီသာ ဖျော်ရည်တိုက်ကြတဲ့ ပွဲလေးတစ်ခုမှာ ကျောင်းသားနှစ် ယောက်က လာပြီးကူညီတာနဲ့ ကြုံရပါတယ်။ဒီကျောင်းသားနှစ်ယောက်ထိုးထားတဲ့ရင်ထိုးက အလံကို မြင်လိုက်ရတဲ့ တစ်ခဏမှာတော့ ကျွန်မ တော်တော်လေးကို တုန်လှုပ်သွားမိပါတယ်။သူတို့ထိုးထားတဲ့အလံဟာ ကိုးတန်းကျောင်းသူဘ၀က ကျွန်မစပြီး တောင့်တခဲ့ရတဲ့ အလံပါလား…ကျွန်မရဲ့ရှေ့ဆောင်တွေ ခိုလှုံခဲ့တဲ့ ကျောင်းသားသမဂ္ဂအလံပါလားဆိုပြီး ကျွန်မတော်တော်လေး ရင်ခုန်သွားခဲ့တယ်။ဒါနဲ့ အဲဒီကျောင်းတွေကို မေးကြည့်လိုက်တော့ တစ်ယောက်ကရှင်းပြပါတယ်။သူတို့ဟာ ကျွန်မတို့တက္ကသိုလ်က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေဖြစ်တဲ့အကြောင်း၊ ကျောင်းသားထုအရေး၊ပြည်သူလူထုအရေးကို ဆောင်ရွက်နေတဲ့ ကိုအောင်ဆန်းတို့မျိုးဆက်၊ ကိုဗဟိန်းတို့မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသ) အဖွဲ့ဝင်တွေဖြစ်ကြောင်း၊ ဗကသရဲ့ မူဝါဒငါးချက်အကြောင်းနဲ့ လက်ရှိမှာတော့ (ကျွန်မကိုနိုင်ငံရေး လုပ်တဲ့အဖွဲ့အစည်းလို့ပြောရင် ကျွန်မကြောက်သွားမှာစိုးလို့လို့ သူကပြန်ပြောပါတယ်။) ပရဟိတအလုပ်တွေ လုပ်နေကြောင်း တစ်နာရီနီးပါးလောက် သူကရှင်းပြပါတယ်။အဲဒီမှာပဲ ကျွန်မက အဖွဲ့ဝင်ဖြစ်ချင်ပါတယ်လို့ မရည်ရွယ်ဘဲ ပြောမိလိုက်ပါတယ်။သူကတော့ ချက်ချင်းမဆုံးဖြတ်ပါနဲ့ အပတ်စဉ် သမဂ္ဂအစည်းအဝေးရှိတယ် အဲဒီမှာ လေ့လာသူအနေနဲ့ လာတက်ပါ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။ကျွန်မ လည်း သူနဲ့စကားပြောအပြီး သူတို့အဖွဲ့ ဈေးရောင်းပွဲတော်မှာ ရန်ပုံငွေဈေးရောင်းနေတယ်ဆိုလို့ လိုက်ကြည့် မိပါတယ်။တကယ်ပါပဲ…ဈေးဆိုင်ခန်းရဲ့ရှေ့မှာ ကျွန်မ မြတ်နိုးနှစ်သက်ခဲ့တဲ့ အလံတော်ဟာ တလူလူလွင့်လို့… ကျွန်မ လေးစားရတဲ့ ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းကတော့ လူ့တစ်ရပ်စာ ဗီနိုင်းဓာတ်ပုံထဲကနေ ကျွန်မကို မိန့်မိန့်ကြီးကြည့်လို့ပေါ့…။
          ဒီလိုနဲ့ ကျွန်မဟာ ကျောင်းသားသမဂ္ဂနဲ့ စတင်ထိစပ်ခဲ့ပါတယ်။လေ့လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ ကျွန်မဟာသမဂ္ဂရဲ့ မူဝါဒငါးရပ်ကို ကျေလည်လာတဲ့အပြင် အမျိုးသားနိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ အမြင်ကိုပါ ထပ်လောင်းရရှိခဲ့ပါတယ်။ကျွန်မကိုစည်းရုံးခဲ့တဲ့ ရဲဘော်ကလည်း အစမှာ ကျောင်းသားတွေဟာ နိုင်ငံရေးဆိုရင်ကြောက်ကြတဲ့အတွက် ဗကသရဲ့ အမျိုးသားရေး/အမျိုးသားနိုင်ငံရေးကို သေချာမပြောပြခဲ့ဘဲ  လူငယ်တွေ စိတ်ဝင်စားမှုများတဲ့ ပရဟိတနဲ့သာ အရင်ဆုံးမိတ်ဆက်ပေးရကြောင်း ပြောပါတယ်။ဒါဟာ ကျွန်မနဲ့ ကျောင်းသားသမဂ္ဂ(ဗကသ)ရဲ့ မိတ်ဆက်နိဒါန်းပဲဖြစ်ပါတယ်။နောက်ဆောင်းပါးမှာတော့ ဗကသကြောင့် ပြောင်းလဲသွားရတဲ့ ကျွန်မရဲ့ကျောင်းသားဘ၀နဲ့ အတွေးအမြင်သဘောထားတွေကို ဆက်လက်တင်ပြပါမယ်။          ။
                                                                                                           မေလင်းခ(ဗကသ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...