Monday, September 9, 2013

မြောက်အရပ်မှ မဟာအိမ်နီးချင်း

မြန်မာ့နိုင်ငံရေးဆောင်းပါးများ's photo.

ဇေယျသူ

တရုတ်အကြောင်းကို မြန်မာတို့်သိသလိုလိုနှင့် တကယ်မသိခြင်းသည် နိုင်ငံကို အကျိုးယုတ် စေသည် သာမက အန္တရာယ်လည်းကြီးသည်။ မြန်မာနှင့် တရုတ်အကြောင်းမသွားမီ တရုတ်၏ လက်ရှိအခြေ အနေကို လေ့လာ ကြည့်ကြပါစို့။


တရုတ်စွာလာခြင်း

တရုတ်သည် ၁၉၇၉ တွင် စီးပွားရေးပြုပြင်ပြောင်းလဲရေး စကတည်းက အရှိန်မြန်စွာ တိုးတက်ကာ ၁၉၉၀ ခန့် တွင် အားလုံးသတိထားမိလာသည့် အခြေအနေသို့ ဆိုက်သည်။ ထိုအခါ တရုတ်နဂါးကြီး နိုးလာပြီဟု ကြောက်ကြပြီး အင်အားကြီးထွားလာခြင်းကို အိမ်နီးချင်းတို့ ကြောက်ရွံ့မည် စိုးသဖြင့် တရုတ်သည် “Rise” မြင့်တက်ခြင်းဟုပင် မသုံးဘဲ “Peaceful Development” “ငြိမ်းချမ်းစွာဖွံ့ဖြိုး တိုးတက်ခြင်း” ဟု ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် မည်သူ့ကိုမှ ထိခိုက်မည်မဟုတ်ဘဲ တိုးတက်ခြင်းဟု တမင်သုံးစွဲခဲ့သည်။ နိုင်ငံတကာ အရေးများ တွင်လည်း မျက်စိစပါးမွှေးစူးမခံရစေရန် တက်ထောင် မောင်းနင်း သိပ်မလုပ်ဘဲ ခပ်လျှိုလျှိုနေခဲ့သည်။ သို့သော် ၂၀၀၈ ဘေဂျင်းအိုလံပစ်ကို ခမ်းနားကြီး ကျယ် စွာ ကျင်းပအပြီးတွင် တရုတ်သည် ခေါင်းမော့ရင်ကော့လာသည်။ ယခင်ကထက် ကိုယ့်ကိုယ် ကို ယုံကြည်မှုပိုလာကာ အခြားနိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းများ ပိုမြင်လာရ သည်။

ပူပူနွေးနွေး သမ္မတသစ် ရှီကျင့်ဖျင် အပါအဝင် တရုတ်ခေါင်းဆောင်မျိုးဆက်သစ်များ တာဝန်လွှဲယူစ အချိန်တွင် တရုတ်သည် ယခင်ကထက် စွာလိမ့်မည်ဟု ယူဆရသည်။ မိမိသည် ရဲရင့်ပြတ်သား ကြောင်း၊ ဦးဆောင်နိုင်ကြောင်း၊ ပြိုင်ဘက်တို့ကို ဦးမညွတ်ကြောင်း ခေါင်းဆောင်သစ်သည် ပါတီကို ပြသလိမ့်မည် ဖြစ်သည့်အတွက် ယခင်ကထက် ခပ်မာမာ ခပ်ထန်ထန် ပြောဆိုခြင်းများ၊ တုံ့ပြန်ခြင်း များ မြင်တွေ့ရနိုင်သည်။

တရုတ်ကို ကြောက်လာခြင်း

တရုတ်ကို ကြောက်ရွံ့လာကြခြင်း၏ အကောင်းဆုံးသာဓကမှာ ဂျပန်ခြေလှမ်းပြောင်းလာခြင်း ဖြစ်သည်။ ဂျပန် သည်တရုတ်နှင့် ဒေသတွင်း အဓိကပြိုင်ဘက် ဖြစ်သည်။ တရုတ်ကို ဂျပန်က ၂၀ ရာစု အစောပိုင်းတွင် ကျူးကျော်ခြယ်လှယ်ခဲ့သည်ကို တရုတ်က မမေ့။ သမိုင်းစာအုပ်များတွင် တခုတ်တရ သင်သလို ရုပ်ရှင်များ တွင် ဂျပန်ဆန့်ကျင်ရေးများ လူကြိုက်များလှသည်။ ဂျပန်သည် တရုတ်နှင့် စီးပွားရေးအရ ကြီးမားသော ဆက်ဆံရေးရှိသလို တရုတ်ကို အထောက်အပံ့များစွာ ပေးခဲ့သော်လည်း တရုတ်ကို သတိအမြဲထားသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂျပန်သည် တရုတ်နှင့် ယခင်က ဖြစ်ပွားခဲ့သော အငြင်းပွားမှုများတွင် တိုးတိုးတိတ်တိတ်ဖြင့် ဖြေရှင်းသော်လည်း ကျွန်းကို သူပိုင်ငါပိုင် အငြင်းပွားမှုတွင်မူ လူသိရှင်ကြား ကျယ်ကျယ်လောင်လောင် တုံ့ပြန်ခဲ့သည်မှာ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်၏ မူဝါဒ ပြောင်းလဲလာခြင်းဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက စစ်ရေးတွင် ကိုယ်ရှိန်သတ်ခဲ့သည့် ဂျပန်သည် မကြာသေးမီကာအတွင်း စစ်ရေးကို ပြန်လည် တိုးချဲ့လာခြင်းသည် တရုတ်ကြောင့် (China Factor) ဟု အကဲဖြတ်နိုင်သည်။

တောင်တရုတ်ပင်လယ်တွင် အရှေ့အာရှနိုင်ငံအများအပြားသည် တရုတ်နှင့် ပိုင်နက်နယ်မြေ အငြင်းပွားနေ ကြသည်။ ဖိလစ်ပိုင်ဆိုလျှင် သူနှင့် ဆက်စပ်နေသည့် တောင်တရုတ်ပင်လယ်အခြမ်းကို တောင်တရုတ် ပင်လယ်ဟုပင် မခေါ်ဘဲ အနောက်ဖိလစ်ပိုင်ပင်လယ်ဟု ခေါ်သည်။ တရုတ်သည် ထိုနိုင်ငံများနှင့် ယခင်က ထက်စာလျှင် ထိပ်တိုက်တွေ့ရန် မရွံ့သည့်ဟန်များမြင်လာရသည်။ အမေရိကန်သည် အိုဘားမားလက်ထက် တွင် အာရှသို့ ပြန်အဝင်နှင့်လည်း တိုက်ဆိုင်ချိန်တွင် တရုတ်နှင့်အငြင်းပွားနိုင်ငံအားလုံးက အမေရိကန်ကို အားကိုးလာကြသည်။ အမေရိကန် တစ်ဦးတည်း သာ တရုတ်ကို ထိန်းနိုင်မည်ဟု တွက်ကြသည်။

အမေရိကန်တို့မည်သည့်အခါမှ ဝန်ခံမည်မဟုတ်သော်လည်း မြန်မာနှင့်အမေရိကန် အဆက်အဆံ ပြန်နီးကပ် လာခြင်းကိုယ်တိုင်က တရုတ်နှင့်ကပ်လျက်ရှိသောကြောင့်ဖြစ်သည်။ အခြားတရုတ်နှင့် အိမ်နီးချင်းများနှင့်မတူ ထူးခြားသည်မှာ မြန်မာသည် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်နေခြင်းပင်။ လက်ရှိမဟာအင်အားကြီး အမေရိကန်သာ နောက်ပေါက်စိန်ခေါ်သူ တရုတ်ကို ထိန်းလိုလျှင် တရုတ်၏ ဂယ်ပေါက်ကို ပိတ်မည်ပင်။ ယခုလည်း မြန်မာနိုင်ငံအပါအဝင် အာရှတွင် အမေရိကန်နိုင်ငံ ၏ ခြေလှမ်းများမှာ ထိုဘက်သို့ ဦးတည်နေသည်။

မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်သည့် အမေရိကန်နှင့် ဂျပန်သည် အတွဲလိုက် အတိုင်အဖောက် ညီညီ ကစားတတ်သည်။ အမေရိကန်က စစ်ရေးနည်းဖြင့် လှုပ်ရှားလျှင် ဂျပန်က စီးပွားရေးနည်းဖြင့် ဝင်တတ်သည်။ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများတွင် ဂျပန်က ငွေကြေးထောက်ပံ့တတ်သည်။ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် သဘောထားပြောင်းသွားအပြီးတွင် ဂျပန်သည်လည်း တိုက်တိုက် ဆိုင်ဆိုင် စိတ်ရောကိုယ်ပါ မြန်မာ နိုင်ငံကို ကူညီလာခဲ့သည်။ သီလဝါစီမံကိန်းအပါအဝင် ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး အပါအဝင် ကဏ္ဍ များတွင် ဂျပန်တို့ပါဝင်ကူညီနေခြင်းမှာ ယင်းမူဝါဒ အနည်းဆုံးတစ်စိတ်တစ်ပိုင်း ပါဝင်သည်။

မြန်မာနှင့် တရုတ်

ယခုလောလောဆယ်တွင် မြန်မာက တရုတ်အကြောင်းကု သိသည်ထက် တရုတ်ကမြန်မာအကြောင်း ကို ပိုသိသည်။ တရုတ်တို့သည် မြန်မာတို့ကို စနစ်တကျလေ့လာနေကြပြီး အချက်အလက် စုဆောင်းနိုင် မှု သည် အားကောင်းသည်။ နဂိုကတည်းက အရေအတွက်နည်းလှသည့် မြန်မာပညာရှင်များထဲတွင် တရုတ် အကြောင်းကို ဂဃနဏသိသည့် တရုတ်ဆိုင်ရာ မြန်မာပညာရှင် ကျွန်တော်သိသလောက် မရှိပါ။

တရုတ်နိုင်ငံသည် ယနေ့ကမ္ဘာက လက်ခံထားသော လွတ်လပ်သော ဈေးကွက်နှင့် ဒီမိုကရေစီ အတွဲအဖက် ဆေးနည်းဖြင့် မဟုတ်ဘဲ နှစ် ၃၀ အတွင်း နိုင်ငံသားသန်း ၃၀၀ ခန့်ကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံး စီးပွားရေးတိုးတက်နှုန်းဖြင့် နှစ်ကြာရှည်စွာ တိုးတက်နေဆဲ။ တရုတ် တစ်ချိန်ချိန်တွင် ပြိုကျမည်ဟု အများအပြားဟောကိန်း ထုတ်ကြသော်လည်း ဟောကိန်းထုတ်အပြီးတိုင်း တရုတ် က ပိုမိုခိုင်မာစွာတိုးတက်လာသည်။ တရုတ်စီးပွားရေး တည်တည်ငြိမ်ငြိမ် တိုးတက်အောင် ကာလရှည်ကြာစွာ ထိန်းထားနိုင်ခြင်းသည် ကမ္ဘာ့အံ့ဖွယ်ထက် မလျော့သော အောင်မြင်မှုဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် ထိုဖြစ်ရပ်မျိုး မကြုံခဲ့ဖူးပါ။ တစ်ချိန်တည်းတွင် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတို့ သည်လည်း တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ဟာကွက်များဖြစ်သည်။ တရုတ်သည် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများ ဓာတ်ခွဲခန်းကြီးဖြစ်နေချိန်တွင် တရုတ်နှင့်ရေမြေချင်း၊ အကျိုးစီးပွားခြင်း ဆက်စပ်နေသည့် မြန်မာနိုင်ငံသည် တရုတ်ထံမှ အတုယူသင့်သည်ယူ၊ ပယ်သင့်သည်ပယ်ရန် တရုတ်ကို အနီးကပ် လေ့လာသင့်သည်။

မြန်မာနိုင်ငံသည် တရုတ်အန္တရာယ်ကို သတိထားရမည်ဖြစ်သော်လည်း အနာဂတ်ရန်သူဟု အပိုင်မတွက် သင့်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ရန်ကြိုတင်ပြင်ထားရမည်။ အမြတ်ထုတ်မသွားအောင် တွက်နိုင်၊ချက်နိုင်ရ မည်ဖြစ်သော်လည်း ရန်သူဟု မြင်နေလျှင် တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုသကဲ့သို့ တကယ့်ရန်သူဖြစ်လာနိုင် သည်ကို သဘောပေါက်ရမည်။ တရုတ်နှင့်မြန်မာဆက်ဆံရေးသည် မြစ်ဆုံဆည်ရပ်အပြီးတွင် ခေတ္တတန်း သွားသော်လည်း ချစ်ကြည်ရင်းနှီးသည့် အဆင့်ရှိသေးသည်ကို ဆက်ထိန်းရန်လိုသည်။ အမေရိကန်၊ ဂျပန် တို့နှင့် အလျင်အမြန်ရင်းနှီးလာခြင်းသည် လွတ်လပ်သော နိုင်ငံပီပီ ကိုယ့်အကျိုးစီးပွားအတွက် ဆက်ဆံခြင်း သာဖြစ်ပြီး တရုတ်ကို ရည်ရွယ်ကာ ဆက်ဆံခြင်း မဟုတ်ကြောင်း အာမခံပြောကြားရန်လိုသည်။

လူဦးရေအားဖြင့် ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအားပါ တစ်နေ့ပြီးတစ်နေ့ တိုးတက် လာ သည့် တရုတ်နိုင်ငံနှင့်အိမ်ချင်းကပ် တည်ရှိခြင်းသည် မြန်မာနိုင်ငံအတွက် သုံးတတ် လျှင် မွေးရာပါ လက်ဆောင်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် မဟာဗျူဟာသည် တရုတ်ထံမှ ဘာရနိုင်မလဲ၊ ကိုယ့်ဘက်အပေး နှင့် အရ တန်မတန် စဉ်းစားခြင်းဖြစ်သည်။ ကျောက်ဖြူမှ တရုတ်သို့ ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် လယ်ယာထုတ်ကုန် မြင်သာထင်သာ ဥပမာနှစ်ခု စဉ်းစား ကြည့်နိုင်သည်။

ကမ္ဘာ့နိုင်ငံအများအပြား လိုအပ်သမျှ ကုန်ပစ္စည်းအများအပြားကို ထုတ်လုပ်ပေးနေသော ကမ္ဘာ့စက်ရုံကြီး၊ စွမ်းအင်ဆာလောင်နေသော တရုတ်အတွက် ဓာတ်ငွေ့ပိုက်လိုင်းသည် အသက်သွေးကြောဖြစ်သည်။ အသက်သွေးကြော တရုတ်ရေနံ ဓာတ်ငွေ့ပိုက်လိုင်း မြန်မာနိုင်ငံကို ဖြတ်သွားခြင်းမှာ အကောင်းအဆိုး ရောပြွန်းသည်။ တရုတ်သည် အသက်သွေးကြောဖြစ်သည့် ပိုက်လိုင်းကို မဟာဗျူဟာအကျိုးစီးပွားအဖြစ် သတ်မှတ် ကာကွယ်မည်မှာ သေချာသည်။ တစ်စုံတစ်ရာပိုက်လိုင်းအန္တရယ်ဖြစ်မည်ဆိုလျှင် ဘာမဆို ဆောင်ရွက်မည်ဟု တရုတ်က စဉ်းစားထားနိုင်သည်။ တစ်ဖက်တွင် ပိုက်လိုင်း ချောချောမွေ့မွေ့ လည်ပတ် နိုင်ရေးသည် တရုတ်၏ အညှာဖြစ်သည့်အတွက် မြန်မာနှင့် ဆက်ဆံရေးကို ချောမွေ့စေရန် တရုတ်က ကြိုးစား မည်ဖြစ်သည်။

တရုတ်သည် ၂၀၁၃ တွင် ဆန်တန်ချိန်လေးသန်း ပြည်ပမှ တင်သွင်းပြီး ကမ္ဘာ့အကြီးဆုံး ဆန်ဈေးကွက်ကြီး ဖြစ်လာမည်ဟု ခန့်မှန်းကြသည်။ လယ်ယာစိုက်ပျိုးရေးအဓိက မြန်မာနိုင်ငံ၏ ပြည်ပပို့ဆန်များ၏ ၆၀ ရာခိုင်နှုန်းသည် လောလောဆယ်တွင် တရုတ်နိုင်ငံသို့ သွားသည်ဟု ခန့်မှန်းရရာ ပါးစပ်ပေါက်သန်း ၁၃၀၀ ရှိပြီး ချမ်းသာသည်ထက် ချမ်းသာလာသည့် တရုတ်သည် ဆန်အပါအဝင် မြန်မာ့လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ၏ အဓိကဈေး ကွက်ကြီးဖြစ်သည်။ မြန်မာသည် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာ ဈေးကွက်အကြောင်းကို သေသေချာချာလေ့လာဆန်းစစ်ခြင်းမရှိသေး၊ မြန်မာက မည်သည့်ကုန်များပို့လျှင် တရုတ်ဈေးကွက်နှင့်အံကျဖြစ်မည်ကို မသိသေးသည့်အတွက် ယခုထက်ပိုသိရန် အရေးကြီးသည်။

တရုတ်နယ်စပ်များတွင် တရုတ်ဘာသာကိုသာ အသုံးများကြပြီး ၁၉၈၈ မတိုင်မီ ဆက်ဆံရေးများ ရှိခဲ့သည့်အတွက် တရုတ်နယ်စပ်ရှိကေအိုင်အေနှင့် ဝတပ်ဖွဲ့များသည် တရုတ်ကိုင်ထားသည့် ဖဲချပ်များဖြစ်ပြီး မြန်မာနှင့်ဆက်ဆံရေး ဟန်ပုံမပေါ်လျှင် ထိုဖဲချပ်များကို ထုတ်သုံးနိုင်သည်ဟု ပြည်တွင်းပြည်ပ အကဲခတ်များက အကဲဖြတ်ကြသည်။ ပြည်တွင်းငြိမ်းချမ်းရေး ပီပီပြင်ပြင် မရသေးသရွေ့ မည်သည့် အစိုးရတက်တက် အိမ်ကြက် ချင်း အိုးမည်သုတ်ခွပ်ကြသည့် ဖြစ်ရပ် မျိုးကြုံတွေ့ရနိုင်သည်။ တရုတ်သည် မော်စီတုန်းလက်ထက်တွင် ကွန်မြူနစ်ညီအစ်ကိုများ ကူညီရေး မူဝါဒအရ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့ခဲ့ပြီး နောက်ပိုင်း တိန့်ရှောင်ဖိန်တက်သောအခါမှ အထောက်အပံ့များ တဖြည်းဖြည်း လျော့သွားသည်။ တစ်ချိန်က အင်အား အကြီးဆုံးလက်နက်ကိုင် အဖွဲ့ ဖြစ်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်၏ ထောက်ပံ့မှုများ ထိုးကျ သွားချိန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တရုတ်နယ်စပ်အနီးတွင် ယခုတည်ရှိနေသည့် ဝ နှင့် ကိုးကန့် တပ်များ ၁၉၈၉ တွင် ခွဲထွက်အပြီးတွင် ပြိုကျသွားခဲ့ခြင်းမှာ မြန်မာတွင် တရုတ်၏ အရေးကြီးသော အခန်းကဏ္ဍ ကို မြင်သာ သည်။

သိအောင် ဘယ်လိုလုပ်မလဲ

တရုတ်အကြောင်း ကောင်းကောင်းသိရန် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံလေ့လာရေးဌာနကြီး (Chinese Studies Institute) တစ်ခုကို တွဲဖက်ပြီးလည်းကောင်း၊ သီးသန့် think-tank အဖြစ်လည်းကောင်း၊ တပ်တော် ၏ ဌာနကြီးတစ်ခု အဖြစ်လည်းကောင်း ဖွင့်လှစ်ရန် လိုအပ်သည်။ ထိုဌာနများတွင် ထမ်းဆောင်မည့် နိုင်ငံရေး၊ စီးပွားရေး စစ်ရေး ပညာရှင်များသည် တရုတ်ဘာသာ တတ်ကျွမ်းမှ တရုတ်အကြောင်း တကယ်သိမည်။ အင်္ဂလိပ်ဘာသာစကားဖြင့် ရနိုင်သည့် ရင်းမြစ်များ ကိုသာ အားကိုးနေရလျှင် တရုတ်ဆိုင်ရာအသိ အကန့် အသတ်ဖြင့်သာ ရှိမည်။ တရုတ်နှင့်ဝေးသော နိုင်ငံများပင်လျှင် တရုတ်လေ့လာရေးဌာနကြီးများ ဖွင့်လှစ်ထား ကြသည်ဖြစ်ရာ အဓိက ကုန်သွယ် ဖက်၊ အဓိကရင်းနှီးမြှုပ်နှံသူ၊ လက်နက်များ အဓိကဝယ်ယူရာ၊ မဟာ အင်အားကြီးလောင်းလျာ တရုတ်နှင့် နယ်စပ်ချင်း မိုင်ထောင်ချီ ဆက်စပ်နေသည့် မြန်မာနိုင်ငံတွင် တရုတ် လေ့လာရေး ဌာနကြီးတစ်ခုမရှိလျှင် မျက်ကန်းတစ္ဆေမကြောက်သလို၊ အမြော်အမြင် မရှိသလို ဖြစ်ပေလိမ့် မည်။ ကျွန်တော်သိသလောက် ထိုသို့သော ဌာနများ မရှိသေးပါ။ အရှေ့အာရှလေ့လာရေးဌာနတစ်ခုကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားသည်ကိုမူ သိသည်။ သို့သော် တရုတ်၏ အခန်းကဏ္ဍနှင့် အလားအလာ သည်ကြီးမားလှသဖြင့် သီးသန့်ဌာနကြီးတစ်ခုဖွင့်လှစ်ရန် မဖြစ်မနေလိုအပ်ပါသည်။

မဟာအင်အားကြီးလောင်းလျာနှင့် မဟာဈေးကွက် တရုတ်နှင့် အိမ်နီးချင်းအဖြစ် ယှဉ်တွဲနေရခြင်း သည် မြန်မာ အတွက် ကောင်းကျိုးရော ဆိုးကွက်ပါ ဒွန်တွဲနေသည်။ ဆိုးကွက်ကို လျော့စေပြီး ကောင်းကွက်ကို တိုးစေ၊ အန္တရာယ်ကို လျော့စေ၊ သူလည်းအဆင်ပြေ ကိုယ်လည်းအကျိုးရှိ ဖြစ်စေရန် တရုတ်အကြောင်း သိဖို့လိုသည်။ ကျွန်တော်တို့ တရုတ်အကြောင်း မသိသေးပါ။

The Voice Weekly ဂျာနယ် အတွဲ-၉၊ အမှတ်(၃၅) မှ ကူးယူဖော်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...