Wednesday, September 4, 2013

သမိုင်းတစ်ကျော့ မလည်စေချင်

Seaman Nayminthu and 5 other friends shared မြန်မာ့နိုင်ငံရေးဆောင်းပါးများ's photo.

အတိတ်တစ္ဆေ
စာရေးသူ စာမရေးဖြစ်သည်မှာ ကြာတောင့်ကြာရှည်ရှိပါပြီ။ စာရေးစားပွဲတွင် ကြိုးစား ထိုင်လိုက်တိုင်း စကားလုံးတွေက ရောက်မလာ။ စာရွက်ဗလာတွေ သာ ထားခဲ့ရသည်။ စာရေးသည့်အလုပ်က အနာဂတ်အမြင်ကြည်လင်ပါမှ လက်ကသွက် စာကထွက်တတ်ရာ ဝင်စားစိတ်ကို အနာဂတ်သို့ ပို့ကြည့်ပါ သည်။ ဘယ်လိုမှမရ။ အတိတ်တွင်သာ ဝဲလည် လိုက်ရင်း ပစ္စုပ္ပန်ကို ပြန်လန့်နေ သည်။ မခက်ပါလား။



စာရေးသူအမြင်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် အားတက် မျှော်လင့်စရာ “နှင်းခဲပျော်ချိန်” နှစ်ကြိမ်ရှိခဲ့သည်ဟု ထင်သည်။ ၁၉၆၀ ပြည့်နှစ်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ…။ ပထမ နှင်းခဲပျော် ချိန် ကို ၁၉၆၀ ရွေးကောက်ပွဲနှင့် ဖွင့်ခဲ့သည်။ ဤရွေးကောက်ပွဲတွင် သန့်ရှင်း ဖဆပလ (ပထစ)က၊ “ဖက်ဆစ်ဝါဒကို ရွေးမည်လော၊ ဒီမို ကရေစီဝါဒကို ရွေးမည်လော...” ဆိုသော ကြွေးကြော်သံဖြင့် ဝင်သည်။ လူထုက “အသည်း ကြားက မဲပြားများ” ဖြင့် ဒီမိုကရေစီကို ရွေးခဲ့ကြသည်။ သို့တစေ မျှော်လင့် သလို ကား မဖြစ်။ ပထမဇာတ်ကွက်…၊ အာဏာရပါတီ အကွဲအပြဲ၊ ဒုတိယဇာတ်ကွက်…၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာကြေညာချက်နှင့် နောက်ဆက်တွဲ ပြဿနာများ၊ တတိယဇာတ်ကွက်…၊ ဖက်ဒရယ် ဆွေးနွေးပွဲများ…။ နောက်ဆုံး “တော်လှန်ရေးကောင်စီ”က ဒီမိုကရေစီ ဇာတ်ကြီး တစ်ခုလုံးကို ပြည်ဖုံးကားချပစ်လိုက်သည်။


၂၀၁၀ ရွေးကောက်ပွဲက နှစ်ပေါင်း ၅၀ နီးပါးမျှ ရပ်နားထားခဲ့ရသော ဒီမိုကရေစီ ဇာတ်ကြီးကို ပြန်စဖို့ ပြည်ဖုံးကားကြီး ပြန်ဖွင့်လိုက်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ဇာတ်ကွက်တွေ ပိုမြိုင်လာသည်။ ဒုတိယ နှင်းခဲပျော်ချိန်…။ အမှန်ပင် အားတက်ဖို့ ကောင်းပါသည်။ တကယ်လည်း အားတက်ရပါသည်။ သို့တစေ အပြည့်အဝတော့လည်း အားမတက်နိုင်။ အတိတ်၏ အရိပ်များကို ပစ္စုပ္ပန်တွင် မြင်နေရသည်။ သမိုင်းသည် တစ်ကျော့ လည်တတ်သလော…။

အကွဲအပြဲဇာတ်လမ်း

“မွေးကတည်းက အကွဲပါ၊ ဗိန္ဓောဆရာ ကုလို့မရ” ဆိုသော စာပြောင်သံချပ်မှာ မြန်မာ့ နိုင်ငံရေးကို ရည်ရွယ်လေသည်လားမသိ။ ကြည့်ပါ။ ဖဆပလ အဖွဲ့ကြီး ကွဲလို့မှ ဒဏ်ရာ မကျက်တတ်သေးမီ သန့်ရှင်း ဖ.ဆ.ပ.လ တစ်ဖြစ်လဲ ပထစ တွင်လည်း “ဦးဗိုလ်-သခင်” ကွဲကြပြန်သည်။ ဤအကွဲက မဲဆန္ဒရှင် လူထု၏ ဒီမိုကရေစီအိပ်မက်ကို စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။

၂၀၁၂ ရွေးကောက်ပွဲနောက်ပိုင်း အစဉ်အလာဆန့်ကျင်ဘက် အင်အားစုများ အကြား ပြေလည်ရေးလမ်းစပေါ်လာရာ မျှော်လင့်လို့မှမဆုံးသေးမှာပင် မထင်မှတ်သောနေရာမှ မထင်မှတ်သော “အက်သံ” အချို့ကို စတင်ကြား လာရသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ဒီမိုကရေစီအတွေ့အကြုံ ရင့်ကျက် လာသည်နှင့်အမျှ အဆိုပါအက်သံများ၊ တဖြည်းဖြည်း မှိန်ဖျော့လာလိမ့်မည် မှန်းဆရသော်လည်း လက်တွေ့တွင် ထင်တိုင်းမဖြစ်။ ပိုစိပ်လာသည်။ ထိပ်တိုက်သဘော ပိုဆောင်လာသည်။ အက်သံမက ကွဲသံပါလာသည်။ “ပြုပြင်ပြောင်းလဲရေး ကာလတွင် သဘာဝကျစွာ ကြုံတွေ့ရမည့် နိုင်ငံရေး ပွတ်တိုက်မှုများ” ဟု ဆိုသော်လည်း သဘာဝမကျ တာတွေရှိလာသည်။ ဒီမိုကရေစီတွင် ငြင်းကြ၊ ခုံကြ၊ သဘောကွဲလွဲကြတာတွေ ရှောင်မရသော် လည်း “ဖြုတ်ထုတ်သတ်” အထိ ဘရိတ်မပေါက်ကြဖို့ လိုပါလိမ့်မည်။ (ပဲခူးရိုးမ ဗကပတွေလို “ငဆော်ကြီး”၊ “ငခုတ်ကြီး” တွေနှင့်ချမှ သတ်ရာရောက်သည် မဟုတ်။ နိုင်ငံရေး အရ နာလန်မထူအောင် တွယ်ကြသည်မှာလည်း “သတ်” ခြင်း တစ်မျိုးသာဖြစ်သည်။)

ပထမကွဲစဉ်ကတော့ ဥက္ကဋ္ဌကြီးဦးနုက ယခုလို ဝင်ထိန်းဖူးသည်။ “ဘယ့်နှယ်လဲ၊ ကိုရွှေ ဦးဗိုလ်နဲ့ ကိုရွှေသခင်တို့၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အုပ်နေကြတာ၊ မမောကြသေးဘူးလား…” စသည်ဖြင့်။ ယခုဥက္ကဋ္ဌကြီးများကိုယ်တိုင် အကြိတ်အနယ် ဖြစ်နေ တော့ နာယကကြီး ကိုယ်တိုင် ထိန်းမှရတော့မည်လားမသိ။ ပြည်တော်ပြန် ကိုမင်းဇင် (တစ်ခါက တာရာငြိမ်းချမ်း) ပြောသော “နာယကကြီး ကျန်းမာဖို့ အရေးကြီး” ဆိုသည့် စကားမှာ လူကြိုက်မများသည့်တိုင် “ခါးသီးသောအမှန်” ဖြစ်နေမလား မဆိုနိုင်။

ဘာသာရေးနှင့် နိုင်ငံရေး

ပထမနှင်းခဲပျော်ချိန်၏ ဒုတိယဇာတ်ကွက်ကို ဆက်ပါမည်။ ၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ပထစအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ပြဋ္ဌာန်းလိုက်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် ဦးနုကိုလေးစား ရမည်ဖြစ်သော်လည်း နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနှင့်မူ ထိုစဉ်က အခြေခံဥပဒေ (၁၉၄၇ ဥပဒေ) ပါ ဘာသာရေးနှင့် နိုင်ငံရေး စည်းခြားထားမှု အနှစ်သာရကို ဖျက်သိမ်းရာရောက်သွားသည်။ နိုင်ငံတကာ ဒီမိုကရေစီ အစဉ်အလာနှင့်လည်း ဆန့်ကျင်ရာရောက်သည်ဟု ထင်သည်။ ပြည်တွင်းတွင် ဘာသာရေး၊ လူမှုရေး မငြိမ်မသက်မှုများသာမက ပြည်တွင်းစစ်ကိုပင် အပြန့်ကျယ်သွား စေခဲ့သည်။

ယခုအခါတွင်လည်း ရခိုင်ပြည်နယ်မှအရေးကို ဒေသတွင်း ကန့်သတ်မဖြေရှင်း နိုင်ရာမှ တစ်ပြည်လုံးလောက် ပျံ့နှံ့သွားခဲ့ကာ ဘာသာရေး လူမျိုးရေးအသွင် ဆောင်လာသည်။ အမှန်စင်စစ် ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆက်စပ်နေသော ပထဝီနိုင်ငံရေး ပြဿနာဖြစ်သည်။ နို်င်ငံရေးနည်းဖြင့်သာ ဖြေရှင်းကြရပါလိမ့်မည်။ ဘာသာရေး လူမျိုးရေး သဘောမဖြစ်/ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ဆင် လုပ်ကြံဖန်တီးမှုများ ရှိနိုင်သည် ကိုလည်း သတိချပ်ဖို့ လိုပါသည်။

ပထမခေတ် နိုင်ငံတော်ဘာသာပြဋ္ဌာန်းချက်နှင့် နောက်ဆက်တွဲ ပြဿနာ များနှင့် ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ဝိဓူရ သခင် ချစ်မောင်၏ မှတ်ချက်စကားကို လက်ရှိ အခြေအနေနှင့် ဆက်စပ်စဉ်းစား နိုင်စေရန် ပြန်လည်ဖော်ပြလိုသည်။ ယခုလို … “၁၉၅၈-၅၉ မှစ၍သယ်လာ ခဲ့သော ပြည်သူတို့၏နိုင်ငံရေး ဒီမိုကရေစီရေးအုံကြွမှုကြီးသည် အလွန်နှမြော စရာ ကောင်းလောက်အောင် ဘာသာရေးတိုက်ပွဲဖြင့် လမ်းလွဲခံရကာ ဇာတ်မျော ကွယ်ပျောက် သွားခဲ့ရတော့သည်…” ဟူ၏။ ယခုလည်း ၁၉၈၈ ခုနှစ် ကတည်းက သယ်ဆောင်လာသော ဒီမိုကရေစီ အရေးတော်ကြီးကို မျက်ခြည်မပြတ်စောင့်ရှောက် ရှေ့ဆက်နိုင်ရန် အထူး အရေးကြီး လိမ့်မည်ဟု သဘောရပါသည်။

သိမ်မွေ့သည်လည်းရှိသော အကဲဆတ်သည်လည်းဖြစ်သော

ပထမနှင်းခဲပျော်ချိန်၏ တတိယဇာတ်ကွက်မှာ မြန်မာ့နိုင်ငံရေး၏ အသိမ်မွေ့ ဆုံးလည်းဖြစ် အကဲဆတ်ဆုံးလည်းဖြစ်သော လူမျိုးစုပြဿနာနှင့် ဆက်စပ်နေသည်။ သမိုင်းကို ပြန်လှန် ရလျှင် တောင်တန်းမြေပြန့်မခွဲ လွတ်လပ်ရေး အတူယူကြမည် ဆိုသော ပင်လုံစိတ်ဓာတ်ဖြင့် ဇာတ်ပန္နက် တည်ခဲ့ကြရာမှ မပြီးပြတ်သေးသော လူမျိုးစုပြဿနာ အဖြေရှာရေးမှာ ၁၉၆၀ ရွေးကောက်ပွဲအပြီးမှ အခွင့်သာလာခဲ့သည်။ ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေး အပေါ် အရှိန် ပြင်းပြင်း လှုပ်ခတ်နေဆဲ “ရှမ်းမူ” ခေါ် “ဖက်ဒရယ်မူ” မှာ ဤနောက်ခံအခင်းအကျင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤနေရာတွင် ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး အဆိုးအကောင်းကို မဝေဖန်လိုသည်တိုင် လက်တွေ့အကောင်အထည်ဖော်ရာတွင်မူ ထိုစဉ်က ရှိနေခဲ့သော ဖြစ်တန်ရာ ဘေးထွက်ဆိုးကျိုးများအပေါ် တွက်ဆမှုအားနည်းသည်များ ရှိခဲ့လေသလား စဉ်းစားမိသည်။ ဥပမာ- တောင်ကြီးစားမြိန်ရိပ်သာ ညီလာခံတွင် “ဗမာ” ကို မဖိတ်ကြားခဲ့ခြင်း၊ ရန်ကုန်အသံလွှင့်ရုံ ဆွေးနွေးပွဲများတွင် တပ်မတော် မပါဝင်ခဲ့ခြင်း စသည်တို့ဖြစ်သည်။

ယခု ဒုတိယနှင်းခဲပျော်ချိန်တွင် ဆိုခဲ့ပါ လူမျိုးစုပြဿနာ အဖြေရှာရေးအတွက် လမ်းစ ပြန်ပေါ် လာသည်။ ဤတွင် လမ်းကြောင်းနှစ်ရပ် သိသိသာသာ ပေါ်လာသည်။ ပထမ လမ်းကြောင်းမှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော ချင်းမိုင်ဆွေးနွေးပွဲမှလာသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပေဒကို လက်မခံ၊ ဖက်ဒရယ် စင်စစ်အခြေခံဥပဒေသစ် ရေးဆွဲမည်ဟု ဆိုသည်။ ဤအဆိုကို ပြည်တွင်းပြည်ပမီဒီယာအချို့က ပဲ့တင်ထပ်ကြသည်။ Opinion Leader ဆိုသူများ ကလည်း ဝိုင်းဝန်းချီးပကြသည်။ ရယ်ဒီကယ်အကျဆုံး အစွန်းရောက်အုပ်စုများကဆိုလျှင် “ဖျက်သုံးဖျက် ကြွေးကြော်သံ” ပင် တင်လာကြသည်များ ရှိသည်။ (အခြေခံဥပဒေဖျက်၊ ဦးပိုင်ဖျက်၊ ကာလုံဖျက် စသဖြင့်) လက်ခုပ်သံ တဖြောင်းဖြောင်းရနိုင်သည့်တိုင် အဖြေရဖို့ မလွယ်။ ဆန့်ကျင်ဘက် အကျိုးဆက်နှင့်ပင် တိုးနိုင်သည်ဟု ဆင်ခြင်ရပါသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ဖက်ဒရယ်စစ်မစစ် ခြေကန်ငြင်းနေကြမည့် အစား ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို “ပေးထားချက်” အဖြစ်ယူကာ မိမိတို့ လိုလားသော ဖက်ဒရယ် အနှစ် သာရများကို ညှိနှိုင်းဆွေးနွေးကြလျှင်ကော… မဖြစ်နိုင်ပေဘူးလား… စဉ်းစားကြစေချင်သည်။ အပြည့်အဝမဟုတ်လျှင် သော်မှ အဖြေအချို့ ရနိုင်စရာရှိသည်ဟု မြင်သည်။ ပေးထားချက်တွင် မပါသော “သယံဇာတခွဲဝေရေး” အတွက်ပင် အဆင်ပြေကောင်း ပြေနိုင်စရာ ရှိမည်ထင်သည်။ ဤနေရာတွင် “မယိမ်းမယိုင် ကျောက်စာတိုင်” ဆိုသော သမားရိုးကျခံယူချက်ဆိုသည်ထက် လိမ္မာပါးနပ်သော နိုင်ငံရေး အမြော် အမြင်က အဓိက ကျပါလိမ့်မည်။ ဒုတိယနှင်းခဲပျော်ချိန်ကို ပထမ နှင်းခဲ ပျော်ချိန်လို ကံကြမ္မာမျိုး မတိုးစေဖို့ သတိကြီးကြီး ထားကြစေချင်သည်။

တွိုင်ဘီစကား

ထပ်ပြောပါဦးမည်။ “သမိုင်းသည် တစ်ကျော့လည်တတ်ပါသလော”…။

မာ့စ်ဝါဒီသမိုင်းဆရာများကမူ “သမိုင်းဘီးကြီးမှာ ဘယ်တော့မှ နောက်ပြန် မလည်၊ ရှေ့သို့သာ ချီမြဲ” ဟု ယတိပြတ်ဆိုသည်။ အကျော်ဇေယျ သမိုင်း ဆရာကြီး ပါမောက္ခ တွိုင်ဘီ ကမူ “သမိုင်းတစ်ကျော့လည်တတ်သည်” ဟု အခိုင်အမာဆိုပါသည်။ အထူးသဖြင့် သမိုင်း ဇာတ်ကောင်များ၏ အသိပညာရေချိန် တန့်ခံနေလျှင် သမိုင်းတစ်ကျော့ လည်တတ်သည်ဟု သတိပေးသည်။

၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ…။ တစ်နည်း ၂၀ ရာစုနှင့် ၂၁ ရာစု…။ ကမ္ဘာကြီးမှာ အကြီးအကျယ်ပြောင်းသွားခဲ့ပါပြီ။

ကျွန်တော်တို့သည်ကား...........…။

ကျော်ဝင်း

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၄ ရက်ထုတ် The Voice Daily သတင်းစာမှ ကူးယူဖော်ပြသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...