Thursday, September 26, 2013

သိပြီးမှ ရယူနိုင်မှာ (၃)

Ye Min Tun September 25, 2013 at 12:43pm
နိုင်ငံရေးသိပံ္ပက ဘာနှင့်တူလည်းဆိုတော့ ဆေးသိပံ္ပပညာရှင်တွေ ရောဂါကို ဘယ်လိုကုရမလဲ လေ့လာသလိုမျိုး။ ပထမ နောက်ခံ သမိုင်းကို လေ့လာတယ်၊ ရောဂါဖြစ်ပွားရာ ဒေသ အခြေနေနှင့် ကူးစပ်ပုံ၊ ပိုးမွှားရဲ့သဘာဝကို လေ့လာပြီးမှာ ဘယ်လိုကုသရမယ် ကာကွယ်ရမယ် ဆိုတာကို အဖြေထုက်နိုင်မယ်။ ဒီလိုဘဲ နိုင်ငံရေးသိပ္ပံဆိုတာ။ နောက်တချက် နိုင်ငံရေးသိပ္ပံက အခြားဘာသာရပ်တွေလို အသက်မွေးဝမ်းကြောင်းမှု အတွက် မက်မောစရာ အခြေနေတွေ ဖန်တီးနိုင်ဖို့ အခွင့်လမ်းနည်းပါးတာကြောင့် ခဏလေးနဲ့ စိတ်ပျက်သွားနိုင်တယ်။ စိတ်ဝင်စားသူ အတွက်တော့ Wonderland ရောက်နေ သလို ခံစားရမှာ။

နိုင်ငံရေးသိပ္ပံမှာ ပထမဆုံး သီအိုရီတွေ အရင်မှတ်သားရမယ်။ ထိုမှတဆင့် နိုင်ငံရေးဆိုင်ရာ အတွေးခေါ်ပိုင်းကို လေ့လာတယ်။
တိုင်းပြည်တွေ အကြောင်း ဒေသဆိုင်ရာ အခွင့်ရေးတွေ။ ကမ္ဘာ့နယ်မြေအုပ်စုတွေ စသည်တို့ကို နိုင်ငံရေး အမည်အောက်ကနေ လေ့လာပြီး။ သမိုင်း၊ မနုဿဗေဒ၊ ဘောဂဗေဒ၊ လူမှုဗေဒ နှင့် စိတ္တဗေဒ တို့ဖြင့် ပေါင်းစပ် စဉ်းစားရတာဖြစ်လို့ စာများများ ဖတ်ရမယ်။

သီအိုရီတွေ အိုင်ဒီယာလော်ဂျီတွေကို ဘာကြောင့်လေ့လာရမလဲ။ လက်တွေ့အလုပ်သာ လုပ်ဖို့လိုတယ် မဟုတ်လားလို့ တွေးလာမိရင်။ ဟိုးခေတ်တုန်းက မြန်မာနိုင်ငံလွတ်လပ်ရေး မတိုင်ခင်က အဓိပ္ပါယ်ဖေါ်ချက် အတိုင်းပြောရမယ်ဆိုရင် သီအိုရီဆိုတာ မျက်လုံးအမြင်နဲ့ တူလို့ သီအိုရီ မပါဘဲ သွားရင် အကန်းတယောက်လို ဟိုတိုး ဒီတိုက် ဖြစ်နေမှာပါ။ လက်တွေ့မရှိပြန်ရင်လဲ သွားလာမရတဲ့ အကျိုးတယောက် ဖြစ်နေမှာ ဒါကြောင့် လက်တွေ့လုပ်ကိုင်မည့် သူတယောက်ဟာ မျှတစွာ လုပ်ကိုင်ရပါမယ်။
 ဂရိအတွေးခေါ်ပညာရှင် ပလေးတိုး၏ Classic Theories မှာ  အကောင်းဆုံး နိုင်ငံရေးအသိုင်းဝိုင်းမှာ လူလတ်တန်းစားများ ပါဝင်ဖွဲ့စည်းထားသော လူ့အဖွဲ့စည်းဖြစ်ပြီး လူလတ်တန်းစားများ ပါဝင်မှုများလာရင် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာနိုင်တယ်။ ဒီမိုကရေစီသည် လူနည်းစုကို ကိုယ်စားပြုသည့် အစိုးရစနစ်ထက် ပိုမိုလုံခြုံမှု ရှိပြီး။ လူလတ်တန်းစားများရဲ့ ပါဝင်ပတ်သက်မှု အစိုးရတွင်းမှာ ရှိနေတာ ကောင်းတဲ့ လက္ခာဖြစ်ပြီး။ လူလတ်တန်းစား မရှိရင်တော့ မကောင်းနိုင်ဘူး ဘာလို့လဲဆိုတော့ ဆင်းရဲမွဲတေမှုက ပြဿနာပေါင်းများစွာ တိုးပွားလာစေပြီး နိုင်ငံတခု၏ ပျက်သုန်းခြင်းကို ရောက်စေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။
သူ့ရဲ့အယူဆကို အသုံးပြုပြီး မျက်မှောက်ကမ္ဘာမှာ လေ့လာကြည့်တဲ့အခါမှာ အီရတ်မှာ လူလတ်တန်းစား မရှိဘူး။ တရုတ်ပြည်မှာ အခုနောက်ပိုင်း ပညာအတင့်တင့်ရှိတဲ့ လူလတ်တန်းစားတရပ်ကို ဖန်တီးနေတယ် လူဦးရေများလွန်းတာရယ် နယ်မြေရယ် ဖေါ်ဆောင်နေတဲ့ အစိုးရထားတဲ့ စေတနာပမာဏရယ်ကြောင့် မဖြစ်နိုင်သေးဘူး။

ဒီအယူဆက လေးရာစုတုန်းက ဖေါ်ထုက်ခဲ့တာဖြစ်သော်လည်း။ ဒီမိုကရေစီစနစ် ဘယ်လိုလုပ်ရင် အောင်မြင်မလဲ  ဘယ်လိုကျရူံးနိုင်သလဲ ဆိုတာကို လူတန်းစားလိုအပ်ချက်နဲ့ တွေးခေါ်တင်ပြထားခဲ့တာပါ။ အလယ်ခေတ်နှင့် စာပေယဉ်ကျေးမှုထွန်းကားတဲ့ အချိန်တွေမှာ ဥရောပသား အတွေးခေါ်ပညာရှင်တွေဟာ ဘာသာရေး နိုင်ငံရေးနှင့် အစိုးရ အခန်းဂဏ္ဍ အရေးပါပုံကို သတိထားပြီး ဆည်းပူးလာခဲ့တယ်။ ဖြစ်ပေါ်နေတဲ့ အနေထားတွေနှင့် ဘာသာရေး တရားမျှတရေး တွေးခေါ်ကိုးကားပြီး လူ့ဘုံကို အကောင်းဆုံး အနေထားဖြစ်မည့် ဘုံတခုအဖြစ် တည်ဆောက်သွားနိုင်အောင် ကြိုးပမ်းခဲ့ကြသည်။

ယနေ့ နိုင်ငံရေးသိပံ္ပရဲ့ အခရာဖြစ်တယ်လို့ ယူဆထားကြသော နီကိုလာမာကီဘဲလိ (Niccolo Machiavelli) လုပ်ပိုင်ခွင့်အာဏာကို အလေးထားလေ့လာခဲ့တယ်။ မာကီဘဲလီရဲ့ အကောင်းဆုံးဖြစ်သော the Price မှာ နိုင်ငံရေးလုပ်ပိုင်ခွင့်ကို ဘယ်လိုရယူပြီး ဘယ်လို အသုံးချရမယ်ဆိုတာကို တင်ပြထားခဲ့တယ်။ အတွေးခေါ်ပညာရှင်အများစုက မာကီဘဲလီကို အတွေးခေါ်ပိုင်းရဲ့ ပမာဏလမ်းပြသူအဖြစ် သတ်မှတ်ကြတယ်။ မာကီဘဲလီ ရဲ့ နိုင်ငံရေး အတွေးခေါ်ပိုင်းရဲ့ ရည်ရွယ်ချက်နှင့် ရှင်းလင်းတင်ပြချက်တွေမှာ နိုင်ငံရေးအယူဆဟာ ဘာသာရေးနှင့် ဆက်စပ်ဖို့မလိုတာကို ဖေါ်ထုက်ပြခဲ့တယ်။ ဒါကြောင့် အန္တရာယ်ကောင်အဖြစ် ထိုခေတ်က ယူဆခဲ့တယ်။ တကယ်တော့ မာကီဘဲလီ က ယထာဘူတ၀ါဒီ (Realist) တယောက်ဖြစ်ပြီး။ အခွင့်အာဏာနှင့် ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ငြင်းခုံထားခဲ့သူလည်း ဖြစ်တယ်။

နောက်ပိုင်းမှာ အမေရိကန်တွေရဲ့ နိုင်ငံရေး အတွေးခေါ်ပိုင်းသည် လုပ်ပိုင်ခွင့်အာဏာကို အလုံးစုံ ထိန်းချုပ်နိုင်ခွင့်ကို ကာကွယ်ခဲ့ခြင်းဖြင့် အာဏာရှင် မပေါ်ပေါက်လာရေးကို ထိန်းချုပ်နိုင်ခြင်းမှာ မာကီဘဲလီရဲ့ အယူဆကို အခြေခံပြီး ဥရောပတိုက်ရဲ့ နိုင်ငံရေး အမြင်များကို ခွဲဖြားလေ့လာ အသုံးပြုခဲ့လို့ ဖြစ်တယ်။ ခေါင်းနိုင်ငံရေးသမားဖြစ်ဖြစ် စိတ်ဝင်စားသူ အားပေးသူဖြစ်စေ ကိုယ်ပိုင် အားသန်ရာ အတွေးခေါ်ကို သိထားသင့်ပါတယ်။ ဒီလိုမဟုတ်လို့ဘဲ ဟိုကွေ့ရောက် ဟိုတက်နဲ့လှော်မယ် ဒီကွေ့ရောက် ဒီတက်နဲ့လှော်မယ်ဆိုတာမျိုးက ပန်းတိုင်မရှိတဲ့ အပြေးသမားလို ဖြစ်နေမှာ အရေးကြီးပါတယ်။

အရေးကြီးဆုံး သတိပြုရမှာက ဘယ်လိုနိုင်ငံရေး အတွေးခေါ်မဆို စာအုပ်ထဲက အတိုင်းပုံသေကျင့်သုံးလို့ မရပါဘူး။ လူနေမှုစနစ်နှင့် လိုအပ်ချက် ရေမြေလိုက်ပြီး ဖေါ်ပြပါပုံအတိုင်း လည်ပတ်နေရပါမယ်။ အမြဲတမ်း သတိပြုရမှာက ငြိမ်းချမ်းသာယာသော လူ့ဘောင်ဖြစ်အောင် တည်ဆောက်နေတာဖြစ်လို့ လိုအပ်ချက်တွေအတိုင်း ပြုပြင်ကျင့်သုံးနေရပါမယ်။ ပြုပြင်သွားရတဲ့စနစ်ကို အောက်ပါပုံတွင်ကြည့်ပါ။




နိုင်ငံရေး အတွေးခေါ်များ
 တကယ်တော့ အတွေးခေါ်ဆိုတာ ကျနော်ပထမပိုင်းတွေမှာ တင်ပြထားသလို လူ့လောကကြီးကို ငြိမ်းချမ်းတဲ့ လူ့ဘောင်ဖြစ်အောင် ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ စဉ်းစားတွေးခေါ်မှုပါ။ အဲတခု ထူးခြားတာက အာဏာရှင်တွေကတော့ အဲဒီလို ရည်ရွယ်ချက် တစက်မှ မရှိပါဘူး။ ကမ္ဘာမှာ အဓိကကျတဲ့ အတွေးခေါ်တွေကတော့

  • Classic Liberalism
  • Classic Conservatism
  • Modern Liberalism
  • Modern Conservatism
  • Marxist Socialism
  • Social Democracy
  • Communism
  • Nationalism
  • Fascism   အဓိက အတွေးခေါ်ပိုင်းတွေက ဒါပါဘဲ ဒါတွေကို အခြေခံပြီးမှာ Neo တွေ Regional တွေ ခွဲထွက်လာတာမို့။ အဓိက လူတိုင်း နားလည်အောင် အကြမ်းဖြင်း တင်ပြပေးသွားမယ်။ အခြေခံတွေသိမှ ကျနော်တို့ ရှေ့ဆက်ဖို့ပိုလွယ်ကူလာမှာပါ။ 

နိုင်ငံရေးအတွေးခေါ်တွေ ဆက်စပ်နေပုံကို ပြတဲ့ဇယားကွတ်လေး လေ့လာထားပါ။ နောက်ပိုင်းမှာ အထောက်ကူပြုပါလိမ့်မယ်။




          Classic Liberalism  

Yale သက္ကသိုလ်က Frederick Watkins ကတော့ ၁၇၇၆ ခုနှစ်ကို အတွေးခေါ်တွေ ရှင်သန်မှုရဲ့ ခေတ်ဦးလို့ ခေါ်ပြီး အဲဒါတွေဟာ အမေရိကန်တော်လှန်ရေး တခုထဲနှင့် မသက်ဆိုင်ဘူး တကမ္ဘာလုံးနှင့်လည်း ဆိုင်တယ်လို့ပြောခဲ့တယ်။ စကော့လူမျိုး ဘောဂဗေဒ ပညာရှင် အက်ဒန်စမစ် (Adam Smith) ရဲ့ the Wealth of Nations စာအုပ်မှ စပြီး Classic Laissez-faire Economics အခြေခံပါတယ်။ Smith က နိုင်ငံတခု ကြွယ်ဝချမ်းသာမှုက  ရွှေတွေ ငွေတွေ ကြွယ်ဝမှုတွေနှင့် မဆိုင်ဘူး။ အဲဒီနိုင်ငံရဲ့ ထွက်ကုန်နှင့် ၀န်ဆောင်မှုကို အခြေခံတဲ့ ကုန်ထုက် စွမ်းအား နှင့်သာ ဆိုင်တယ်လို့ သူတင်ပြခဲ့တယ်။ စပိန်ကိုလိုနီတွေဟာ ကမ္ဘာသစ်က ရွှေငွေ သယံဇာတတွေကို ပြည်မကို ပြန်သယ်ယူကာ ကြီးပွား တိုးတက်အောင် ကြံစည်ခဲ့ဖူးမှုဟာ အချည်းနှီးဖြစ်ပြီး ပိုပြီး ဆင်းရဲတွင်း နက်လာတဲ့ ဖြစ်ရပ်ကို ထောက်ပြခဲ့တယ်။

ပြင်သစ်တွေက ပြင်သစ်ဘုရင် လူဝီ ၁၄ (Louis XIV  ) လက်ထက်ကနေ နောက်ပိုင်း ရာစုတွေအထိ အစိုးရက စီးပွားရေးနှင့် ကုန်ထုက်လုပ်ငန်းကို သတ်မှတ်ချက်တွေ ဦးဆောင်မှုတွေ နှင့် ချုပ်ကိုင်ခဲ့တယ်။ ဒါကို Smith သဘောမကျဘူး ငြင်းတယ်။ အစိုးရက စီးပွားရေး လုပ်ငန်းမှာ ၀င်ရောက် ချယ်လှယ်ရင် ကုန်ထုက်စွမ်းအား မြင့်မားလာဖို့မရှိဘူး။  အစိုးရဆိုတာ စီးပွားရေးမှာ ဘေးဖယ်နေရမယ် ဒါမှ စီးပွားရေး တိုးတက်လာဖို့ အထောက်ကူပြုမှာ။

ဒါဆိုရင် အစိုးရ မထိန်းချုပ်ခြင်းနှင့် လွတ်လပ်စွာ ပြိုင်ဆိုင်မှုတွေကြောင့် ကုန်ထုပ်လုပ်မှု ဗရမ်းပတာ ဖြစ်မလာနိုင်ဘူးလား ဆိုတဲ့ မေးခွန်းကို Smith ပြန်ဖြေတာက။

မဖြစ်နိုင်ဘူး။  စီးပွားရေးစနစ်ကို စီးပွားရေးစနစ်က ပြန်လည်ထိန်းချုပ်သွားမယ်။ အကောင်းဆုံး ကုန်ထုက်သမားတွေက ကြီးပွားတိုးတက်လာမယ်။ ထိရောက်မှုမရှိတဲ့ ထုက်ကုန်သမားတွေ နောက်ရောက်သွားမယ်။ ကုန်ထုက်စွမ်းအားနှင့် ၀ယ်လိုအား၏ ဈေးနှုန်း သတ်မှတ်သွားမှုက အစိုးရက လိုက်ပြီး ထိန်းနေတာထက် ပိုပြီး စနစ်ကျလိမ့်မယ်။ Free Market ရဲ့ မမြင်နိုင်တဲ့ လက်တွေဟာ စီးပွားရေးစနစ်ကို စနစ်တွေ သတ်မှတ်ချက်တွေ အလိုအလျှောက် ချပေးပြီးသား ဖြစ်လာမယ်။  လူတွေရဲ့လိုအပ်ချက်တွေကို ကုန်ထုက်လုပ်ငန်းက သိနေမယ်။ ကုန်ထုက်လုပ်ငန်းက ပြည်ပထုက်ကုန် နဲ့ ဒေသတွင်းထုက်ကုန် ပြိုင်ဆိုင်မှုလုပ်ပြီး စားသုံးသူ လိုအပ်ချက်ကို အထိရောက်ဆုံး  စွမ်းဆောင်နိုင်သူက အနိုင်ရမယ်။ မမြင်နိုင်တဲ့ လက်တွေဟာ အမြတ်နှုန်းတွေ အရည်သွေးနှင့် အရေတွက်ကို သတ်မှတ်သွားလိမ့်မယ် လို့ Smith ဆိုပါတယ်။

လက်တင်စာသား Liber ဆိုတာ Free လို့ အဓိပ္ပါယ်ရပြီး။ လူအသိုင်းဝိုင်းဟာ အစိုးရ၏ ဗရမ်းဗတာ ထိန်းချုပ်မှုအောက်မှာ မရှိသင့်ဘူးလို့ တွေးခေါ်ယူဆပါတယ်။

သောမတ်ဂျဖာဆန် ( Thomas Jefferson) ကတော့ “ အကောင်းဆုံး အစိုးရဆိုတာ အနည်းဆုံး အုပ်ချုပ်မှု”  လို့ မှတ်ချက်ပေးထားပါတယ်။ အမေရိကန်တွေနှင့် Classic Liberalism ဆိုတာ ရေနှင့် ဘဲလို ဆက်နွယ်ရှင်သန်နေပါတယ်။

ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...