Friday, August 2, 2013

နှလုံးသား ဒိုင်ယာရီ (၃)

July 31, 2013 at 3:04am




ဘဝသည် ပန်းချီကားတချပ်မဟုတ်။ သက်ဝင်လှုပ်ရှားနေမည်။ အလင်းရောင် လိုအပ်သည်။ လိုအပ်သော ဘဝအလင်းရောင်ကို ဖန်တီးပေးမည့် ပုဂ္ဂိုလ်သည်ကား ရှားလွန်းလှသည်။ ထိုနည်းတူစွာ အရိပ်တကြည့်ကြည့် နှင့် စောင့်ကြည့်နေသူမှာ ဆရာလှခေး (သို့) အလင်းရောင် ဖန်တီးပေးသူဟု ဆိုရမည်။


တနေ့   ကျနော်နေထိုင်ရာ ခနော်ခနဲ့တဲ့အိမ်လေးသို့ ဆရာလှခေး ရောက်ရှိလာသည်။
‘ခင်ဗျားတို့ မိသားစုကို ကြည့်နေတာ ကြာပြီ။ အခက်အခဲတွေကြားက ဘဝကို အကောင်းဆုံးတည်ဆောက် ခဲ့ကြတယ်။ ကျနော်ပြောရ ရင်တော့ ကျနော်တို့ရွာမှာရှိတဲ့ ကလေးတွေကို မြန်မာရည်လည်စေချင်တယ်။ ဗမာစာ၊ ဗမာစကားကို ကောင်းစွာပြောဆိုရေးသားနိုင်ဖို့အတွက် ခင်ဗျား ကူညီရမယ်။ တော်လှန်ရေးလုပ်တယ် ဆိုတာ ဘာသာစုံတတ်ထားတော့ ပိုပြီး ထိရောက်တာပေါ့။ အဓိက ကျနော်တို့ တော်လှန်နေတာ ဗမာအစိုးရ။ သူ့စာ သူ့စကားကို ကောင်းစွာတတ်မှ ကိုယ့်ဘက်က ဖြစ်ချင်တာတွေကို ဆွေးနွေးလို့ ရမှာပေါ့။ ကျောင်းမှာ မြန်မာစာသင်ပေးတဲ့ ကျောင်းဆရာအဖြစ် အလုပ်လုပ်ဖို့ ကျနော်တောင်းဆိုပါတယ်’ ဟု ဆိုလာသည်။ ကျနော် ကလည်း အလယ်တန်းပညာကိုပင် ကောင်းစွာသင်ကြားတတ်မြောက် ခဲ့ခြင်း မရှိသောကြောင့် ‘မဖြစ်နိုင်ပါဘူး ဆရာရယ်…’ ဟု ဆိုလိုက်တော့ ‘မဖြစ်နိုင်ဘူး ဆိုတာ မရှိစေချင်ဘူးဗျာ.. မဖြစ်သေးတာပါ.. ကြိုးစားပြီး အဖြေ ပေးပါ.. နောက် ၃ ရက်နေရင် ကျနော်ပြန်လာခဲ့မယ်’ ဟုပြောကာ နှုတ်ဆက်ထွက်ခွာသွားလေသည်။

ထိုည  ဇနီးသည်နှင့် ကျနော် တိုင်ပင်ကြသည်။ ဇနီးသည်ကလည်း အားပေးရှာသည်။ ၃ ရက်မြောက်သော နေ့တွင် ဆရာလှခေး ကတိအတိုင်း ရောက်လာသည်။ ‘ဘယ်လိုဗျ စဉ်းစားထားပြီးပြီလား’ မေးလာတော့ ‘ဟုတ်ကဲ့ဆရာ ကျနော်ကြိုးစားကြည့်ချင်ပါတယ်’ ဆိုလိုက်ရာ ‘ကြိုးစားမကြည့်နဲ့ ဖြစ်ကိုဖြစ်ရမယ်လို့ မှတ်ပြီး လုပ်ပါ.. ကျနော်လည်းတတ်နိုင်တဲ့ဘက်က ဖေးမကူညီပေးပါ့မယ်’ ဟုဆိုကာ ဝမ်းသာကြည်နူးသောအပြုံးဖြင့် ပြန်လည်ထွက်ခွာသွားလေသည်။

နောက်တစ်နေ့နံနက် ကျောင်းဖွင့်ပြီဆိုတော့ ဇနီးသည်နှင့် ခေါင်းချင်းဆိုင်ရပြန်သည်။ ၀တ်စရာအ၀တ်မရှိ၊ အောက်အနားတွန့်လိပ်နေသော ပုဆိုးတစ်ထည်နှင့် ဖားဥတက် အင်္ကျီဖြူတစ်ထည်သာ ရှိသောကြောင့် ဖြစ်သည်။ ထိုအ၀တ်အစားကိုသာဝတ်ပြိး ကျောင်းကိုသွားလိုက်ရသည်။ မြန်မာစာသင်မည့် ဆရာအသစ် လာမည်ဆိုသောကြောင့် ကျောင်းသူကျောင်းသားများက ကျောင်းဝန်းအတွင်းဝင်လာသော ကျနော့်ကို ၀ိုင်းပြီးကြည့်နေကြသည်။ ကျောင်းအုပ်ဆရာကြီးက ဆရာဘယ်ရီထွန်းရီ။ ကရင်အမျိုးသား တစ်ဦးလည်း ဖြစ်သည်။ အရက်ကိုအလွန်ကြိုက်သောကြောင့် ဒုက္ခများစွာနဲ့ရင်ဆိုင်ခဲ့ရပြီး ၂၀၀၀ ခုနှစ်လောက်က ဘ၀တစ်ပါးသို့းပြောင်းရွှေ့သွားရသည်။
သူက… ‘မင်းတို့ကိုမြန်မာစာသင်းပေးမယ့် ဆရာပဲ။ အဲဒီတော့ ကောင်းကောင်းမွန်မွန်ဆက်ဆံကြပါ။ ရိုသေလေး စားကြပါ’ ဟု နိဒါန်ခြွေနေသည်။ စာသင်ခန်းထဲဝင်တော့ ဘယ်ကစတင်ရမည်ကို မသိ။ ဖက်စာအုပ်ထဲပါသည့် စာကိုသာ black board မှာ မြေဖြူနဲ့ရေးပြီး လိုက်ဆိုစေသည်။ မည်သူမှ မဆိုကြ။ ကျနော့်စကားကို နားမလည် တာလား… နားမထောင်ချင်တာလားဆိုတာ ဝေခွဲမရ။ ကြိုးစားပြီးဆိုခိုင်းတော့ အသံအနည်းငယ်ထွက် လာ သည်။ အားတက်သွားသည်ဟု ဆိုရမည်။ ညနေအိမ်ပြန်ရောက်တော့ အသံမထွက်ချင်တော့။ လည်ပင်းတွေ နာနေ သည်။

ဆားရေဖြင့်အာလုပ်ကျင်းကာ နောက်နေ့ကျောင်းပြန်သွားရသည်။ ရက်ကြာလာသောအခါ တက်ရက်နှင့် တစ်ရက်မတူတော့။ အကျွမ်းတ၀င်ရှိလာသည်။ ဘာသာစကားအခက်အခဲက အတော်ကလေး ဒုက္ခရောက်စေခဲ့သည်။ နောက်ပိုင်း ဗမာစကားပြောတတ်သော ကျောင်းသားကျောင်းသူတွေ ဗမာလိုပြော လာကြသည်။ ကျနော် သူတို့ကို ပြန်လည်အသုံးချရတော့သည်။ ကျနော်ကိုယ်တိုင်ကလည်း မှတ်သားထား ရသည်။ ဥပမာ..ရေကို (ထော့) ထမင်းစားပြီးပြီလားလို့ဟု ဆိုလျှင် ‘အေးထိုရဒီးရယ်’ စသည်ဖြင့်။

မကြာခင်ကာလအတွင်း စာသင်ခန်းထဲ ဗမာ စကားသံ ပျံ့လွင့်ဝေစည် နေတော့သည်။ ကယားဘာသာ စကားကိုလည်း အတော်ပင်တက်မြောက်ခဲ့ရသည်။ စာသင်ရာတွင် အခက်အခဲမရှိ ခြေဟန်လက်ဟန်မလို။ အထာကျသွားသည်။ ကျောင်းဆရာတစ်ယောက် တနေ့ကို ဆယ်ဘတ်နှုန်းနှင့် တစ်လကို လခအဖြစ် ၃၀၀ နှုန်းသာရသည်။ ထိုငွေကြေးမှာ မိသားစုတစ်စုအဖို့ လုံလောက်သောငွေကြေးတော့မဟုတ်။ စေတနာကိုသာ အဓိကထားခဲ့ကြသည်။ ညဘက်မှာ ကျောင်းသို့ အချိန်ပိုခေါ်ပြီး မသိမရှင်းသူများကို မေးမြန်စေသည်။ အတတ်နိုင်ဆုံးဖြေရှင်းပေးသည်။ စာကျက်ရန်အတွက် ဖယောင်းတိုင်မရှိ။ ထင်းရူးဆီကိုယ်စီ ယူဆောင် လာစေရသည်။ ထိုမီးရောင်ဖြင့်သာ စာဖတ် စာကျက်ရသည်။ ရရှိသော လခထဲမှ အချို့ငွေကြေးကို စာကျက်ရန်အတွက် ဖယောင်းတိုင် ၀ယ်ပေးဖြစ်သည်။ ထိုစေတနာက ရောင်ပြန် ဟပ်သည်ဟု ဆိုရပေမည်။

မနက်အိပ်ယာထ ကြည့်လိုက်သည်နှင့် ကြက်သွန်အဖြူ အနီ နှင့်အချိုမှုန့် စသည်ဖြင့် ဟင်းချက်စရာများ လာရောက်ချိတ်ဆွဲထားတတ်ကြသည်။ မည်သူတွေက လာရောက်ပို့ဆောင်ထားသည်ကိုတော့ ယနေ့ တိုင်မသိ ရ။ ဆရာလှခေးက နေစရာအိမ်တစ်လုံးရှာပေးသည်။ ကောင်းမွန်သောအိမ်လည်းဖြစ်တယ်။ ကျနော့်ဇနီးလည်း ကိုယ်ဝန်ရှိနေခဲ့ပြီ။ ကျနော်က တကိုယ်ကောင်းဆန်သည်။ ဇနီးသည်ကို ဂရုမစိုက် ကျောင်းကိုသာ ဂရုစိုက်လွန်း သောကြောင့် မကြာခဏဆိုသလို အချင်းများကြသည်။ ရှာဖွေကျွေးမွေးရုံနှင့် မိသားစုတာဝန်ကျေပွန်သည် မဟုတ်။ နွေးထွေးယုယ တန်ဖိုးထားတတ်မှသာ လူ့ဝတ္တရားကျေပွန်မည်ဆိုသည့် အချက်ကို မေ့လျော့နေသည့် ကျနော်။

ဇနီးသည်ကလည်း ကျနော့်ကို ချစ်ရှာသည်။ လိုအပ်သလို ကူညီလုပ်ဆောင်ပေးသည်။ ထိုအချက်များကြောင့် လည်း ကျနော်ဆိုးသွမ်းခဲ့ခြင်းလည်းဖြစ်သည်။ ကိုယ်ဝန်ရှိစဉ်ကလည်း ဂရုမစိုက်ခဲ့။ ဆို့နင့်ကြေကွဲနေသည့် အဖြစ်များကို မသိကျိုးကျွံပြုခဲ့ဖူးသည်။ သမီးကြီး ဇာခြည် မွေးသည့်ရက်ကို ယနေ့တိုင် အမှတ်ရနေဆဲ။ မိခင်ဝမ်းမှ ကျွတ်ကာ အုဝဲ ဟု အော်ငိုသံကြားလိုက်တော့ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ရင်တို့သည် လှိုက်ဖိုမြင့်တက်လျက် အသက်ရှူရန်ပင် မေ့လျော့နေခဲ့သည်။ ၀မ်းသာလွန်း ၍ ရင် ၌ဖြစ်သော ဖခင်မေတ္တာ ပင်ဖြစ်လိမ့်မည်။

နို့ရည်မထွက်သော ဇနီးသည်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေမိသည်။ ပျားရည်အစက်ကို ရေကျက်အေးဖြင့် ရောပြီး သမီးငယ်လေးကို တိုက်ကျွေးရသည်။ ပင်ပန်းလွန်း ၍ ဇနီးသည်က အိပ်မောကျသွားသည်။ သမီးလေး ကို ကျနော့်ရင်ခွင်ထဲထည့်ပြီး အိပ်ငိုက်နေသည်။ သမီးပါးပြင်နုနုကို နှာခေါင်းဖြင့်ထိရာမှာ လန့်နိုးထရသည်က အကြိမ်ကြိမ်။

(ဆက်ပါဦးမည်)


အုပ်ကြီးဖေ
၃၁-၇-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...