Monday, August 26, 2013

မခင်ဆုံး၏ ကံကြမ္မာ၊ငွေနှင့်အာဏာ

တစ်နေ့ညနေ ကိုသိန်းလက်အောက်မှာ ငွေကိုင်စာရေးလုပ်နေတဲ့ ကိုဖိုးရွှေဟာ ဘဲပေါင်းတွေကို ဆွဲချိုင့်တစ်ခုထဲ ထည့်ပြီး၊ ကိုသိန်းတို့အိမ်ကိုယူလာတယ်။ ကိုသိန်းက 'ကိုဖိုးရွှေရယ်၊ ဘဲပေါင်းတွေ၊ဘာတွေကို တို့မိသားစုဟာ မကြိုက်လှပါဘူးကွာ၊ နောက်ယူမလာနဲ့၊ ကြားလား' လို့ပြောတယ်။ ဖိုးရွှေလည်း ဘဲပေါင်းကို နောက်ဖေးမှာထားခဲ့ပြီး ပြန်သွားတယ်။
နောက် တနင်္ဂနွေတစ်ပတ်လောက်ကြာတဲ့အခါ သလပ်ဖက် သရက်သီး၊ လက်ရွေးစင် အကောင်းစားတွေ ဆယ်နှစ်လုံးကို ဖိုးရွှေဟာ သူကိုယ်တိုင် ကိုသိန်းတို့အိမ်ကိုယူလာတယ်။ ကိုသိန်းက 'ဖိုးရွှေ၊ မင်းကိုငါပြောထားသားပဲ၊ ဒါတွေယူလာတာ ငါမကြိုက်ဖူးကွာ၊ ငါ့လက်အောက်ငယ်သားတွေက ဒီလိုပေးတာ၊ ငါမစားချင်ဘူး။ ဒါနောက်ဆုံးပဲဟေ့' လို့ပြောတယ်။

ဖိုးရွှေကလည်း 'ဆရာနဲ့ ဆရာကတော် စားစေချင်လွန်းလို့ ကျွန်တော်ယူလာတာပါ' ဆိုပြီး၊ နောက်ဖေးမှာထားသွားတယ်။

နောက် တနင်္ဂနွေ၂ပတ်လောက် ရှိတဲ့အခါ ဖိုးရွှေရဲ့မိန်းမ မသင်းဟာ သနပ်ခါးရောင် ဘန်ကောက်လုံချည် တစ်အုပ်ကို ယူပြီးလာတယ်။ 'အစ်ကိုကြီးနဲ့၊မမဝတ်ဖို့ ကိုဖိုးရွှေ သူကိုယ်တိုင်ရွေးပြီး၊ အပို့ခိုင်းလိုက်တယ်လို့ ပြောတယ်။ ကိုသိန်းဟာ ဒေါသနည်းနည်းထွက်လာတယ်။ လက်ညိုးနဲ့ဘန်ကောက်လုံခြည်ကို ထိုးပြီး၊ 'မိသင်း ပြန်ယူသွား'...လို့ မျက်နှာထားတင်းတင်းနဲ့ ငေါက်ငန်းလိုက်တယ်။ မသင်းကလည်း 'ကိုဖိုးရွှေက ပြန်မယူလာခဲ့ရဘူး၊ ထားပစ်ခဲ့ရမယ်လို့မှာလိုက်တယ်' လို့ပြောလိုက်တယ်။ ကိုသိန်းက 'ရှုပ်မနေနဲ့မိသင်း၊ ပြန်ယူသွား၊ ဖိုးရွှေကို လာဦးလို့၊ ခုချက်ချင်းလွှတ်လိုက်' လို့ မျက်နှာထားနဲ့ပြောတာနဲ့ မသင်းလည်းဘန်ကောက်လုံချည်အုပ်ကို ယူပြီး၊ ပြန်သွားတယ်။

တစ်အောင့်လောက် ကြာတဲ့အခါ ဘန်ကောက်လုံချည်အုပ်ကိုယူပြီး၊ ဖိုးရွှေပေါက်လာတယ်။ ဖိုးရွှေတွေ့တွေ့ချင်း ကိုသိန်းက 'ဖိုးရွှေ၊ မင်းဘာလုပ်တာလဲ၊ မင်းငါ့ဆီကို ဘဲပေါင်းတွေယူလာတယ်။ သရက်သီးတွေယူလာတယ်။ ဘန်ကောက်လုံချည်တွေယူလာတယ်။ ဒီဘန်ကောက်လုံချည်ကို လက်ခံပြီးရင် နောက်တစ်ခါ ရွှေဒင်္ဂါးတွေ ယူလာလိမ့်မယ်။ မင်း စိတ်တွေဖေါက်ပြန်နေပြီထင်တယ်။ စိတ်ကိုနိုင်အောင်ထိန်းကွာ၊ နိုင်အောင်မထိန်းနိုင်ရင် ဒီစိတ်တွေဟာ မင်းကိုဒုက္ခရောက်အောင်လုပ်လိမ့်မယ်' လို့ ပြောတယ်။ ဖိုးရွှေက 'ကျွန်တော်၊ စေတနာနဲ့ပေးတာပါဆရာရယ်' လိုပြောတယ်။ အဲဒီအခါ ကိုသိန်းက မင်းဆီကဖြစ်ဖြစ်၊ ငါ့အောက်မှာလုပ်နေတဲ့ အခြားတစ်ယောက်ဆီကပဲ ဖြစ်ဖြစ်၊ ငါ စီးကရက်တစ်လိပ် တောင်းသောက်တာ မင်းမြင်ဖူး၊ ကြားဖူးသလား။ လက်ဘက်ရည်တစ်ခွက် တောင်းသောက်တာများ မင်း..မြင်ဖူး၊ကြားဖူးသလား..' လို့ မေးတယ်။ 'မမြင်ဖူး၊ မကြားဖူးပါဘူး'  လို့ ဖိုးရွှေကဖြေတယ်။ အဲဒီအခါ ကိုသိန်းက မင်းဘန်ကောက်လုံချည်ပြန်ယူသွား၊ နောက်ကို အပ်ကလေးတစ်ချောင်းဖြစ်ဖြစ်၊ မင်း ငါ့ဆီယူလာရင် အရင်က လုပ်ခဲ့တဲ့ စာရေးရိုးရိုးနေရာမှာ၊ မင်းပြန်လုပ်ရမယ်၊ ဒါပဲ..ယူသွား'  လို့ ပြောလိုက်တဲ့အတွက် ဖိုးရွှေဟာ ဘန်ကောက်လုံချည်အုပ်ကို ယူပြီး ပြန်သွားပါတယ်။

နှစ်လလောက်ကြာတဲ့အခါ တစ်ညမှာ ဖိုးရွှေဟာ ကိုသိန်းဆီ ပေါက်လာပါတယ်။ ကိုသိန်းလည်း 'မိသင်းတစ်ယောက် နေကောင်းရဲ့လား.. ကလေးတွေကော၊ နေကောင်းရဲ့လား၊ ရတနာသုံးပါးကို မင်းတို့အိမ်သားတွေ ကိုင်းရှိုင်းကြရဲ့လား၊ တစ်နေ့လောက် ကလေးတွေပါ အားလုံးခေါ်လာခဲ့ဦး၊ မင်းတို့နေ့စဉ် ဘယ်လိုအားထုတ်ရမယ်ဆိုတာ မခင်မေပြောပြလိမ့်မယ်။ သူကတော့ ငါ့ထက်ပြောပြတတ်တယ်' ဆိုတဲ့ တပည့်တစ်ယောက်ကို ဆရာက ပြောလေ့ရှိတဲ့စကားတွေ လျှောက်ပြောတယ်။ ကိုသိန်းလျှောက်ပြောလို့ မောသွားတဲ့အခါ ဖိုးရွှေက 'ဆရာရယ်၊ ဆရာ့ကျေးဇူးတွေ ကျွန်တော့အပေါ် အများကြီးရှိပါတယ်။ ကျွန်တော်ဟာ ဆရာသိတဲ့အတိုင်းပဲ၊ မြန်မာလိုခုနှစ်တန်းတောင် မအောင်ဘူး၊ ကျွန်တော့်ပညာအရည်အချင်းနဲ့ လခတစ်ရာ၊ တစ်ရာရှစ်ဆယ်ဆိုတာ ဘယ်မှာရနိုင်မလဲ၊ ဆရာ့ကျေးဇူးကြောင့် ရတာပေါ့။ အဲဒီတော့ ဆရာ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး ဆရာရယ်' လို့ အစချီလိုက်တယ်။

အဲဒီတော့ ကိုသိန်းက ဒီကောင် ထူးထူးဆန်းဆန်းတွေတော့ ပြောတော့မှာပဲဆိုတာ သူ့စိတ်ထဲမှာ ရိပ်ကနဲတွေးမိလိုက်တယ်။ ဒါကြောင့် ဒီကောင်ပြောပါစေ ဆိုတဲ့သဘောနဲ့ ဘာမှမပြောပဲ အသာလေးနားထောင်နေတယ်။ ဆရာရယ် ဆရာ နှစ်ပေါင်းများစွာ လုပ်ပေးလို့ သူဌေးဦးထွန်းဟာ ဒီလောက်ချမ်းသာလာတာပဲ၊ ဒီသူဌေးဦးထွန်းဟာ ဘာနားလည်လို့လဲ၊ တစ်နေ့လုံး အရက်သောက်၊ ဖဲချ၊ မိန်းမလိုက်နေတာပဲ' လို့ဆက်ပြောတယ်။ ကိုသိန်းလည်း ဘာမှမပြောဘူး။ နားထောင်နေတယ်။ 'ဆရာရယ်၊ ဘာမှမလုပ်ပဲ အလေလိုက်နေတဲ့၊ ဦးထွန်းတို့မှာတော့ စိန်တွဲလဲ၊ ရွှေတွဲလဲ၊ ငွေတွဲလွဲနဲ့ တိုက်ကြီးတွေနဲ့၊ စက်ရုံကြီးတွေနဲ့၊ မိန်းမတွေတရုန်းရုန်း၊ ဆရာ့မှာတော့ တစ်လကို လခလေး၊ လေးရာနဲ့ပဲ ပြီးနေရတာပဲ၊ အဲဒါ ကျွန်တော်စိတ်မကောင်းဘူး ဆရာရယ်' လို့ ဆက်ပြောတယ်။ ကိုသိန်းကလဲ ဘာမှမပြောဘူး၊ အသာနားထောင်နေတယ်။

တအောင့်လောက် ရပ်နေပြီးတော့ ကိုဖိုးရွှေက 'ဆရာလဲ သူဌေးဖြစ်အောင် ကျွန်တော်လုပ်ပေးပါရစေ ဆရာရယ်' လို့ဆက်ပြောတယ်။ ကိုသိန်းက 'မင်းရဲ့သူဌေးဖြစ်နည်းကို ပြောပြစမ်းပါဦး' လို့ ဆိုတယ်။ ဖိုးရွှေကလည်း ကိုသိန်းဟာ သူပြောတာကို သဘောကျနေပြီလို့ ထင်တယ်။ အဲဒီတော့ ဝမ်းသာအားရနဲ့ ဆရာ့အတွက် တစ်လကို တစ်ထောင့်ငါးရာကနေ၊ သုံးထောင်အထိ စီနိုင်တယ်။ ဆရာသဘောတူရင် ဆရာက ဘာမှမလုပ်ရပါဘူး။ ရုံးခန်းထဲမှာနေပြီးတော့ လက်မှတ်ထိုးရုံပဲ၊ ကျွန်တော်အကုန် လျှောက်လုပ်ပေးပါမယ်.' လို့ ဖိုးရွှေကဆက်ပြီးပြောတယ်။ အဲဒီအခါ ကိုသိန်းက 'မင်းအကြံက ဘာအကြံဆိုတာ မသိရသေးပဲနဲ့၊ ငါဘယ်နှယ်လုပ်ပြီး သဘောတူရမလဲဖိုးရွှေ' လို့ စကားချူလိုက်ပါတယ်။ ဖိုးရွှေလည်း ဟုတ်လှပြီထင်ပြီး 'ကျွန်တော်၊ ဘာဘူဘီကျားဒစ်စ်နဲ့ တရုပ်အင်ကို တို့ကို ပြောပြီးပြီ။ သူတို့ ဆန်နဲ့သစ်ဝယ်လာရင် ဆန်အိတ်တစ်ချို့ကို ဆန်ကွဲထည့်ပေးရမယ်။ သစ်အကောင်းစားတစ်ချို့ကို တောသစ်ဆိုပြီးထည့်ပေးရမယ်။ ဆရာ ဘာမှလုပ်ဖို့မလိုဘူး၊ မသိချင်ယောင်ဆောင်နေပါ။ ကျွန်တော်အားလုံး လုပ်ပေးပါမယ်။' လို့ ကိုဖိုးရွှေက ပြောတယ်။

ဖိုးရွှေကို မှတ်လောက်သားလောက်အောင်၊ ဘယ်လိုလုပ်ပြီး၊ ဆုံးမရမလဲလို့ ကိုသိန်း ခဏလေးစဉ်းစားပြီး၊ ဖိုးရွှေရဲ့ပါးကို ခပ်ဆပ်ဆပ်ကလေး ရိုက်လိုက်တယ်။ အဲဒီလို ရိုက်ပြီးတော့ 'ဖိုးရွှေ မင်းရဲ့အကျင့်ဆိုးကို၊ ငါ ပါးရိုက်ပြီး ဆုံးမတယ်ဆိုတာ မင်းတစ်သက်လုံးမှတ်ထားပေတော့။ ဒီအပြစ်နဲ့ပဲ မင်းကိုငါဖြုတ်ဖို့ကောင်းနေပြီ၊ ဒါပေမဲ့ မင်းရဲ့ မယားနဲ့ကလေးတွေ၊ ထမင်းအိုးကွဲမှာကို ငါမလုပ်ချင်ပါဘူး၊  အဲဒီတော့ သွား..နောက်ဖေးမှာ ရေတစ်ခွက်သွားခပ်ချေ' လို့ခိုင်းလိုက်တယ်။ ဖိုးရွှေဟာ ရေခပ်ပြီးပြန်လာတဲ့အခါ 'ငါဆိုတာလိုက်ဆို' လို့ပြောလိုက်ပြီး၊ ဒီလိုလျှောက်ဆိုပါတယ်။ 'ကျွန်တော်ဟာ သူ့တဖက်သား ပစ္စည်းကို ဘယ်တော့မှမတရားမလုပ်ပါ၊ လုပ်လျှင် ထင်ထင်ရှားရှား ဘေးသင့်ပါစေ' လို့ ကိုသိန်းက တိုင်ပေးတယ်။ ဖိုးရွှေက လိုက်ဆိုပြီး သစ္စာရေသောက်ရတယ်။

သစ္စာရေသောက်ပြီးတော့မှ ကိုသိန်းက မင်းတို့ကောင်တွေဟာ ဘာပဲလုပ်လုပ်၊ နောင်တမလွန်ဘဝကို ဘယ်တော့မှထည့်မတွက်ကြဘူး၊ ဒီဘဝမှာ မျိုးမျိုးမြတ်မြတ်ကလေး စားဖို့လောက်ကလေးကိုပဲ ကြည့်လေ့ရှိတယ်။ မင်း သူ့တပါးပစ္စည်းကို ဒီလို မတရားလုပ်ပြီး၊ စားရလှ အနှစ်ခြောက်ဆယ်ပေါ့၊ နောင်ဘဝကျရင် ငရဲမှာ မချိမဆန့်ခံရမှာ အနှစ်ခြောက်သန်းမကဘူး။ ကိုယ့်ကျိုးကို သေချာကြည့်တတ်သူဆိုရင် ဒီဘဝမှာ အနှစ်၆၀ မြတ်မြတ်စားရမှာနဲ့ ငရဲမှာ အနှစ်၆သန်းမပြောနဲ့၊ ခြောက်ရက်တည်း ခံရမှာကို မလဲဘူး၊ မင်းတို့လူမိုက်တွေဟာ ဒီအချက်ကို ဘယ်တော့မှ ထည့်မတွက်ဘူး၊ ဒါတွေတင်မကဘူး၊ ဒီဘဝမှာလည်း ဒီလိုလုပ်တဲ့လူဟာ လူကောင်းဘဝက ချက်ချင်း သူခိုးဖြစ်သွားပြီ၊ ဒီလိုဟာမျိုးဆိုတာလည်း သတင်းဟာ ချက်ချင်းပြန့်တယ်။ ဒီသတင်းကို သိတဲ့လူတိုင်းဟာ ကိုယ့်ကွယ်ရာမှာ ဒီကောင်ဟာ သူခိုးပဲလို့ ပြောတာခံရပြီး၊ ကိုယ့်မယားလဲ သူခိုးမယားလို့ ပြောတာခံရပြီ။ ကလေးတွေကိုလည်း သူခိုးသား၊ သူခိုးသမီးတွေလို့ ခေါ်တာခံရပြီ။ ဒီဘဝမျိုးရောက်လာရင်တော့ ကောင်းသေးသလား။

'ငါ့ ဒီမှာလုပ်လာတာ အနှစ်၂၀ကျော်ပြီ၊ ရုံးက အပ်တစ်ချောင်း အိမ်ကိုယူမသွားဖူးဘူး၊ ရုံးကစာရွက်တွေကို ကိုယ့်ကိစ္စအတွက် တစ်ခါမှ အသုံးမပြုဖူးဘူး၊ သူဌေးမော်တော်ကို ရုံးကိစ္စအတွက်ပဲစီးတယ်။ ကိုယ့်ကိစ္စဆိုရင် သမ္ဗာန်ငှားစီးတယ်။ ငရဲကို တွေးတွေးပြီး ကြောက်လွန်းလို့၊ ဒီဘဝမှာလည်း ငါကိုယ်တိုင်လဲ သူခိုးဖြစ်ရမှာကို ကြောက်လွန်းလို့၊ ငါ့မယား၊ ငါ့သားတွေလည်း သူခိုးဖြစ်ရမှာကို ကြောက်လွန်းလို့၊ ငါဒါလောက်ဆင်ချင်တယ်။ မင်းတို့လည်း ဆင်ချင်ဖို့ကောင်းတယ်။ ငါ့နေရာက ထောင်နဲ့သောင်းနဲ့ချီပြီး ခိုးနိုင်တဲ့နေရာ၊ ငါ့နေရာမှာ ငါဟာ ဒါလောက်ဆင်ချင်နိုင်ရင်၊ မင်းတို့နေရာမှာ မင်းတို့က ပိုဆင်ချင်နိုင်ရမယ်။ မင်းဘန်ကောက်လုံချည် ငါ့ဆီယူလာကတည်းက မင်းကိုငါ နည်းနည်းမသင်္ကာဘူး။ ဒါကြောင့် မင်းစိတ်ကို နိုင်အောင်ထိန်း၊ မထိန်းရင် ဒီစိတ်ဟာ မင်းကို ဒုက္ခပေးလိမ့်မယ်လို့ မင်းကို ငါ သတိတခါ ပေးပြီးပြီ။ အခု ဒုတိယအကြိမ် သတိပေးတယ်။ နောက်တစ်ကြိမ်ဆိုရင်တော့ မင်းကို ငါ မတတ်နိုင်တော့ဘူး။ မင်းထိုက်နဲ့မင်းကံပဲ' လို့ ဖိုးရွှေကို ပြောဆိုကြိမ်းမောင်းပြီး လွှတ်လိုက်တယ်။

နောက်တစ်နေ့ ရုံးရောက်တဲ့အခါ ငွေကိုင်စာရေးနေရာကို ဘခိုင် ပို့လိုက်တယ်။ ဘခိုင်နေရာကို ထွန်ဝ ပို့လိုက်တယ်။ ထွန်းဝ နေရာရ ငွေရေးကြေးရေး မကိုင်တွယ်ရတဲ့အတွက် ဖိုးရွှေ ပို့လိုက်တယ်။ နောက်ရောက်လာတဲ့ ဘခိုင်ဟာ ဖိုးရွှေဆီက အလုပ်လက်မခံခင် ဖိုးရွှေနဲ့ စာရင်းအကုန်ရှင်းရတယ်။ အဲဒီလို ရှင်းတဲ့အခါ ငွေ ၃၇၀၀ကျပ် စာရင်းပျောက်နေတာကို တွေ့ရတယ်။ ဘခိုင်လည်း ဒီအကြောင်း မန်နေဂျာ ကိုသိန်းကို ချက်ချင်းတိုင်ပါတယ်။ ကိုသိန်းကိုယ်တိုင် ဖိုးရွှေကို ခေါ်စစ်တဲ့အခါ ဖိုးရွှေလည်း ဒီငွေ ၃၇၀၀ ကို စာရင်းမရှင်းနိုင်ဘူး။ ဒါနဲ့ ကိုသိန်းကိုယ်တိုင် သူဌေးဦးထွန်းနဲ့တွေ့ပြီး၊ ဒီကိစ္စကို အစီရင်ခံတယ်။ အဲဒီလိုအစီရင်ခံပြီးတော့ ဖိုးရွှေကို ရဲတိုင်ပြီး ထောင်ချပစ်ဖို့တလမ်း၊ အလုပ်ဖြုတ်ပြစဖို့က တလမ်း၊ လမ်းနှစ်လမ်းရှိတဲ့အနက် အလုပ်ဖြုတ်ပစ်တဲ့လမ်းကို သူ့အနေနဲ့ပိုကြိုက်တယ်။ မန်နေဂျာအနေနဲ့ တာဝန်ရှိတဲ့အတွက် ဖိုးရွှေအလွဲသုံးစားလုပ်ထားတဲ့ ငွေ ၃၇၀၀ကို သူကိုယ်တိုင်ပဲ စိုက်လျော်ဆိုရင် လျော်မယ်လို့ သူဌေးကို အစီရင်ခံတယ်။ သူဌေးက ကိုသိန်းငွေစိုက်လျော်ဖို့မလိုဘူး။ ဖိုးရွှေကို အလုပ်ထုတ်ချင်တယ်။ ရဲတိုင်ချင်တိုင် ကိုသိန်းသဘောပဲလို့ ပြောပြီး ဖဲဝိုင်းကို ပြန်ဝင်သွားတယ်။ ကိုသိန်းလည်း ဖိုးရွှေကို သူ့ရုံးခန်းထဲခေါ်ပြီး၊ နာရီဝက်လောက် ဆုံးမတယ်။ ပြီးတော့မှ အလုပ်ကထုတ်ပစ်လိုက်တယ်။

ဖိုးရွှေအလုပ်က အထုတ်ခံရပြီးတဲ့နောက် သုံးလလောက်ကြာတဲ့အခါ ဝါးခယ်မတမြို့လုံး အုံးအုံးကျွက်ကျွက် ဖြစ်တဲ့ သတင်းထူးတခု ပေါ်လာတယ်။ ဒီသတင်းကတော့ အခြားမဟုတ်ပါဘူး။ ကိုသိန်းရဲ့အလုပ်မှာ အလုပ်လုပ်တဲ့ စာရေးမလေး မခင်ဆုံ ရေထဲခုန်ချပြီး၊ သေတယ်ဆိုတဲ့ သတင်းပဲဖြစ်တယ်။ သူ့အလောင်းကို ဆရာဝန်က ဆေးစစ်တဲ့အခါ ခုနှစ်လလောက်ရှိတဲ့ ကိုယ်ဝန်ကို တွေ့ရတယ်။ သူဌေးဦးထွန်းဟာ ဒီဘက်မှာ နာမည်ပျက်နေတော့ သူနဲ့ရတဲ့ကိုယ်ဝန်ပဲလို့ မြို့သူ၊မြို့သား ခပ်များများက ယူဆတယ်။ အမှန်တော့ သူနဲ့ရတဲ့ ကိုယ်ဝန်မဟုတ်ပါ။ ငွေကိုင်စာရေးသစ် ဘခိုင်ဟာ ဒီအကြောင်းကို ကောင်းကောင်းသိတယ် ဆိုတာနဲ့ ကိုသိန်းဟာ ဘခိုင်ကို သူ့ရုံးခန်းထဲခေါ်ပြီး မေးတဲ့အခါ ကိုယ်ဝန်ရဲ့သမိုင်းဟာ အခုလိုပေါ်လာတယ်။

ဖိုးရွှေဟာ ရုံးကငွေတွေကို အလွဲသုံးစားလုပ်နေတာကြာပြီ၊ အဲဒီငွေတွေနဲ့ ဖဲလဲရိုက်တယ်။ ရန်ကုန်ကို အပတ်စဉ်သွားပြီး၊ မြင်းလောင်းတဲ့လူတွေကိုလဲ သူကြိုက်တဲ့မြင်းကို လောင်းဖို့ ငွေပေးတယ်။ မိန်းကလေးတွေကိုလည်း ဖျက်ဆီးတယ်။ သူဖျက်ဆီးတဲ့ မိန်းကလေးတွေထဲမှာ မယ်ဆုံဟာ တစ်ယောက်အပါအဝင်ဖြစ်တယ်။ ဒီ မခင်ဆုံကလေးကို ဖိုးရွှေဟာ အစတော့ ကြံလို့မရဘူး။ တနေ့ သူ့ရုံးခန်းထဲ ကိစ္စတစ်ခုနဲ့ သွားတုန်း သူအတင်းဆွဲတယ်။ ကောင်မလေးက ရုန်းလိုက်တာ အပေါ်အင်္ကျီပုခုံးတောင် စုတ်သွားတယ်။ မခင်ဆုံဟာ မန်နေဂျာကိုသိန်းကို တိုင်မလို့ပဲ။ စာရေးတွေက ဝိုင်းပြီးတောင်းပန်ထားရတယ်။ ဒါပေမဲ့ မိန်းကလေးဆိုတော့ လက်ဝတ်လက်စား၊ အဝတ်အစားကို မက်တယ်မဟုတ်လား။ ဖိုးရွှေက အလွဲသုံးစားလုပ်လို့ ရတဲ့ငွေတွေနဲ့ ကောင်မလေးကို လက်ကောက်တွေလုပ်ပေးတယ်။ ဆွဲကြိုးတွေလုပ်ပေးတယ်။ အဲဒီမှာ ကောင်မလေးလဲ ဖိုးရွှေနောက်ကို ပါသွားတာပဲ။ မရိုမသေစကား ပြောပါရစေတော့။ ဖိုးရွှေနဲ့မခင်ဆုံဟာ နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ၊ နောက်ချန်နေပြီးတော့ ဖိုးရွှေရုံးခန်းထဲက စားပွဲခုံကြီးပေါ်မှာပဲ သူတို့နှစ်ယောက် စခန်းသွားတာပါပဲ လို့ ဘခိုင်က ကိုသိန်းကို သူသိသမျှ ဖွင့်ပြောတယ်။

ကိုသိန်းက 'ကောင်မလေးဘာဖြစ်လို့ ရေထဲခုန်ချပြီးသေတာလဲ' လို့ မေးတယ်။ ဘခိုင်က ဒီလိုဆက်ပြောတယ်။ 'ဖိုးရွှေ အလုပ်ပြုတ်တော့ ကောင်မလေးကိုလဲ ငွေမထောက်နိုင်တော့ဘူး။ အတွေ့လည်းမခံဘူး၊ အလုပ်သာမပြုတ်ပဲ ငွေတွေကိုလည်း ဆက်ပြီးအလွဲသုံးစား လုပ်နေနိုင်ဦးမယ်ဆိုရင် ကိုယ်ဝန်ရှိလာတဲ့အခါ ပေါ်ပေါ်ထင်ထင်ယူပြီး၊ တအိမ်တစင်နဲ့ ထားဖို့ ဖိုးရွှေမှာ ရည်ရွယ်ချက်ရှိတယ် ထင်တယ်။ ဒီလိုပဲ ကောင်မလေးကို ပြောထားတယ်လို့ ထင်တယ်။ ကောင်မလေးမှာ ကိုယ်ဝန်ရှိလာတော့ ဖိုးရွှေလည်း အလုပ်ပြုတ်၊ ကောင်မလေးလည်း ပိုက်ဆံမထောက်နိုင်၊ အတွေ့မခံနိုင်တော့ ကောင်မလေးဟာ ရှက်လဲရှက်၊ စိတ်လည်းညစ်၊ အမေနဲ့အစ်ကို ကိုလည်းကြောက်ပြီး၊ ရေထဲခုန်ဆင်း သေတာပဲလို့ထင်တယ်' လို့ ဘခိုင်က ပြောပါတယ်။

'ပြီးတော့လဲဆရာရယ် အသွားအလာလေးကတော့ နည်းနည်း သတိထားလိုက်ပါ။ ဖိုးရွှေဟာ ဆရာ့ကို အခဲမကြေဘူး။ ဆရာ့ကို အရိုက်ခိုင်းဖို့ဆိုပြီး တလောတုန်းက တလိုင်းစုက ဖိုးကင်၊ ဖိုးသင်းတို့ ညီအစ်ကိုကို လိုက်ငှားနေတယ်လို့ သတင်းကြားတယ်။ ဒီကောင်တွေက ဦးလေး ဖိုးအေးရဲ့ မျက်နှာကြောင့် မလုပ်ချင်ဘူး။ ငြင်းလာတယ်လို့ ကျွန်တော်သတင်းကြားတယ်။ သူ့ကို ထုတ်ပစ်ပြီး နှစ်ရက်လောက်အကြာ ဆရာ မော်တော်ဆိပ်မှာ ချော်လဲပါရောလား။ ရုံးတောင်နှစ်ရက်မတက်နိုင်ဘူးလေ၊ အဲဒီတုန်းက သူ့ကို နှိပ်စက်တဲ့အကောင် ဒီလိုခံရတာ နည်းတောင်နည်းသေးတယ်၊ မြန်မြန်သေပါစေ လို့ ဖိုးရွှေက အရပ်ထဲ လည်ပြောနေသေးတယ်' လို့ ကိုသိန်းကိ ဘခိုင်က ဆက်ပြီးပြောတယ်။

'ဘခိုင်ရေ၊ လူတွေဟာ သိပ်ခက်တာပဲကွယ်။ အလုပ်လဲရှာပေးရမယ်၊ သူတို့ခိုးနေရင်လည်း လက်ပိုက်ကြည့်နေရမယ်။ အရေးယူလိုက်တာနဲ့ ကျေးဇူးတွေ ဘယ်လောက်ရှိရှိ အကုန်မေ့ပစ်ပြီး၊ ရန်သူဖြစ်တာပဲ၊ ဖိုးရွှေဟာ မြန်မာလို ၇တန်းအထိ စာသင်ဖူးတယ်။ မအောင်သေးဘူး၊ ဒီလိုကောင်မျိုးဟာ ငါမခန့်ရင် တစ်လ ၈၀ တန်အလုပ်ကိုတောင် မရနိုင်ပါဘူး။ သူသာ ကောင်းကောင်း၊ ရိုးရိုးသားသားလုပ်ရင်၊ တစ်ရာ့ရှစ်ဆယ်က နှစ်ရာအထိ တိုးပေးဖို့ ငါစိတ်ကူးတောင်ထားပြီ။ ပြောလိုက်ပါ ဘခိုင်ရာ၊ လူငှားတော့ မရိုက်နဲ့၊ သူ့ကျေးဇူးရှင်ကို သူကိုယ်တိုင်ရိုက်လို့ ၊ ငါကပြန်မလုပ်ပါဘူး၊ ငုံ့ခံပါမယ်'  လို့ ကိုသိန်းက ဘခိုင်ကို ပြောလိုက်တယ်။

ကိုသိန်းဟာ အလုပ်ကပြန်လာပြီး၊ စကားပြောနေတုန်း သားလေးမောင်မြင့်ဆွေက အနားလာပြီး 'ဖေဖေ့ စာရေးမလေး၊ မခင်ဆုံသေတော့ ကိုယ်ဝန်ကြီးနဲ့လို့ ပြောတယ်။ အဲဒီကိုယ်ဝန်ဟာ ဖေဖေနဲ့ရတဲ့ကိုယ်ဝန်လို့  ကျွန်တော့ကို အတန်းသားတွေက ဝိုင်းပြီးပြောင်ကြတယ်။ သူတို့ပြောတာ ဟုတ်လားဖေဖေ' လို့မေးတယ်။ ကိုသိန်းဟာ အူတက်မတတ်ရယ်ပြီ;၊ စက်ဖက်မှာတုန်းက ဘခိုင်ပြောသမျှ မယားနဲ့သားကို အကုန်ပြောပြပါတယ်။ အဲဒီလိုပြောတဲ့အခါ အမေလုပ်သူက 'မိန်းကလေးတွေဟာ သိပ်သနားစရာကောင်းတာပဲ၊ လူကြီးတစ်ယောက် လုပ်နေတဲ့သူဟာ ကိုယ့်ထက်အငယ်လေးတွေကို ဒီလို ငွေနဲ့ရွှေနဲ၊ ဖျားယောင်းပြီး၊ ဖျက်ဆီးဖို့ မဆိုထားနဲ့၊ မိန်းကလေးတွေက မိုက်ပြီး မသိ၊ မလိမ်မာပြီး၊ ဆင်ခြင်စဉ်းစားဥာဏ်နည်းပြီး၊ ကိုယ့်ကို အတင်းသွေးဆောင်ရင်တောင်မှ၊ ငြင်းနိုင်လောက်အောင် သနားတဲ့စိတ် ရှိရမယ်။ ငြင်းနိုင်လောက်အောင် သီလရှိရမယ်။ ငြင်းနိုင်လောက်အောင် ဟီရိနဲ့ သြတ္တပ္ပဆိုတဲ့ အရှက်အကြောက် ရှိရမယ်။

'ခဏကလေး ခံစားလိုက်ရတဲ့ အတွေ့ကို မက်ပြီး မိန်းကလေးတစ်ယောက်ကို ဖျက်ဆီးမိရင်၊ ဒီမိန်းကလေးမှာလဲ ပြန်ပြီးအဖတ်ဆယ်မရတော့ဘူး၊ ပျက်ဆီးသွားပြီး၊ အပျိုရည်လည်း ပျက်သွားပြီ၊ ကိုယ့်မှာလဲ လူမှန်ရင် အနည်းဆုံး ကျင့်ရမယ်လို့ မြတ်စွာဘုရားဟောထားတော်မူခဲ့တဲ့ ငါးပါးသီလထဲက ကာမတို့၊ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကျင်ပါမယ် ဆိုတဲ့ သိက္ခာပုဒ်ကို ကျူးလွန်ဖျက်ဆီးရာရောက်သွားပြီ။ အဲဒါကြောင့် မေမေ့သားဟာ မေမေ့ဆန္ဓအတိုင်း ရဟန်းမပြုနိုင်လို့ လူဝတ်ကြောင်နဲ့များ နေမယ်ဆိုရင် ကိုယ့် ကာမပိုင်မယားက လွဲပြီး၊ ဘယ်မိန်းမကိုမဆို ပျိုပျို၊ အိုအို၊ ကြီးကြီး၊ ငယ်ငယ် ကျူးလွန်ဖျက်ဆီးခြင်းကို အသက်ထက်ဆုံး ရှောင်ကျဉ်ပါမယ်လို့ မေမေ့ကို ဂတိပေးနိုင်ပါ့မလား' လို့မေးတယ်။ 'ပေးနိုင်ပါတယ် မေမေရယ်၊ သားလည်းကိုယ်ချင်းစာတတ်ပါတယ်။ ကိုယ့်သမီးလေးကို ဒီလိုဖျက်ဆီးရင် ကြိုက်မလား၊ ကိုယ့်နှမလေးကို ဒီလိုဖျက်ဆီးရင် ကြိုက်ပါ့မလား၊ ကိုယ်မကြိုက်ရင် သူများကိုလဲ ဘာဖြစ်လို့ ဖျက်ဆီးရမှာလဲ မေမေ' လို့ သားက ပြန်ဖြေတယ်။ မခင်မေက သာဓု သုံးကြိမ်ခေါ်တယ်။

အဲဒီလို သာဓုသုံးကြိမ်ခေါ်ပြီးတော့မှ အမေလုပ်သူက 'လူကလေးကို ပြောလက်စနဲ့ ပြောရဦးမယ်၊ လူကလေးနဲ့မခင်လှဟာ ငယ်ငယ်ကလေးက သူငယ်ချင်းဖြစ်လာကြတယ်။ အခုဆိုရင် နှစ်ယောက်စလုံးဟာ အရွယ်ကလေးတွေ ရောက်လာကြပြီ၊ အဲဒီတော့ ရှေ့ကို လူကလေးဟာ အဲဒီမခင်လှကလေးကို ကိုယ့်ညီမအရင်းလို ဆက်ပြီးစောင့်ရှောက်နိုင်ပါ့မလား' လို့မေးတယ်။ 'စိတ်ချပါမေမေ' လို့ မောင်မြင့်ဆွေက ဖြေတယ်။

ဦးနု
မြန်မာနိုင်ငံဝန်ကြီးချုပ်ဟောင်


ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီး ၁၉၆၂ခုမှ၁၉၆၇ အကျဉ်းချခံထားသည့် ကာလတွင်  ၁၇ဧပြီ၁၉၆၃တွင် စတင်ရေးသားခဲ့ပြီး၊ ဘာသာရေးစာပေအဖြစ် ၁၉၆၇တွင် ထုတ်ဝေခဲ့သည်။ (ကာမတဏှာ ဟု Google မှ ရှာဖွေဖတ်ရှုနိုင်သည်)။ အကျင့်ပျက်နိုင်ငံခေါင်းဆောင် ဦးနေဝင်းလက်ထက်တွင် အကြိမ်များစွာ၊ ဘာသာရေးစာပေအဖြစ် ထုတ်ဝေခွင့်ရခဲ့သည်။ န.အ.ဖ လက်ထက် ၂၀၀၀တွင် ထပ်မံထုတ်ဝေခဲ့သည်။ ဦးနုသည် ဂျပန်ခေတ်ကတည်းက ပျော်ပါး၊အကျင့်ပျက်မှုများရှိသော ဗိုလ်ချုပ်နေဝင်းကို မထုတ်ပယ်နိုင်ပဲ၊ ယုံကြည်မှုပင်ရှိလာသောကြောင့် နိုင်ငံတော်အာဏာ စစ်အာဏာရှင်ဦးနေဝင်းလက်သို့ ရောက်ခဲ့ရခြင်းသည် ..မည်သူ့တွင်တာဝန်ရှိပါသနည်။ အာဏာနှင့်ငွေကို တက်မက်ခြင်းသည် လူဗီဇဖြစ်သော်လည်း မိမိသမိုင်းကို မိမိသာလျှင်ရေးသားနေသောကြောင့် ကျွင်္နုပ်တွင်တာဝန်ရှိသည်ဟုခံယူမိပါကြောင်း၊ အယ်ဒီတာ(မုရန်)
 အကြောင်းမူကား၊ ငွေကိုတပ်မက် ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ (၁တိ၆း၇) 
 For the love of money is a root of all kinds of evil. 1Timothy6:10

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...