Friday, August 16, 2013

နှလုံးသား ဒိုင်ယာယီ (၈)

August 15, 2013 at 6:34am


ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို သန္ဓေတည်မွေးဖွားခဲ့ခြင်းမှာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ကျနော်ကြုံတွေ့ရသော ခလရ(၁၈) ၏ အတွေ့အကြုံမှာ အောက်ပါအတိုင်းဖြစ်သည်-


အာဏာရှင်စနစ်၏ သက်ရောက်မှုများမှာ ကြောက်မက်ဖွယ်ရာအဖြစ် ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်။ ကျနော် တာဝန်ထမ်းဆောင်ချိန်က အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှာ ဗိုလ်ချုပ်မြင့်အောင် ဖြစ်သည်။ ခလရ(၁၈) တပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီး လှဝင်း ဖြစ်သည်။ ကျနော်တို့ တပ်များက မပခ နယ်မြေတွင် စစ်ဆင်ရေး ဝင်ရသည်။ ထိုစဉ်က ကချင်ပြည်နယ် တိုင်းမှူးမှာ မင်းသားမှာ ရွှေဘ လက်သီးမှာ ကျော်ဘ ဟူ၍  ဖြစ်သည်။ ဗျူဟာရုံးကိုတော့ မိုးကောင်းတွင် အခြေစိုက်ထားသည်။ ခလရ(၁၈)မှ ရှေ့တန်းထွက်သည်နှင့် ဟင်္သာ ရွှေပြောင်ပြောင်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကို ဇက်သင်္ဘောဖြင့်ဖြတ်ကူးပြီး သာရဝေါဘူတာသို့ ရောက်လေသည်။ ထိုမှတဖန် အထူးစစ်ရထားဖြင့် ရန်ကုန်ထိ သွားခဲ့ရပြီး ရန်ကုန်မှ မြစ်ကြီးနားသို့ ရထား ဆက်စီး သွားရသည်။ မြစ်ကြီးနားမြို့ရောက်မှ စစ်ကြောင်းများ ခွဲကြသည်။ တချို့က ရထားလုံခြုံရေးတာဝန် ယူကြရသည်။ ကျနော်တို့ စစ်ကြောင်း (၂) ကတော့ လှုပ်ရှား တာဝန်ကျသည်။ လှုပ်ရှားထွက်ရမည့် ခွင်မှာ ဆင်ဘို၊ တာလောကြီး ခွင်ဖြစ်သည်။

ထိုအချိန်က နယ်မြေဆိုးသွမ်းသော အချိန်ဖြစ်သည်။ ရထားများ ရှေ့တွင် မိုင်းခံတွဲများ ထား၍ ရထားခုတ် မောင်း ကြရသည်။ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရသောကြောင့် ဖြစ်သည်။ ကျနော်တို့ ဦးစွာ ရောက်သည့် ရွာမှာ နန့်ဆော်လော်ရွာ ဖြစ်သည်။ အများစုမှာ ရှမ်းလူမျိုးများ နေထိုင်ကြသည်။ ကျနော်တို့ စစ်ကြောင်းမှူး အမည်ကိုတော့ ကောင်းစွာ မမှတ်မိ။ ၁၉၉၃ ခုနှစ်လောက်တွင် သာစည်မြို့နယ် မဝတ ဥက္ကဌ ဖြစ်သွားသည် ဟု နောက်ပိုင်းကြားသိရသည်။ စစ်ကြောင်းမှူးမှာ အိမ်ထောင်ရှင်တဦး ဖြစ်သော်လည်း စစ်ဆင်ရေးကာလအတွင်း သူနှင့်အတူနေထိုင်ရန် အမျိုးသမီးတဦးကို ငှားရမ်းခဲ့သည်။ စစ်ဆင်ရေး ၆ လတာ ကာလပတ်လုံး ထိုအမျိုးသမီး မှာ သူနှင့်အတူ နေပေးရမည် ဖြစ်သည်။ စစ်ဆင်ရေးကာလအတွင်း ရောက်လေရာ ဒေသအတွင်း သူတို့နေထိုင် ရန်အတွက် တဲအိမ်များ အမြဲတမ်းဆောက်ပေးရသလို လုံခြုံရေးအတွက်လည်း ကင်းကမပြတ်။ အာဏာရှင် တဏှာရူး တဦးလည်း ဖြစ်သည်။ ကျနော်တို့ စစ်ကြောင်းက ရွာများသို့ဝင်လျှင် ပေါ်တာဆင့်ခေါ်လေ့ရှိသည်။ ခေါ်၍ မရလျှင် တွေ့ရာလူကို ဖမ်းကာ ဝန်များထမ်းခိုင်းစေသည်။ ထမ်းပိုးရသည့် ဝန်ထုပ်ဝန်ပိုးမှာ ကီလို ၅၀ ခန့် အလေးချိန်ရှိသည်။ ငွေရှိသူတချို့ကတော့ ပေါ်တာလူငှား ၍ ထည့်ကြသည်။ အငှားခံရသူ အများစုမှာ ဘိန်းသမားများဟု ဆိုရမည်။

စစ်ကြောင်းနားသောအခါ အလုပ်ရှုပ်နေသော ပေါ်တာများကို ငေးကြည့်ရင်း အံ့သြမင်တက်မိခဲ့ရသည်။ အုပ်စု လိုက် ဝိုင်းထိုင်နေပြီး အချို့က ငှက်ပျောရွက် အနုများကို ပါးပါးလှီးကြသည်။ ထို့နောက် ထိုငှက်ပျောရွက်ကို ခြောက်သွေ့စေရန် မီးကင်ကြသည်။ တဦးကတော့ ကြေးဇွန်းကြီးကို မီးနှင့်အပူပေးပြီး ဘိန်းမဲကို ထည့်ကာ ဆူပွက်စေသည်။ ဆူပွက်လာသည့် ဘိန်းအရည်နှင့် ငှက်ပျောရွက်နုနုကို သမအောင်မွှေလိုက်ကြသည်။ စေးပျစ် ၍ လုံးယူနိုင်သောအခါ ထိုဘိန်းမဲများကို အလုံးများ လုံးလိုက်ကြသည်။ ထိုအလုံးများကို ခွဲတမ်းပြန်ချကြသည်။ ထို့နောက် ပါးစပ်တွင် ဝါးပြောင်းစွပ်လိုက်သည်။ ဝါးပြောင်းထိပ်ပေါ်ရှိ  အပေါက်ကလေးပေါ်သို့ ထိုဘိန်းမဲ အလုံးကို မီးစဖြင့် ထိုးပြီး ရှူသွင်းလိုက်သည့်အသံမှာ “ခရော… ခရော” ဟူ၍ မြည်နေသည်။ ထိုဝါးပြောင်းမှာ တဦးပြီးတဦး လှည့်လည်သွားလာလှုပ်ရှားနေရသည်။ ထိုအဖွဲ့မှာ ဘိန်းမဲရှူသော အဖွဲ့ဖြစ်သည်။ နောက်တဖွဲ့က ဘိန်းမရှူ။ အသားထဲသို့ ထိုးသွင်းကြသည်။ ပင်နင်ဆလင် ပုလင်းတလုံးလျှင် ထိုအချိန်က ၁၅၀၀ ကျပ်သာ တန်ဖိုးရှိသည်။ တပ်စိတ်မှူးများကလည်း ဘိန်းထိုးမည့်သူများနှင့် အလုပ်ရှုပ်နေကြသည်။ ဘိန်းထိုးမည့်သူနား ချဉ်းကပ်ပြီး ဘိန်းဖြူ ပင်နင်ဆလင် အဖုံးတဖုံးစီ လိုက်လံတောင်းခံသည်။ မပေးလျှင် ပြဿနာရှာမည်စိုးသော ကြောင့် အားလုံးပေးကြရသည်သာ။ ထိုဘိန်းဖြူမှုန့်များကို သိမ်းဆည်းထားပြီး ဘိန်းပြတ်သောအခါ ဈေးတင် ၍ ထိုဘိန်းသမားများထံ ပြန်ရောင်းပြီး ဝင်ငွေရှာသည်။ ဘိန်းဖြူထိုးသူများမှာ လက်ဖဝါးအတွင်းသို့ ရေအနည်းငယ် ထည့်ပြီး ဘိန်းဖြူရောကာ အပ်ဖြင့်စုပ်ယူလိုက်သည်။ လူက ဆောင်ကြောင့်ထိုင်လိုက်ပြီး ဒူးအောက်သို့ လက်လျှိုထည့်ကာ အကြောကိုကြည့်သည်။ ထိုပေါ်လာသော အကြောတွင်းသို့ ထိုးသွင်းလိုက်ကြသည်။ အကြောရှာမရသော အချို့က လည်ပင်းကြော လိင်အင်္ဂါပေါ်မှာ အကြောများပါမကျန် ရရာနေရာတွင် ထိုးသွင်း တတ်ကြသည်။ အပ်တန်းလန်းဖြင့် သေဆုံးသူတွေလည်း မနည်း။ ဘိန်းချေးပန်းသည့် အနံ့မှာလည်း ဆိုးဝါးလွန်း လှသည်။ ပေါ်တာများမှာ ဘိန်းစားပြီး စစ်ကြောင်းထွက်သောအခါ မနိုင်ဝန်များကိုပင် ထမ်းနိုင်ကြသည်။ ဘိန်းပြတ်လျှင်တော့ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ဘဲ ထိုနေရာတွင်ပင် လဲကျသွားတတ်သည်။ စာနာစိတ် ကင်းမဲ့သောသူများက ထုရိုက်ကြသည်။ ဘိန်းပြတ်နေသူကလည်း မည်သို့ပင်လုပ်လုပ် မထတော့။ နောက်ဆုံး စွန့်ပစ်ထားခဲ့သည်လည်း ရှိသလို ပစ်သတ်လိုက်သည်ကိုလည်း ကြုံဖူးသည်။ နောက်ထပ်ကြုံတွေ့ ရသော စစ်ကြောင်းမှူးက အပြောအဟောကောင်းသည်။ အမည်ကိုကား မမှတ်မိ။ ငယ်စဉ်က ဖတ်ခဲ့ရသော “ပြာလောင်”   ကာတွန်း ဇာတ်ကောင်ဖန်တီးရှင် ဖြစ်သည်ဟု သိရသည်။ ကချင်ပြည်နယ်မှာ သွားရေးလာရေး ခက်ခဲကြမ်းတမ်းသည်။ အဓိက ငှက်ဖျားနှင့် ဆင်ဝဲမှာ အဆိုးဆုံးဖြစ်သည်။ တောင်တက်ပြီဆိုလျှင် တနေကုန် တက်ရသလို ကွင်းပြင်ဖြတ်လျှင်လည်း မနားတမ်း ကွင်းပြင်ကျယ် ခရီးရှည်ကြီးကို ဖြတ်ရသည်။ ချမ်းအေးသည့် ရာသီဥတုဒဏ်ကိုလည်း အလူးအလဲ ခံခဲ့ကြရသည်။ ထိုသို့ရဲဘော်များ ခက်ခဲကြမ်းတမ်းစွာ သွားလာလှုပ်ရှား နေရသည့် အထဲ စစ်ကြောင်းမှူးက ဘုရင်တဆူကဲ့သို့ သူ့ကို ဝေါဖြင့်ထမ်း၍ ခရီးဆက်ရသည်။ ပွိုင့်က တမျိုး သူ့ကိုထမ်းရသည်က အလုပ်တဖက်။ ဗိုလ်ကျစိုးမိုးမှုကို ခါးစည်းခံနေကြရသည့် ရဲဘော်တို့ဘဝမှာ မည်သို့ ဆိုဖွယ်ရာ ရှိမည်နည်း။

တာလောကြီးခွင်ရှိ ငှက်ပျောတော ရွာလေးသို့ ရောက်ပြန်တော့ အဖြစ်အပျက်တခုကို မျက်မြင်ကိုယ်တွေ့ ထပ်မံ ကြုံရပြန်သည်။ ငှက်ပျောတော ရွာသူ ခေါ်နူး မှာ ကချင်အမျိုးသမီး အပျိုစင်တဦး ဖြစ်သလို ချောမောလှပသော ကြောင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ကဲ့သို့ ဖြစ်နေသည်။ သူ့ကို KIA အရာရှိတဦးမှ တော်ကောက်ရန် ကမ်းလှမ်းထားကြောင်း သတင်းရသဖြင့် တပ်ခွဲမှူးက ခေါ်နူးကို ခေါ်ယူပြီး “နင်က KIA ရဲ့ သူလျှိုဖြစ်တယ်.. ဒါကြောင့် ဖမ်းရမယ်” ဟု အကြပ်ကိုင်သည်။ ပုဒ်မ ၁၇(၁) အရ ထောင်ကျနိုင်ကြောင်း ပြောဆို ခြိမ်းခြောက် သည်။ ခေါ်နူးကား မည်သို့မျှ ငြင်းဆိုမရ။ တပ်ခွဲမှူးနှင့် ပျော်ပါးလိုက်ရမှ အမှုက ထိုနေရာတွင် ပြီးဆုံးသွားသည်။ KIA တပ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်စဉ်ကလည်း ရွာသူရွာသားများကို ဒိုင်းသဖွယ် ရှေ့ဆုံးက တက်စေ ပြီး KIA တပ်များကလည်း ရွာသူရွာသားများ ထိခိုက်မည်စိုးသောကြောင့် စခန်းကို စွန့်ခွာသွားကြသည့် အဖြစ် ကိုလည်း ကြုံဖူးသည်။ ပြည်သူလူထုနှင့် ရဲဘော်များအပေါ် ဗိုလ်ကျလွှမ်းမိုး အနိုင်ကျင့်စော်ကားလာသည့် ဖြစ်ရပ်များကြောင့် ရင်တွင်းအနာတို့မှာ အစိုင်အခဲမှတဆင့် ပွင့်အံထွက်ရန် အရှိန်ယူနေခဲ့တော့သည်။


မှတ်ချက်။ တပ်မတော်အား အမုန်းပွားရန် အတွက် ရည်ရွယ် ရေးသားခြင်းမဟုတ်။ နောက်နောင် ထိုကဲ့သို့ ဖြစ်ရပ်ဆိုးများ မကြုံစေရေးအတွက် သတိထားဆင်ခြင်နိုင်ရန် ရေးသားရခြင်းသာ ဖြစ်ပေသည်။

အုပ်ကြီးဖေ
၁၅-၈-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...