Friday, August 9, 2013

နှလုံးသား ဒိုင်ယာယီ (၆)

August 8, 2013 at 6:12am


၁၉၉၆ မတ်လ ၃၀ ရက် ……
ဘဝဇာတ်ဆရာက ‘ငါ့ရဲ့ဒဏ်ကို မင်းခံပေအုံး’ လို့ ကျိန်စာတိုက်ခဲ့လေသလားမသိ။ ဒုက္ခ များစွာကို ခါးစည်းခံခဲ့ ရပြန်သည်။


နွေရာသီကျောင်းပိတ်ရက် ဖြစ်သောကြောင့် ရှေ့တန်းစစ်မြေပြင်သို့ထွက်ရန် ပြင်ဆင်ရတော့သည်။ လိုက်ပါ သွားရမည့်အဖွဲ့က စတင်တောခိုစဉ်က ဆုံစည်းခဲ့ရသော အမှတ်(၃)ခရိုင် ထိုတပ်တွင် တပ်ခွဲမှူးအဖြစ် တာဝန် ထမ်းဆောင်နေသော သူမှာ ကျနော်နှင့် ယောက်ဖတော်စပ် သူ။ ရှေ့တန်းစစ်မြေပြင်ဆိုသော်လည်း တောထဲ တောင်ထဲ လူသူလေးပါး ကင်းရှင်းသော ဒေသမျိုးမဟုတ်။ သံလွင်မြစ်အနောက်ဖက်ကမ်းရှိ လွိုင်ကော်၊ ဒီမောဆိုး၊ ဖရူဆို စသည့် မြို့ရွာများ အနီးအနားသို့ သွားလာလှုပ်ရှားရခြင်း ဖြစ်သည်။ မရောက်တာကြာပြီ ဖြစ်သောကြောင့်လည်း စိတ်တို့က တက်ကြွလန်းဆန်းနေသည်။ ဇနီးသည်ကတော့ ထိုခရီးစဉ်ကို သဘောမတူ။ ဖြစ်နိုင်လျှင် မသွားဘဲနေရန် ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် ဗေဒင်ပညာတွင် ကျွမ်းကျင်သူတဦးက ‘နင့်ယောက်ျားက အသက် (၂၄)နှစ် မကျော်ဘူး.. မယုံမရှိနဲ့ သေကိုသေရမယ် ..’ ဟု ဟောလိုက်သောကြောင့် ဖြစ်သည်။ ကျနော်ကတော့ မယုံကြည်။ ဖြစ်ချင်တာဖြစ် လုပ်လိုက်ရမှသာလျှင် ကျေနပ်တတ်သူတယောက်။ ဇနီးသည်နှင့် သားသမီးများကို ဥပေက္ခာပြုပြီး ခရီးစဉ်ကို စတင်ထွက်ခွာခဲ့သည်။ ၂၄  နှစ်ပြည့်ရန်ကား အနည်းငယ်သာ လိုတော့သည်။ တတောဝင်တတောင်ထွက် ခရီးကြမ်းနှင်ခဲ့ကြရာ နောက်ဆုံး သံလွင်မြစ်ကမ်း နံဘေးရှိ ရွာလေးတရွာသို့ ရောက်ရှိခဲ့သည်။ စစ်ပူကာလဖြစ်သောကြောင့် ရွာအတော်များများ မရှိကြ။ နီးစပ်ရာ ထိုင်းနိုင်ငံထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်နေကြသည်။ ရောက်သွားသောရွာတွင် မွေးမြူထားသော တိရစ္ဆာန်  နှင့် အိမ်စောင့်ရှောက်ရန် ရွာသားအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ လမ်းခရီးတလျှောက်တွင်လည်း ဟင်းစား ရှာမရ။ ထို့ကြောင့် ဆားနှင့်ထမင်းသာ နှစ်ပါးသွားခဲ့ရသည့် ရက်က ပိုများသည်။ ရွာရောက်တော့ ရဲဘော်လေး တဦးက သူ့ထံတွင် ရှိသော ငွေ ၁၅၀၀ ကျပ်ဖြင့် ဝက်ဖြူလေးတကောင်ကို ဝယ်ပြီး ပေါ်စားဖြစ်ခဲ့သည်။ ငတ်လာ ၍  လားမသိ။ မြိန်ယှက်စွာ စားသောက်ကြသည်မှာ ဘီလူးများ ဝင်စီးနေသကဲ့သို့ဖြစ်သည်။ ညပိုင်းရောက်သော အခါ ရဲဘော်အချို့က ကင်းစောင့်ပြီး ကျန်သူတချို့က ထွေရာလေးပါးပွားကြရင်း အိပ်မောကျသွားသည်။ နံနက် ၄ နာရီလောက် ကျနော်အိပ်ရာမှ လန့်ကာနိုးတော့ တကိုယ်လုံး ချွေးစေးတို့က အထိန်းအကွပ်မဲ့စွာ စီးဆင်း လျက်။ ကြောက်စိတ်တွေလွှမ်းမိုးနေသည်။ မြင်မက်ခဲ့သည့် အိပ်မက်ကို တွေးကြည့်မိပြန်တိုင်း ကြက်သီးပင် တဖြန်းဖြန်းထခဲ့ရသည်။ အိပ်မက်မှာ သံလွင်မြစ်ကြီးကို ခေါင်းအုံးဖက် ၍  ကူးနေရသည်မှာ မောပန်းလွန်း နေသည် ဟူ ၍  ဖြစ်သည်။ ဆာလောင်နေသော ဝမ်းမီးငြိမ်းသတ်ရန်အတွက် မီးဖိုပေါ်တင်ထားသော အိုးထဲမှ ဟင်းကို ခပ်မြည်းကြည့်ပြန်တော့ အာတွေယားကုန်သည်။ နိုးထနေသော ရဲဘော်တို့ ဝိုင်းရယ်မှ မီးဖိုကို သေချာ ပြန်ကြည့်မိသည်။ ဟင်းအိုးကား မဟုတ်။ ဝက်များကြွေးရန်အတွက် ငှက်ပျောပင်နှင့် ပိန်းပင်များ ဖြစ်နေသည်။ မျက်လုံးမှောက်သည်ဟု ဆိုရပေတော့မည်။ မြင်မက်ခဲ့ရသည့် အိပ်မက်အကြောင်းအရာများကို ရဲဘော်များထံ ပြန်လည် ဖောက်သည်ချမိလိုက်သောအခါ အငယ်မှ ‘ဆရာ့ အိပ်မက်အရဆိုရင်တော့ မကောင်းဘူး သေမလား တော့ မသိဘူး .. ကျနော်တို့ဆီမှာတော့ ရေနစ်သေတဲ့သူတွေ သူအိပ်တဲ့ခေါင်းအုံးနဲ့ ရေထဲမျှောပြီး အလောင်း ပြန်ရှာရတာ” ဟု ဆိုလာတော့ ပို ၍  ပင် လန့်ဖျတ်သွားရသည်။

အငယ်ထံမှလည်း စကားသံများ ပွင့်အံလာပြန်သည်။ ‘ဆရာ့ကို ပြောသာပြောရတာ ကျနော်လည်း အတူတူပါပဲ အိပ်မက်တွေက ဆိုးဝါးလွန်းလိုက်တာ ညက အဖေနဲ့ဦးလေးကိုလည်း တွေ့လိုက်ရသေးတယ်.. ကျနော့်ကို လည်း လာခေါ်လေသလားမသိ အဖေရယ် ဦးလေးရယ်က ဒီသံလွင်မြစ်ကြိးမှာပဲ ဆုံးသွားကြတာလေ … ဘာတွေဆက်ဖြစ်အုံးမလဲဆိုတာ မတွေးရဲလောက်အောင်ပါပဲဗျာ ..အမေ့ကိုလည်း ကျနော် အရမ်းလွမ်းနေမိ တယ်… ဘာပဲဖြစ်ဖြစ် ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ လို့ မှတ်ရတော့မှာပဲ’ ဟု သူကပြောလာပြန်သည်။ ကျနော်တို့လည်း ရည်မှန်းချက်ပန်းတိုင် ရောက်ရန်အတွက် ဆက်လက်ချီတက်ကြရပြန်သည်။ သံလွင်မြစ်၏ မြည်ဟီးသံကို ခပ်ဝေးဝေးကပင် အတိုင်းသား ကြားနေရသည်။ အနည်းငယ် ခရီူးဆက်လိုက်သည်နှင့် သံလွင်မြစ်က ကျနော်တို့ကို ဆီးကြိုနေသည်။ သံလွင်မြစ်တဖက်ခြမ်းတွင် ရဲဘော်တချို့ရှိသည်။ နွေရာသီ မြစ်ရေပြင်မှာ ကျဉ်းမြောင်းသောကြောင့် လှမ်းအော်နှုတ်ဆက် ၍ ပင်ကြားရသည်။ မြစ်ကိုဖြတ်ကူးရန် လှေက မရှိ။ အစိုးရတပ်နှင့်တိုးကာ ခုတ်ထစ်နစ်မြှုပ်ပစ်လိုက်ကြသည်။ တဖက်ကမ်းရှိ ရဲဘော်တို့ကလည်း စခန်းဟောင်း တွင် ကျန်ရစ်ခဲ့သော ဝက်ကြီးကို သတ်စားပစ်လိုက်ကြရန် စက်ဖြင့် အကြောင်းကြားလာကြပြန်သည်။ လက်စွဲတော် ကာဘိုင်ကို ယူပြီး ဝက်ရှာတော်ပုံခရီးကို ကျနော်ဖွင့်လိုက်မိသည်။ သိပ်မရှာလိုက်ရ ဝက်ကြီးကို လှမ်းတွေ့လိုက်ရသည်နှင့် ကာဘိုင်ကို မောင်းတင်ကာ မျက်လုံး ၂ လုံးကြား သေချာစွာ ချိန်တွယ်ပြီး ပစ်လိုက်မိ သည်။ ကျည်ကမထွက် ။ ကျည်အသည်ဟုအထင်နှင့် မောင်းတင်ကာ ထပ်တလဲလဲ ပစ်မိသည်။ မည်သို့ပင် ပစ်ပစ် ကျည်ကမထွက်။ သေနတ်ကို ကိုင်ရင်းတွေဝေသွားသည်။ ဝက်ကြီးအနီးသို့ ချဉ်းကပ်သွားပြီး ဦးခေါင်းကို ပစ်ရန် ခလုတ်ဆွဲခါနီး ဝက်ကြီး၏ မော့ကြည့်သည့် မျက်လုံးဒဏ်ကို ကျနော်ရင်မဆိုင်ရဲခဲ့။ သေချာကြည့်လိုက် တော့ နေ့စေ့လစေ့ မွေးဖွားခါနီး ဝက်မကြီးဖြစ်နေသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည်။ မပစ်ရက်တော့။ ကျနော့်ကြောင့် သူတကောင်တည်းသေဆုံးသွားမည်မဟုတ်။ သူ၏ရင်သွေးများ ဆက် ၍  မစဉ်းစားရဲ။ နောက်ကြောင်းသို့ သုတ်ခြေတင်လိုက်ရသည်။ မိခင် မေတ္တာသည် မည်မျှကြီးမားမြင့်မြတ်ကြောင်း ဘဝနှင့် ရင်း ၍ ကျနော်သိရှိလိုက်ရသည်။ မလှမ်းမကမ်း မီးဖိုအဟောင်းထဲတွင် ဟိုရှာဒီရှာ ရှာနေသည့် အငယ်ကို တွေ့လိုက် ရသည်။ ‘ဘာလုပ်နေတာလဲကွ’ ဟုကျနော်လှမ်းမေးလိုက်တော့ သူက ‘ဒီမှာကြည့်စမ်းပါအုံး မီးဖိုထဲဝင်လာတဲ့ ရန်သူ မိုင်းနင်းမိသွားပြီထင်တယ် အသားစတွေ ထရံမှာကပ်နေတာ အများကြီးပဲ အဲဒါ ကျနော် မြည်းကြည့် နေတာ’ ဟု ဆိုလိုက်တော့ ‘အငယ်ရေ ပေါက်ကရတွေတော့ မလုပ်နဲ့ ဟိုဘက်ကမ်းကူးဖို့ ဖောင်လုပ်ရအုံးမယ်’ ဟုဆိုကာ ခေါ်လာခဲ့ရသည်။ မြစ်ကမ်းနံဘေးရှိ သဲပြင်တို့မှာ အပူရှိပြင်းလွန်းသောကြောင့် တရှိန်ရှိန်နှင့် တံလျှပ် များပင် ထနေသည်။ ဝါးလုံးခေါင်းပေါက်ထဲမှ ဖမ်းမိသော ကြွက်ငယ်တကောင်ကို အငယ်က သဲတွင်းသို့ ထိုးသွင်းလိုက် အမွှေးနှုတ်လိုက်နှင့် လုပ်နေသေးသည်။ ကျနော်နှင့် ရဲဘော်တချို့ကတော့ ဖောင်ဖွဲ့နေကြသည်။ အစိုးရတပ်က ဘယ်အချိန် လာဝိုင်းထားသည်မသိ။ သေနတ်သံကြားတော့ ပြေးရန်နေရာ မရှိတော့ ။ ဖောင်ပေါ်တက်ကာ ရေထဲဆင်းပြေးကြရတော့သည်။ ရေစီးက သန်သလို စုတ်ဝဲမှုတ်ဝဲကြား ဖောင်လေးက ရေရှည်မခံ တစစီကွဲသွားရှာတော့သည်။ ကျနော့်လက်ထဲမှာတော့ M16 တလက်၊ ဝါးတလုံး။ ကျန်သူတွေက ကိုယ်လွတ်လက်လွတ် ဖြစ်ကုန်ကြသည်။ မြန်ဆန်သော ရေစီးကြောင်းအကြား မြုပ်လိုက်ပေါ်လိုက်နှင့် အငယ်က ခွန်အားဗလကောင်းသောကြောင့် ရေထဲမှာ အချိန်တော်တော်ကြာ ကူးခတ်နိုင်သည်။ အရှေ့ဘက်ကမ်းသို့ ကူးသွားသည်မှာ မြန်ဆန်လွန်းနေသည်။ မည်သို့ စိတ်ကူးပေါက်သွားသည်မသိ။ ရေထဲ ကျန်ရစ်ခဲ့သည့် ရဲဘော်တွေကို ကြည့်ရင်း တဖန်ပြန်လည်ကူးခတ်ပြီး ကူညီရန်လာသောအခါ ခွန်အားတို့ ကုန်ဆုံး ၍ သံလွင်မြစ်ကြီးကို အရှုံးပေးလိုက်ရသည်။ တကိုယ်ကောင်းမဆန်သော အငယ်ပင်ဖြစ်သည်ဟု ဆိုရပေမည်။ မြစ်ရေမှာ အေးလွန်းသောကြောင့် ကျနော့်ခြေလက်များ ကပ် ၍ပင်လာလေသည်။ တောင်နီအနီး သို့ ချဉ်းကပ်လာတော့ ရေစီးက ပိုမြန်သလို ဝဲများကလည်း ပို ၍များလာသည်။ သေမည့်အတူတူ မထူးဟု ယူဆပြီး ဝါးလုံးကို ကမ်းဘက်သို့ ထိုးလိုက်ကူးလိုက်နှင့် ကမ်းနှင့် အလွန်ပင် နီးကပ်လာတော့သည်။ တွေဝေ မနေတော့။ ဝါးလုံးကို လွှတ် မျက်လုံးကို စုံမှိတ် ကမ်းရှိရာသို့ မှန်းဆ ၍ အားသွန်ခွန်စိုက် ကူးလိုက်သည်။ ကျောက်ဆောင်နှင့် လက် ရိုက်မိလျက်သား ဖြစ်သွားသည်။ ကုန်းပေါ်သို့အတင်းကုန်းတက်ပြီး အသက်ကို လုရှူနေရသည်။ ဝမ်းသည်လည်း ဖောင်းကားနေသည်။ ရေမည်မျှ ဝင်ရောက်ခဲ့သည်ကိုပင် မသိတော့။ လက်ညှိုးဖြင့် အာခေါင်ကို နှိုက်ပြီး အန်ထုတ်လိုက်မှ နေသာထိုင်သာ ရှိသွားသည်။ အေးမြမြလေကြောင့် လူမှာ အတော်ပင် ခိုက်ခိုက်တုန်နေသည်။ ခန္ဓာကိုယ်တခုလုံး ဘောင်းဘီတိုလေး တထည်သာ။ သဲပြင်ကို လက်ဖြင့် တူးဆွကာ ခန္ဓာကိုယ်ကို ပြန်လည်ဖုံးလွှမ်းလိုက်သည်။ သွေးသားများ ပုံမှန် ပြန်လည် လည်ပတ်စေရန် အတွက် သဲအပူရှိန်ဖြင့် ပြန်လည် နှိုးဆွခြင်းလည်း ဖြစ်သည်။ နာရီဝက်ခန့်အကြာ ခန္ဓာကိုယ်တခုလုံး နွေးထွေးပြီး အကြောအခြင်တွေလည်း ပုံမှန်ပြန်ဖြစ်သွားပုံရသည်။ ဝါးလုံးခြောက်တချောင်းကို အဖော်ပြုရင်း ခရီးဆက်ခဲ့ ရပြန်သည်။ ည ၈ နာရီ ဝန်းကျင်လောက်တွင်တော့ လိုက်လံရှာဖွေသော အဖွဲ့နှင့် တိုးတော့သည်။ ကျနော့်ကို မြင်တော့ အားလုံး အံ့အားသင့်နေကြသည်။ အဝတ်နှင့် စောင်များယူလာပြီး လွှမ်းခြုံပေးလိုက်ကြသည်။ ချက်ပြုတ်ထားသည်များကိုလည်း ခူးခပ်ကျွေးမွေးကြပြန်သည်။ ထိုနောက်မှ စကားဆိုလာကြသည်။ ‘အားလုံး သေသွားပြီလို့ တွက်ထားတာ အသက်ရှင်လျက်ပြန်တွေ့ရမယ်လို့တောင် ထင်မထားဘူး ကျနော်တို့လည်း လိုက်ရှာရင်း မတွေ့တော့လို့ လက်လျှော့လိုက်ကြတာ သေကံမရောက် သက်မပျောက်ဆိုတာ အဟုတ်ပဲဗျာ’ ဟု ပြောလိုက်သော စကားသံသည် ယနေ့တိုင်အမှတ်တရ ရှိနေဆဲ။ အထီးကျန်စွာဖြင့် သံလွင်မြစ်ကမ်းနံဘေး ၇ ရက်တာ ကာလကို ဖြတ်သန်းလိုက်ရသည်။ ထိုင်းမြန်မာနယ်စပ် ပြန်မည့် ဆရာ ငါးရယ် (ယခုဖင်လန်နိုင်ငံတွင် အခြေချနေသူ) နှင့် တွေ့ဆုံ ၍ မိသားစုထံ ပြန်လည်ပေါင်းစည်းလိုက်ရခြင်း ဖြစ်သည်။

တကိုယ်ကောင်းမဆန် သတ္တိပြောင်မြောက်စွာဖြင့် ကျဆုံးသွားသော အငယ် (နောင်ယား) နှင့် ကျေးဇူးတင် ထိုက်သူ အားလုံးအား ကျေးဇူးတင်လျက် ….။
(ဆက်ပါဦးမည် )

အုပ်ကြီးဖေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...