Friday, August 30, 2013

ရှစ်လေးလုံး ၂၅ နှစ်ပြည့်ချိန်နဲ့ ဘကြီးလှခင်


ကျွန်တော်ရေးချင်တဲ့ အဘ ဆိုတာက၊ ဟို “အဘ”တွေအကြောင်းမဟုတ်ပါဘူး။ သိပ်ချစ်စရာကောင်းပြီး ကျနော်တို့က ဘကြီး လို့ခေါ်ကြတဲ့ အဘလှခင်အကြောင်းပါ။ ဘကြီးလှခင်က အရပ်နည်းနည်းပုတယ်၊ လက်ပြင်လည်း နည်းနည်းကိုင်းနေပြီး ကျွန်တော်စသိကတည်းက သွားတွေတော့ တော်တော်များများ မရှိရှာတော့ပါဘူး၊
မျက်နှာကလည်း အမြဲပြုံး ပြုံး၊ ပြုံးပြုံး နဲ့ ဆေးလိပ်တိုလေး လက်ကြားညှပ်လိုက်၊ ဖွာလိုက်နဲ့ ပျော်ပျော် နေတတ်သူတယောက်ပါ။
ဘကြီးက KNU တပ်မဟာ (၆) မှာ အခြေစိုက်တဲ့ ကျောင်းသားတပ်မတော်၊ တပ်ရင်း (၂၁၆)  (အရင်ကတော့ ၂၀၆)၊ တပ်ခွဲ (၃) ကပါ။ အဲဒီ တပ်ခွဲ (၃) က ကြာအင်း၊ ဆိပ်ကြီး ဒေသက လူတွေများတယ်။ ဘကြီးကိုယ်တိုင်လည်း ကြာအင်း၊ ဆိပ်ကြီးကပါဘဲ။ ရှစ်လေးလုံးအရေး တော်ပုံကြီးနောက်ပိုင်း ကျောင်းသားတွေ တော်တော်များများတောခိုလာကြတာဖြစ်ပေမယ့် ကျောင်းသားတပ်မတော်မှာ ဘကြီးတို့လို အသက်အရွယ်ရနေတဲ့ သူတွေလည်း ပါလာပါတယ်။ ဘကြီးက ၁၉၈၈ ကာလကဆို အသက် ၅၀ ၀န်းကျင် လောက်ရှိပြီပေါ့။

တပ်မဟာ (၆) မှာ တပ်ရင်း (၂၀၆) အဖြစ် ရှိစဉ်တုန်းက တပ်ခွဲ ၅ ခွဲရှိပြီး၊ တပ်ခွဲအလိုက် ကိုယ်ကျွမ်းကျင်တဲ့ နယ်မြေတွေမှာ အခြေစိုက်ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်မှာ တပ်ရင်း (၂၁၆) အဖြစ် ဖွဲ့အပြီးမှာတော့ တပ်ရင်းမှာ တပ်ခွဲတွေ ပြန်စုကြပြီး၊ ရှေ့တန်းထွက်ရင် တပ်ရင်းအလိုက် ပြန်ပေါင်းထွက်ကြပါတယ်။ နောက်ပိုင်းတော့ အဲဒီအချိန်က မြန်မာပြည် ဒီမိုကရက်တစ် တပ်ပေါင်းစု (DAB) အဖြစ် KNU နဲ့ ကျောင်းသားတပ်တွေ၊ တခြားမဟာမိတ်တပ်တွေ စုပေါင်းပြီး DAB စစ်ကြောင်းတွေအဖြစ် ပူးတွဲ စစ်ရေး လှုပ်ရှားကြတာများတယ်။

၁၉၉၀ မှာဘဲ ကျနော်တို့ တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံရွာနဲ့ ၂ နာရီ ခရီး လောက်ဝေးတဲ့ ကော့သနု ဆိုတဲ့နေရာက တောင်ကုန်းလေးတခုပေါ်မှာ စခန်းချပြီး အခြေစိုက်တော့၊ ဘကြီးကို မွေးမြူရေးတာဝန်ခံ ဆိုပြီး စခန်းမှာ တာဝန်ပေးလိုက်တယ်။ ဘကြီးတာဝန်က စခန်းကမွေးထားတဲ့ ကြက် တွေ၊ ၀က် တွေကို ထိန်းသိမ်းစောင့်ရှောက်ပေါ့။

ဘကြီးရဲ့ ထူးခြားချက်က စာရင်းနဲ့ ဇယား နဲ့ မှတ်မထားပေမယ့်၊ စခန်းမှာ မွေးထားတဲ့ကြက်မ ဘယ်နှစ်ကောင်၊ ကြက်ထီးဘယ်နှစ်ကောင်၊ သားခွဲမယ့်ကြက်မက ဘယ်နှစ်ကောင်၊ မိတ်လိုက်ပြီး မကြာမီ ၀ပ်တော့မယ့် ကြက်မက ဘယ်နှစ်ကောင်၊ ဥနေတဲ့ ကြက်မ က ဘယ်နှစ်ကောင်ဆိုပြီး သူ့မှတ်ဥာဏ်နဲ့ လက်တန်းပြောနိုင်ပါတယ်။ သူ့ Data base (အချက်အလက်သိုမှီးရာနေရာ) နဲ့သူပေါ့။

အသားမစားရတာကြာလို့ သွားပြောရင် ခုနလို သူ့ Data base ထဲက အချက်အလက်တွေကို လက်တန်းရေရွတ်၊ Analysis (ခွဲခြမ်းစိတ်ဖြာ) လုပ်၊ သုံးသပ်ပြီးတာနဲ့ ဘယ်ကြက်တွေတော့ စားလို့ရပြီဆိုပြီး အဖြေထုတ်ပေးရင် ကျနော်တို့လည်း အသားလေး ဘာလေး စားရပေါ့။ သူ့ကြက်တွေ၊ ၀က်တွေဆိုလည်း တပ်ရင်းက ရဲဘော်တွေရဲ့ နာမည်တွေ မှည့်ထားတတ်ပါတယ်၊ ကျွန်တော့နာမည်နဲ့ ကြက်တောင် ရှိလိုက်သေးတယ်။

ဘကြီးက မွေးမြူရေးတွင်မဟုတ်ပါဘူး၊ စားဖိုကိုလည်း တာဝန်ယူပေးပါတယ်။ သူကိုယ်တိုင် မချက်ပြုတ်နိုင်ပေမယ့် ထုတ်ပေးတဲ့ ရိက္ခာ၊ ဆန်၊ ဆီ၊ ငြုပ်၊ ကြက်သွန် တွေနဲ့ တပ်ရင်းတရင်းလုံး အဆင်ပြေပြေ စားသောက်နိုင်အောင် စီမံခန့်ခွဲပါတယ်။ လူဘယ်နှစ်ယောက်ဆို ပဲက ဘယ်နှစ်ဗူး၊ ဆီက ဘယ်လောက်၊ ကြက်သွန်က ဘယ်နှစ်လုံးသုံး စသဖြင့် ဆေးလိပ်လေးဖွာရင်း သူညွှန်ကြားတဲ့အတိုင်း အလှည့်ကျချက်ပြုတ်ကြရတယ်။ လူများလို့ ထမင်းဟင်းမလောက်တာမျိုးဆိုလည်း၊ လက်ကျန်ဟင်းအိုးထဲ ရေဘယ်လောက်ထိုး၊ ဆားဘယ်လောက်ပစ်ထည့်နဲ့ ဘယ်တော့မှ မလောက်ဘူးဆိုတာ မရှိရလေအောင် သူ့တာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်ပါတယ်။ ထင်းတို့ ဘာတို့ မရှိရင်လည်း ဘကြီးအမိန့်နဲ့ အလှည့်ကျ ၀ိုင်းဝန်းဖြတ်တောက်၊ ခွဲ၊ ခြမ်း၊ စိတ်ဖြာကြပေါ့။

လူကလည်း ပျော်ပျော်နေတတ်တော့ တောထဲမှာ ရှာဖွေစားသောက်ရတဲ့ တချို့မျှစ်တွေက ဘယ်လောက်ပြုတ်ပြုတ် အခါးဓာတ်မပျောက်တာမို့ စားလို့မရသလို၊ တချို့ပိန်းပင်၊ ပိန်းဥ (၀ဥ) တွေဆိုလည်း အရမ်းယားလို့ စားမရတာတွေရှိတယ်။ သူက မြို့က လာတဲ့သူတွေ တောအထာ မကျွမ်းတဲ့သူတွေဆို ခပ်တည်တည်နဲ့ ခုနကပြောတဲ့ စားလို့မသင့်တော်တဲ့ မျှစ်တို့၊ ပိန်း တို့ သွားတူး၊ သွားချိုးခိုင်းတယ်။ ဟိုလူတွေက အဟုတ်ထင်ပြီး သွားတူး၊ ထမ်းပိုးပြီး ပြန်လာရင်၊ သူက တဟားဟား ရယ်ပြီး သဘောကျနေတတ်တယ်။ သူပညာပေးတာ ခံရတဲ့အထဲမှာ ကျွန်တော်လည်း ပါတာပေါ့။

ဘကြီး က ကြာအင်းဆိပ်ကြီး ဇာတိဖြစ်ပေမယ့်၊ ငယ်ငယ်က ရန်ကုန်မှာ ကျင်လည် ခဲ့သေး တော့ သူရှုပ်ခဲ့၊ ပွေခဲ့တာတွေ ပြန်ပြန် ဖောက်သည်ချတတ်ပါတယ်။ သူ့ဇာတ်လမ်းတွေထဲမှာ လေဟာပြင်ဈေးတို့၊ သိမ်ကြီးဈေးတို့၊ ဗိုလ်ချုပ်ဈေးတ၀ိုက်တို့မှာ သူတို့ဘယ်လို ကျက်စားခဲ့တယ်ဆိုတာ ဆေးလိပ်လေးတဖွာဖွာနဲ့ မမောနိုင်၊ မပန်းနိုင် ဇာတ်ကြောင်းပြန်တတ်တယ်။ ကျနော်က ကြည့်မြင်တိုင်မှာနေတယ်ဆိုတော့ ဘုရားထီးလုပ်တာ ဘယ်နေရာ၊ ဘယ်နေရာမှာ ဘာရှိတယ်မဟုတ်လားဆိုပြီး သူဘယ်လောက် ပထ၀ီနယ်မြေ ကျွမ်းကျင်နှံ့စပ်သလဲဆိုတာလည်း ကြွားလုံးထုတ် သေးတယ်။


ဘကြီးက ဘုရား၊ တရားလည်း ကြည်ညိုပါတယ်။ တောထဲမှာ ဘယ်နေရာအခြေချချ သူနေတဲ့တဲမှာ ဘုရားစင်ရှိတယ်၊ မနက်ဆို မရှိ၊ ရှိတာနဲ့ ဆွမ်းတော်တင်၊ သောက်တော်ရေ ကပ်ပေါ့။ တခြားသူတွေ အပြင်က ပြန်လာလို့ ဘကြီးစားဖို့ မုန့်ပဲသားရေစာလေးတွေ ၀ယ်လာရင် ဘယ်တော့မှ မစားဘဲ၊ ဘုရားဆွမ်းတော်တင်တတ်တယ်။ ဘကြီး ဆွမ်းတော် စွန့်တဲ့အခါ ငတ်ကြီးကျတဲ့အထဲမှာ ကျနော်လည်းပါတယ်။ အဲဒီ အချိန်က ထန်းလျှက်ခဲ လေး တဖဲ့လောက်မြုံ့နေရရင်တောင် တော်တော်ကံကောင်းတယ်လို့ ပြောရတဲ့ အခြေအနေဆိုတော့။

ပျော်ပျော်နေတတ်တဲ့ဘကြီး အခါတပါးမှာတော့ သူ့သားတော်မောင် ဖိုးတရုတ်က သူမကြိုက်တာ လုပ်မိတဲ့အခါ၊ တော်တော်စိတ်ဆိုးပြီး “ခင်ဗျားကို ကျွန်တော် ကန်တော့ပါတယ်ဆိုပြီး” ထိုင်ကန်တော့ပါတော့တယ်။ အဲလိုလည်း တခါတလေမှာ ကန့်လန့်တိုက်တတ်တယ်။

၁၉၉၂ ခုနှစ်မှာ၊ ကျနော်တို့ တပ်မဟာ (၆) က ကျောင်းသားတပ်တွေ၊ ထွီဖားဝီးကျိုးကို စစ်ကူလာတော့၊ ဘကြီးက အိမ်ထောင်သည်တွေနဲ့အတူ ကျန်ခဲ့တယ်။ ထွီဖားဝီးကျိုး စစ်ပွဲပြီးလို့ ကျနော်တို့ ဒေါင်းဂွင်မှာ အခြေစိုက်ရတဲ့အခါ တခြားရဲဘော်တွေနဲ့အတူ ဘကြီးရောက်လာတယ်။ ထုံးစံအတိုင်း တပ်ရင်းအတွက် စားဖို့၊ သောက်ဖို့၊ မိုးဗြဲဒယ်တလုံးနဲ့ စီမံခန့်ခွဲ၊ တိရိစ္ဆာန်တွေလည်းမွေး၊ ဘုရားလည်းပုံမှန် ဆွမ်းတော်တင်ပေါ့။

သွားမရှိရှာတဲ့ဘကြီးက ရှားရှားပါးပါး အသားဟင်းတွေ စားရရင် သူ့သွားဖုံးတွေနဲ့ ၀ါးလို့ရသလောက် ကြိတ်ဝါးပြီး မျိုချတတ်တယ်။ တခါတလေ အသားတွေ ရလာရင်လည်း ပျဉ်းကတိုးမီးကောင်းကောင်းနဲ့ ဟန်းကောထဲ နူးနေအောင်ပြုတ်ပြီး စားတတ်တယ်။ သူ ဟန်းကောနဲ့ ချက်ကျွေးတဲ့ ပဲထမင်းကလည်း တော်တော်လေး အရသာရှိတယ်။ နောက်ပိုင်းမှာ ကျနော်လည်း ဗဟိုကို ရောက်သွားတော့၊ ဘကြီး လက်ရာ ထမင်းဟင်းတွေနဲ့ ဝေးသွားတယ်။

၁၉၉၄ မှာ ဒေါင်းဂွင်စစ်ပူပြီး ဗဟိုဌာနချုပ်နဲ့ တပ်ရင်းအသီးသီးက နောက်ချန်အင်အားတွေ ထိုင်းဘက်ကို ယာယီပြောင်းရွှေ့တော့ ဘကြီးက ဗဟိုဌာနချုပ်က ရဲဘော်တွေ၊ ဗဟိုကော်မတီတွေအတွက် တတ်သိပညာ၊ မနေသာဆိုတဲ့ အတိုင်း စားဖိုမှုးတာဝန်ကို မိုးဗြဲဒယ်တွေ၊ ရိက္ခာစို၊ ရိက္ခာခြောက်တွေနဲ့ နပန်းလုံးပြီး ထမ်းဆောင်ခဲ့တယ်။

ဒေါင်းဂွင်နဲ့ မနီးမဝေး၊ ထိုင်းဘက်ကမ်းကနေ သံလွင်မြစ်ထဲကို စီးဝင်တဲ့ စမ်းချောင်းလေး အတိုင်း မိနစ် ၂၀ လောက်ဝင်သွားရင် အဲဒီအချိန်က ဗဟိုဌာနချုပ်အနီးမှာရှိတဲ့ တပ်ရင်းအသီးသီးက အိမ်ထောင်သည်တွေကို ထားတဲ့ အိမ်ထောင်သည်လိုင်းရှိတယ်။ ဒေါင်းဂွင်စစ်ပူတဲ့အခါ ဗဟိုဌာနချုပ်က ၀န်ထမ်းရဲဘော်တွေ၊ စာရွက်စာတန်းတွေ၊ ပစ္စည်းပစ္စယတွေ အဲဒီကို ရွှေ့လိုက်တော့ စည်ကားတဲ့ ရွာလေးလိုဖြစ်သွားတယ်။ အဲဒီအရပ်မှာ ဘကြီးက ဆေးလိပ်လေးဖွာ၊ ရိက္ခာတွေ ထိန်းသိမ်း၊ ထမင်းချက် တာဝန်ကျတဲ့သူတွေကို စီမံခန့်ခွဲနဲ့ မအားရရှာဘူး။ ဒေါင်းဂွင်နားတ၀ိုက် စစ်ကြောင်းထွက်နေတဲ့ တပ်တွေအတွက်တောင် ရိက္ခာခြောက်တွေ၊ ဘကြီး စားဖိုက ထုတ်လုပ်ပေးလိုက်သေးတယ်။

ဒေါင်းဂွင်လည်းကျသွားရော ဗဟိုဌာနချုပ်နဲ့၊ တပ်တွေလည်း အဆင်ပြေသလို ပြောင်းရွှေ့ အခြေချရတော့၊ ကျနော်လည်း ဟိုရောက်၊ ဒီရောက်နဲ့ ဘကြီးနဲ့ဝေးသွားတယ်။ ၂၀၀၄ ခုနှစ်လောက်မှာ မဲဆောက်မှာ ဘကြီးနဲ့ ခဏ ပြန်ဆုံရတယ်။ အဲဒီအချိန်မှာ ဘကြီးရော၊ ကျနော်ရော ABSDF မှာ မဟုတ်တော့ဘူး။ ၂၀၀၆ လောက်မှာ ကျနော်က နောက်တနေရာရွှေ့သွားရပြန်တယ်။ အဲဒီနောက်ပိုင်းတော့ ဘကြီးနဲ့ တော်တော် အဆက်ပြတ်သွားတယ်။

ဘကြီးမှာ သားသမီးအရင်းတွေရှိပေမယ့်၊ တချို့လည်း ကိုယ့်အိမ်ထောင်နဲ့ကိုယ် ရုန်းကန်ရ၊ ဘကြီး ထိုင်ကန်တော့ခဲ့တဲ့ ဖိုးတရုတ်လည်း တတိယနိုင်ငံထွက်သွားနဲ့ ဘကြီးကို ပြန်မကြည့်နိုင်ကြဘူးထင်ပါတယ်။ နောက်တခါ ဘကြီးရဲ့ အနီးအနားမှာ သူအားကိုးရတဲ့ သားလို၊ သမီးလို ဖြစ်နေသူတွေ တတိယနိုင်ငံတွေ ထွက်သွားကြတော့ ဘကြီးအတွက် ပိုပြီး အထီးကျန်သွားမယ် ထင်ပါတယ်။

ဘကြီး မဲဆောက်မှာ ရှိပေမယ့် ကျနော်လည်း ကိုယ့်အလုပ်နဲ့ကိုယ် အမှုမဲ့၊ အမှတ်မဲ့ပါဘဲ။ လွန်ခဲ့တဲ့ မတ်လ (၂၀၁၃)မှာ ကိုမောင်မောင်ကြီး အသုဘသွားတော့မှ အသုဘ လာပို့တဲ့ ဘကြီးနဲ့ အမှတ်မထင် ပြန်ဆုံတယ်။ နည်းနည်းပိုအိုစာသွားတယ်၊ စကားပြောရင် မောဟိုက်နေပုံရပေမယ့် ဘကြီးက အရင်အတိုင်းပါဘဲ ကျနော့်အကြောင်းတွေမေး၊ မိသားစုတွေ၊ ကလေးတွေ ကျန်းမာလားပေါ့၊ နောက် သူသိပ်နေမကောင်းကြောင်း၊ သွေးတိုးလည်းရှိပြီး၊ ချောင်းဆိုးတဲ့အကြောင်းနဲ့ သူသောက်နေတဲ့ဆေးတွေ ထုတ်ပြပါတယ်။

 အသုဘမချခင် တရားနာပြီး ထမင်းကျွေးတော့ ဟင်းတွေက နည်းနည်းမာတဲ့အကြော် တွေဖြစ်နေတယ်၊ ဒါနဲ့ ကျနော့် စိတ်ထဲမှာ တခုခုကို သတိရလိုက်ပြီး၊ အမှတ်မထင် ဘကြီးဘက်လှည့်ကြည့်တော့၊ ကြက်သားကြော် အတုံးလေးတွေကို၊ သွားမရှိတဲ့ သွားဖုံးနဲ့ ကြိတ်ဝါးနေတဲ့၊ ဘကြီးကိုတွေ့လိုက်တယ်။ သူက ကြေမသွားတဲ့ အသားတုံးကို မျိုချလိုက် ရင်း၊ ကျနော့်ကို ပြန်ပြုံးပြနေတယ်၊ သဘောကတော့ အရင်တုန်းကလိုဘဲ ကြိတ်ဝါး၊ မျိုချ နေရဆဲပေါ့။


အခုဆိုရင် ရှစ်လေးလုံးငွေရတု အခါသမယ ဖြစ်ပေမယ့် ရှစ်လေးလုံးအရေးတော်ပုံကြီး နောက်ပိုင်း နေရာဒေသအသီးသီးမှာ၊ ကျရာတာဝန်တွေကို မညည်းမငြူ  “အိုးဆွေး ဆံမြည့်” ထမ်းဆောင်ခဲ့တဲ့ အဘလို လူကြီးတွေလည်း ခုချိန်ထိ မထင်မရှား ချို့ချို့တဲ့တဲ့နဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်သလို ရပ်တည်နေရရှာသေးတယ်။

ဘကြီးနဲ့ တသက်လုံး လက်တွဲခဲ့တဲ့ ရဲဘော်တွေထဲက တချို့လည်း ကျဆုံး၊ သေဆုံး၊ ဒဏ်ရာရခဲ့ကြ၊ အတော်များများလည်း တတိယနိုင်ငံတွေကိုထွက်သွားကြပေမယ့်၊ ကျနော်တို့ချစ်တဲ့ အသက် ၇၅ နှစ်အရွယ်၊ ဘကြီးကတော့ တယောက်တည်း မဲဆောက်မှာ သောင်တင်ဆဲ။

 မှတ်ချက်။ ။ ဘကြီးနဲ့ နောက်ဆုံးတခေါက်ပြန်တွေ့တော့ ဘကြီးအကြောင်းလေး ရေးဦးမယ်လို့ စိတ်ထဲမှာ တေးထားပါတယ်။ အခုပြန်ရေးပြီးတော့ ဘကြီးအကြောင်း ကျနော်ရေးထားတာလေးရှိတယ်၊ ကျနော် တနေရာရာမှာ သုံးရင် ခွင့်ပြုလားဆိုတော့၊ သူက ခွင့်ပြုချက်ပေးပါတယ်။ 

ဟန်ပိုင် -

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...