Sunday, August 25, 2013

လူငယ်နဲ့ အရွေ့

August 24, 2013 at 7:16am
 
    အချိန်နဲ့ တပြေးညီဆိုသလို ရုပ်ဝတ္ထုများဟာ တိုးတက်ပြောင်းလဲ နေခဲ့တယ်။ ‘ဒီတော့ ပြောင်းလဲမှုတွေ နောက် တဟုန်းထိုး လိုက်နေခဲ့ကြတယ်။ မှီတာလဲ ရှိသလို၊ မမှီဘဲနောက်ကျ ကျန်ရစ်ခဲ့တာတွေလည်း ရှိနေခဲ့တယ်။  မမှီရကောင်းလားဆိုပြီး အားမလို အားမရဖြစ်ရင်း ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုတဲ့ လက်ညှိုးထိုးမှုတွေနဲ့ ခရီးဆက်နေခဲ့ကြတယ်။ ဒီလို လက်ညှိုးထိုးနေရုံနဲ့တော့ ပြဿနာကတော့ ပြီးသွားမှာမဟုတ်သလို၊ အမှီလည်း လိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အားလုံးပါဝင်ဖို့ ဒီအချိန်ဟာ အရေးအကြီးဆုံးအချိန်ဖြစ်နေခဲ့တယ်ဆိုတာ လူငယ်တွေအနေနဲ့ သတိရှိရှိ ဖြတ်သန်းနိုင်ကြဖို့ ရည်ရွယ်ရင်းရှိတာကြောင့် လူငယ်နဲ့ အရွေ့ဆိုတဲ့ နာမည်လေး၊ ခေါင်းစဉ်လေး အလိုလိုပေါ်ပေါက်လာတယ်။

    အရွေ့ကတော့ ရွေ့နေကြရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းမရွေ့ဘဲ လက်ပိုက်ကြည့်နေခဲ့မယ်ဆိုရင်တော့ ထူးမခြားနားသဘောနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာပါပဲ။ ဆိုတော့ သူတစ်ပါးကို အပြစ်ဖို့ချနေမယ့်အစား ကိုယ်တိုင်ပါဝင်ပြီးတော့ ကိုယ့်အတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ့်နိုင်ငံအတွက် ဦးဆောင်ဦးရွက်ပြုကာ ဆောင်ရွက်ဖို့ လိုအပ်နေပြီဆိုတာ မမေ့ဖို့တော့ လိုအပ်ပါတယ်။
    ဒီလိုပဲ အရင်လူတွေအနေနဲ့လည်း များသောအားဖြင့်တော့ သူတို့လည်း ကောင်းမယ်ထင်တာတွေကို ဦးစားပေးပြီးတော့ ချီတက်ခဲ့ကြတယ်။ ဒါပေမယ့် လမ်းလွဲကြီးတွေပေါ် လျှောက်ခဲ့ကြတော့ ခရီးက တွင်သင့်သ လောက် မတွင်ဘဲရှိနေခဲ့တယ်။ ဒီတော့ အားမလို အားမရဖြစ်ခဲ့ကြရတယ်။ ဒါကလည်း သဘာဝတစ်ခုပါပဲ။ သို့သော်လည်း ဒီနေ့ဒီအချိန်အခါမှာတော့ ဒါတွေကို သင်္ခန်းစာယူပြီးတော့ ဆက်လျှောက်ရမယ့် လမ်းကြောင်း အမှန်တွေကို ဖောက်ထွက်နိုင်ဖို့၊ တူးဖော်နိုင်ဖို့၊ ရှင်းလင်းစွာ ဖြတ်သန်းနိုင်ဖို့အတွက် မိမိတို့အားလုံးရဲ့ လက် ထဲမှာ ရှိနေခဲ့တယ်။ ကိုယ်လျှောက်တဲ့ လမ်းဟာ ကိုယ့်ပန်းတိုင် ဖြစ်ပါတယ်။ ဒါကြောင့် သတ္တိရှိရှိနဲ့ ရဲရဲဆက်လျှောက်ပါ။ တွေဝေမနေပါနဲ၊ ဆက်လျှောက်ပါ။ လမ်းကြောင်းတွေဟာ ရေးရေးလေးမြင်နေရပါပြီ။ ဒီရေးရေးလေးမြင်နေရတဲ့ လမ်းကြောင်းတွေဟာ အားကုန်ဖွင့်ပြီး တိုးတိုက်သွားမယ်ဆိုရင်တော့ တောင်ကြီး ဖဝါးအောက်ဆိုတဲ့အတိုင်း ရောက်ပါလိမ့်မယ်။ လျှောက်သောသူ ရောက်၏ဆိုတာမျိုးပေါ့။
    မြတ်စွာဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံတော်မူခါနီးမှာ အရမ်းပဲ အလုပ်များတယ်။ ဆယ်လပတ်လုံး ခရီးတွေ မပြတ်တမ်းဆိုသလို သွားလာခဲ့တယ်။ မလ္လမင်းတို့ရဲ့ ဥယျာဉ်ကို မရောက်မချင်း ခရီးတွေဆက်တိုက်သွားခဲ့တာ ပေါ့။ ဘာကြောင့် ဒီလောက်ခရီးတွေ သွားခဲ့တာလဲဆိုရင်တော့ ဝေနေယျသတ္တဝါတွေအတွက်ပါပဲ။ အဲဒီလို ခရီးသွားပြီး မလ္လမင်းတို့ရဲ့ ဥယျာဉ်ကို ရောက်တော့ ကိုယ်တော့်အနေနဲ့ အရမ်းကို ပင်ပန်းနွမ်းနယ်နေပါပြီ။ ဒီတော့ အနားယူချင်တယ်။ အနားယူဖို့ အရှင်အာနန္ဒာကို နေရာပြင်ခိုင်းရတယ်။
    အဲဒီအချိန်မှာ တနုံ့နုံ့ဆိုသလို တွေးရင်း အတွေးမရှင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်။ သူ့နာမည်က သုဘဒ္ဒပရိဗ္ဗိုဇ်တဲ့။ သူက ဘုရားပရိနိဗ္ဗာန်စံတော်မူခါနီးပြီဆိုတာကို သိတယ်။ ပရိဗ္ဗိုဇ်တို့ထုံးစံအတိုင်း အယူဝါဒ တစ်ခုကို စွဲစွဲမြဲမြဲသက်ဝင်နေတယ်။ အချို့လူပြောတာလောက်နဲ့တော့ မယုံကြည်ဘူး။ ဒီတော့ သူ့အနေနဲ့ ဖြစ်နေတဲ့ သံသယ၊ အတွေးမရှင်းတာကို ဘုရားရှင်ကသာလျှင် ဖြေရှင်းပေးနိုင်မယ်ဆိုတာ သိတယ်။ ဒါကြောင့် သူ့အနေနဲ့ ဘုရားရှင်ဆီလာခဲ့တယ်။ ဒီလိုဘုရားရှင်နဲ့ တွေးဖို့လာတယ်ဆိုပေမယ့်  အရှင်အာနန္ဒာက ဘုရားနဲ့ တွေ့ခွင့်မပေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင်က အရမ်းပင်ပန်းနေပြီ။ သူနဲ့စကားတွေ ပြောနေရရင် ပိုပြီးတော့ ပင်ပန်းမယ်။ အနားယူသင့်တယ်။ ဒါကြောင့် တွေ့ခွင့်မပေးဘူး။ နောက်တော့ သုံးကြိမ်တိုင်တိုင် ပယ်နေတာကို ဘုရားရှင်က ကြားတယ်။ ဒါကြောင့် သုဘဒ္ဒကို တွေ့ခွင့်ပေးလိုက်ဖို့ အာနန္ဒာကို မိန့်တော်မူ လိုက်တယ်။
    သူ့အနေနဲ့ ဘာတွေအတွေးမရှင်းတာလဲဆိုတော့ -
    ''အရှင်ဂေါတမ၊ တိတ္ထိဆရာကြီးခြောက်ယောက်ဟာ သူတို့ဝန်ခံတဲ့အတိုင်း၊ သူတို့ သိကြတယ်လား။ သို့မဟုတ်ရင် မသိကြဘူးလား။ တချို့သိကြပြီး၊ တချို့ဆရာကြီးတွေက မသိကြဘူးလား'' ဆိုပြီး လျှောက်တယ်။ ဒီတော့ ဘုရားရှင်က-
    ''သုဘဒ္ဒ၊ သူများတွေရဲ့အကြောင်းကို ဖြေနေဖို့ အချိန်မရှိတော့ဘူး၊ သင့်ကို တရားဟောမယ်။ ဒီတရားကိုသာ ကောင်းစွာနာယူပါ'' ဒီလိုနဲ့ ဘုရားရှင်ဟာ သုဘဒ္ဒကို တရားဟောတယ်။ တရားနာ။ ကြည်ညိုမှု ဖြစ်။ ရဟန်းပြု၊ ရဟန္တာဖြစ်ပေါ့။
    ဒီနေရာမှာ ဘုရားရှင် မိန့်တော်မူခဲ့သလို၊ သူများအကြောင်းပြောနေဖို့ အချိန်မရှိတော့ဘူးဆိုတာပါပဲ။ ကိုယ့်လျှောက်ရမယ့် အရွေ့ကို ကိုယ်တိုင်သာလျှင် တွန်းရွှေ့သွားဖို့ အရေးကြီးပါတယ်။ ကိုယ်လုပ်နိုင်တဲ့ နယ်ပယ် ကနေ အများနဲ့ ပူပေါင်းပါဝင်ပြီးတော့ ပြိုင်တူတွန်းဖို့ လိုအပ်နေပါတယ်။ ဒါကို လူငယ်တွေအနေနဲ့ သတိပြု ရမယ့်အချက်ဖြစ်ပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ အရေးကိစ္စမှန်သမျှဟာ နေရာတိုင်း လိုလို လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒီလိုအပ်ချက် ကွက်လပ်ကိုဖြည့်ဆီးပေးဖို့ဆိုရင်တော့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ဖြည့်ဆီးပေးနိုင်မယ့် အရွေ့လေးကို၊ ခပ်ဆတ်ဆတ်ဖြစ်ဖြစ်၊ အသာအယာအဖြစ်၊ လိုအပ်မှုအနေအထား အလျောက် ရွှေ့ကြည့်နိုင်ဖို့ လိုအပ်ပါတယ်။
    ငယ်ငယ်တုန်းက ကျောင်းသားဘဝမှာ သင်ခဲ့ရတဲ့ ကဗျာလေး ခေါင်းထဲရောက်လာတယ်။ အားလုံး လည်း ရပြီးဖြစ်ပါလိမ့်မယ်။
    ဇွန်ပန်းရုံအနီး၊ လှည်းဘီး နွံထဲ ကျွံနေသည်။
    ကူ၍တွန်းပေးကြပါ၊ လေးလွန်း၍ မတွန်းနိုင်ဘူးလား။
    ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ တော်တော် အားကောင်းတဲ့ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက တော့ ကဗျာပြိုင်တူ ရွတ်ဖတ်ရပြီး ပျော်ရွှင်ရတာပဲ သိတယ်။ အခုတော့ ကဗျာထဲက ပေးချင်တဲ့မက်ဆေ့ခ်ျ တွေက အရမ်းပဲ များနေပါလား။ အရမ်းပဲ အားကောင်းလှပါလားဆိုတာ သိတော့တယ်။
    နိုင်ငံအနေနဲ့ကတော့ နှစ်ပေါင်းများစွာ နွံထဲ ကျွံနေခဲ့ပါတယ်။ လူမသိ၊ သူမသိနဲ့ ဒီလိုပဲ ဖြတ်သန်း ခဲ့ကြတယ်။ ဘယ်သူ့ကိုမှလည်း အရေးမလုပ်၊ ဘယ်သူကမှလည်း အရေးပြန်မလုပ်တဲ့ အဖြစ်ဆိုးကြီးနဲ့ တိုင်းပြည် ဟာ တော်တော်လေး နွံထဲ ကျွံနေခဲ့ပါတယ်။ ကျွံရုံတင်မကဘဲ နစ်ပါ နေခဲ့တယ်။ ဒီတော့ ကျွံနေတာကို၊ နစ်နေတာကို သိတော့ ကူပြီး တွန်းပေမယ့်လူတွေ၊ တွန်းရွေ့ဖို့ ကြိုးစားခဲ့သူတွေအနေနဲ့ ဆွဲထုတ်ဖို့ ကြိုးစား ခဲ့ကြပေမယ့် အရာမဝင်ခဲ့ဘူး။ ဒီလိုကူညီသူတွေကိုပဲ ရန်သူသဖွယ်သတ်မှတ်ရင်း ဒဏ်တွေ ပေးခဲ့တယ်။ ဒီဒဏ်ရာ ဒဏ်ချက်တွေကြောင့် လူတွေရော၊ တိုင်းပြည်ရော အထိနာခဲ့ရပါတယ်။ ဒါတွေကတော့ နောက်ကြောင်းပြန်ပြီး မပြောချင်ပေမယ့် အနည်းငယ် သိသာအောင် ထုတ်ပြရုံလောက်ပါ။
    ဒီလိုဖြတ်လျှောက်ရမယ့် ခရီးအနေနဲ့ကတော့ တော်တော်လေးကို လျှောက်ရမှာဖြစ်ပါတယ်။ အရမ်းလည်း လေးလံနေပါလိမ့်မယ်။ လေးလွန်းလို့ မတွန်းဘဲ အသာအယာထိုင်ကြည့်နေဦးမယ်ဆိုရင်တော့ ဆင်းရဲတွင်းက ကြာလေနက်လေ ဖြစ်လာဦးမှာပဲ။ ဒီတော့ ဆင်းရဲတွင်းနေက ဆွဲထုတ်၊ တွန်းရွေ့ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် လူငယ်တွေမှာ တာဝန်ရှိနေပါတယ်။ လူငယ်တွေရဲ့ အနာဂတ်ဟာ မကြာခင် ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒီတော့ အခုအချိန်ကစပြီး စွမ်းဆောင်နိုင်မှုတွေနဲ့ ကြိုးစားမှသာ ကိုယ့်လက်ထက်မှာ အဆင်ပြေ ပါလိမ့်မယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းကတော့ မလိုဘူးမဟုတ်ဘူး။ လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ဦးကောင်း တစ်ယောက်ကောင်းလောက်ကိုသာ အားကိုးနေလို့တော့ မဖြစ်ဘူး။ ဒီလို တစ်ဦးတစ်ယောက်ကိုသာ အားကိုးပြီး ကိုယ်ကဘာမှမလုပ်ဘဲ ဘေးကနေ အသာအယာနေပြီး ဘေးထိုင် ဘုပြောနေဦးမယ်ဆိုရင်တော့ အောင်မြင်မှု၊ ဖွံ့ဖြိုးမှုဟာ ဝေးနေပါလိမ့်ဦးမယ်။ ဒီတော့ အများအားနဲ့ စုပေါင်းပြီးတော့ ပြိုင်တူတွန်းရွှေ့ဖို့ လိုအပ်ပါတယ်။ ဒီလို အတူတကွ လက်တွဲပြီး ပူပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုရင်တော့ မကြာခင်အချိန်အတွင်း မှာ အဖူးအပွင့်တွေနဲ့ ဝေဆာနေတဲ့ တိုင်းပြည်အဖြစ် သာယာလှပတဲ့၊ အများကစိတ်ဝင်တစား လေ့လာရမယ့် ဥယျာဉ်ကြီး ဖြစ်လာလိမ့်မယ်ဆိုတာပါပဲ။
    ဒါကြောင့် အရွေ့ကို သိသာတဲ့ တွန်းရွှေ့မှုတွေနဲ့ မူဟောင်းတွေကို ပြောင်းလဲပါ။ လူတိုင်းမှာ တာဝန်ရှိတဲ့ အတိုင်း ဘာသိဘာသာ မနေပါနဲ့။ တစ်ဦးကောင်းတစ်ယောက်ကောင်းကိုလည်း မျှော်လင့်မနေပါနဲ့။ ပြိုင်တူ တွန်းရွှေ့နိုင်အောင် ကြိုးစားပါ။ လက်ညှိုးထိုးတာတွေကို ရပ်ပါ။ ဒီလိုသာ သိသာတဲ့အပြောင်းအလဲနဲ့ လမ်းကြောင်းမှန်ပေါ်ကို အတူတကွ လက်တွဲပြီး ဆက်လျှောက်မယ်ဆိုရင်၊ ငြိမ်သက်နေပြီး မလှုပ်မရှားဖြစ်နေတဲ့ တိုင်းပြည်ကြီးကို လူငယ်တွေအနေနဲ့ အားကောင်းမောင်းသန် ပြိုင်တူတွန်းရွှေ့နိုင်လျှင်တော့ မကြာခင်မှာ ပွင့်လင်းမြင်သာတဲ့၊ ခေတ်မီတဲ့၊ သာယာဝပြောတဲ့ အနေအထားရောက်ပြီး ကမ္ဘာကြီးကို ရင်ပေါင်တန်း လျှောက် လှမ်းနိုင်လိမ့်မယ်ဆိုတာပါပဲ။

မောင်မင်းစိုး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...