Friday, August 9, 2013

"ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ၈၈ အရေးအခင်း"

ကျွန်တော့်နာမည်က ထွန်းအောင်ကျော်။ ၇၄ ဦးသန့်အရေးအခင်းနဲ့ ၇၅ ဇွန် အရေးအခင်း တို့မှာ ကျောင်းသားသမိုင်းမှာ ကြိုးပေးအသတ်ခံရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ အတူ ဦးဆောင်လှုပ်ရှားခဲ့တဲ့သူဖြစ်တယ်။ အဲ့ဒီလို ဦးဆောင်လှုပ်ရှားခဲ့မှုကြောင့် ၁၉၇၅ ခုနှစ်မှာ တစ်သက်တစ် ကျွန်းထောင်ချခံခဲ့ရပြီး ၁၉၈၀ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ် လာခဲ့တယ်။ အဲ့ဒီနောက်ပိုင်း အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကြီးကြီးမားမားတွေ သိပ်မဖြစ်ခဲ့တော့ဘူး။ ဒါပေမယ့် ၈၈ ခုနှစ်မှာတော့ မထင်မှတ်ဘဲ လူထုအုံကြွမှုကြီး ပေါ်ပေါက်လာခဲ့တယ်။


ရှစ်လေးလုံး ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ပြောပြရမယ်ဆိုရင် မတ်လမှာ ကျောင်းသား ဆန္ဒပြမှုတွေ ဖြစ်တယ်။ မတ်လအရေးခင်းမှာ အင်းလျားကန်ဘောင်ပေါ်မှာ ကျောင်းသားတွေကို ရိုက်နှက်နှိမ်နှင်းတယ်။ ကျောင်းသူကျောင်းသားတွေ ရေနစ်သေဆုံးတယ်လို့ သတင်းတွေ ထွက်လတယ်။ နောက်တစ်နေ့မှာ ရန်ကုန်မြို့ထဲကို ချီတက်လာတဲ့ သူတွေကို ပိတ်ဖမ်းပြီးတော့ အချုပ်ကားတွေထဲကို ငါးပိငါးချဉ်သိပ်ထည့်ပြီး ဖမ်းသွားကြတာ အဒီအချုပ်ကားတွေ ကားတံခါးဖွင့်လိုက်တဲ့အခါ အသက်ရှုကြပ်ပြီးတော့ လူတွေသေကြတယ်၊ ကလေးတွေပါပါတယ်ဆိုတဲ့ သတင်းတွေကြားတော့ လူတွေဟာ တအား ဒေါသထွက်လာ ကြတယ်။ အဲ့ဒီတော့ တစ်ခုခုဖြစ်တော့မယ်ဆိုတာတော့သိနေတယ်။ အဲ့ဒီတော့ ဘယ်လိုမျိုးလုပ်ရင် ကောင်းကြမလဲဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်ကြတယ်။ ငါတို့ကျတဲ့နေရာကနေ ငါတို့ပါမှဖြစ်မယ်။ ဒါပေမယ့် လိုအပ်တာတွေကို ငါတို့ နောက်ကနေ ဖြည့်ဆီးကြမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲ့ဒီမှာ Freedom Fighters of Burma (FFB) ဆိုတဲ့နာမည်နဲ့ ငါတို့တိုက်မယ်။ လွတ်လပ်ရေးတိုက်ပွဲဝင်သူများ အဖွဲ့ဆိုပြီးတော့ ငါတို့ တိုက်ကြမယ်ဆိုပြီး ပြောခဲ့ကြတယ်။ ဒီနာမည်ကိုတော့ အခုဆုံးသွားတဲ့ ဦးရဲထွန်းက ပေးတာပေါ့လေ။ ဦးရဲထွန်းနဲ့ တိုင်ပင်တော့ သူက Freedom Fighters of Burma ဆိုတဲ့ နာမည်ကိုပြောတာနဲ့ ကျွန်တော်တို့လည်း အဲ့ဒီနာမည်ကိုကြိုက်တော့ အဲ့ဒီနာမည်ကို သုံးဖြစ်သွားတယ်။ အဲ့ဒီလိုလုပ်တဲ့အခါမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ခင်ဗျားပဲ ဥက္ကဋ္ဌလုပ်ပါဆိုတာနဲ့ အဲ့ဒီအဖွဲ့ကို ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဦးဆောင်လှုပ်ရှားခဲ့တယ်။ အဲ့ဒီအချိန်မှာ ၈ ရက်၊ ၈ လ၊ ၈၈ မှာလုပ်မယ်ဆိုပြီး Christophar Garnet ကလည်း ဘီဘီစီကနေကြေညာသတင်းပို့ထားတယ်။ အဲ့ဒီတော့ ၈ ရက်၊ ၈ လ၊ ၈၈ ကို ရောက်လို့ရှိရင် ငါတို့ ထွက်မထွက် မကျိန်းသေဘူး။ တကယ်လို့ လူတွေထွက်လာရင် လိုအပ်တာကို နောက်ကပံ့ပိုးမယ်လို့ ဆုံးဖြတ်တာပေါ့လေ။ ၈ ရက်နေ့ မနက်ရောက်တော့ ကားတစ်စီးနဲ့ မြို့ထဲကို လျှောက်ကြည့်မယ်ဆိုတဲ့ အချိန်မှာ ကိုဇေယျ (ဇော်ဇော်အဖေ) နဲ့ မြေနီကုန်းတာယာဆိုင်က ကိုတင်အေးတို့ ရောက်လာတယ်။ ကျွန်တော်က အရမ်းတက်ကြွတယ်ဆိုတာကို သူတို့က သိတော့ လာလာသတင်းပို့ လေ့ရှိတယ်။ ကိုတင်အေးက “ကိုထွန်းအောင်ကျော်၊ ကြည့်မြင်တိုင်ဖက်မှာတော့စလှုပ်နေပြီ သွားကြည့်ကြမလား” ဆိုတော့ “အေး၊ သွားကြည့်ကြမယ်” ဆိုပြီးတော့ ကားနဲ့ကြည့်မြင်တိုင်ဖက်ကို သွားတော့ ကြည့်မြင်တိုင်ရောက်တော့ အလုံဖက်နားမှာ လူတွေက ရုတ်ရုတ်ဖြစ်တော့ သွားကြည့်တဲ့အခါကြတော့ ကမ်းနားလမ်းဖက်ကနေပြီးတော့ ချာတိတ်တွေ တက္ကသိုလ်ကျောင်းသား တွေတော့ မဟုတ်လောက်ဘူး။ အထက်တန်းကျောင်းသားအရွယ် ချာတိတ်တွေက လမ်းလျှောက်လာ ကြတယ်။ အဲ့ဒီလိုလမ်းလျှောက်လာတဲ့ချာတိတ်တွေထဲက တစ်ယောက်က ခွပ်ဒေါင်းအလံကိုင်ပြီး ချီတက်လာတယ်။ သူတို့ရဲ့နောက်မှာ ကုန်တင်ကုန်ချ အလုပ်သမားတွေ ပါလာတယ်။ သေသေချာချာ မမြင်ရတော့ စာတိုက်ပုံးပေါ်ကနေ တက်ကြည့်လိုက်တယ်။ ချီတက်လာတဲ့သူတွေကို တွေ့လိုက်ရတော့ ရင်ထဲမှာလှိုက်ပြီးဝမ်းသာလာတယ်။ ဆန္ဒပြပွဲကြီးကတော့ဖြစ်လာပြီပေါ့ဆိုပြီး လှိုက်ပြီးဝမ်းသာလာတယ်။ ပြီးတော့ မျက်ရည်တွေကျလာတယ်။ ဝမ်းသာလို့ကျတဲ့မျက်ရည်ပေါ့လေ။ မြို့ထဲကို ချီတက်သွားကြတယ်။ သူတို့ကို ကြည့်လိုက်တော့ အလံတွေထောင်ပြီးသာ သွားနေကြတယ် သူတို့မှာ ဘာတောင်းဆိုချက်မှ မရှိဘူး။ ရည်ရွယ်ချက်တွေလည်း မတွေ့ရဘူး။ ဒါနဲ့ ဒီတိုင်းသွားလို့တော့ မဖြစ်ဘူးဆိုပြီး ကမန်းကတန်း မောင်ထော်လေးလမ်းဖက်ကို ကားမောင်းသွားတယ်။ မောင်ထော်လေးလမ်းထိပ်ရောက်တော့ မနက် ၉ နာရီလောက်ရှိနေပြီ။ ကတ်ထူပြားတွေ၊ ဂုန်နီကြိုး၊ ဆော့ဖ်ပင် (Soft pen) တွေ ဝယ်လိုက်တယ်။ ပြီးတော့ ရန်ကုန်အနောက်ပိုင်း ၁ လမ်း၊ ၂ လမ်းဖက်ကို ကားအမြန်မောင်းသွားတယ်။ အလုံဖက်က ချီတက်လာတဲ့သူတွေက ၁ လမ်းထိပ်လောက်ကို ရောက်လာပြီ။ အဲ့ဒါနဲ့ ၃ လမ်းထဲကိုဝင်လိုက်ပြီးတော့ လမ်းထဲမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲကို ဝင်လိုက်တယ်။ ဆိုင်ထဲကိုရောက်တော့ ပါလာတဲ့ ကတ်ထူပြားတွေပေါ်မှာ ကိုယ်တိုင်စာရေးတာပေါ့လေ။ အဲ့ဒီလက်ဖက်ရည်ဆိုင်က တရုတ်လက်ဖက်ရည်ဆိုင် ဖြစ်နေတယ်။ ဆိုင်ရှင်သားလေးကလည်း ဝမ်းသာအားရနဲ့ ကျွန်တော်တို့ကို လာကူတယ်။ ကတ်ပြားတွေရဲ့ ဟိုဖက်ဒီဖက်ထောင့်တွေကို အပေါက် ၂ ပေါက်စီ ဖောက်ပေးတယ်။ ကျွန်တော်တို့က ကတ်ပြားတွေပေါ်မှာ We want democracy, for the people, by the people ဆိုပြီး အင်္ဂလိပ်လိုရေး၊ ဗမာလိုလည်း ဒီမိုကရေစီရရှိရေး တို့အရေး၊ လူ့အခွင့်အရေးရရှိရေး တို့အရေး၊ ဆိုပြီး တစ်ခုပြီးတစ်ခုရေး၊ ဂုန်နီကြိုးတွေကိုဖြတ်၊ ကွင်းလေးတွေလုပ်၊ ကတ်ပြားထိပ်က အပေါက်နှစ်ပေါက်မှာ ဟိုဖက်ဒီဖက်ချီ၊ နှစ်ခု၊ သုံးခုပြီးတိုင်း ဆိုင်ရှင်သားလေးကယူပြီး လမ်းထိပ်ကိုပြေးပြီး ချီတက်လာတဲ့သူတွေကိုပေး၊ ချီတက်လာတဲ့သူတွေကလည်း သူတိုရဲ့လည်ပင်းမှာ ချိတ်ပြီးသွားကြရော။ ကျွန်တော့်လက်ရေးနဲ့ရေးထားတဲ့ ကတ်ပြား ၂၀ - ၃၀ လောက်က ချီတက်သွားတဲ့သူတွေဆီရောက်သွားပြီး ရှေ့ကချီတက်သွားတဲ့သူတွေမှာ Slogan (ကြွေးကြော်သံ) တွေ ပါသွားတာပေါ့လေ။ ရှစ်လေးလုံးမှာ အဲ့ဒီလို စပြီးလှုပ်ရှားဖြစ်ခဲ့တယ်။ နောက်တော့ ပစ်တာခတ်တာတွေ
ဖြစ်လာတယ်။ ကျွန်တော်ကိုယ်တိုင် ဦးဝီစာရလမ်းနဲ့ ဘောင်ဒရီလမ်း (အခု ဓမ္မစေတီလမ်း) ထောင့်မှာ စစ်တပ်က အမေရိကန်သံရုံးကားရှေ့မှာပဲ သေနတ်ပစ်နှိမ်နင်းတာကို မျက်ဝါးထင်ထင်တွေ့လိုက်ရတယ်။ မျက်စိရှေ့မှာပဲ လေး၊ ငါး၊ ခြောက်ယောက်လောက် သေနတ်မှန်သေဆုံးသွားတာကို တွေ့လိုက်ရတယ်။ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ အဲ့ဒီမှာ ဆက်တိုက်ဆိုသလိုပဲ စစ်တပ်က သေနတ်ပစ်နှိမ်နင်းတာတွေကို ကြားရတယ်။ မြောက်ဥက္ကလာပဖက်မှာလည်း ပစ်တယ်ကြားလို့ အဲ့ဒီဘက်သွားကြည့်တော့လည်း သွေးတွေတွေ့ခဲ့ရတယ်။ အဲ့ဒါနဲ့ အားလုံးနဲ့တိုင်ပင်ပြီး ငါတို့တွေ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ကလေးတွေရဲ့အသက်အန္တရာယ်ကင်းအောင် ဘယ်လိုကာကွယ်ပေးရင်ကောင်းမလဲဆိုပြီး စဉ်းစားကြတယ်။ စဉ်းစားကြတဲ့အခါမှာ ပွိုင့်ထွက်ကို စဉ်းစားမိတယ်။ ဆိုလိုတာက စစ်တပ်ရှိတယ်၊ လမ်းပိတ်ထားတဲ့နေရာတွေကို ကွင်းရှောင်ပြီးတော့သွားနိုင်ဖို့ ဖြတ်လမ်းထဲကဖောက်ထွက်ဖို့ ဓာတ်ဆီကို ပုလင်းထဲထည့်ပြီး မီးလောင်ဗုန်းတွေလုပ်ပြီးတော့ ပြန်ချဖို့ စတဲ့ အစီအစဉ်တွေ နည်းမျိုးစုံပေါ့လေ ဆွေးနွေးခဲ့ကြတယ်။ အဲ့ဒီလိုဖြစ်နေတုန်း အပစ်အခတ်က ရပ်သွားတယ်။ အဲ့ဒီလို ရပ်သွားတော့ ပစ်တာခတ်တာမရှိတော့ လူတွေက လွတ်လပ်သွားပြီး မြို့တွေနယ်တွေ အကုန်လုံးပြန့်သွားတယ်။ အဲ့ဒါနဲ့ Freedom Fighters of Burma (FFB) ကိုလည်း ကမာရွတ်က ကိုပွင့်တို့အိမ်မှာ ရုံးခန်းဖွင့်ပြီးတော့ အဖွဲ့ဝင်ကတ်ပြားတွေလုပ်၊ အဲ့ဒီကတ်တွေမှာ ကျွန်တော်က ဥက္ကဋ္ဌအနေနဲ့ ဆိုင်းထိုးပေး၊ ဓာတ်ပုံကပ် ကတ်ပြားရဲ့နောက်မှာ “မည်သည့်အာဏာရှင်စနစ်ကို မဆိုဆန့်ကျင်တိုက်ဖျက်သွားမည်” ဆိုပြီး ရေးထားတယ်။ အဲ့ဒါကို လူတွေက ကြိုက်ကြတယ်။ စစ်အာဏာရှင်မှမဟုတ်ဘူး။ ဘယ်အာဏာရှင်စနစ် ကိုမဆို တိုက်ဖျက်သွားမယ်လို့ ရေးထားတော့ ဘယ်အာဏာရှင်မှ မလိုချင်ဘူး။ ဆိုရှယ်လစ်စနစ် အာဏာရှင်လည်းမလိုချင်ဘူး၊ ကွန်မြူနစ် စနစ်အာဏာရှင်လည်း မလိုချင်ဘူး။ ဖက်ဆစ်အာဏာရှင် စနစ်လည်း မလိုချင်ဘူး။ စစ်အာဏာရှင်လည်း မလိုချင်ဘူးဆိုပြီး အားလုံးအကျုံးဝင်သွားတာပေါ့လေ။ အဖွဲ့ဝင်ပေါင်း ငါးထောင်၊ ခြောက်ထောင်လောက် ဖြစ်လာတယ်။

FFB အနေနဲ့ ၈၈ မှာ လှုပ်ရှားခဲ့တာတွေကတော့ အများကြီးပဲလေ။ အဲ့ဒီထဲကတစ်ခုက ဦးထွေးမြင့် စီစဉ်ပေးမှုနဲ့ ပထမဆုံးအကြိမ် အင်တာဗျူးဖို့ ဒေါ်စုအိမ်ကိုသွားတော့ ဒေါ်စု ခင်ပွန်း မိုက်ကယ်အဲရစ်စ်က တိုက်ပုံနဲ့ ပုဆိုးဝတ်ပြီး အိမ်ဝကနေ ထွက်ကြိုတယ်။ ဗမာလို ကြွပါခင်ဗျာလို့အိမ်ထဲကို ဖိတ်ခေါ်ခဲ့တယ်။ ဒေါ်စုအနားမှာ မျက်မှန်နဲ့ အမျိုးသားကြီးတစ်ယောက် ထိုင်နေတယ်။ နောက်တော့မှာ အဲ့ဒီသူက သတင်းစာဆရာကြီး ဦးဝင်းတင်မှန်း သိလိုက်ရတယ်။

အဲ့ဒီလို လှုပ်ရှားရင်းနဲ့ ဦးရဲထွန်းရဲ့ သားလေး ဥက္ကာလေးက သူတို့ရဲ့လမ်းထဲကို စာရွက်လာကပ်တဲ့ ပေါ်ဦးတို့နဲ့ခင်သွားတယ်။ အဲ့ဒီအချိန်မှာ ပေါ်ဦးက မင်းကိုနိုင်မဖြစ်သေးဘူး။ ဥက္ကာက ပေါ်ဦးတို့ကို သူကူညီမယ်လို့ ပြောလိုက်ပြီးတော့ ကားတွေဘာတွေလိုအပ်တဲ့အခါ ဥက္ကာက လိုက်ပို့တာတွေ လုပ်ပေးတယ်။ ဦးရဲထွန်းနဲ့ ဥက္ကာတို့က မင်းကိုနိုင်ဖြစ်လာမယ့် ပေါ်ဦးကို ကျွန်တော့်နဲ့ မိတ်ဆက်ပေးတော့ ပေါ်ဦးကို စတွေ့တာပေါ့လေ။ လူပျံတော်ပတ္တများ ဦးအောင်မြင့်ကလည်း (အခုတော့ဆုံးသွားရှာပြီ) ကျွန်တော်တို့ကို ဗီဒီယိုကင်မရာ ထုတ်ပေးတယ်။ သူ့ရဲ့ဗီဒီယိုကင်မရာလေးနဲ့ မှတ်တမ်းတွေလိုက်ယူကြမယ် ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဘာကြောင့်လည်းဆိုတော့ ဦးသန့်အရေးအခင်းတုန်းကလည်း ကိုယ့်ဓာတ်ပုံပါမှာ ကြောက်တော့ မှတ်တမ်းတွေအယူမခံဘူး။ သတင်းလာယူတဲ့ သတင်းထောက်တွေရဲ့ကင်မရာတွေကို လုယူပြီးတော့ ရိုက်ခွဲကြနဲ့လုပ်ကြတော့ သတင်းသမားတွေကကိုယ့်ဘက်ကို မပါတော့ဘူးပေါ့လေ။ မှတ်တမ်းတွေလည်း မကျန်တော့ဘူးပေါ့။ အဲ့ဒီသင်ခန်းစာကို ယူပြီးတော့ ငါတို့အမြင်ကျယ်မှဖြစ်မယ် ကိုယ့်လူပဲဖြစ်ဖြစ် ရန်သူ့လူပဲဖြစ်ဖြစ် သတင်းယူတဲ့သူတွေယူပါစေ မှတ်တမ်းတွေယူထားရမယ်ဆိုတဲ့ အတွေ့အကြုံရတာပေါ့လေ။ အဲ့ဒီနောက်ပိုင်း ဗီဒီယိုနဲ့မှတ်တမ်းတွေ လိုက်ယူတယ်။ နောက်ပိုင်း ဗကသဖွဲ့စည်းပြီးတာကို ကြေညာလိုက်တယ်။ အဲ့ဒီမှာ ပေါ်ဦးက သူ့ကိုယ်ကို မင်းကိုနိုင်လို့ ကြေညာလိုက်တယ်။ နောက် ဗကသနဲ့ မကသ နှစ်ပိုင်းကွဲသွားပြီး ညီညွတ်မှုမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လူလည်ကျတာမျိုးတွေ ဖြစ်လာကြတယ်။ အဲ့ဒီလိုဖြစ်လာကြတဲ့အခါ အားလုံးပြန်စုစည်းကြမယ်ဆိုပြီး ဆေးတက္ကသိုလ် (၁) မှာ အစည်းအဝေးလုပ်ကြတယ်။ အဲ့ဒီအစည်းအဝေးကို ဥက္ကာရဲ့မိုက်ကရိုဘတ်စ်လေးနဲ့ ပေါ်ဦးတို့သူငယ်ချင်းအုပ်စုတွေနဲ့ အတူတူ ကျွန်တော်သွားတက်တယ်။ အဲ့ဒီအစည်းအဝေးမှာ မိုးသီးတို့၊ နောင် ABSDF အတွင်းရေးမှူးဖြစ်လာမယ့် ရကသ သန်းဝင်းတို့၊ ကိုကိုကြီးတို့ အကုန်လုံးကို အဲ့ဒီမှာ စတွေ့ဖူးတယ်။ အဲ့ဒီမှာအားလုံးဆွေးနွေးပြီးတော့ ၁၁၉ ဦးနဲ့ ညီညွတ်တဲ့ပြန်လည်ပေါင်းစီးရေး ကော်မတီဆိုပြီး အဖွဲ့ဖွဲ့ကြတယ်။ ၁၁၉ ဦးနဲ့ ဖောင်းပွတယ်ပဲပြောပြော အားလုံးညီညီညွတ်ညွတ်နဲ့ ပေါင်းကြမယ်ဆိုတော့ ကျွန်တော်ကတော့ ဝမ်းသာကျေနပ်မိတာပေါ့လေ။

အဲ့ဒီမှာ ပေါ်ဦးတို့နဲ့ဆက်တွဲဖြစ်တယ်။ သူ့ကို ကျွန်တော့်အိမ်ကို ခေါ်လာပြီးတော့ ဦးနုက ကြေညာချက် ထုတ်မယ်ဆိုပြီး ကြားတော့ ဝင်္ကဘာလမ်းက ဗိုလ်မှူးအောင်အိမ်ကိုသွားတာပေါ့လေ။ ပေါ်ဦးကိုခေါ်ပြီး ကျွန်တော်ကားလေးနဲ့ ကားမောင်းပြီး သွားကြတယ်။ အဲ့ဒီအိမ်ရောက်သွားတဲ့အချိန်မှာ ဆင်ဝင်အောက်မှာ လူတွေက ရုတ်ရုတ်နဲ့ပေါ့လေ။ အထဲမှာတော့ ဦးနုတို့ လူကြီးတွေက ရှိနေတာပေါ့လေ။ အိမ်ထဲရောက်တော့ ဦးနုက သူဟာ လက်ရှိအစိုးရဖြစ်တယ်။ သူဟာ ပြည်သူကတင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ဖြစ်တယ် ပြည်သူတင်မြှောက်ထားတဲ့ အမိန်အာဏာကို စွဲကိုင်ပြီးတော့ သူဟာ ဝန်ကြီးချုပ်ဖြစ်တယ်ဆိုတာ ကြေညာတာပေါ့လေ။ အဲ့ဒီတော့ ပေါ်ဦးကနေပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ ကျွန်တော့်ကို မေးတယ်။ ကျွန်တော်က ထောက်ခံလိုက်၊ ငါတို့ဒီ အချိန်မှာ ထောက်ခံရမယ်၊ဒီအချိန်မှာ ဒါဟာ နိုင်ငံရေးအရ ကောင်းတဲ့ တိုက်ကွက် တစ်ခုဖြစ်တယ်။ လူတွေက ဆန္ဒပြလို့ အစိုးရယန္တယားရပ် paralyze ဖြစ်နေပြီ။ ဦးနေဝင်းထွက်သွားပြီး ဦးစိန်လွင် တက်လာတယ်။ ပြီးတော့ စိန်လွင်လည်း ပြုတ်ကျသွားတယ်။ နောက် ဦးမောင်မောင် တက်လာတယ်။ အဲ့ဒီအချိန်မှာ ဦးနုက အစိုးရအဖွဲ့ဖွဲ့တယ်ဆိုတာ ကြေညာတော့ ထောက်ခံလိုက်လို့ ပြောလိုက်တယ်။ အဲ့ဒီတော့ ပေါ်ဦးက ကျွန်တော်တို့လည်း ထောက်ခံတယ်လို့ ပြောလိုက်တယ်။ အဲ့ဒီအချိန်မှာ ဦးသာဘန်းနဲ့ ဦးမိုးသူ (ဒါရိုက်တာ) တို့ နှစ်ယောက်က လာပြီးတော့ ညီလေးတို့ မင်းတို့မှားမယ်၊ ဒီလူကြီးက အာဏာရူးကြီး၊ မထောက်ခံနဲ့ဆိုပြီး လာပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘာမှ ပြန်မတုန့်ပြန်ခဲ့ဘူး။ ကျွန်တော့ စိတ်ထဲမှာတော့ ဒီလူကြီးတွေက ဦးနုကို လုံးဝမကြိုက်ကြဘူး။ သူတို့က လက်ဝဲသမားတွေဖြစ်တယ်။ ဦးနုက လကျာ်သမားဆိုတော့ ဦးနုကို လုံးဝမကြိုက်ကြဘူး။ ဦးနုရဲ့လုပ်ရပ်ဟာ ဘယ်လောက်ပဲ မှန်ကန်တဲ့ လုပ်ရပ်ပဲဖြစ်ဖြစ် ဒီလူတွေမှာ ပုဂ္ဂိုလ်ရေးပါနေတယ် လို့မြင်ခဲ့တယ်။ ဒီနေရာမှာ ပုဂ္ဂိုလ်ရေး ကြည့်စရာ မလိုဘူး။ တိုင်းပြည်အတွက် အလှည့်အပြောင်းတစ်ခုကို လုပ်နိုင်ကစားနိုင်မယ့် နိုင်ငံရေးကွက်ဖြစ်တယ်ဆိုရင် ထောက်ခံရမယ်လို့ မြင်တဲ့အတွက် ကျွန်တော် ထောက်ခံသလို ပေါ်ဦးကိုလည်း ထောက်ခံလိုက်လို့ ပြောလိုက်တယ်။

အဲ့ဒီမှာ ဦးနုက အစိုးရအဖွဲ့ဖွဲ့တယ်ဆိုပေမယ့် ဦးနုရဲ့ အစိုးရအဖွဲ့ကြေညာချက်ပေါ့လေ၊ ကြေညာချက်က ရေးပြီးသားကြီးရှိတယ်။ အဲ့ဒီကြေညာချက်ကိုတစ်ယောက်ကထုတ်လာတယ်။ ဝန်ကြီးတွေက ဘယ်သူတွေ ဘယ်သူတွေဆိုတာတွေပေါ့လေ။ ကျွန်တော်တို့ရှေ့မှာပဲ အဲ့ဒီကြေညာချက်ကြီးကို ဦးနုက ကြည့်ပြီးတော့ ဟာ၊ အဲလိုလုပ်လို့မရဘူးလေလို့ပြောလိုက်တယ်။ အားလုံးနဲ့ဆွေးနွေးတိုင်ပင်ပြီးမှာ ဝန်ကြီးတွေ ဘယ်သူဆိုတာ ပြောလို့ရမယ်၊ ဒီကြေညာချက်ကြီးက တရားမဝင်ဘူးဆိုပြီး ဦးနုက ဖောင်တိန်ကြီးနဲ့ ခြစ်ပစ်လိုက်တယ်။ အဲ့ဒီလို ခြစ်ထားတဲ့စာရွက်ကို ကျွန်တော့်အထင် ဦးမိုးသူဖြစ်မယ်ထင်တယ်၊ သူက အဲ့ဒီစာရွက်ကို သူတို့ကိုပေးပါလို့ တောင်းတယ်။ ဦးနုက ဒီလိုဟာမျိုးဟာ အားလုံးနဲ့တိုင်ပင်ပြီးတော့မှ လုပ်ရမှာ ဒီဟာက တရားမဝင်ဘူးဆိုပြီးတော့ ပြောတယ်။ မဟုတ်ပါဘူး ကျွန်တော်တို့ကို ပေးပါ။ မသုံးပါဘူး ကြည့်ရုံပဲ ကြည့်မှာပါဆိုပြီး သူတို့ယူလိုက်တယ်။ အဲ့ဒီနေ့ ညနေလာ နောက်တစ်နေ့မနက်လား မသိဘူး။ သတင်းစာထဲမှာ အာဏာရူးကြီးဦးနုဆိုပြီး အဲ့ဒီဝန်ကြီးစာရင်းတွေပါထည့်ပြီး ကြေညာလိုက်တယ်။ ဦးနုက တရားမဝင်ဘူးဆိုပြီး ခြစ်ထားတဲ့စာရွက်ကို ယူပြီးတော့ လူသိရှင်ကြားပြောလိုက်တာဟာ နောက်ကျောဓားနဲ့ ထိုးလိုက်သလိုပေါ့နော်။ နိုင်ငံရေးကျင့်ဝတ် မရှိတာပေါ့။ အဲ့ဒီအချိန်တုန်းကလည်း ပုဂ္ဂလိကသတင်းစာတွေထွက်နေတယ်။ အဲ့ဒီမှာ တစ်ခုသတိထားလိုက်မိတာက သတင်းသမားတွေမှာ သတင်းသမားကျင့်ဝတ် ရှိရမယ်။ ဒီလို တရားမဝင်ဘူးလို့ out of record ဖြစ်နေတာမျိုးကို လုံးဝလုပ်လို့မရဘူး။ ဦးနုက ဒီကြေညာချက်ဟာ တရားဝင် မဟုတ်ဘူး။ အားလုံးနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှ ဝန်ကြီးတွေကို ပြန်ရွေးမယ်လို့ပြောထားရက်သားနဲ့ ဒီလိုပုဂ္ဂိုလ်ရေး တိုက်တာမျိုးကို အံ့လည်းအံ့သြမိတယ်။ စိတ်လည်းပျက်မိတယ်။ အဲ့ဒီလိုပဲ ဦးနုလုပ်ရပ်ကို ဦးအောင်ကြီးကလည်း မထောက်ခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မထောက်ခံဘူး။ အဲ့လိုတွေကွဲသွားကြတယ်။ နောက်တစ်ခု ထူးဆန်းတာက ဦးနုအစိုးရဖွဲ့ကြောင်းကြေညာတာကို ထောက်ခံပြီးတော့ ပြောရေးဆိုရေးအနေနဲ့ ရှေ့မှာထွက်ပြီး ပြောခဲ့တဲ့သူက ဦးတင်ဦး။ အဲ့ဒီတော့ ဦးတင်ဦးက ဦးနုနဲ့တစ်ဖွဲ့တည်းပေါ့လေ။ နောက်ပိုင်း ဦးတင်ဦးက စစ်ဗိုလ်၊ ဗိုလ်မှူးဟောင်းတွေနဲ့အတူ မျိုးချစ်ရဲဘော်ဟောင်းများဆိုပြီး အဖွဲ့ဖွဲ့လိုက်တယ်။ အဲ့ဒီအဖွဲ့ကနေပြီး ဦးနုအစိုးရကို လူထုက မထောက်ခံဘူး။ ခင်ဗျားလည်း မပါနဲ့တော့ဆိုပြီး သူ့အဖွဲ့ကနေ တောင်းဆိုလာတော့ ဦးတင်ဦးက ဦးနုဖက်မှာ မပါတော့ဘူး။ ပထမတုန်းက ဦးနုအစိုးရအဖွဲ့မှာ ဦးတင်ဦးကို ကာကွယ်ရေးဝန်ကြီးအနေနဲ့ လျာထားတဲ့သဘောရှိတယ်။ အဲ့ဒီလို နိုင်ငံရေးတွေ တော်တော်ရှုတ်ထွေး လာတာပေါ့လေ။ အဲ့ဒီလို လစ်ဟာသွားတဲ့အာဏာ - Power Vaccum အာဏာလစ်ဟာမှုကြီးကို ဘယ်သူမှဝင်ပြီး မဖြည့်နိုင်ကြဘူး။

နိုင်ငံရေးသမားခေါင်းဆောင်တွေကလည်း မဖြည့်နိုင်ခဲ့ဘူး။ တစ်ဦးနဲ့ တစ်ဦးလည်း မညီညွတ်ခဲ့ကြဘူး။ ဦးအောင်ကြီးကလည်း ဦးနုရှေ့ပေါက်ကဝင်ရင် ငါနောက်ကထွက်မယ် ဆိုတာမျိုးဖြစ်တယ်။ အဲ့ဒီလို ဖြစ်လာတဲ့အခါ ကျောင်းသားတွေဖက်က ကြီးငါးကြီး ဆွေးနွေးကြပါဆိုပြီး တောင်းဆိုကြတယ်။ ဦးတင်ဦးရယ်၊ ဦးနုရယ်၊ ဦးအောင်ကြီးရယ်၊ ဒေါ်စုရယ်၊ ဗိုလ်ရန်နိုင်ရယ်ပေါ့။ နောက် ဦးဝမ်ကိုဟောလည်းပါလာတော့ ကြီး ၆ ကြီးဖြစ်သွားတယ်။ အဲ့ဒီထဲမှာ ဗိုလ်ရန်နိုင်ကတော့ တော်တော်လေးသဘောထားပျောပြောင်းတာကို တွေ့ရတယ်။ အားလုံးနဲ့ သဟဇာတဖြစ်တယ်။ ဘယ်သူနဲ့မဆိုတွဲလုပ်နိုင်တယ်လို့ ပြောခဲ့တယ်။ ဦးနုက ကျောင်းသားတွေကို ဝန်ကြီးအဖွဲ့ထဲမှာဝင်ပါပါဆို ပြီး ကမ်းလှမ်းတယ်။ ဒါပေမယ့် ကျောင်းသားတွေဖက်က ကျွန်တော်တို့က အာဏာယူဖို့ မဟုတ်ဘူး။ ကျွန်တော်တို့က အစိုးရအဖွဲ့ကို ပံ့ပိုးပေးဖို့သာဖြစ်တယ်လို့ ပြောကြတယ်။ အဲ့ဒီမှာ ဦးအောင်ကြီးက ဦးနုကို လုံးဝခါးခါးသီးသီးဖြစ်တယ်။ အဲ့ဒီနောက်ပိုင်းမှာ အောင်ကြီးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးတင်ဦးရယ် သုံးယောက် ပေါင်းမိသွားတယ်။ ဦးနုကတော့ သီးခြားဖြစ်သွားတဲ့ သဘောဖြစ်သွားတယ်။ အဲ့ဒီအချိန်မှာ ဘယ်လိုဖြစ်သွားလည်းဆိုတော့ ကျောင်းသွားတွေက ဘွဲ့နှင်းသဘင်ခန်းမမှာ အစည်းအဝေးထိုင်ပြီးတော့ ဘယ်လိုဖြစ်ဖြစ် ခင်ဗျားတို့ (၆) ယောက် အစိုးရဖွဲ့ရမယ်ဆိုပြီး တောင်းဆိုကြတယ်။ အဲ့ဒါ အားလုံးက သဘောတူတယ်ဆိုပြီး လုပ်ပြီးတဲ့အချိန်မှာ
စက်တင်ဘာလ ၁၈ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းသွားတယ်။

နိဂုံးအနေနဲ့ ပြောရရင် အဲ့ဒီလို ဘယ်သူမှ မဖြည့်နိုင်ခဲ့တဲ့ အာဏာလစ်ဟာမှုကြီးကို ဝင်ရောက်ဖြည့်သွားတာ ကတော့ စစ်တပ်ပဲ။ ဘာကြောင့်ဝင်ဖြည့်သွားနိုင်လဲဆိုတော့ စစ်တပ်က institutionalized (စံနစ်တကျ တောင့်တင်းတဲ့အဖွဲ့အစည်း) ဖြစ်နေပြီ။ သူတို့က ၁၉၄၈ ခုနှစ်ထဲက တိုင်းပြည်ကို နှစ်ပေါင်းမြောက်များစွာ အုပ်ချုပ်လာခဲ့တော့ institution အဖွဲ့အစည်းတွေ တောင့်တင်းတာပေါ့လေ။ စစ်ဗိုလ်တွေကို အရပ်သား အသွင်ပြောင်းပြီး အုပ်ချုပ်စေတယ်။ အဲ့ဒီအရပ်သားအသွင်ပြောင်းထားတဲ့ အောက်မှာ စစ်တပ်ကိုထားပြီး အုပ်ချုပ်တယ်။ ဗိုလ်နေဝင်းထွက်ပေးလိုက်တာနဲ့ သူတို့ရဲ့လက်အောက်ကလူတွေကို ဗိုလ်နေဝင်းက ဟေ့ကောင်တွေ မင်းတို့လွှဲယူလိုက်တော့လို့ ပြောလိုက်တာနဲ့ စနစ်တကျဖွဲ့ထားတဲ့ စစ်တပ်ကအာဏာ ဝင်ယူသွားတာပေါ့။

ဒီ ၈၈ အရေးအခင်းမှာ ပုဂ္ဂိုလ်ရေးအာဃာတတွေ၊ အမျက်စောင်မာန်ကြီးမှုတွေ၊ ထင်ပေါ်ကြော်ကြားလိုမှုတွေ၊ လက်ဦးမှုယူလိုမှုတွေ၊ ဘုံရန်သူကိုမမြင်ဘဲ အချင်းချင်းခွက်စောင်းခုတ်နေကြလို့ အနားရောက်ပြီးမှ လက်လွှတ် ခဲ့ရတဲ့ လွတ်လပ်ရေးကို အခုထက်ထိ နှစ်ပေါင်း၂၅ နှစ်ကြာ ပြန်တိုက်ယူနေရစဲဖြစ်တဲ့အမှားတွေ အတွေ့အကြုံ တွေကို နောင်မျိုးဆက်တွေ သင်ခန်းစာယူပြီး အမိမြန်မာ ပြည်ကြီး ကို စစ်မှန်တဲ့ဒီမိုကရေစီ စနစ်ကျင့်သုံးပြီး မြန်မာပြည်သူ ပြည်သားအားလုံး စစ်မက်ဘေးရန်ကင်းဝေးပြီး သာယာဝပြောတဲ့ လူနေမှုစနစ်ကြီး ထူထောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

အားလုံးကိုလေးစားလျက်။
ထွန်းအောင်ကျော် (၇၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...