Friday, August 30, 2013

နှလုံးသား ဒိုင်ယာယီ (၁၁)

August 28, 2013 at 6:38am



ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက်ဆိုး ဆိုသကဲ့သို့ တော်လှန်ရေးနယ်မြေသို့ အသွင်ကူးပြောင်း ရောက်ရှိလာသော ရဲဘော်များ ဘဝမှာ ထပ်မံ၍  ဖိနှိပ်ခြင်းခံကြရပြန်သည်။ အချို့အသက်ဆုံးရှုံးသွားရခြင်းတွေ လည်း ရှိသည်။ ထွက်လာရခြင်း ရည်ရွယ်ချက်တွေ ဆိတ်သုန်းပျောက်ကွယ်ကုန်ကြသည်။
ယူနီဖောင်းချွတ် ဆိုသည့် အမြင်များကြောင့် သိမ်ငယ်စိတ်များနှင့်အတူ အနေအထိုင်လည်း ကျဉ်းကျပ်ခဲ့ရသည်။ အာဏာရှင် စနစ်ကို ပြန်လည်တွန်းလှန်လိုသော်လည်း အခြေအနေက မပေးခဲ့။ ၂၀၀၁ ခုနှစ် ကျနော်နှင့် ဘဝတူရဲဘော်ဟောင်းတချို့ စုစည်းကြပြီး တပ်မတော်တရပ်ဖွဲ့စည်းရန် တီးတိုးတိုင်ပင် ခဲ့ကြသည်။ စိတ်ကူးယဉ်၍ ကောင်းသော်လည်း တကယ်လုပ်လျှင် အသက်နှင့်ရင်း၍  လှုပ်ရှားကြရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဖွဲ့စည်းတည်ထောင်ခွင့်ရလျှင် ရဲဘော်များဘဝကို ကယ်တင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်ထံ ချဉ်းကပ်၍  ဖွင့်ဟပြောဆိုဖြစ်ကြသည်။ ပထမ ဗိုလ်ချုပ်ပင် အတော် အံ့သြသွားပုံရသည်။


ထိုကိစ္စကို နောက်ရက်မှ ပြန်လည်ဆွေးနွေးမည်ဟု ပြောလိုက် သည်။ ကျနော်တို့လည်း နောက်တနေ့ ဗိုလ်ချုပ်အောင်မြတ်အိမ်သို့ ထပ်မံသွားရောက်ခဲ့ပြန်သည်။ ဗိုလ်ချုပ်မှ “ခင်ဗျားတို့ တပ်ဖွဲ့မယ်ဆိုရင် လုပ်ရမယ့်လုပ်ငန်းစဉ်တွေက အများကြီးရှိသလို အန္တရာယ်နဲ့ စိမ်ခေါ်မှုတွေကို လည်း ကျော်လွှားနိုင်မယ်ဆိုရင်တော့ လုပ်ကြပေါ့။ ကျနော့်အနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီဖြေရှင်းသွားပေး မယ်” ဗိုလ်ချုပ်စကားကြောင့် ကျနော်တို့အားလုံး ဝမ်းသာအားရ တက်ကြွကြသည်။ ဗိုလ်ချုပ်မှာ “ခင်ဗျားတို့အဖွဲ့ ဖွဲ့မယ်ဆိုရင် ရပ်တည်ရေးအတွက် နယ်မြေရှာရမယ်။ ကျနော့်အမြင်ကတော့ ပျဉ်းမနားခွင်ကို အခြေပြုလှုပ်ရှား မယ်ဆိုရင် ကောင်းလိမ့်မယ်။ ဗမာလူထုရှိသလို ရိုးမနဲ့လည်း နီးတယ်။ စည်းရုံးရေးဆင်းရင်း တပ်သားသစ်တွေ လည်း စုဆောင်းလို့ရတာပေါ့” လို့မှတ်ချက်ပြုပြီး ပျဉ်းမနားဒေသသို့ နယ်မြေလေ့လာရေးခရီး မသွားရောက်မီ လိုအပ်သည့်လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ကြရသည်။
ပထမဦးစွာ နယ်မြေဒေသအသီးသီးသို့ ပြန့်ကျဲရောက်ရှိနေသော ရဲဘော်ဟောင်းများကို ပြန်လည်စုစည်း ရသည်။ စုစည်းထားသော ရဲဘော်များ စားဝတ်နေရေးအတွက် ကျနော်တို့အားလုံး ပူးပေါင်းဖြေရှင်းကြရသည်။ ဆန်မှာ အခက်အခဲမရှိသော်လည်း ဟင်းမှာ အလွန်ခက်ခဲသည်။ အိမ်နံဘေးပေါက်နေသော ကြက်မောက် ပန်းပင် များကို ခူးကာ ကြော် ၍တမျိုး ချက်၍တဖုံ မညည်းမညူ စားသောက်ခဲ့ရသည်။ တပ်ဖွဲ့မည့် အရေးကို မျှော်ကိုးရင်း အားလုံးက မျှော်လင့်ချက်ကိုယ်စီဖြင့် တက်ကြွလန်းဆန်းနေကြသည်။ သေမည့်နေ့ကို စောင့်ကြို နေရမည့်အတူတူ အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ရင်း အသေခံသွားမည်ဟု အားလုံးကလည်း ဆုံးဖြတ်ထား ကြသည်။ အပြောလွယ်သလောက် အလုပ်ခက်သည်ဟု ဆိုရပေတော့မည်။ တကယ်လက်တွေ့ အဖွဲ့အစည်း တရပ် ထူထောင်မည်ဆိုတော့ လိုအပ်ချက်တွေက ပြည့်နှက်နေတော့သည်။ အဖွဲ့အစည်းအမည်၊ ရည်ရွယ်ချက်၊ အလံတော်၊ ဘက်တံဆိပ်၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးနှင့် လှုပ်ရှားမည့်ခွင် စသဖြင့် လိုအပ်လာခဲ့သည်။


အဖွဲ့အစည်းအမည်ကို ရွေးချယ်ရာတွင် Burma Patriotic Army (BPA) ဗမာ့မျိုးချစ်တပ်မတော်ဟု ခေါ်တွင်ရန် အများသဘောတူလက်ခံလိုက်သည်။ အဖွဲ့အစည်းအမည် သတ်မှတ်ပြီးနောက် အလံတော်နှင့် ဘက်တံဆိပ်တို့ အတွက် စဉ်းစားကြရပြန်သည်။ အလံတော်ကို ကြယ် ၈ လုံး ဝန်းရံထားသော လပြည့်ဝန်းကြီးကို ရွေးချယ်လိုက် သည်။ ကြယ် ၈ လုံးမှာ တိုင်းရင်းသားများဖြစ်သော ကချင်၊ချင်း၊ကရင်၊ ကယား၊မွန်၊ မြန်မာ၊ရခိုင်၊ ရှမ်း တို့ကို ရည်ညွှန်းသည်။ လပြည့်ဝန်းကြီးမှာ စစ်မှန်၍ ဒီမိုကရေစီအနှစ်သာရနှင့် ပြည့်စုံသော ဖက်ဒရယ် ပြည်ထောင်စု ကြီးကို ပုံဖော်ထားခြင်း ဖြစ်သည်။ ထို့နောက် တပ်မတော်တရပ် ၌   ရှိအပ်သော ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် စစ်ဥပဒေ များကိုလည်း လေ့လာရေးဆွဲကြရသည်။ ဆက်သွယ်ရေး၊ မိုင်း၊ ထောက်လှမ်းရေး၊ ဦး/ရေး/ထောက် စသည့် ပညာရပ်များကိုလည်း သင်တန်းများ တက်ရောက်သင်ယူကြရသည်။ အခက်ခဲဆုံးမှာ လှုပ်ရှားခွင်ဖြစ်နေသည်။ မဟာမိတ် ကရင်နီတပ်မတော်နှင့် ယာယီတွဲဘက် လှုပ်ရှားခွင့်ရမည် ဖြစ်သော်လည်း ရေရှည်ရပ်တည်ရေး အတွက် နယ်မြေရှာရန် လိုအပ်လာသည်မှာ အမှန်ပင်ဖြစ်သည်။


ထို့ကြောင့် သတ်မှတ်ရွေးချယ်ထားသော ပျဉ်းမနားနှင့် ရိုးမသို့ သွားရောက်လေ့လာနိုင်ရန် ကျနော်တို့စိုင်းပြင်းရ တော့သည်။ ပထမဦးဆုံး သွားရောက်ရမည့်သူမှာ ကျနော်နှင့် အောင်အောင်(နာမည်လွှဲ) တို့ နှစ်ဦးဖြစ်သည်။ အောင်အောင်က ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း နဖူးပြောင်လွန်းသည်။ စကားပြော ကောင်းသူတယောက်ဖြစ်သလို အမူအယာလည်း ကောင်းသည်။ သူနှင့် ကျနော်က ရင်းနှီးမှုသိပ်မရှိ။ တပ်ဖွဲ့မည် ဆိုမှ တွေ့ဆုံကြရခြင်း ဖြစ်သည်။ ကျနော်တို့ ၂ ယောက်ခရီးထွက်ရန်အတွက် ပြင်ဆင်ကြရသည်။ လမ်းခရီး အတွက် လိုအပ်သော ငွေကြေးနှင့် လုံခြုံရေးကို ကရင်နီတပ်မတော် တပ်ခွဲ ၄ မှ တာဝန်ယူပေးမည်ဖြစ်သည်။ ဦးစွာပထမ ရလလဖ ခွင်ဖြစ်သော နောင်ထောင်သို့ သွားရောက်ရမည်ဖြစ်သည်။ ရလလဖ အဖွဲ့အမည်မှာ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ဟု အဓိပ္ပါယ်ရသည်။ ပအို့ဝ်လွတ်မြောက်ရေးအဖွဲ့ (ပအလဖ) မှ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့အမည်နာမကို ၁၉၆၈ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြ ခြင်းဖြစ်သည်။ ပအို့ဝ်ဒေသတွင် ပအို့ဝ်ဖြူ ပအို့ဝ်နီ ဟူ ၍ ၂ ဖွဲ့ရှိသည်။ ဗကပလိုလားသော အဖွဲ့ ရလလဖ ကို ပအို့ဝ်နီဟု ခေါ်ဆိုကြပြီး ဦးသာကလယ် က ဦးဆောင်သည်။ ပွန်ချောင်းအရှေ့ဘက်အခြမ်း ကဒူးကြီး၊ နားဟီး နှင့် နမ်းခွင်တို့တွင် လှုပ်ရှားကြသည်။ ဗကပ မလိုလားသော အုပ်စုကို ဦးအောင်ခမ်းထီက ဦးဆောင်ပြီး ဟိုပုန်း၊ အင်းလေး၊ ပင်လောင်း၊ ဆီဆိုင်၊ မဲနယ်တောင်တန်းတို့ကို ဗဟိုပြု လှုပ်ရှားကြသည်။ ထိုအဖွဲ့ကို ပအို့ဝ်ဖြူဟု အများက ခေါ်ဆိုကြသည်။


ခရီးထွက်မည့် ကျနော်တို့ ၂ ဦး တပ်စခန်းပေါ်သို့ ရောက်ရှိခဲ့ကြသည်။ လိုက်ပါပို့ဆောင်မည့် ရဲဘော်များမှာ လက်နက်များကို တိုက်ချွတ်ဆေးကြောသူ ပစ်ခတ်စစ်ဆေးသူ ရိက္ခာ များထုပ်ပိုးနေသူ စသဖြင့် သူ့အလုပ်နှင့်သူ ရှုပ်နေကြသည်။ ကျနော်တို့ ၂ ဦး အိတ်ဆောင်အတွင်း ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တိုင်ပင် ဆွေးနွေးခဲ့ကြသည်။ အောင်အောင်မှ ကျနော့်အား ပြန်လည် ပြောဆိုလာခဲ့သည်။ “ခင်ဗျားနဲ့ကျနော် ခရီးအတူတူ ထွက်ကြရမှာဆိုတော့ ရှေ့ဆက် ဘာတွေဖြစ်လာမယ်ဆိုတာ အတတ်မပြောနိုင်ဘူး အမှန်အတိုင်း ပြောရရင် အချိန်မရွေး အဖမ်းခံရနိုင်တယ်။ အကယ် ၍ အဖမ်းခံခဲ့ရရင် အသေတော့ မခံနိုင်ဘူး။ အကုန်ဖွင့်ဟ ပြောရမှာပဲ။ ခင်ဗျားသဘောက ဘယ်လိုရှိလဲ” ဟု ဖွင့်ဟပြောရာ “ကျနော့်သဘောအရဆိုလျှင် တာဝန်က တာဝန်ပဲ ကျနော်တို့နောက်မှာ ရဲဘော်တွေ မျက်နှာရှိတယ်။ ကျနော်တို့သာ သစ္စာဖောက်ခဲ့ကြရင် ကျန်ရစ်ခဲ့တဲ့ ရဲဘော်တွေဘဝ အဖတ်ဆယ်လို့ ရတော့မှာ မဟုတ်ဘူး။ သူတို့ကို သေတွင်းထဲက ဆွဲထုတ်လာခဲ့ပြီးမှ သေတွင်း ထဲကို ပြန်မတွန်းချနိုင်ဘူး။ တခုတော့ရှိတယ်။ စိတ်ဓာတ်မူမမှန်တဲ့ ခင်ဗျားနဲ့ကျနော် ခရီးမထွက်နိုင်ဘူး။ ဒါကြောင့် ဒီခရီးစဉ်ကို ကျနော်ဖျက်တယ်ဗျာ” ဟုဆိုကာ တဲအပြင်သို့ ထွက်လာခဲ့သည်။ အောင်အောင်လှမ်းခေါ် သော်လည်း လှည့် ၍ပင်မကြည့်တော့။ ခရီးစဉ်ကို ဖျက်သိမ်းကြောင်း အထက်သို့ တင်ပြလိုက်တော့သည်။


အငြိုးအတေးသည် ကြောက်စရာ ကောင်းလွန်းတော့သည်။ အညံ့ခံမည့် သတင်းကြောင့် အောင်အောင်အား BPA မှ ထုတ်ပယ်လိုက်ကြသည်။ အောင်အောင်အိမ်နှင့် ကျနော့်အိမ်က လမ်းလျှောက်လျှင် ၁၀ မိနစ်ခန့်သာ ဝေးသည်။ ကျနော်တို့ နေထိုင်သည်က ထိုင်းနိုင်ငံ ပိုင်နက်အတွင်းမှာ ဖြစ်နေသည်။ အောင်အောင်ကို ရှင်းပစ်ရန် အလစ်ချောင်းနေခဲ့သည်။ သူကလည်း ရိပ်မိပုံရသည်။ အိမ်အနီးတဝိုက်မှလွဲ ၍ ဝေးဝေးသို့ပင် မသွား။ လုပ်ကြံမည့် အခွင့်အရေးက နည်းပါးနေသည်။ အနီးပတ်ဝန်းကျင် မရိပ်မိစေရန်လည်း လိုအပ်သော ကြောင့် ဖြစ်သည်။


လုပ်ကြံမည်ဟု ဆုံးဖြတ်ထားသော ညရောက်သောအခါ သူ့အိမ်နားသို့ ဖြည်းညှင်းစွာ ကပ်သွားလိုက်သည်။ အိမ်အတွင်းထဲသို့ အခြေအနေကို ဝေ့ဝဲကြည့်လိုက်စဉ် မှိန်ဖျော့ဖျော့ ထင်းရှူးဆီ မီးအလင်းရောင်အောက် ၄ နှစ်အရွယ် သမီးလေးကို ရင်ခွင်ထဲထည့်ကာ ချော့သိပ်နေသော အောင်အောင်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက ကျနော့်ကို ဆို့နင့်ကြေကွဲသွားစေသည်။ ကျနော့်ရင်သွေးများ မျက်နှာ ကလည်း တဖျတ်ဖျတ် ဝင်ရောက်လျက်ရှိသည်။ ကျနော့်ဘဝတွင် အမိအဖ မေတ္တာ ကို ငတ်မွတ်တောင့်တ ခဲ့သည်မှ ယနေ့တိုင်။ အပြစ်ကင်းစင်သော အောင်အောင်သမီးလေး ကျနော့်ကြောင့် သူ့ဖခင် မေတ္တာ  ငတ်မွတ် သွားမည့်အရေး တွေးလိုက်တော့ နှလုံးသားက လက်မခံနိုင်။ အဆုံးစွန်ဆုံး တင်ထားသော ဒေါသစိတ်ကို ချုပ်တီးရင်း နောက်ကြောင်း ပြန်ခေါက်လာခဲ့မိသည်။

(ဆက်ပါဦးမည်)

အုပ်ကြီးဖေ
၂၇-၈-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...