Saturday, August 31, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလိုသုံးဖို့ ထင်သလို အဓိပ္ပါယ်ဖွင့်ဆိုကြမည်လား

August 28, 2013 at 11:53pm

ဒီရက်ပိုင်းအတွင်း သတင်းသမားတွေအကြိုက် လွှတ်တော်က စီစီညံညံ အသံတွေကြားနေရပါတယ်။ ကိုယ်တိုင်ကတော့ ၁၉၄၇ ခုနှစ် Constitution ကို ကျောင်းမှာသင်ခဲ့ရပြီး ၁၉၇၄ Constitution နဲ့ ၂၀၀၈ ခုနှစ် Constitution ကိုတော့ ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရတာမို့လို့ ဥပဒေပညာသင်ကြားခဲ့ရသူ တစ်ဦးတစ်ယောက်အနေနဲ့ သုံးသပ်ဆင်ခြင် ကြည့်ရာမှာ
အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မှန်မှန်ကန်ကန် ဖွင့်ဆိုဖို့၊ မှန်မှန်ကန်ကန် အသုံးချဖို့ အထူးပဲအရေးကြီးလှကြောင်း စိတ်ထဲမှာ ဖြစ်ပေါ်ခံစား မိပါတယ်။
ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ဥပဒေပညာရှင်တွေဟာ (ဘွဲရဲ့အဆင့်အတန်း၊ လုပ်ရည်ကိုင်ရည်နဲ့ အတွေ့အကြုံတွေအရ) ဒီအခြေခံဥပဒေကိစ္စကို သိပ်စိတ် ဝင်စားကြပါတယ်။ လူတိုင်းလူတိုင်းက အခုဆိုရင် ဒီမိုကရေစီ အကြောင်း သိချင်နေကြတာဖြစ်ပါတယ်။ အလျဉ်းသင့်လို့ စာရေးဆရာ ဘုန်းအောင် ရေးသားတဲ့ ၁၉-၈-၂၀၁၃ ရက်ထုတ် Messenger ဂျာနယ်မှာ "Maker လား၊ Breaker လားနှင့် တရားဥပဒေစိုးမိုးရေး" ဆိုတဲ့ ဆောင်းပါးကိုလည်း အမှတ်ထင်ထင် ဖတ်ရှုမိပါတယ်။ နိုင်ငံတစ်နိုင်ငံ ဘယ်စနစ်ဘယ်လမ်းကြောင်း နဲ့ သွားမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီဆိုလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူလူထုရဲ့သဘောတူဆန္ဒကို ရယူပြီးမှ ရေးဆွဲကြရတာ ဖြစ်ပါတယ်။ အဓိက အားဖြင့် မဏ္ဍိုင်ကြီး သုံးရပ်ကို ဘယ်လိုပုံစံနဲ့ ခွဲဝေမလဲဆိုတာကို ရွေးချယ်ကြရတာ ဖြစ်ပါတယ်။ ပါလီမန်အခြေခံတဲ့ နိုင်ငံရေးစနစ်တွေမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကို ပေါင်းစည်း အသုံးပြုပြီး သမ္မတစနစ်မှာတော့ အာဏာကြီး(၃)ရပ်ကို တစ်ခုစီ ခွဲဝေထားလေ့ရှိကြ ပါတယ်။ ယခု မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ မဏ္ဍိုင်ကြီး (၃) ရပ်ကို အာဏာအညီအမျှ ခွဲဝေပေးတဲ့စနစ်ကို အခြေခံပြီး ကျင့်သုံး နေတာဖြစ်ပါတယ်။

ကျွန်တော့်အိမ်မှာ Sky Net မရှိတဲ့အတွက် လွှတ်တော်က ဆွေးနွေးချက်တွေ ကို တိုက်ရိုက်ကြည့်ခွင့်မရလို့ သတင်းစာမှာပါတဲ့ လွှတ်တော်တွေမှာ ဆွေးနွေး၊ မေးမြန်း၊ ဖြေကြားတာတွေ၊ အစီရင်ခံစာ တင်သွင်းတာတွေ၊ သဝဏ်လွှာပို့ကြ၊ ပြန်ကြားကြတာတွေ ကိုပဲ အားပြုပြီး ဖတ်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဥပဒေသမား တစ်ယောက်ဖြစ်တဲ့အတွက် ဥပဒေပြုရေး လုပ်ငန်းတွေလုပ်ဖို့ အဓိကတာဝန်ရှိတဲ့ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကို ပိုမိုစိတ်ဝင်စား မိလို့ပါပဲ။ ကျွန်တော် နားလည်ထားတာက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုပြီး နိုင်ငံမှာ မဏ္ဍိုင်ကြီး (၃)ရပ်ခွဲခြား ထားပြီး အဲဒီမဏ္ဍိုင်ကြီး (၃)ရပ်ဟာ မိမိတို့ရဲ့ လုပ်ငန်းတာဝန်တွေကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရမှာဖြစ်သလို အချင်းချင်းအပြန်အလှန် ထိန်းကျောင်း ခြင်းလည်း ပြုကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (က)က လည်း ဒီအတိုင်းပဲ အတိအလင်း ပြဌာန်းထားတာကို တွေ့ရပါတယ်။

အခုတလော သတင်းစာတွေမှာ ပါလာတဲ့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာတွေ ၊ နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ကျွန်တော် စိတ်ဝင်တစား ဖတ်မိပါတယ်။ လွှတ်တော်က အတည်ပြုပြီး သမ္မတလက်မှတ်ရေးထိုးဖို့ ပို့ခဲ့တဲ့ “၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေကြမ်း” နဲ့ “အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း” တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူး လို့ ယူဆရတာတွေ၊ တည်ဆဲဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆရတာတွေ၊ မြန်မာနိုင်ငံက ပါဝင်ထားတဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနဲ့ မညီဘူးလို့ ယူဆ ရတာတွေ တွေ့ရလို့ သမ္မတက သဘောထားမှတ်ချက်တွေနဲ့ ပြန်ပို့တာ လက်မခံဘဲ မူလအတိုင်းပဲ ထားပြီး နောက်တစ်ကြိမ်ပြန်ပို့လို့ သမ္မတက “၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း” ကို လက်မှတ်မထိုးဘဲ လွှတ်တော်ကို ပြန်ပို့ခဲ့ပါတယ်။ ဘာကြောင့် လက်မှတ် မထိုးရတာလဲ ဆိုတာကို အများပြည်သူသိရှိစေဖို့ သတင်းထုတ်ပြန်ခဲ့တာကို လည်း တွေ့ရပါတယ်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်း” ကိုတော့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သော်လည်း ဒီလို လက်မှတ်ရေးထိုးရခြင်းဟာ လွှတ်တော် ကိုယ်စားလှယ်အများစုရဲ့ဆန္ဒကို လေးစားသောအားဖြင့်သာ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရဲ့ တွေ့ရှိချက်နဲ့ သဘောထားများကို အများပြည်သူသိရှိစေဖို့ သတင်းထုတ်ပြန် ခဲ့တာတွေ့ရပါတယ်။ကျွန်တော်တို့ လည်း ဥပဒေသမားဖြစ်တော့ ထဲထဲဝင်ဝင် လေ့လာကြည့်တဲ့အခါ ဒီဥပဒေ ကြမ်း(၂)ခုလုံးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆရတဲ့ အချက်တွေ အများ ကြီးပါနေတာကိုတွေ့ရတော့ ကျွန်တော် တော်တော်တောင် လန့်သွားမိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံမှာရှိတဲ့ဥပဒေအားလုံးရဲ့ အခြေခံဖြစ်တဲ့အပြင် ပြဌာန်းလိုက်တဲ့ ဥပဒေတစ်ရပ် ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်နဲ့ ဆန့်ကျင်နေရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၈ ပုဒ်မခွဲ (က) မှာ အတိအလင်း ပြဌာန်းထားတာကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာ ရိုသေဖို့ မိမိတို့ ပြုထားတဲ့ ကတိသစ္စာကို ဖောက်ဖျက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဥပဒေပြဌာန်းဖို့ တာဝန်ပျက်ကွက်သလို ဖြစ်ခဲ့ကြတာကိုလည်း ကျွန်တော်အနေနဲ့ ထိတ်လန့် တုန်လှုပ်မိပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက နိုင်ငံတော်သမ္မတရဲ့ ဥပဒေအကြံပေး များကို သံသယ ရှိတယ်လို့ ပြောသွားတယ်။ သမ္မတကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၁၄ ကို ရှင်းမပြကြ ဘူးလားလို့ မေးခွန်းထုတ်ထားတာ တွေ့ရှိရပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း စိတ်ဝင် စားသွားပြီး ပုဒ်မ ၂၁၄ ကို ဖတ်ကြည့်တဲ့အခါ ပုဒ်မ ၂၁၄ ဟာ နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ကဏ္ဍ အောက်မှ ပြဌာန်းထားတဲ့ ပြဌာန်းချက်ဖြစ်ပြီး အဲဒီတာဝန်နဲ့ လုပ်ပိုင်ခွင့် ကို ဘယ်လိုကျင့်သုံးရမယ် ဆိုတဲ့ပြဌာန်းချက်အသေးစိတ်က ပုဒ်မ ၁၀၅ နဲ့ ပုဒ်မ ၁၀၆ တို့မှာပါလို့ ယှဉ်တွဲဖတ်ရှုရမယ့် ပြဌာန်း ချက်တွေဖြစ်တာကို တွေ့ရပါတယ်။ ပုဒ်မ ၂၁၄ မှာ “ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဌာန်းသည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့ လက်မှတ်ရေးထိုးပြီးသော ဥပဒေများကို နိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။” လို့ ပြဌာန်းထားတာတွေ့တာနဲ့ Bill တိုင်းကို သမ္မတက လက်မှတ်ထိုးကို ထိုးရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်က အဓိပ္ပါယ် ပေါက်သွားပုံရတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် များနှင့်အညီ အရေးယူဆောင်ရွက်ပြီး” ဆိုတဲ့အချက်ကို သဘောပေါက် ရင်တော့ သမ္မတရဲ့ ဥပဒေ အကြံပေးတွေ သမ္မတကို ပုဒ်မ ၂၁၄ ရှင်းပြဖို့ လိုတယ်လို့ ပြောမယ်မထင်ပါဘူး။

အဲဒီလွှတ်တော်ကိုယ်စားလှယ်ကပဲ သမ္မတက ဥပဒေကို လက်မှတ်ထိုးလိုက်လို့ တာဝန်မရှိ ပါဘူး၊ မှားစရာရှိရင် လွှတ်တော်ကပဲ မှားမှာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၁၄ ကို အလေးထားဖို့ သမ္မတကြီးကို အကြံပြုလိုပါတယ်လို့ ပြောထားပါသေးတယ်။ နိုင်ငံမှာ ဥပဒေပြုရေးအတွက် လွှတ်တော်မှာ တာဝန်ရှိသလို လွှတ်တော်က အတည်ပြုတဲ့ ဥပဒေကို နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ပြဌာန်း ရခြင်းရဲ့ အနှစ်သာရကို မသိလေရော့သလားလို့ အံ့သြတကြီး ဖြစ်မိပါတယ်။

ဥပဒေပြုအာဏာပိုင်က အတည်ပြုပြဌာန်းတဲ့ ဥပဒေကို နိုင်ငံတော်သမ္မတ ဦးစီးတဲ့ အုပ်ချုပ်ရေးဘက်က အကောင်အထည် ဖော်ရတာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပြန်အလှန် ထိန်းကျောင်းဖို့ ပြဌာန်းချက်တွေ ထည့်သွင်းပြဌာန်းထားတာ သတိမူကြဖို့ လို ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီတဲ့ ဥပဒေကို အတည်ပြုရင် ဥပဒေပြု အာဏာပိုင်မှာ တာဝန်ရှိသလို အဲဒီလို မညီတာကို ထောက်မပြရင် လည်း သမ္မတမှာ တာဝန်ရှိမှာဖြစ်ပါတယ်။ သမ္မတက သူ့တာဝန်သူကျေအောင် လုပ်တာကိုပဲ နိုင်ငံသား အားလုံးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ သမ္မတကို “လူ့သဘာဝအရ စကားယောင် နားယောင် တာလည်း ဖြစ်တတ်ပါတယ်” လို့ ပြောကြားခဲ့သူ ဟာ ဥပဒေပညာရှင်မို့ သေချာပြီဆိုပြီး ပြောလိုက်တာလား၊ ဒီလို သေချာမသိဘဲ ပြောကြားခြင်းအတွက် ဝေဖန်စရာဖြစ်လာ ကြောင်း သံဝေဂရမိပါတယ်။

နိုင်ငံတော်သမ္မတအား ဥပဒေရေးရာအကြံပေးနေသူများမှာ ပြည်ထောင်စု ရှေ့နေချုပ် က ဦးဆောင် ပါဝင် နေပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ဟာ ဥပဒေပါရဂူ ဒေါက်တာဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပြီး ဥပဒေရေးရာနယ်ပယ်မှာ နိုင်ငံ့တာဝန်ကို နှစ်ပေါင်းများစွာ ကျေပွန်အောင် ထမ်းဆောင်ခဲ့သူ၊ အတွေ့ အကြုံနှင့် ဥပဒေပညာ ပြည့်စုံသူတစ်ဦး ဖြစ်တာကို လေ့လာသိရှိရပါတယ်။ နိုင်ငံတော်အကျိုးအတွက် ကူညီထောက်ပံ့ပေးနေသူ ဥပဒေပညာရှင် တစ်ဦးနေနဲ့ ဥပဒေကို ထင်သလို သုံး၍ အကြံပေးမှာမဟုတ်ဘူးလို့ ယူဆ မိပါတယ်။

ပုဒ်မ ၂၁၄ ပါ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းမယ့် ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးရမည် ဖြစ်ကြောင်း ပြဌာန်း ချက်ဟာ (Principle) သာဖြစ်ပြီး ပုဒ်မ ၁၀၅ နှင့် ၁၀၆ တို့အရ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ် ထိုးခြင်း မထိုးခြင်းတို့ဟာ (Condition) ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်နိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မဖြစ်မနေ လက်မှတ်ရေးထိုး ရမယ် ဆိုပြီး ပုဒ်မ ၂၁၄ ကို တထစ်ချ မှတ်ယူလို့ရမယ်ဆိုရင် ပုဒ်မ ၁၀၅ နဲ့ ၁၀၆ တို့ကို ထည့်သွင်းပြဌာန်းဖို့ လိုအပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန်ပြောဆို ဖို့ စဉ်းစားစမှာကတည်းက ဥပဒေအခြေခံသဘောကို နားလည်ဖို့လိုပါတယ်။ ရှင်းလောက်ပါပြီ။

ဥပဒေပြုရေးကဏ္ဍကို ထိန်းကျောင်း ဖို့အတွက် နိုင်ငံတော်သမ္မတကို အပ်နှင်းထားတဲ့တာဝန်ဟာ အလွန်ပဲကြီးလေးလှတာကို တွေ့ရပါ တယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောချင်တာလေးတွေ ပေါ်လာပြန်ပါတယ်။ ၂၂-၈-၂၀၁၃ ရက် နေ့ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော် မ တီက ဖတ်ကြားခဲ့တဲ့ အစီရင်ခံစာ ရှင်းလင်းခြင်းမှာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် (၁၄/၂၀၁၃) နှင့် (၁၅/၂၀၁၃) တို့အပေါ် ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်တင်ပြချက်အစီရင်ခံစာမှာ “နိုင်ငံတော် သမ္မတ ရုံးမှ ၅-၈-၂၀၁၃ ရက် နေ့စွဲဖြင့် ပေးပို့လာသောသဝဏ်လွှာနှင့် ၇-၈-၂၀၁၃ ရက် နေ့စွဲဖြင့် ပေးပို့လာသော သဝဏ်လွှာများကို ပူးတွဲဖော်ပြသော သတင်းထုတ်ပြန်ချက် များသည် နိုင်ငံတော် သမ္မတက လိုက်နာရမည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၀၅ ၊ ၁၀၆ ပါ ပြဌာန်းချက်တွင် အကျုံးမဝင် သည့်အပြင် ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေပြုလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်နှင့် သော်လည်းကောင်း လျော်ကန်သင့်မြတ်မှုမရှိပါ” ဟု ဖော်ပြထားတာ တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာတွေနဲ့၊ သတင်းထုတ်ပြန် ရေးတွေနဲ့ ပတ်သက်လို့ လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီကတင်တဲ့ အစီရင်ခံစာနဲ့ အဲဒီအစီရင်ခံစာကို အတည်ပြုဖို့ အဆိုပြုထောက်ခံကြတဲ့၊ ဆွေးနွေးကြတဲ့ သတင်းအချက်အလက်တွေ ဖတ်လိုက်ရတဲ့အခါ ကျွန်တော်အနေနဲ့ နားမလည်ဘဲဖြစ်နေပါတယ်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ နိုင်ငံတော်သမ္မတရဲ့ ထုတ်ပြန်ချက်တွေကြောင့် အများပြည်သူက ပြည်ထောင်စုလွှတ်တော် အပေါ်မှာ အထင်အမြင်လွဲမှားမှုတွေ ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။ ပြီးတော့ သမ္မတရဲ့ သဝဏ်လွှာပါ ဖော်ပြချက်များဟာ ပြည်ထောင်စု လွှတ်တော် ရဲ့ ဥပဒေပြုလုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ လုပ်ငန်းစဉ်များကို ဝင်ရောက်စွက်ဖက်ရာရောက်တဲ့ ဖော်ပြချက်များ ဖြစ်တယ်လို့လည်း စွပ်စွဲတဲ့သဘောမျိုး ရေးသားထားတာ တွေ့ရပါတယ်။ သဝဏ်လွှာတွေ ပူးတွဲ ဖော်ပြတဲ့ သတင်းထုတ်ပြန်ချက်များဟာ နိုင်ငံတော် သမ္မတက လိုက်နာရမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၀၅ နှင့် ပုဒ်မ ၁၀၆ ပါ ပြဌာန်းချက်များမှာ အကျုံးမဝင်တဲ့အပြင် ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေပြုလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်နဲ့သော်လည်းကောင်း လျော်ကန်သင့်မြတ် မှု မရှိပါလို့လည်း သုံးသပ်ထားပြန်ပါတယ်။ ဒီလိုပြောဆိုဆွေးနွေးသူ ကိုယ်စားလှယ်ကြီးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၀ မှာ "နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ် တို့ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ်ပါ အမျိုးသား လွှတ်တော်အစည်းအဝေး တွင်ဖြစ်စေ နိုင်ငံတစ်ဝန်းလုံးသို့ဖြစ်စေ၊ အခါအားလျော်စွာ မိန့်ခွန်း ပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်ရှိသည်" လို့ ပြဌာန်းထားတာကို မသိလို့ပြောတာလား၊ မေ့သွားလို့လား၊ ဘယ်လိုဖြစ်ရပြန်တာလဲလို့ အံ့အားသင့်ရ ပြန်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၅ နဲ့ ပုဒ်မ ၁၀၆ တို့ဟာ ဥပဒေကြမ်းတစ်ခုကို အတည်ပြု ထုတ်ပြန်ကြေညာနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်တို့ အပြန်အလှန်ဆက်သွယ် လုပ်ဆောင်နိုင်ဖို့ ပြဌာန်းထားတာဆိုတာ ရှင်းပါတယ်။ ဒီပြဌာန်းချက်(၂)ခုဟာ ဝိဝါဒ ကွဲပြားစရာ မရှိလောက်အောင် ရှင်းရှင်းလင်းလင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ သမ္မတအနေနဲ့ လွှတ်တော်က ပို့လာတဲ့ ဥပဒေကြမ်းကို (၁၄) ရက်အတွင်း လက်မှတ် ထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ၊ ဒါမှမဟုတ် မိမိသဘောထား မှတ်ချက်ဖြင့် ဥပဒေကြမ်းကို လွှတ်တော်သို့ ပြန်လည်ပေးပို့၊ အဲဒီလို ပို့လည်းမပို့၊ လက်မှတ်လည်း မထိုးရင် သတ်မှတ်ကာလပြည့်တဲ့အခါ သမ္မတ လက်မှတ်ရေးထိုးသကဲ့သို့ ဥပဒေဖြစ်လာ ဆိုတဲ့ လုပ်ငန်းစဉ်ကို အလွယ်တကူနားလည်နိုင်ပါတယ်။ သမ္မတက သဘောထား မှတ်ချက် နဲ့ ပြန်ပို့ရင် လွှတ်တော်က သမ္မတရဲ့ သဘောထားမှတ်ချက်ကို ဆွေးနွေး သုံးသပ်ပြီး လက်ခံရင်ပြင်မယ်၊ လက်မခံရင် မူလအတိုင်းအတည်ပြုမယ်၊ ပြီးရင် အဲဒီဥပဒေကြမ်းကို သမ္မတထံ ပြန်ပို့မယ်၊ အဲဒီအခါ သမ္မတက (၇) ရက်အတွင်း လက်မှတ်ထိုးပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ၊ ဒါမှမဟုတ် သတ်မှတ်ကာလအတွင်း လက်မှတ်ရေးထိုးခြင်းမပြုရင် သတ်မှတ် ကာလ ပြည့်မြောက်တဲ့နေ့ရက်မှာ ဥပဒေကြမ်းဟာ သမ္မတလက်မှတ်ရေးထိုးသကဲ့သို့ ဥပဒေ ဖြစ်လာမှာဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်မှာ သမ္မတအနေနဲ့ လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ လွှတ်တော်နဲ့ အပြန်အလှန် ဆက်သွယ်နေရတဲ့အခါ သဝဏ်လွှာနဲ့ ဆက်သွယ်ရပါတယ်။ အဲဒီတော့ ပုံမှန်လုပ်ငန်းစဉ်မှာတော့ သဝဏ်လွှာမှာ အထူးအထွေ ဖော်ပြဖို့ မရှိသော်လည်း အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တာတွေ့လို့ သဘောထားမှတ်ချက် ပေးရတဲ့ အခြေအနေ၊ သဘောထားမှတ်ချက်ကို လက်မခံတဲ့အခြေအနေမှာတော့ သဝဏ်လွှာမှာ လည်း ကျိုးကြောင်း ဖော်ပြချက်တွေနဲ့ ပြန်ကြားရတာတွေ၊ ဒီလိုအခြေအနေနဲ့ပတ်သက်လို့ ပြည်သူကို ပွင့်လင်းမြင်သာစွာဖြင့် အကျိုးအကြောင်းဖော်ပြပြီး သတင်း ထုတ်ပြန်ရတာ တွေ ရှိလာတာဖြစ်တယ်လို့ပဲ ရိုးရိုးသားသား နားလည် သဘောပေါက်မိပါတယ်။ ပွင့်လင်းမြင်သာ လုပ်ကြကိုင်ကြရတဲ့ ဒီမိုကရေစီ ကျင့်စဉ်အရ ဆောင်ရွက်ခြင်းအဖြစ် မြင်ရလို့ ကျွန်တော်တို့ ပြည်သူတွေ ကတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒီ့ပြင် သဝဏ်လွှာပေးပို့ခြင်း ဟာ ဖွဲ့စည်းပုံအခြခံဉပဒေ ပုဒ်မ ၂၁၀ အား ကျင့်သုံး ဆောင်ရွက် ခြင်း ဖြစ်ပြီး သတင်းထုတ်ပြန်ခြင်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဉပဒေ ပုဒ်မ ၂၄(က)အရ ဖွဲ့စည်းခဲ့တဲ့ ဆောင်ရွက်ချက်နဲ့ ဆက်စပ်နေတာကိုလည်း တွေ့ရှိနိုင်ပါတယ်။ ဒီနေရာမှာ လွှတ်တော်က သမ္မတရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကိုတောင် တားဆီးနေပြီလား လို့လည်း စိုးရိမ်မိပါတယ်။

ဒီလုပ်ငန်းစဉ်နဲ့အညီ ဆောင်ရွက်တဲ့သမ္မတရဲ့ ဆောင်ရွက်ချက် တွေကို ဝေဖန်ခဲ့တဲ့ ဥပဒေကြမ်း ပူးပေါင်း ကော်မတီရဲ့ ဝေဖန်ချက်နဲ့ သမ္မတရဲ့ လုပ်ဆောင်ချက် ဘယ်ဟာမှန်သလဲဆိုတဲ့ အဖြေကိုလည်း စဉ်းစား သုံးသပ် နိုင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ နိုင်ငံတော် သမ္မတရဲ့ သတင်း ထုတ်ပြန် ချက်ကို ဝေဖန်တဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီက သူတို့ရဲ့သုံးသပ် အကြံပြုချက်တွေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ နိုင်ငံပိုင် သတင်းမီဒီယာများမှ ထုတ်ပြန် ပေးပါလို့ လွှတ်တော်ကို တင်ပြတာတွေ့ ရတော့ တစ်မျိုးဖြစ်ရပြန်ပြီလို့ သုံးသပ်မိပါတယ်။အမှန်စင်စစ် သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် ၁၄/၂၀၁၃ နဲ့ ၁၅/၂၀၁၃ တို့ ဟာ နိုင်ငံတော်သမ္မတက ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၅ နဲ့ ၁၀၆ တို့ အရ အရေးယူဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ သဝဏ်လွှာပါ အချက်အလက် များကို လွှတ်တော် မှာ ကိုယ်စားလှယ်များက ဆွေးနွေးပြီး အတည်ပြုတဲ့ ဥပဒေများကို ပြဌာန်းပြီးမှသာ သတင်းထုတ် ပြန်ခဲ့ခြင်းလည်း ဖြစ်တဲ့အတွက် သဝဏ်လွှာများကို လွှတ်တော်ကိုယ်စားလှယ် များက လေ့လာသိရှိခွင့် မရသေးမီ နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်း ဖော်ပြတယ်ဆိုတဲ့ ပြောကြားချက်ဟာလည်း နားမလည်နိုင်တဲ့အချက် ဖြစ်နေပါတယ်။ ဒါ ရိုးရှင်းနေပါတယ်။

နောက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဟာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို လေ့လာစိစစ်တဲ့နေရာ မှာလည်း ဥပဒေကြမ်း အဆင့်မှာသာ စိစစ်ခွင့်ရှိပါတယ်။ ဒီဥပဒေဟာ ၇-၈-၂၀၁၃ ရက်မှာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၂၃/၂၀၁၃ အနေနဲ့ ပြဌာန်းခဲ့ပြီးဖြစ်တဲ့အတွက် ဥပဒေကြမ်း (Bill) မဟုတ်တော့ဘဲ ပြဌာန်းပြီး ဥပဒေတစ်ရပ် ဖြစ်သွားပါပြီ။ ဒီပြဌာန်းဥပဒေကို ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်း ကော်မတီအနေနဲ့ စိစစ်ခွင့်ရှိပါရဲ့လား ဆိုတာဟာလည်း သုံးသပ်စရာဖြစ်နေပါပြီ။ ပညာဉာဏ်သတိ နဲ့ ဆင်ခြင်ကြည့် နိုင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နည်းဥပဒေ ၉၈ ကို ကြည့်ပါလို့ တိုက်တွန်းပါတယ်။ဒါတင်မကသေးပါဘူး။ ဥပဒေတစ်ရပ်ကို ခေါင်းစီးအမည် ပြောင်းလဲလိုက်ပြီဆိုတာနဲ့ ဥပဒေအမည်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့လိုအပ်တဲ့ အသုံးအနှုန်းတွေဖြစ်ရမယ် ဆိုတာ ဟာလည်း ဥပဒေပြုသူတိုင်း သိရှိလိုက်နာ ကြရမယ့် အခြေခံအချက်တွေသာ ဖြစ်ပါတယ်။ ပြဌာန်းဥပဒေတစ်ခု ဥပဒေ ပီသမှုဟာ ဥပဒေပြုရေးအဖွဲ့ရဲ့ စနစ်တကျရှိမှု၊ အခြေခံသီအိုရီ ကျေညက်မှု၊ ဥပဒေအခြေခံသဘောတရားများ ကျွမ်းကျင်နှံ့စပ်မှုတို့နဲ့ သက်ဆိုင်မယ် လို့လည်း ထင်မြင်ယူဆ မိပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိစ္စ ဝေဖန်ချက်ကို ရှင်းပြတာပါ။

၂-၉-၂၀၁၃ရက်နေ့ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာများမှာ ဖော်ပြပါရှိသော ဆောင်းပါးရှင် ဒေါက်တာ မာလာအောင် (ဒုတိယ ပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်) ရေးသားသော "Union level" ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဓိပ္ပါယ် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက် ဆောင်းပါးကို ၅-၉-၂၀၁၂ ရက်မှာ ကျင်းပ ပြုလုပ်တဲ့ ပထမကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့မှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆောင်းပါးကို တစ်ဖက်သတ်အမြင် မှန်ကန်မှု မရှိသော အမြင်တို့ဖြင့် တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံခြေခံဥပဒေကို ကောင်းစွာ နားမလည်ကြောင်းဟု ဝေဖန်သုံးသပ်တင်ပြခဲ့တာကို ပြန်လည် သတိရမိပါတယ်။ ဥပဒေပညာနဲ့ ဒေါက်တာဘွဲ့ရရှိထားသူ ဥပဒေပညာရှင်တစ်ဦးရဲ့ ဥပဒေနှင့် စပ်လျဉ်းသည့် အမြင်တွေ၊ ဥပဒေဆိုင်ရာ အယူအဆတွေကို ရေးသားထားတဲ့ ဒီလို ဆောင်းပါးမျိုးကို ဝေဖန်သုံးသပ်နေခြင်းဟာလည်း လွန်စွာနားလည်ရ ခက်လှသလို တန်ဖိုးရှိလှတဲ့ ဥပဒေထောက်ပြချက်တွေကို တန်ဖိုးမထားခဲ့တာ ဟာလည်း စိတ်မကောင်းဖွယ်ရာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ပညာရှင်ကို ပညာပိုင်းအရသာ ဝေဖန် တုန့်ပြန်နိုင်ရင် တုန့်ပြန်၊ မတုန့်ပြန်နိုင်ရင်တော့ နမူနာ ယူသင့်တယ်လို့ ယူဆမိပါတယ်။

မှတ်မှတ်ရရ (၁၄-၁-၂၀၁၃) ရက်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးဒုတိယနေ့မှာ ဥပဒေကြမ်းပူးပေါင်း ကော်မတီရဲ့အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဖတ်ကြားတင်ပြရာတွင် "ခုံရုံး၏လုပ်ပိုင်ခွင့်နှင့် တရားရုံး၏လုပ်ပိုင်ခွင့် မတူညီကြောင်း၊ ခုံရုံးနှင့်ပတ်သက်၍ တရားရုံးဆိုသည်ကို ဥပဒေ တွင်လည်း မတွေ့ရကြောင်း၊ တရားရုံးသည် တရားရုံးပဲဖြစ်ကြောင်း၊ ခုံရုံးသည် ခုံရုံးပဲ ဖြစ်ကြောင်း" ပြောကြားတာကို ဖတ်မိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ တရားစီရင်ရေးကဏ္ဍမှာ တရားရုံးများ ဖွဲ့စည်းခြင်းဆိုင်ရာ ပုဒ်မ ၂၉၃၊ ပုဒ်မခွဲ (ဂ) ပါ ပြဌာန်းချက်အရ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို ဖွဲ့စည်းရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အပါအဝင်ဖြစ်တာကို လျစ်လျူ ရှုရာရောက်နေ ကြောင်း တွေ့ရှိရပါတယ်။ ပြောတဲ့ကိုယ်စားလှယ်က ဥပဒေပညာရှင် ဖြစ်နေတာမို့ အံ့သြမိပါတော့တယ်။ စေတနာပါတဲ့ အကြံပြုချက်အပေါ် ဆင်ခြင်စရာပါ။အဲဒီတော့ ကျွန်တော် သုံးသပ်မိတာက လွှတ်တော်မှာ အခုဆိုရင် အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းစဉ်တွေ ပိုမိုအရှိန်မြှင့်ဖို့ လိုအပ်လို့ စတင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဥပဒေပြုရေးကို လက်တွေ့ဆောင်ရွက်နေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဥပဒေပညာအခြေခံရှိမှုဟာ အရေးကြီးလှတဲ့ကိစ္စဖြစ်ပါတယ်။ အဓိကအားဖြင့် လွှတ်တော် ကိုယ်စားလှယ် တွေ အနေနဲ့ ဥပဒေရေးဆွဲရေးဆိုင်ရာတွေကို ပိုမိုကျွမ်းကျင်အောင် အလေးထား လေ့လာသင့်ပါ တယ်။ အလားတူပါပဲ ဝိဝါဒကွဲပြားအောင် လိုသလို ဖွင့်ဆို၊ ထင်သလို အဓိပ္ပါယ်ကောက်ယူလို့မရတဲ့ ဥပဒေစကားရပ် များရဲ့သဘောကို ဥပဒေများရဲ့ မိခင်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမှ ထိကိုင်မိရသူတွေ့မို့ တာဝန်ကြီးမှုကို ဂရုပြုသင့်လှပါတယ်။ ကိုယ်လိုသလို သုံးဖို့၊ ထင်သလိုအဓိပ္ပါယ်ဖွင့်၍ မသင့်တဲ့ ဒီကိစ္စတွေ အပေါ် ကိုယ်စားလှယ် ကြီး များက အလေးဂရုပြုကိုင်တွယ်ကြဖို့ အကြံပြုရတာပါ။ ဒါမှသာ ဥပဒေပြုရာမှာ ညီညွတ်ရမယ့် ဥပဒေ မူဘောင် များ၊ ပြည့်စုံရမယ့် ဥပဒေအင်္ဂါရပ်များ၊ ပြေပြစ်ချောမွေ့ရမယ့် ဥပဒေရေးထုံးများနဲ့အညီ ပြည်သူ့ အကျိုးဖော်ဆောင်နိုင်မယ့် ဥပဒေများ၊ တစ်နည်းပြောရရင် ဥပဒေနှင့်တူသော ဥပဒေများ ပေါ်ပေါက် လာမှာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
.............
.............
ဥပဒေပညာရှင်တစ်ဦး

၂၉-၈-၂၀၁၃ ရက်ထုတ် မြ၀တီသတင်းစာမှ ကူးယူဖော်ပြသည်




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...