Wednesday, August 7, 2013

သမိုင်းတစ်ကွေ့၏ စာမျက်နှာ



ထိုသမိုင်းတစ်ကွေ့၏ စာမျက်နှာများထဲတွင် ကိုယ်တိုင်တစ်ယောက် အပါအ၀င်ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမျှ ကျွန်မ တွေးမထင်ခဲ့ဖူးပါချေ။
သမိုင်းတော့ သမိုင်း။ သို့ပေမဲ့ ခပ်ရိုင်းရိုင်းနှင့် လမ်းအကွေ့တွေက ကြမ်းသလို၊ ထိုလမ်းကို ခင်းခဲ့ရသည့် သွေး၊ချွေး၊ မျက်ရည်တွေကလည်း နှလုံးသားတွေကို နွမ်းစေခဲ့ပါသည်။

သို့ပေမဲ့ ထိုသမိုင်းသည် စနစ်တစ်ခု၏နိဂုံးဖြစ်သလို၊ နောက်စနစ်တစ်ခု၏ နိဒါန်းလည်း ဖြစ်ခဲ့၏။ ထိုသမိုင်းသည် သူရဲကောင်းများစွာ မွေးထုတ်ပေးခဲ့၏။ ပြည်သူတို့၏နှလုံးသားကို လှစ်ဟခွင့်ရခဲ့၏။ မြင့်မြတ်သူတို့ စွန့်လွှတ်အားကို မှတ်ကျောက်တင်ပြနိုင်ခဲ့၏။
နောက်ဆုံးတွင်တော့ ပြည်သူချစ်သော ခေါင်းဆောင်ကိုလည်း ကမ်္ဘာတစ်လွှားမှာ ၀ံ့ကြွားစေနိုင်ခဲ့ပြီ ဖြစ်လေသည်။
xxxxxx
အဲသည်တစ်ရက်က တက်္ကသိုလ်စာမေးပွဲတွေ တစ်ပိုင်းတစ်စမှာ တန်ဖိုးမဲ့သွားသော ငွေစက်္ကူလေးများ၏ ဂယက်က လှိုင်းထနေခဲ့ပါသည်။
ပထမမှာ သတင်းက အတည်မဖြစ်သေး။ ပါးစပ်ပြောနှင့် ဟိုမှသည်မှ ပျံ့နှံ့ကာစ...။ ကျွန်မတို့ သူငယ်ချင်းလေးယောက်လည်း သမိုင်းဝင်း၊ အာစီတူးဘေးမှ အဆောင်ကင်တင်းတွင် လူအများနှင့်အတူ တိုးဝှေ့စားသောက်နေကြဆဲ..။
သာမန်ထက်ပို၍ စည်ကားနေသော ကင်တင်းထဲရှိဆိုင်များမှာ အများစုက ငွေစက်္ကူအတန်ကြီးများနှင့်သာ ၀ယ်ယူကြသည်မို့ အမ်းစရာအကြွေပင် မရှိတော့သည့်အထိပင်။ တစ်ချို့ဆိုင်ရှင်တွေက ငွေသေတ်္တာအဖုံးကိုလှပ်ပြပြီး အကြွေမရှိကြောင်း သက်သေပြကြ၏။
မြန်မာ့အသံမှ ထိုသတင်းကို အတည်ပြုပြီးချိန်တွင်တော့ ကင်တင်းမှဆိုင်ရှင်များလည်း တန်ဖိုးမဲ့ငွေစက်္ကူ တစ်ပုံကြီးဖြင့် မောရပြီ။ လက်ထဲတွင် ထိုငွေစက်္ကူအရွက်ကြီးသာကျန်သော ကျောင်းသူကျောင်းသားများလည်း အိမ်ပြန်စရိတ်အတွက် ရင်ပူရပြီ။ ပြည်သူတွေလည်း အနည်းနှင့်အများဆိုသလို ထိုငွေစက်္ကူမျိုးတွေပိုက်မိကာ ဇောချွေးပြန်သူပြန်၊ မျက်ရည်ကျသူကျ...။
ထိုဂယက်က ညနေအဆောင်ပိတ်ချိန်ထိ မငြိမ်သက်နိုင်သေးဘဲ နောက်တစ်နေ့ဖြေရမည့် စာမေးပွဲအတွက် စာအုပ်ပဲကိုင်ရတော့မလို၊ ဆန်္ဒပြရန်ထွက်လာကြသော ကျောင်းသားများနောက်ကိုပဲ လိုက်ရတော့မလို၊ ကျောင်းတွေပဲပိတ်တော့မလိုလိုနှင့်...။ တစ်ဆောင်လုံး မည်သူမျှ၊ ဘာမှမလုပ်နိုင်ဘဲ ဟိုတစ်စု၊ဒီတစ်စုနှင့် လူစုလို့သာ စကားများနေခဲ့ကြ၏။
ထိုညမှာပင် ကျောင်းသားဆောင်တွေဖက်မှ ဆူဆူညံညံနှင့် လူအုပ်စုများက ကျွန်မတို့နှင်းဆီဆောင်ဘေးမှ ဖြတ်ကာ ပင်မတက်္ကသိုလ်(မိန်း)ဖက်သို့ ချီတက်သွားကြသည်ကို အဆောင်ထဲမှ လှမ်းမြင်နေရသည်။
အပြင်မှာတော့ ညအမှောင်ထဲတွင် လမ်းမီးရောင်များကလည်း မှုန်မွဲမွဲနှင့်မို့ ဘာမှ သဲသဲကွဲကွဲမရှိလှပါ။ အဆောင်ထဲမှာလည်း တက်ကြွနေကြသော ကျောင်းသူအုပ်စုတချို့ကို အဆောင်မှူးက ကျောင်းတွေပိတ်သွားပြီဖြစ်ကြောင်း၊ မနက်ဖြန်မှာ ကျောင်းကစီစဉ်ပေးမည့် ကား၊ ရထားများဖြင့် နယ်မြို့အသီးသီးကို အိမ်တိုင်ရာရောက် ပြန်ပို့ပေးမည်ဖြစ်ကြောင်း၊ မိမိတို့အဆောင်က မိန်းကလေးများဖြစ်သည်မို့ အိမ်ကိုသာ တန်းတန်းမတ်မတ်ပြန်စေလိုကြောင်း။ တောင်းတောင်းပန်ပန်နှင့် စိုးရိမ်ပူပန်စွာ ချော့မော့နှစ်သိမ့်နေခဲ့၏။
ကျွန်မတို့မှာ ပထမနှစ်လည်းဖြစ်၊ အတွေ့အကြုံကလည်း မရှိလှသေး၊ အိမ်ပြန်ပို့မည့်အစီအစဉ်ကလည်း အဆင်သင့်ဆိုတော့ ဘာကိုမှ စောဒကမတက်နိုင်ခဲ့ကြ။ သူငယ်ချင်းအချင်းချင်း နှုတ်ဆက်ရန်အချိန်ပင် သေချာမရဘဲ ကတိုက်ကရိုက် ပစ်္စည်းသိမ်းကာ ဌာနေကိုယ်စီသို့ ပြန်ခဲ့ရလေတော့သည်။
အမိတက်္ကသိုလ်ရင်ခွင်ကြီးထဲမှ လိမ့်ထွက်သွားရသော ရောင်စုံဘောလုံးလေးတွေလိုပင်။ ကြည့်နေရင်း ကြည့်နေရင်း နေရာအနှံ့ ပြန့်ကျဲလိမ့်ထွက်သွားရာ၊ အမိရင်ခွင်ကြီးတစ်ခုလုံး ဗလာကျင်းကာ ဟင်းလင်းကျန်ခဲ့ရတော့သလို...။
ထိုပုံရိပ်သည် အမိတက်္ကသိုလ်ကြီး၏ ၀မ်းနည်းစရာ နိမိတ်ဆိုးတွေမှန်း ထိုအချိန်ကတော့ မည်သူမျှ မထင်ရက်နိုင်ခဲ့ကြသေးပါ။
xxxxxx
ပုံမှန်မဟုတ်သော ကျောင်းပိတ်ရက်များကိုကြုံရခါမှ ကျောင်းပြန်ဖွင့်ရက်ကို တန်ဖိုးထား၊ မျှော်လင့်ရကောင်းမှန်း ကျွန်မတို့သိခဲ့ရသည်။
ထိုအချိန်က လက်စမသတ်ရသေးသော စာမေးပွဲကို နှစ်လနီးပါးအကြာမှာ ပြန်စစ်ပေးပြီးသည်နှင့် နှစ်လခွဲကျော်ကျော် ကျောင်းပိတ်ထားခဲ့သေး၏။ ၁၉၈၈-ခု နှစ်ဆန်းပိုင်းတွင်တော့ ကျောင်းများပြန်ဖွင့်ပေးပြီး ဒုတိယနှစ်သို့ တက်ခဲ့ရသည်။
သို့ပေမဲ့ ဒုတိယနှစ် စစချင်းမှာ ကျောင်းတက်၍မှ နှစ်လပင်မပြည့်တတ်သေး။ စက်မှုတက်္ကသိုလ်မှကျောင်းသားများနှင့် အရပ်သားအချို့၏ ရန်ပွဲမှစခဲ့သော မီးတစ်စသည် ကျောင်းသားများအားလုံး၏ရင်ထဲတွင် ရင်နာစရာအဖြစ်များက လေပင့်ပေးသောကြောင့် အရှိန်ပြင်းလာခဲ့ရ၏။
သည်တစ်ခါလည်း ကျောင်းတွေ ချက်ချင်းပိတ်ပြီး လူစုခွဲလိုက်သော်လည်း ကျောင်းသားချင်းဆိုသည့် သွေးကတော့ ခွဲမရလေခဲ့။
ကျွန်မတို့လို နယ်ကျောင်းသားတွေကို ချက်ချင်းပြန်ပို့ပေးခဲ့သည်မို့ ရန်ကုန်မှာ ဆက်ဖြစ်နေခဲ့သော ကျောင်းသားလှုပ်ရှားမှုများ အကြောင်းက အကြားဖြင့်သာ စုတ်သပ် အံကြိတ်ရုံမှတစ်ပါး ဘာမှလည်း မတတ်နိုင်ကြပေ။
နောက်သုံးလနီးပါးလောက် ကြာချိန်မှာတော့ ကျောင်းတွေပြန်ဖွင့်ပေးလိုက်သော်လည်း မည်သူမှ စာသင်ခန်းထဲမ၀င်ချင်ကြတော့။
မှတ်မှတ်ရရ ထိုအချိန်က ဇွန်လဆန်းပိုင်း၊ မိုးတွင်းကြီးထဲမှာဖြစ်၏။
ကျောင်းသူကျောင်းသား အားလုံးလိုလိုက စာသင်ခန်းထဲ မ၀င်ချင်ကြသော်လည်း မိန်းထဲမှာတော့ ဟောပြောပွဲများ ဆက်တိုက်ကျင်းပကာ အဓိပတိလမ်းမတစ်လျှောက်လုံး လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေခဲ့သည်။
သို့ပေမဲ့ ဒုတိယအကြိမ် ကျောင်းဖွင့်ချိန်ကလည်း လက်ချိုးရေကြည့်လို့မှ နှစ်ပတ်ပင်မပြည့်သေး။
ကျောင်းတွေ ထပ်ပိတ်လိုက်ပြန်တော့၏။

ဒီတစ်ခါတော့ ကျောင်းထဲနှင့်ကျောင်းတစ်ဝိုက်မှာ ပြေးကြလွှားကြ၊ ဖမ်းကြဆီးကြနှင့် ကျောင်းသူကျောင်းသား တော်တော်များများ မျက်ရည်တလည်လည်၊ အံတကြိတ်ကြိတ်ရှိကြသည်တွင် ကျွန်မတို့ကတော့ သမိုင်းဝင်းမှ အဆောင်သူတွေမို့ ထုံးစံအတိုင်း အဆောင်မှူး၏ တောင်းပန်ချော့မော့ စကားများအောက်တွင် သေ၀ပ်စွာ အိမ်ပြန်ခဲ့ရသူများပင်။
သို့ကြောင့်လည်း ထိုညနေက လှည်းတန်းနှင့်မြေနီကုန်းတစ်လျှောက် ပြည်လမ်းမပေါ်မှ မြင်ကွင်းများကို ကျွန်မတို့အားလုံး မျက်ဝါးထင်ထင် ရင်မနာခဲ့လိုက်ရ။
မာလာဆောင်ရှိ အစ်မများပြန်ပြောပြမှသာ ထိုညနေက မျက်ရည်ယိုဗုံးများကြောင့်ရော၊ ရင်နာစရာမြင်ကွင်းများကြောင့်ပါ မျက်ရည်မဆည်နိုင်အောင် သူတို့ငိုကြွေးခဲ့ရသည်များကို ကြားသိကြရပြီး ကြားရသူတိုင်းလည်း မျက်ရည်ကျရပြန်သည်သာ။
သည်လိုနှင့် ဒီတစ်ခါကျောင်းပိတ်ရက်သည် မမျှော်လင့်ဘဲ သုံးနှစ်မျှကြာနေသောအခါ တချို့က မိသားစု စားဝတ်နေရေးအတွက် အလုပ်ဝင်သွားခဲ့သလို၊ တချို့ကလည်း ယုံကြည်ချက်ကြောင့် ဘ၀ပြောင်းသွားကြသည်။ တချို့တတွေက အိမ်ထောင်ကျကာ တချို့ကလည်း ဘ၀အတွက် သင်တန်းမျိုးစုံ တက်သူကတက်နှင့်..။ ကျောင်းပိတ်ရက်က တဖြေးဖြေး ရှည်ကြာလာလေ။ ကျောင်းသူကျောင်းသားတွေကလည်း တဖြေးဖြေး လျော့ပါးလာလေ..။
ကျောင်းပိတ်လိုက်သော်လည်း နယ်မြို့များမှာ ရန်ကုန်တက်္ကသိုလ် ကျောင်းသားတွေကဦးဆောင်ကာ ကျောင်းသားသမဂ်္ဂ လှုပ်ရှားမှုများကိုတော့ ဆက်တိုက်လုပ်ဖြစ်ခဲ့ကြ၏။ ကျွန်မတို့ ကျောင်းသူတွေလည်း တက်စွမ်းသရွေ့ ပါဝင်လုပ်အားပေးခဲ့ကြသည်ပင်
ထိုရက်ပိုင်းတွေက ချီတက်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆန်္ဒပြပွဲတွေ၊ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရနေသည်မို့ ဒီမိုကရေစီ အခွင့်အရေးကို မြန်မာတစ်နိုင်ငံလုံး တောင်းဆိုကြသည်မှာ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ဟုပင် ဆိုရပေမည်။
ဒီမိုကရေစီကို မတောင်းဆိုသူမရှိ။ ချီတက်ပွဲကို မပါဝင်သူမရှိ။ ဆန်္ဒပြပွဲကို မထောက်ခံသူမရှိ။ ဒီမိုကရေစီတောင်းဆိုသူ တိုက်ပွဲဝင်များအတွက် ထမင်းထုပ် မလှူဖူးသူမရှိ။ ကျွန်မတို့ ကျောင်းသားသမဂ်္ဂ အဖွဲ့ဝင်များလည်း ထမင်းထုပ်မစားဖူးသူ တစ်ယောက်မျှမရှိ။ ထမင်းမေ့ဟင်းမေ့၊ တစ်နေ့လုံးမှ တစ်နပ်မျှလောက်နှင့် အချိန်ကုန်လို့ ကုန်မှန်းပင်မသိ။
ဤမျှလောက် စိတ်အားထက်သန်ခဲ့ကြ၏။ ဤမျှလောက် အရှိန်အားကောင်းခဲ့ကြ၏။ ဤမျှလောက် ရဲရင့်တက်ကြွခဲ့ကြ၏။ သို့မို့ကြောင့် အောင်မြင်မည်ဟု အသေအချာ ယူဆခဲ့ကြ၏။
သို့သော်...၊ စီးဆင်းနေသော ရေအဟုန်ကို တားချင်သည့်သူတွေကလည်း သမိုင်းကို ရိုင်းသထက်ရိုင်းအောင် လုပ်ရက်ခဲ့ကြသေးသည်ပင်။
စစ်အုပ်ချုပ်ရေးကြေငြာသည့်နေ့က တစ်နိုင်ငံလုံး ကြိတ်မနိုင်ခဲမရ ငိုကြွေးခဲ့ရ...။ စိတ်ဓာတ်ပြင်းထန်သူတွေ မိဘ၊ချစ်သူနှင့် စာသင်ခန်းများကို စွန့်ခွာကျောခိုင်းသွားခဲ့ကြ...။ ဦးဆောင်လှုပ်ရှားခဲ့သူများစွာ တံခါးတွေအထပ်ထပ်နောက် အပိတ်ခံလိုက်ရ...။ အညွန့်တလူလူတက်ကြွမှုတွေ ဦးအချိုးခံခဲ့ရ...။ ဦးမညွတ်တဲ့ကြယ်များစွာ သေမင်းတမန်တွေကြားမှာ ကြွေကျခဲ့ရ..။ သမိုင်းရဲ့အနာရွတ်များက သွေးစက်လက်ဖြင့် တော်တော်နှင့် အသားမာမတက်ကြ...။
သို့ပေမဲ့ ရေအလျင်ကို တား၍သာ အရာထင်ချင်ထင်ပေမည်။ တစ်နိုင်ငံလုံး၏ ဆန်္ဒအဟုန်ကိုတား၍ကား ကြာရှည် မရနိုင်ပြီ။ ၈၈၏အဟုန်သည် ဘယ်လောက်တားတား၊ အကြိမ်ကြိမ်ပွင့်ထွက်လာသည်သာ။ တစ်ချိန်ချိန်တော့ အောင်ပွဲခံမည်သာ။
xxxxxx
သမိုင်းတစ်ကွေ့၏ စာမျက်နှာများထက်တွင် ကိုယ်တိုင်ပါဝင် ဖြတ်သန်းခဲ့ဖူးပြီဖြစ်သည်။
ထိုသမိုင်းသည် သူရဲကောင်းများစွာ မွေးထုတ်ပေးခဲ့၏။ ပြည်သူတို့၏နှလုံးသားကို လှစ်ဟခွင့်ရခဲ့၏။
မြင့်မြတ်သူတို့ စွန့်လွှတ်အားကို မှတ်ကျောက်တင်ပြနိုင်ခဲ့၏။ မျိုးဆက်သစ်တို့အတွက် စိတ်ခွန်အားအမွေ ပေးနိုင်ခဲ့၏။
ခုတော့ဖြင့် ပြည်သူ့ကိုယ်စားပြု ခေါင်းဆောင်ကိုလည်း ကမ်္ဘာတစ်လွှားမှာ ၀ံ့ကြွားနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ကျွန်မတို့သည်လည်း ထိုသမိုင်းတွင် အသက်၊သွေး၊ချွေး ပေးဆပ်ခဲ့သူများနှင့် နှိုင်းယှဉ်လျှင် အုတ်တစ်ချပ်မျှ မဖြစ်ခဲ့သော်လည်း အနည်းဆုံး မျက်ရည်များစွာတော့ ကျဖူးသူ၊ ထမင်းတစ်ထုပ်မျှ လှူဒါန်းပါဝင်ခဲ့သူ၊ ချီတက်ပွဲတစ်ခုလောက်တော့ လက်ရုံးဆန့်မိသူများချည်းသာမို့ သဲတစ်ပွင့်တော့ ဖြစ်ခဲ့သည်မဟုတ်ပါလား။
သို့ကြောင့်လည်း ၈၈-သမိုင်းက တောင်းဆိုသော၊ ခုချိန်မှာ ပြည်သူအားလုံး၏ အသက်၊သွေး၊ချွေး၊မျက်ရည်များနှင့် အုတ်မြစ်ချပြီးခဲ့ပြီဖြစ်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး၏ အနာဂတ်သမိုင်းစာမျက်နှာသည် ရောင်နီလင်းလာပြီဖြစ်သည်။
ရှေ့ဆက်၍လည်း လှပလင်းလက်သော သမိုင်းများကိုသာ ရေးသားနိုင်ကြစေရန် ဆန်္ဒရည်သန်မိပါသည်။
မည်သို့ပင်ဆိုစေ ထိုသမိုင်း၏ စာမျက်နှာများတွင် ကိုယ်တိုင်ပါဝင် စီးမျောခွင့်ရခဲ့သည့်အတွက် ထိုသမိုင်းအား ကျွန်မတို့၏ မျိုးဆက်သစ်များကို ပြန်ပြောင်းပြောပြတိုင်း ကျွန်မတို့အားလုံး ရင်နာနာနှင့်ပင် ကျေနပ်နေမိဦးမည်မှာ အသေအချာပါ။
xxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
ပိတောက်ပွင့်သစ်မဂ္ဂဇင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...