Tuesday, August 13, 2013

ဗိုလ်ချုပ် အောင်ဆန်း လုပ်ခဲ့သည့် ဥပဒေ

Monday, August 12, 2013

လာမည့် ၂ဝ၁၅ တွင် အများပြည်သူ မျှော်လင့်ထားသော ''သမ္မတ'' အဖြစ်၊ ပုဂ္ဂိုလ် ၃ ဦးရှိနေသည်။ နှစ်ဦးမှာ ပြဿနာတစ်စုံတစ်ရာမရှိချေ။ အများစုသဘောကျလျှင် အဆင်ပြေသွားမည်ဖြစ်သည်။ နောက် တစ်ဦးကား အခြေခံဥပဒေနှင့် ငြိနေသည်။ ပြင်ကြမည်ဟု အားခဲနေကြသည်။ ထိုကိစ္စကို စဉ်းစားမိသော အခါ၊ ကျွန်မသည် ကာလတစ်ခုကို သတိရလိုက်မိပါသည်။
x x x
၁၉၉ဝ ပြည့်နှစ်။
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပမည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်၏၊ ထိုကာလ၌ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှုးက နေအိမ် အကျယ်ချုပ် ကျနေသည်။ ပါတီဗဟိုအဖွဲ့ဝင်များ၊ တိုင်းစည်းရုံးရေးမှူးများ အားလုံးနီးပါး တစ်နေရာ၌ တာဝန်ယူ အရွေးခံကြရန်ဆုံးဖြတ်သည်။ ထိုနည်းတူစွာ အထွေထွေ အတွင်းရေးမှူးလည်း အရွေးခံမည်။ မဲဆန္ဒနယ်မှာ ၎င်းနေအိမ်ရှိသော ဗဟန်းမြို့နယ်တည်း။

ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ကာလတွင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း အချင်းချင်း ''ကန့်ကွက်ပိုင်ခွင့်'' ရှိသည်။ ထိုအခါ ဗဟန်းမြို့နယ်အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သူ ပေါ်လာ၏။ ကန့်ကွက်မှုကား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဗဟန်းမြိ့နယ်၊ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ''ဦးလဘန်ဂရောင်'' ဖြစ်၏။ အဖွဲ့ချုပ်နှင့် တစည တို့ကား အဓိကပြိုင်ဘက်များဖြစ်ရာ ဤကန့်ကွက်မှုနှင့်ပတ်သက်ပြီး ကန့်ကွက်သူကို ဆန္ဒပြခြင်း၊ ဆဲရေးခြင်း၊ တံတွေးနှင့်ထွေးခြင်း စသဖြင့် တုန့်ပြန် ခဲ့ကြသည်။

ဦးလဘန်ဂရောင်သည် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ် ထိုးခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များအနက် အသက် အငယ်ဆုံးဖြစ်သည်။ ကချင်ပြည်နယ် ကိုယ်စားပြုဖြစ်ပြီး သူ့ဇနီးမှာ ကျွန်မတို့ ရွှေကူမြို့၊ ကျွန်မနှင့် တစ်ရပ်ကွက်တည်းမှဖြစ်ရာ ကျွန်မတို့ အမြဲဂုဏ်ယူ ခဲ့ရသူဖြစ်ပါသည်။ ကျွန်မတို့က သူ့ခယ်မများနှင့် ကျောင်းနေဘက်ဖြစ်ပြီး သူ့ ခယ်မများ က သူ့ကို ''ကိုကြီး လဘန်'' ဟု ခေါ်ကြ၏။ ကျွန်မတို့က ''အန်ကယ် လဘန်'' ဟု ခေါ်ကြသည်။ ရန်ကုန်ရောက် ကချင်ပြည်နယ်အသင်းတွင် လှုပ်ရှားမှု များ အတူ ပြုလုပ်ကြသဖြင့် ပို၍ရင်းနှီးနေသည်။ ကျွန်မက သူ့ကို ကလေး တစ်ယောက် အနေဖြင့် ဆက်ဆံပြီး သူကလည်း ကျွန်မကို ဆုံးမပြောဆိုလေ့ရှိသည်။

ယခု... နိုင်ငံရေးကိစ္စတွင် ကျွန်မတို့အဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး အား ကျွန်မ ချစ်ခင် လေးစားသော ဦးလေးတစ်ယောက်က ကန့်ကွက်ခြင်းအတွက် ကျွန်မ တစ်မျိုးခံစားရ၏။ သူများတွေကို ''မုန်းတီး'' ခြင်းမဟုတ်ပါ။ ဒီကိစ္စကို အန်ကယ်လဘန် ဘာဖြစ်လို့လုပ်တာလဲ? အန်ကယ်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်လား? ပါတီက ခိုင်းတာလား? ပင်လုံညီလာခံ ကိုယ်စားလှယ်ကို အသုံးချတာလား? ဒါတွေသိချင်နေခဲ့သည်။ သွားမေးဖို့တော့ မတွေးပါ။ ဖုန်းဆက်ဖို့လည်း ယခုခေတ်လို လက်လှမ်းမမီသေး။

ဤသို့ဖြစ်နေဆဲ....
ကျွန်မက ကိုယ့်ကိစ္စနှင့်ကိုယ် အနော်ရထားလမ်းမကြီးကို ဖြတ်ကူးနေသည်။ ၃၃ လမ်းထဲ လေထန်ကုန်းဘက် သွားရန်ဖြစ်၏။
ဤတွင် ကျွန်မနှင့် မလှမ်းမကမ်းမှာ အရပ်မြင့်မြင့်၊ အသားဖြုဖြူ၊ ကိုလုံးထွားထွား၊ နိုင်ငံခြားသား တစ်ယောက် မြန်မာ ဝတ်စုံဝတ်ထား သကဲ့သို့ထင်ရသော လူတစ်ဦးကလည်း မျက်နှာချင်းဆိုင်မှ ဖြတ်ကူးသည်။ သူ့ကို ကျွန်မမှတ်မိ၏။ သူကလည်း ကျွန်မကိုမှတ်မိ၏။ လမ်းလယ်ခေါင်ကြီးမှာပင် သူ ကျွန်မဆီ ကပ်လာပြီး အော်ခေါ်သည်။

''အန်တီ မေနှင်း'' တဲ့။
''ဟယ် .. အယ်ဒီ .. ပါလား''
ကျွန်မလည်း ပြန်နှုတ်ဆက်လိုက်သည်။ ကျွန်မတို့ချင်း ဝေးနေချိန် ဘယ်လောက်ကြာကြာ၊ အိမ်နီးချင်းတွေမို့ မှတ်မိကြခြင်းပါ။ သူကား... အန်ကယ် လဘန်၏ တစ်ဦးတည်းသော သားဖြစ်၏။ အယ်ဒီက ကျွန်မလက်မောင်းကိုတွဲပြီး လမ်းဘေး ပလက်ဖောင်းဆီ ခေါ်သွားရင်း ''ဒက်ဒီ အတော်နေမကောင်းဖြစ်နေတယ်'' ဟု ဆိုသည်။ သူ့တို့နေအိမ်က ၃၅ လမ်း (၃၆ - လား မမှတ်မိ)၊ အစိုးရ တိုက်ခန်းမှာဖြစ်ရာ ယခု ကျွန်မတို့ ရပ်နေသော ၃၃ လမ်းထိပ် နှင့် မဝေးတော့ချေ။

''လိုက်မယ်၊ လိုက်မယ်၊ အန်တီ့မှာ အန်ကယ် လဘန်ကို မေးစရာရှိလို့ '' ၊ သူ့ကိုဖွင့်မပြောသော စကားတစ်ခုက '' မသေခင် မေးမှ '' ဟူ၍ ဖြစ်ပါသည်။
ဤသို့ဖြင့် အယ်ဒီလေးနှင့် ကျွန်မ တွဲပြီး စကားတပြောပြောနှင့် လမ်းထဲဝင်ခဲ့ကြသည်။ သူတို့ တိုက်ခန်းသို့ တက်ခဲ့ကြသည်။

(ဤမြင်ကွင်းကား သာမန်မဟုတ်ပေ။ တစ်ယောက်က ဖြူဖြူ ထောင်ထောင် မောင်းမောင်း၊ နိုင်ငံခြားသားရုပ်ပုံ၊ တစ်ယောက်က ပိန်ပိန်သွယ်သွယ် မြန်မာအမျိုးသမီး၊ မြင်ကွင်းမှာ ထင်းနေပုံ ရ၏။ ထို့ကြောင့်ပင် ထိုတိုက်ခန်း၏ မျက်နှာချင်းဆိုင်မှ အဖွဲ့ချုပ်၏ သစ္စာရှိသော ကျောက်တံတားမြို့နယ် တာဝန်ခံက တိုက်တိုက်ဆိုင်ဆိုင် မြင်သွားခဲ့ပြီး ဤအမျိုးသမီးကား တစည နှင့် ပေါင်းနေပြီ၊ လျှို့ဝှက်အစည်းအဝေး လုပ်သည်ဟု ယူဆကာ ပြန်ဆင်းချိန်ကိုစောင့်ကြည့်မှတ်သားလျက် နောက်နေ့တွင် အဖွဲ့ချုပ် လက်ဖက်ရည်ဆိုင်၌ ရွှေပေလွှာကြဲခဲ့ပေသည်။ ထိုစာကို အဟုတ်မှတ်ကာ ကျွန်မအား ကျဉ်ရှောင်သူများရှိခဲ့၏။ တရားကျစရာ ကောင်းပါဘိ။) ကျွန်မခင်မျာကား ဒါတွေကိုမသိရှာပါ။

အန်ကယ် လဘန် မသေခင် ဒီကိစ္စ မေးရမယ်ဟု ဇောနှင့်သွားခဲ့ခြင်းပါ။ အန်ကယ့်ကို ဧည့်ခန်းမှာပင် ပက်လက်ကုလားထိုင်၌ သက်သက်သာသာ ထိုင်နေသည်ကို တွေ့ရ၏။ ကျွန်မက အန်ကယ့်ဘေး ကြမ်းပြင်၌ ထိုင်ချရင်း ''အန်ကယ်နေသာရဲ့လား'' တစ်ခွန်းပဲမေးပြီး သိချင်တာ မေးချလိုက်သည်။
''အန်ကယ် ဒေါ်စုကိုကန့်ကွက်တာ အန်ကယ့်ဘာသာ ကန့်ကွက်တာလား၊ ပါတီက ခိုင်းတာလား။''

ဤတွင် အဘိုးကြီးဖြစ်နေပြီဖြစ်သော အန်ကယ် လဘန်ဂရောင်၏ ဖြူသောမျက်နှာက ဒေါသဖြင့် နီရဲလာကာ၊ ကုလားထိုင်လက်တန်းကို သူ့လက်ဝါးဖြင့် ပုတ်ချလိုက်၏။

''ငါ့ကို ဘယ်သူက ခိုင်းလို့ရမှာလဲကွ၊ ငါက ဘယ်သူခိုင်းတာကို လုပ်ရမှာလဲ'' ဟု အော်လေသည်။

ကျွန်မလည်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း..
''ဟုတ်ကဲ့ အန်ကယ်လ်... မိစံမေက အဲဒါသိချင်တာပါ '' (သူက ကျွန်မကို မိစံမေ ဟု ခေါ်လေ့ ရှိသည်။)

နို့... ဘာဖြစ်လို့ အန်ကယ်က ကန့်ကွက်တာလဲ၊
''ဟ.. ငါက ဗဟန်းကိုယ်စားလှယ်လောင်းလေ၊ သူက ဗဟန်းမှာ လာပြိုင်တော့ ငါက ကန့်ကွက် တာပေါ့၊ သူ့ဟာသူ တစ်ခြားမြို့နယ်မှာပြိုင်ရင် ငါနဲ့မဆိုင်ဘူး။ ''

''ဟုတ်ကဲ့ပါ။ ဒါနဲ့ .. ဒီ .. ဒီပေါ့လေ .. ကိုယ်စားလှယ်ဟာ နိုင်ငံခြားသားနဲ့ မပတ်သက်ရဘူး ဆိုတာ .. ဒါက...''

ကျွန်မခမျာ.. သူ့ကို ငယ်ကြောက်မို့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ရ၏။ သူက ရေနွေးကြမ်းတစ်ငုံ မော့သည်။ ဘေးမှ ခပ်လန့်လန့်ဖြစ်နေရှာသော အယ်ဒီ က ''အန်တီ အပူသောက်မလား၊ အအေးလား'' ဟု တိုးတိုးမေးသည်။ ကျွန်မက ဘာဖြစ်ဖြစ်ဟု အမူအရာဖြင့်သာ ပြမိ၏။

''အဲဒါ.. သူ့အဖေ လုပ်ခဲ့တဲ့ ဥပဒေ ပဲလေ...''
အန်ကယ့်အသံ နည်းနည်းပျော့လာသည်။
''ဥပဒေ .. အခန်း(xxx)၊ အပိုဒ်(xxx)မှာ ပါတယ်။ နင့်မှာမရှိရင် စာကြည့်တိုက်မှာ သွားရှာဖတ်''

ကျွန်မ ခပ်ကြောက်ကြောက်နှင့် ခေါင်းညိတ်ပြရ၏။ သူပြောသော အခန်းနှင့် အပိုဒ်များကို မမှတ်မိ နိုင်ပေ။ သူကမူ အလွတ်ရွတ်ပြနေသည်။
''ဒီလိုဖြစ်တာကွ ၊ အေး ... အဲဒါ သောက်လိုက်ဦး ''
အက်ဒီ ယူလာသော စပါကလင်ကို မေးငေါ့ပြီးပြောသည်။ ကျွန်မ လှမ်းယူသောက်ရ၏။

''၁၉၄၇... အခြေခံဥပဒေဆွဲဖို့ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်တွေ ရွေးချယ်ရတယ်။ ဥပဒေဆွဲတဲ့ ညီလာခံလုပ်တယ်။ အမြန်လုပ်ရတာဆိုတော့ ၃ လပဲ အချိန်ယူခဲ့တယ်။''

''ဟုတ်ကဲ့ .. အဲဒါ သိပါတယ်။''
''အေး... မိစံမေ နင်မှတ်ထား၊ အဲဒီအစည်းအဝေးလုပ်တဲ့အချိန်က ဗမာပြည်မှာ ဝံသာနုစိတ်ဓာတ် ခေတ်စားနေတဲ့အချိန်၊ ကျွန်ဘဝပဲ ရှိသေးတဲ့အချိန်၊ အားလုံးဟာ ဝံသာနုစိတ်ဓာတ် ရှိရမယ်လို့ နှိုးဆော်နေတာ''
''ဟုတ်ကဲ့ပါ.. အန်ကယ်လ် ''

''အဲဒါ အစည်းအဝေးလုပ်တော့.. နေ့လယ်ပိုင်း ခဏနားတယ်၊ ထမင်းစားချိန်ပေါ့၊ အဲတော့ အမတ်တွေလည်း စားသောက်ပြီး အခန်းထဲပြန်လာ၊ အစည်းအဝေးမစခင် ဟိုဟာ ဒီဟာ ပြောကြတာပေါ့၊ အဲဒီမှာ ဘာပြောကြလဲဆိုတော့.. နောက်တီးနောက်တောက်လူက '' ကျုပ်တို့တော့ ဝံသာမနုနိုင်ဘူး၊ ဝမ်းစာပဲ လုရမယ်'' လို့ ပြောတာ။ အဲဒါကို အခန်းထဲပြန်ဝင်လာတဲ့ ဗိုလ်ချုပ် အောင်ဆန်းက ကြားသွားတာ။ ကြားလည်းကြားရော... ဘာပြောကောင်းမလဲ၊ သူ့လူတွေကို ဆဲတော့တာ။''
''ဘယ်သူလဲကွ ဝမ်းစာလုချင်တာ။''

''အေး ... ဝမ်းစာတော့မရဘူး၊ လီး စာပဲရမယ်'' တဲ့။
ကျွန်မ ကြက်သီးထသွားပါသည်။

ဟုတ်ပါလိမ့်မည်။ ဗိုလ်ချုပ်သည် တိုင်းပြည်အပေါ် ကရုဏာဒေါသောနှင့် ပြောရှာတာ ဖြစ်ပါမည်။

''အဲဒါနဲ့ ဒါလောက်ဝံသာနု မဖြစ်ချင်ကြတဲ့လူတွေ၊ ကိုယ့်အမျိုး မစောင့်ချင်တဲ့ လူတွေ၊ အမတ်လောင်း အရည်အချင်း ထဲမှာ ထည့်လိုက်၊ နိုင်ငံခြားသားနှင့် လုံးဝမပတ်သက်ရ၊ နိုင်ငံခြားအထောက်အပံ့ မယူရလို့။''
x x x
အန်ကယ်လ် လဘန်ဂရောင် ကွယ်လွန်ခဲ့တာပင်ကြာခဲ့ပြီ။ ကျွန်မမျက်စိထဲတွင် ဒေါသတကြီးဖြစ်နေသော၊ မျက်နှာတွေနီရဲနေသော၊ ကချင်အမျိုးသား စစ်စစ်၊ မျိုးချစ်ပုဂ္ဂိုလ်၊ ပင်လုံကိုယ် စားလှယ်တော်ကြီး၏ ရုပ်ပုံလွှာကား ပျပျထင်နေဆဲပါ။

''သူ့အဖေ လုပ်ခဲ့တဲ့ ဥပဒေပဲလေ။'' ဟူသော အသံကြီးကလည်း ''ဟိန်း'' နေဆဲပါ ။

ရွှေကူမေနှင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...