Tuesday, August 27, 2013

“လှောင်အိမ်ထဲကငှက်”

August 25, 2013 at 11:29am
          ဟာသရုပ်ရှင်တွေထဲက စာရေးဆရာဇာတ်ကောင်များဟာ ပေါတောတော သရုပ်ဆောင်ကွက်တွေနဲ့ စိတ်ကူးတွေယဉ်ပြီး ရာဇ၀င်ဇာတ်အိမ်တည်ထားရင် နန်းဝတ်နန်းစားကြီးနဲ့၊ လျှို့ဝှက်သည်းဖိုကျပြန်တော့ လောင်းကုတ်အရှည်ကြီးဝတ် ဦးထုပ်ကြီးဆောင်း စီးကရက်ခဲထား၊ အဆိုတော်ဇာတ်ရုပ်၊ မင်းသားဇာတ်ရုပ်၊ ၀တ္ထုထဲပါလေသမျှ ဇာတ်ကောင်တွေအတိုင်း အပီအပြင် မုဒ်သွင်းလို့ ဆေးစက်ကျရာ အရုပ်ထင်အောင် ဈာန်ဝင်စားပြကြတာ တ၀ါးဝါးရယ်ရတယ် မဟုတ်လား။ ဟာသကားမို့လို ပရိသတ်ပွဲမကျကျအောင် သည်လိုပဲ အိုဗာတင်းတွေသောက်ပြီး ဟားကွက်တွေ ဖန်နေကျပဲဟာ လို့ အမြဲတမ်းတွေးခဲ့ဖူးပေမယ့် အခုတော့ အဲသလိုလည်း မဟုတ်သေးဘူးပဲ လို့ သဘောပေါက်လာပါပြီ။ ကိုယ်ကိုယ်တိုင် မဖြစ်ညစ်ကျယ်စာကလေးတွေ တောင်ရေးမြောက်ရေး ရေး သက်ကလေးရလာတော့မှ စာရေးတယ်ဆိုတာ ကိုယ်တည်ထားတဲ့ ဇာတ်အိမ်ဇာတ်ပန္နက်ကလေး အာရုံထဲကမှိန်မသွားအောင် စာအုပ်မပြီးမချင်း မုဒ်ကလေးသွင်းပြီး ကိုယ့်စိတ်အာရုံကလေး တခြားဘက် ချော်တောငေါ့မသွားအောင် မွေးမြူထားရပါကလား လို့ သဘောပေါက်လာပါတယ်။

          အထူးသဖြင့်တော့ ပြီးခဲ့တဲ့ ရှစ်လေးလုံးအခန်းဆက်တွေ ရေးနေတုန်းကဆို စိတ်က တခြား ဘာစာမှ ဖတ်လို့မရဘူး။ တစ်ပါတ်လုံးလုံး သူပုန်စိတ်နဲ့ ချိုကြွနေတယ်။ “တမင်ကလာမေ့ထားတဲ့ အတိတ်ကအကြောင်းတွေ ဆွပေးလိုက်သလိုပဲ။” ဆိုတဲ့ ကိုထီးသီချင်းကလေးကို ခဏခဏ ကြားယောင်မိတယ်။ ပြန်အစဖော်လို့ကောင်းတဲ့အရာ မဟုတ်မှန်းလည်း သိပါတယ်။ ဒါပေမယ့် မရတော့ဘူး။ အစက ဆွဲထုတ်မိနေပြီ။ “စိတ်ခံစားမှုတွေ သိပ်ပြင်းထန်နေရင် စာမရေးပါနဲ့ဦး။” လို့ သူများတကာကို အကြံပေးတုန်းက ပေးခဲ့ပြီး အခုတော့ ကိုယ့်ကျမှ စိတ်ထဲခံစားရသမျှကို ခဏဘေးဖယ်ထားပြီး ကိုယ်နဲ့မဆိုင်သလို ဘေးအမြင်သက်သက်နဲ့ မှတ်မိသမျှ သရုပ်ဖော်ရတယ်။ ဒါတောင်မှ ဆရာဝန်ဖြစ်လျက်နဲ့ သွေးအေးရန်ကော့ အပြောခံရသေးတာ။ ဘယ့်နှယ် မခံစားရပဲ ရှိလိမ့်မလဲဗျာ။ သုမနကျောမှာ ဒဏ်ရာတွေနဲ့ပါ။ ဒါပေသိ ရည်ရွယ်ချက်က ခံစားချက်တွေ ဖွင့်ထုတ်သုတ်သင်ပစ်ဖို့ မဟုတ်ပဲ အဖြေရှာ သင်ခန်းစာယူချင်တဲ့သဘောမို့ မလိုလားအပ်တာတွေကို ထည့်မရေးတော့ဘူးပေါ့။

            ဇာတ်ကြောင်းကို လက်စသတ်တော့မယ်လို့ အနားသပ်ပြီးချိန်မှာ စိတ်ရောလူရော ပေါ့ပါးလွတ်လပ်သွားပြီး “တော်ပြီ နောက်ဆိုရင် ပိတ်သတ်ကြီးလည်းကြိုက်၊ ပိုက်ပိုက်တွေလည်းရ၊ ရေးရတာလည်း ခေါင်းမစား၊ တာဝန်မကြီးတဲ့ ဖန်စီလေးတွေပဲ လှည့်ရေးတော့မယ်” လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဒီလိုနဲ့အဆုံးသတ်လို့ ရရိုးလားဆိုပြီး နောက်ကနေ အရိပ်ပမာ လိုက်လာတဲ့ ခြောက်အိပ်မက်ဆိုးကြီးတွေက လွတ်အောင်ထွက်မပြေးနိုင်ခဲ့ဘူး။ သမိုင်းမှတ်တမ်း တစ်ဘက်တစ်လမ်းက ကျန်လိုကျန်ငြား အားထုတ်ခဲ့တဲ့ စာရေးသူတစ်ယောက်အနေနဲ့ တာဝန်မကျေပဲ မျက်နှာလွှဲခဲ့ရတဲ့သူတွေက “မင့်မို့လို့ ငါတို့ကို မေ့ထားရက်တယ်ကွာ။” လို့ ပါးစပ်ကအသံမထွက်ပဲ မျက်ဝန်းကလေးနဲ့ လှမ်းစကားပြောရင်တောင် အသည်းဆတ်ဆတ်ခါနာရတယ်။ ဒါကြောင့်မို့လို့ ရင်နာနာနဲ့ပဲ သူတို့အကြောင်းကို ဆက်ရေးရပါဦးမယ်။ ဘယ်သူတွေလဲဆိုတော့ လှောင်အိမ်ထဲက ငှက်ငယ်ကလေးတွေပေါ့ဗျာ။

           အရေးအခင်းကာလကနေ နောက်ဆက်တွဲ ငြိမ်ဝပ်ပိပြားအောင်ဆောင်ရွက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ခေါ်ယူစစ်ဆေး၊ ဖမ်းဆီးထိမ်းသိမ်း၊ အပြစ်ပေးအရေးယူဆိုတဲ့ လူငယ်ကလေးတွေ ဘယ့်လောက်တောင်များလိုက်သလဲဆိုရင် မြန်မာအချင်းချင်းတွေ့လို့ နိုင်ငံရေးများ လုပ်မယ်ကြံရင် “မင်း ထောင်နှစ်နှစ်ကျဘူးသတုန်း။” လို့ သူတောင်းစားဂိုဏ်းက ဂုံနီအိပ်အထပ်ရေသလို ပါဝါချင်းတိုင်းယူရတဲ့အထိပဲ။ အပိုတွေပြောတယ်ထင်ရင်လေ ကျွန်တော့်ဆီမှာ သိမ်းထားတဲ့ မဲဆွယ်တုန်းက ကိုယ်ရေးရာဇ၀င်ကလေးတွေ ရှိသေးပါသဗျာ။ သူသူကိုယ်ကိုယ် “ကျွန်တော်ဟာ တက္ကသိုလ်တုန်းက ကျောင်းသားခေါင်းဆောင် တစ်ယောက်ပါခင်ဗျာ။ အထိန်းသိမ်းခံရလို့ ထောင်ဘယ်နှစ်နှစ်တောင် ကျခဲ့ပါသဗျ။” ဆိုတာကို ဟုတ်ဟုတ် မဟုတ်ဟုတ် ဂုဏ်ဖော်အမှတ်ယူ ကြွားဝါစရာ ဖြစ်လာရတဲ့အထိ ထောင်တွေတန်းတွေ စည်ကားခဲ့ကြပါတယ်။ ဒါကြောင့် ၈၈အကြောင်းကိုရေးတုန်းက သူတို့အကြောင်းကို အပေါ်ယံကပဲ ရှပ်လို့ ထဲထဲဝင်ဝင် မသုံးသပ်မိခဲ့တာကို ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံ ဖြစ်ရတာပါ။

           ကျောင်းသားအရေးရယ်လို့ စခဲ့ကတည်းက တက္ကသိုလ်နယ်မြေကို ရန်သူ့စစ်တလင်းပမာ
ထောက်လှမ်းရေးတွေ ခြေရာချင်းထပ်လို့ စကားအမှားကလေးတစ်ခွန်း၊ စာရွက်အပိုင်းကလေးတစ်စနဲ့
တောင်တန်းမပြန်ပဲ ထောင်နန်းစံသွားခဲ့ရတဲ့ကျောင်းသားကျောင်းသူတွေဟာ အထဲမှာ ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုစစ်မေးခံရတဲ့အကြောင်း ကိုယ့်တွေ့မျက်မြင် အက္ခရာတင်လို့ ရေးတဲ့သူတွေရေးနေတာ ဖတ်ရပါလိမ့်မယ်။ တချို့ဆို အသက်ဆုံးရှာတယ်။ တချို့လည်း လူညွန့်တုံးရတဲ့ လူဖြစ်ရှုံးရတဲ့ ထောင်ထွက်လက်ဆောင်တွေနဲ့ ဘ၀ကိုနစ်နာချို့ငဲ့စွာ အားတင်းလျှောက်လှမ်းကြရတယ်။ ဟိုအဆိုတော်ကလေးဆို လွှတ်တော်ထဲရောက်တာတောင် ကျန်းမာရေးကြောင့် အနားယူနေရရှာတယ်လေ။ လူသားတစ်ယောက်ရဲ့ဘ၀မှာ ထောင်ဆိုတာဟာ မရှိအပ် မနေအပ်၊ မရောက်အပ်သော လူသားမဆန်သောနေရာတစ်ခုဖြစ်တယ်ဆိုတာ ဟိုးရှေးရှေး လူထုဦးလှကြီး ရေးခဲ့တဲ့ “ထောင်နဲ့လူသား” မှာပဲ ဖတ်ဖတ်၊ နီလေးမောင် ရေးတဲ့ ထောင်ဝတ္ထုဇာတ်လမ်းတွေမှာပဲဖတ်ဖတ် တသဘောတည်း တွေ့ရပါလိမ့်မယ်။
လူ့အခွင့်အရေးတို့ လူသားချင်း စာနာထောက်ထားသောတို့ ခေါင်းစဉ်တပ်ထားတဲ့အဖွဲ့အစည်းတွေ
မြန်မာပြည်လာရင် ထောင်ထဲသွားမကြည့်ပဲ ပြန်ရိုးထုံးစံမရှိဘူး။ သူတို့ကချည့်ပဲ လာလာဗျူးနေလို့ ကိုယ်ကလည်း အားကျမခံ သူတို့ကို အလွတ်သဘောမျိုး ပြန်ဗျူးဖူးပါတယ်။ “ငါတို့ဆီကထောင်တွေဟာ နင်တို့ဆီမှာရှိတဲ့ထောင်တွေနဲ့ အဆင့်အတန်းချင်း သိပ်များကွာခြားနေလို့လား။” လို့ ဆိုတော့ ဘာပြန်ပြောတယ်မှတ်လဲ။ “ထောင်ဆိုတာ အမေရိကမှာပဲ ရှိရှိ၊ ရုရှားမှာပဲ ရှိရှိ၊ ဥရောပမှာပဲ ရှိရှိ၊ တရုတ်မှာပဲ ရှိရှိ၊ အားလုံး အတူတူချည့်ပါပဲ။” တဲ့။ မကြာသေးခင်ကဖတ်ခဲ့မိတဲ့ ဘဘဦးဝင်းတင်ရဲ့ “ဘာလဲဟဲ့ လူ့ငရဲ” ဆိုတာ ဖတ်ကြည့်ရင်လည်း ထောင်တွင်းဇာတ်လမ်းတွေကို အကွင်းအကွင်း မုန့်တီဟင်းလို မြင်ရပါလိမ့်မယ်။

             ကိုယ်ကိုယ်တိုင်ကတော့ (ဖွဟဲ့လွဲပါစေဖယ်ပါစေ) မရောက်ဘူးသေးတဲ့အရပ်ဒေသမို့လို့ လေသံကြားတရားနာပြီး ဘယ်သို့ဘယ်ညာ ဘယ်ချမ်းသာ မရေးလိုပါဘူး။ ဒါပေမယ့် ကျောင်းသားတစ်ယောက် ထောင်ကျတယ်ဆိုတာ သူ့တစ်ယောက်တည်း ဒုက္ခဖြစ်ရတာ မဟုတ်ဘူး။ ကျန်ခဲ့တဲ့မိသားစုခမျာမလည်း ပဋာမြေလူး ဖြတ်ဖြတ်လူး ခံစားကြရတယ်ဆိုတာကိုတော့ နဖူးတွေ့ဒူးတွေ့ ငုတ်တုတ်မေ့လောက်အောင်ကို ခံစားခဲ့ရဖူးပါတယ်။ အကိုကြီးကိုပွေလီက ကျောင်းထဲမှာ ဗွက်ပေါက်အောင်လျှောက်ပြီး အချိန်တန် အိမ်အရောက်ပြန်နိုင်ခဲ့ပေမယ့် တက္ကသိုလ်တွေပိတ်ပစ်လို့ စာဝေလူဟစ်အလုပ်တွေ အထက်တန်းကျောင်းကို ရောက်လာတဲ့အခါမှာ အိမ်ကမနူးမနပ် ညီငယ်ညီမငယ်တွေက လွတ်အောင် မတိမ်းနိုင်ကြပါဘူး။ သူများလာပေးရင် ဘုမသိဘမသိနဲ့ ယူပြီးသိမ်းထားပေးတယ်။ တစ်ရွက်မိတောင် ခွင့်မလွှတ်တဲ့အချိန်ဆိုတော့ သူတို့အသက်ကလေး ဆယ်နှစ်စွန်းစွန်းနဲ့ ညကြီးမင်းကြီးဖိတ်စာရတဲ့အခါ မောင်မင်းကြီးသား မယ်မင်းကြီးမတို့က လုပ်ရဲရင်ခံရဲတယ်ဆိုတဲ့ သတ္တိကြီးတွေရှိသော်ငြားလည်း မွေးသမိခင် ကျွေးသမိခင်ကြီးများခမျာ တက်ကာချက်ကာနဲ့ နှာနှပ်ခြေမချိုးယူရတာပေါ့။ ထမင်းစားမယ်ကြံတိုင်း “ငါ့သားလေး ထမင်းဘယ့်နှယ်စားရပါ့မယ်။” နဲ့တစ်မျိုး၊ ညအိပ်ယာဝင်တော့ သမီးပေါက်စ စိတ်မချလို့ တတပြီးငိုရတာတစ်မျိုး၊ အသိအကျွမ်း အဆွေအမျိုး ရှိရှိသမျှသော အားကိုးရာအကုန်၊ ဗေဒင်ယတြာပါ မကျန်ရလေအောင် နေထွက်မှနေ၀င် ဦးတိုက်တိုင်ပင်လို့ ကယ်ပါယူပါ တစာစာအော်ကြရသဗျ။ သတင်းကြားလေသမျှ အချုပ်ခန်း၊ စစ်ကြောရေးစခန်း ကို မရရအောင် လိုက်ပြီးရှိခိုးဦးတင်နဲ့ စားစရာကလေးများ၊ ခြုံစရာလေးများ၊ အ၀တ်အထည်ကအစ “ပို့ပေးပါနော်။” လို့ ကန်တော့ပန်းဆင်ရတယ်။ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ ရောက်ချင်မှလည်းရောက်မှာပါ လို့ သိပေမယ့်လည်း အဲဒီဟာတွေက အထဲရောက်ဖို့ ပို့တာ မဟုတ်ပါဘူး။ အပြင်ကလူတွေ စိတ်ချမ်းသာအောင်ဆိုပြီး သွားသွားပို့ပေးရတာ။ ဒါမှသူတို့ ထမင်းစားဝင်မှာလေ။ ဖြတ်ဖြတ်လူးဆိုတဲ့စကားဟာ အဲသည်အချိန်မှာ တို့ကိုမြင်ဖူးရင် ရှင်းပြစရာ မလိုတော့ဘူး။

            ပီဘိကလေးလေးတွေမို့လို့ လူကြီးတွေလို ဗွေမယူပဲ သင်ခန်းစာပေးရုံနဲ့ ပြန်လွတ်ခဲ့ပေမယ့်လည်း သူတို့လည်း သူတို့အထွာနဲ့သူတို့ Lesson အကြီးကြီး မိခဲ့ကြပါတယ်။ ဆေးမစားမီနဲ့ ဆေးစားပြီးလို သိသိသာသာ ကွာခြားသွားတာကတော့ အရင်ကလို မြေ၀ယ်မကျနားထောင်တဲ့ ယုန်သူငယ်ကလေးတွေ မဟုတ်တော့ပဲ မာရေကျောရေ ကျွတ်ဆတ်ဆတ် သဘာဝကလေးတွေ ကပ်ပါလာတယ်။ လပေါက်နှစ်ပေါက်အောင် အထဲမှာနေခဲ့ကြသူတွေဆိုရင် တွေးသာကြည့်ပါတော့။ သူတို့အကုပ်ခံရတော့ ကိုယ်ကလိုက်ပေးစရာလူရှိတယ်။ ကိုယ်အကုပ်ခံရရင် လိုက်မယ့်လူမရှိတာ။ ကိုယ့်အတွက် ကယ်ဖို့မဟုတ်ဘူး။ အိမ်ကကျန်တဲ့သူတွေ အလုံးမတက်အောင်ငိုနိုင်ဖို့ ဖာထေးဖေးမမယ့်သူ မရှိတာမို့လို့ နိုင်ငံရေးနဲ့ ပတ်သက်ရင် လွတ်ရာလွတ်ကြောင်းနေရတာ တကိုယ်ကောင်းဆန်လို့တော့ မဟုတ်ပါဘူး။ ဒါကြောင့် ထောင်ကျစကားချင်း ယှဉ်လည်း မပြောဝံ့ပါဘူး။ အားလုံးကို လေးစားပါတယ်။ ကဲရီးအွန်ကြပါ။
ဒုက္ခဆိုတာ အထဲကလူမှ မဟုတ်ဘူး။ အပြင်ကလူ ဒုက္ခကလည်း မသေးပါဘူးလို့ သိစေချင်တာပါ။ ကိုယ်ချင်းတွေစာတတ်လွန်းလို့ အလုပ်ဝင်တဲ့အခါ ၅(ည)ကလေးတွေ ဆေးရုံလာတက်ရင် ကိုယ့်ဆွေမျိုးတွေကျနေတာပဲ။ စားစရာတွေပေး၊ အ၀တ်အစားလေးပေးရုံနဲ့ အားမရနိုင်ဘူး။ နေရပ်လိပ်စာပါ အတိအကျမေးပြီး အိမ်တိုင်ရာရောက် သတင်းသွားပေး၊ မိသားစုတွေ့ချင်ရင် ဆေးရုံကိုလာခဲ့ဖို့ ခေါ်ရတယ်။ မသိတဲ့သူကတော့ သည်အကောင် အပိုတွေလုပ်တယ် ထင်နေမှာ။ အမှန်ကတော့ အဲဒါမျိုးတွေ တကယ် မခံစားနိုင်ဘူး။ သည်အဖြစ်အပျက်မျိုးတွေ ကိုယ်တွေ့ကြုံလာရတဲ့အခါ ဘယ်သူမှလည်း ခံစားနိုင်မယ် မထင်ဘူး။

            ဒါပေမယ့် ကြမ္မာရဟတ်ကတော့ တစ်ပတ်လည်ခဲ့ပါတယ်။ အဲဒီတုန်းက ခေါ်ယူစစ်ဆေး မေးမြန်းမှုတွေကို ထိပ်ဆုံးကဦးဆောင်ညွှန်ကြားခဲ့တဲ့ ဘဘကြီးကိုယ်တိုင် ကံအလှည့် မသင့်တဲ့အချိန်မှာ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် အဖြစ်ရောက်လာပါလေရော။ ဒါတောင် သူ့ကိုတော့ သူ့တုန်းက နှိပ်စက်စစ်မေးတဲ့ပုံမျိုး ဘယ်သူကမှ ညှင်းပန်းလိမ့်မယ် မထင်ပါဘူး။ အကြောင်းအရာ အကွက်အကွင်းတစ်ခုအတွက် ထိန်းချုပ်မှုယူထားရုံလောက်သာမို့ ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာနဲ့ လေထီးမခုန်ရင်ပြီးရော ရေမီးစုံအောင်ထားပေးမယ် ဆိုတာမျိုးပါ။ ဟိုးတုန်းက ဦးမိုးဒီတို့ ဦးမော့တို့ ပြက်လုံးထဲကလို တစ်လံအကွာကနေ မင့်ကိုငါ ဆိတ်တယ်ကွာ၊ တောက်တယ်ကွာ၊ ကလိထိုးတယ်ကွာ လုပ်လိုက်ရင် တဘက်လူက ထွန့်ထွန့်လူးခံစားပြသလိုမျိုးပါပဲ။ ဘဘကြီးလည်းပဲ သူ့အလှည့်ကျတော့ တို့ရုံဆိတ်ရုံကလေးနဲ့ ရွှေသည်းကျွမ်းမျှ ခံစားရလေသတဲ့။ နာနာကျည်းကျည်းပြောလိုက်တဲ့ စကားလေးတစ်ခွန်းမှတ်မိပါတယ်။ “အိမ်ကမြေးကလေးတွေလည်း ကျောင်းမတက်ရတာ ကြာပြီ။” တဲ့။ ဒီနေရာမှာလည်း သူ့ကျွန်မခံပြီရိုက်တုန်းက စံရှားတင်ကြီး ပါတော်မူခန်းမှာ အံကျိတ်ပြီးပြောတဲ့စကားကို အမှတ်ရပြန်တာပါပဲ။ “ဟဲ့။ ငါ့မျက်နှာကို သေသေချာချာ ယူ။ သည်မှာ ငါအရမ်းခံစားနေရတယ်။” တဲ့။ တို့ဘဘကြီးလည်း တကယ်ကို ရင်ထဲက ခံစားနေရမှန်း ကလို့စ်အပ် မယူပဲနဲ့တောင် သိသာထင်ရှားနေပါတယ်။ ကျွန်တော်တို့လည်း ခံစားခဲ့ရတာပေါ့ ဘရယ်။ သည်နေရာတွေကို ဘတွေးကြည့်ခဲ့ဖူးသလား။

            တကယ်တော့ အဲသည်အချိန်က ကျောင်းသားဆိုတဲ့လူငယ်တွေဟာ ဘဘကြီးရဲ့ သားနဲ့မှ သက်တူရွယ်တူ မတိမ်းမယိမ်းကလေးတွေပါ။ ဒါပေမယ့် ဘဘကြီးဆီက စာနာစိတ် ဂရုဏာကို ဘဘကြီးကိုယ်တိုင်ခံစားရတဲ့အချိန်ကျမှ ယိုဖိတ်စီးဆင်းလာတာ တွေ့မြင်ခွင့်ရလိုက်တယ်။ (အရင်က လွှတ်ပေးလိုက်တဲ့လူတွေ ရှိတာ မငြင်းပါခင်ဗျာ။ ထည့်ရေးခဲ့ပါတယ်။) နည်းလွန်းတယ်။ နောက်ကျလွန်းတယ်။ မဆိုပါဘူးခင်ဗျာ။ ဒါပေမယ့် ဘဘကြီး ပြုပြင်ပေးလို့တော့ မရနိုင်တော့ဘူးပေါ့။ အခုတော့ ဘဘကြီးနေရာမှာ နောက်ထပ်နောက်ထပ် အသစ်အသစ်သောလူတွေ ရောက်လာကြပြီ။ နောက်ထပ်နောက်ထပ် အသစ်အသစ်သောသူတွေကိုလည်း ထိန်းသိမ်းခဲ့ကြပြီ။ ဒေါ်စုကို နိုင်ငံရေးအကျဉ်းသားအဖြစ်က လွှတ်ပေးလိုက်တဲ့အခါ ကျွန်တော့်ဘက်က မမေ့မလျော့ မေးခွန်းထုတ်မိပါတယ်။ ဘဘကြီးကိုရော နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပါသလား လို့။ ဒါပေမယ့် ဥပဒေအရတော့ ဘဘကြီးကို ပုဒ်မတပ်ထားတာ နိုင်ငံရေး ပုဒ်မမဟုတ်ဘူး ဖြစ်နေတယ်။ အစိုးရပေးတဲ့အိမ်မှာ သစ်ခွပန်းစိုက်စားရတဲ့ ဘဘကို လာဘ်စားမှုနဲ့ နှစ်ရှည်အကျယ်ချုပ်ထားတဲ့ ကံကြမ္မာဟာ သည်စာရေးတဲ့ ကျွန်တော့လိုပဲ ရွဲ့တဲ့တဲ့နဲ့ ဟာသနှောတတ်ပုံရတယ်နော်။ ဒါပေမယ့် ကျွန်တော့်စိတ်ရင်းအတိုင်းပြောတာပါ။ ဘဘကြီးလွတ်လာတဲ့အတွက် အင်မတန် ၀မ်းသာမိပါတယ်။ ဘဘကြီးလိုပဲ နိုင်ငံရေးအရ ရမယ်ရှာပြီး ရာဇ၀တ်မှုနဲ့ စီရင်ထားသူတွေ (ဘယ်လိုလူတွေဆိုတာ ဘတို့က ပိုသိမှာပါ) အားလုံးကို လွှတ်ပေးစေချင်တာ လောဘများ သိပ်ကြီးသလို ဖြစ်သလား။ မဖြစ်နိုင်တာ တောင်းဆိုရာများကျသလား မသိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် တို့ဘဘကြီးကတော့ သည်ဆုတောင်းကို ဖြည့်မပေးနိုင်တော့တာ အမှန်ဧကန်။ အဲဒီတော့ နောက်ဘဘကြီးတွေအနေနဲ့ နောက်အကျဉ်းသားလေးတွေအပေါ်မှာ ရှေးဦးမဆွက ၈၈ကျောင်းသားများနဲ့ ဘဘကြီးတို့ရဲ့ ပုံပြင် သင်ခန်းစာကလေးကို သတိသံဝေဂရပြီး ညှာတာစာနာ သနားစဉ်းစားပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။ အာဘွား အာဘွား။ မွား မွား။

"တည်ငြိမ်စ ရေမျက်နှာ လေပြေဆော့ပြေးသလို အမည်မဖော်နိုင်တဲ့လှိုင်းတွေ ရင်မှာလှုပ်ရှားသွား။ လှောင်အိမ်ထဲကငှက် အပြင်မှာပျံမလား ပျော်တဲ့သဘော တစ်ယောက်သော တစ်ယောက်သော သူ့အနမ်း.... တစ်ယောက်သော တစ်ယောက်သော သူ့အနမ်း... တစ်ယောက်သော တစ်ယောက်သော သူ့အနမ်း...။"

Soe Min

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...