Tuesday, August 6, 2013

၁၉၄၇ ခုနှစ် အခြေခံဥပဒေနဲ့ပတ်သက်၍ ....

Min Aung Khine and 3 other friends shared Maung Thant's photo.

၁၉၄၇ ခုနှစ် အခြေခံဥပဒေနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်ပါတယ်။ သိပြီး
သူများကတော့ ဆက်ဖတ်မနေပါနဲ့ အချိန်ကုန်ပါတယ်။ မသိသေးသူများကိုပဲ
ရည်ရွယ်ပြီး ဒီဟာကို ရေးရခြင်းဖြစ်ပါတယ်။



၁၉၄၇ ခုနှစ် အခြေခံဥပဒေအကြောင်းကို ပြောမယ်ဆိုရင် အဲဒီအချိန်တုန်းက
တိုင်းရင်းသား လူမျိုးများရဲ့ အရေးကိစ္စတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။
တိုင်းရင်းသားလူမျိုးများ အရေးကို ပြောရမယ် ဆိုရင်လည်း ကိုလိုနီခေတ်က
ဗြိတိသျှတို့ရဲ့အုပ်ချုပ်ပုံစနစ်ကိုပါ ပြောမှရပါမယ်။ ဒီထက်ပိုပြီးတော့ဆက်ချင်
ပါသေးတယ် ဆိုရင်တော့ မြန်မာမင်း အုပ်ချုပ်ပုံစနစ်ကိုပါ ပြန်ပြီးသွားကြရပါ
လိမ့်မယ်။

အဓိကပြောချင်တာက အမှတ်မှားကြမှာစိုးလို့ပါ။ လွတ်လပ်ပြီး မြန်မာနိုင်ငံမှာ
ကျင့်သုံးဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဘယ်သူကစပြီးရေးဆွဲ
ခဲ့တာလဲဆိုရင် ဦးချန်ထွန်းပါ။ အိန္ဒိယမှာ ရေးဆွဲပါတယ်။ ကူညီရေးဆွဲပေးသူ
ဟာ အိန္ဒိယနိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အကြံပေးအရာရှိ
ဖြစ်တဲ့ ဆာ ဘီနီဂယ် နာရာဆင်ဂါရောင်း (Sir Benegal Narasinga Rau) ပဲ
ဖြစ်ပါတယ်။

၁၉၄၆ နှစ်ကုန်ပိုင်း ဗိုလ်ချုပ်လန်ဒန်အသွားမှာ အိန္ဒိယနိုင်ငံနယူးဒေလီမြို့ကို
ဝင်ပြီး မြန်မာနိုင်ငံ အခြေခံဥပဒေရေးဆွဲရေး အတွက်ကို ဆာဘီအင်ရောင်းနဲ့
ဆွေးနွေးတိုင်ပင်ကြပါတယ်။ ၁၉၄၇ နှစ်ဦးပိုင်းမှာ ဗိုလ်ချုပ်က ဦးချန်ထွန်းကို
မြန်မာနိုင်ငံအခြေခံဥပဒေ အကြံပေးအရာရှိအဖြစ် ခန့်အပ်ပြီး အိန္ဒိယနိုင်ငံကို
ဧပြီလမှာပဲ စေလွှတ်ခဲ့ပါတယ်။ ဦးချန်ထွန်း ပြန်ရောက်လာတော့ သူနှင့်အတူ
အခြေခံဥပဒေမူကြမ်းကိုပါ ယူဆောင်ခဲ့ပါတယ်။ အဲဒီဥပဒေမူကြမ်းစာအုပ်ကို
ပန်းရောင်စာအုပ် (The Pink Book) လို့ခေါ်ကြပါတယ်။ ၁၉၄၇ ခုနှစ်အခြေခံ
ဥပဒေဟာ ဒါကိုပဲအခြေခံပြီးတော့ ရေးဆွဲခဲ့ကြတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ပထမအဆင့် ပဏာမပြင်ဆင်မှု
ညီလာခံကို ဂျူဗလီဟောမှာ ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့ကနေ ၂၃ ရက်
နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့ကြပါတယ်။ အဲဒီမှာ ဗိုလ်ချုပ် အောင်ဆန်းက
မိန့်ခွန်းမြွက်ကြားခြင်း၊ ဖဆပလအမတ်တွေနဲ့ ကရင်လူငယ်ကေဝိုင်အို အဖွဲ့
ဝင်အမတ်များက မြန်မာနိုင်ငံနှင့်မြန်မာပြည်သူတို့အား သစ္စာစောင့်သိပါမည်
ဟု တစ်ဦးစီ ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ အခြေခံဥပဒေမူကြမ်းကို ရွေးချယ်ခန့်
ထားသော ၁၁၁ ဦး ကော်မတီက စိစစ်ခြင်းနှင့် ပညာရှင်အသီးသီး၏ စာပေ၊
စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာဟောပြောမှုများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပဏာမ
ညီလာခံကနေပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းနှင့် ယင်းအခြေခံ
ဥပဒေ၏ သဘောတရားများဖြစ်ကြသော အဆိုပြုချက် ၁၄ ချက်ကို အတည်
ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဒီမူကြမ်းကို သခင်မြ ဦးဆောင်တဲ့ ကော်မတီက ရေးဆွဲ
ခဲ့ခြင်းဖြစ်ပြီး အကြံပေးအရာရှိ ဦးချန်ထွန်းက ပါဝင်ကူညီ ရေးဆွဲခဲ့တာပါ။

ဒီမူကြမ်းမှာ ပုဒ်မခွဲ ၁၂၇ ခုပါဝင်ပေမယ့် အစီအစဉ်အတိုင်း နံပါတ်မတတ်ပဲ
အခန်းကြီး ၁၄ ခန်းနဲ့ ဇယားတစ်ခု ပါဝင်ပါတယ်။ ဒီဥပဒေမူကြမ်းပေါ်မှာပဲ
သဘောထားကွဲလွဲပြီး မကျေနပ်ကြတာတွေလည်း ရှိခဲ့ကြပါတယ်။

တိုင်းပြည်ပြုလွှတ်တော် ပထမအကြိမ်ညီလာခံကိုတော့ ၁၉၄၇ ခုနှစ် ဇွန်လ
၁၀ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံရဲ့ အရေး
အပါဆုံးဆောင်ရွက်ချက်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲ
ရေးဆိုင်ရာ လမ်းညွှန်အဆိုကို တင်သွင်းခြင်းနှင့် အခြေခံဥပဒေ ရေးဆွဲရေး
ကော်မတီကို ဖွဲ့စည်းပေးခြင်းပဲဖြစ်ပါတယ်။ အဲဒီလမ်းညွှန်အဆို ၇ ချက်ကို
ဇွန်လ ၁၆ ရက်နေ့မှာ ဗိုလ်ချုပ်ကိုယ်တိုင် တင်သွင်းခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့
မှာ လွှတ်တော်က အတည်ပြုပါတယ်။ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ
၁၈ ရက်နေ့ မှာတော့ မန်းဘခိုင်က အခြေခံဥပဒေ ရေးဆွဲရေးကော်မတီဝင်
၅၅ ဦး အမည်စာရင်းကို တင်သွင်းပြီး အတည်ပြုခဲ့ကြပါတယ်။ နောက်ပိုင်း
၇၅ ဦး ကော်မတီလို့ ခေါ်ပါတယ်။

တိုင်းပြည်ပြုလွှတ်တော် ပထမအကြိမ်ညီလာခံအပြီး ဇွန်လ ၂၀ ရက်နေ့မှာ
တင်ပဲ အခြေခံဥပဒေရေးဆွဲရေးကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေး
ကျင်းပခဲ့ပါတယ်။ အဖွဲ့ရဲ့နာယကဖြစ်တဲ့ သခင်နုက ဗြိတိန်ကို သွားနေတဲ့
အတွက် ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်က သဘာပတိအဖြစ် တာဝန်
ယူဆောင်ရွက်ပါတယ်။ အဲဒီအစည်းအဝေးကနေ ဆပ်ကော်မတီ လေးခုကို
ဖွဲ့စည်း တာဝန်ပေးခဲ့ပါတယ်။ အဲဒီ ကော်မတီတွေက ဗိုလ်ချုပ်အောင်ဆန်း
သဘာပတိအဖြစ် ဆောင်ရွက်ရတဲ့ ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ
ဆပ်ကော်မတီ၊ မိုးမိတ်စော်ဘွားကြီး စဝ်ခွန်ချိုက သဘာပတိဖြစ်တဲ့ တရား
စီရင်မှုဆိုင်ရာ ဆပ်ကော်မတီ၊ သဘာပတိအဖြစ်နဲ့ ညောင်ရွှေစော်ဘွားကြီး
စဝ်ရွှေသိုက်က ဆောင်ရွက်တဲ့ မူလ အခွင့်အရေး ဆိုင်ရာ ဆပ်ကော်မတီနဲ့
မန်းဘခိုင် သဘာပတိ ဖြစ်တဲ့ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီတို့ပဲ ဖြစ်ပါ
တယ်။ ဒါ့ပြင် စဝ်ရွှေသိုက် သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ရှမ်းပြည်နယ်
အုပ်ချုပ်ရေး အခြေခံဥပဒေ ဆပ်ကော်မတီကိုလည်း ဖွဲ့ခဲ့ပါသေးတယ်။

အခြေခံဥပဒေရေးဆွဲရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကိုတော့
ဇူလိုင်လ ၁၇ ရက်နေ့ကျမှကျင်းပနိုင်ခဲ့ပါတယ်။ ဒီကြားထဲမှာ တရားစီရင်မှု
ဆိုင်ရာဆပ်ကော်မတီ အစည်းအဝေးက ငါးကြိမ်၊ မူလအခွင့်အရေးဆိုင်ရာ
ဆပ်ကော်မတီ အစည်းအဝေး လေးကြိမ်၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ
အစည်းအဝေးက နှစ်ကြိမ်၊ ပြည်ထောင်စုနှင့် ပြည်နယ်များ ဆပ်ကော်မတီ
အစည်းအဝေး ၁၁ ကြိမ် ကျင်းပခဲ့ပါတယ်။ အခက်အခဲမျိုးစုံနဲ့ ကန့်ကွက်မှု၊
သပိတ်မှောက်မှုတွေကြားကနေပဲ အတော်လေးပြင်းပြင်းထန်ထန် ကြိုးစား
ရေးဆွဲခဲ့ကြ ရတာပါ။ ဇူလိုင် ၁၉ ရက်နေ့မှာတော့ နိုင်ငံတော် လုပ်ကြံမှုကြီး
ဖြစ်ပြီး ဗိုလ်ချုပ်တို့ ကျဆုံးပါတယ်။ ကော်မတီ အစည်းအဝေးတွေကိုတော့
ဇူလိုင် ၂၃ ရက်ကနေ တိုင်းပြည်ပြုလွှတ်တော် ဒုတိယ ညီလာခံ ခေါ်ယူတဲ့
ဇူလိုင် ၂၉ ရက်နေ့ထိ နေ့စဉ် ကျင်းပခဲ့ကြပါတယ်။

တိုင်းပြည်ပြုလွှတ်တော် ဒုတိယညီလာခံကျင်းပစဉ်မှာပဲ သခင်နုက ဥက္ကဋ္ဌ
အဖြစ်မှ နုတ်ထွက်သွားတဲ့အတွက် စဝ်ရွှေသိုက်ကို ဥက္ကဋ္ဌအဖြစ် ရွေးချယ်
တင်မြှောက်ခဲ့ကြပါတယ်။ သြဂုတ်လ ၄ ရက် မှာတော့ သခင်နု ကိုယ်တိုင်
အခြေခံဥပဒေရေးဆွဲရေးကော်မတီအစီရင်ခံစာနှင့် ကော်မတီမှ ရေးဆွဲတဲ့
အခြေခံဥပဒေ မူကြမ်းကို လွှတ်တော်မှ စဉ်းစားဆွေးနွေးနိုင်ရန် အဆိုတင်
သွင်းပါတယ်။ သခင်နုကနေပြီး အခြေခံဥပဒေ၏ သဘောတရား အချို့ကို
ရှင်းလင်းကာ ဦးချန်ထွန်းက အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့မှာတော့ အခြေခံဥပဒေရေးဆွဲရေးကော်မတီကနေ
ဦးချန်ထွန်း မူကြမ်းကို အခြေခံရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမူကြမ်း ပြင်ဆင်
ချက်ဆိုင်ရာဆုံးဖြတ်ချက်ကို တိုင်းပြည်ပြုလွှတ်တော်ကနေပြီး အတည်ပြု
ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်မှာ အဓိက အချက် ၆ ချက် ပါဝင်ပါတယ်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့နဲ့ ဆိုင်တဲ့ ပြဋ္ဌာန်းချက်
တွေကိုတော့ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကျမှ
အတည်ပြုနိုင်ခဲ့ကြပါတယ်။

ဒီဒုတိယညီလာခံကနေပြီးပဲ နောက်လာမယ့် တတိယအကြိမ် ညီလာခံမှာ
စဉ်းစားနိုင်ရန်အတွက်ဆိုပြီး အခြေခံဥပဒေ အချောကိုင်ကော်မတီတစ်ရပ်
ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။ အဲဒီ ကော်မတီဝင်တွေကတော့ လွှတ်တော်
ဥက္ကဋ္ဌ ဦးတင်ထွဋ်၊ သခင် လွန်းဘော်၊ မန်းဝင်းမောင်၊ သခင် တင်၊ သခင်
တင်ထွန်း၊ ဦးဘသီ၊ မစ္စတာ အေရေဗား(စ်)၊ ဦးကျော်မြင့်၊ ဗိုလ်ထိန်လင်း၊
စဝ်ခွန်ချို၊ ဆမားဒူဝါ ဆင်ဝါးနောင်၊ ဦးဝမ်ကိုဟော၊ ဦးတင် (မြန်အောင်)၊
စောနော်တင်ဘွားနဲ့ သခင်နုတို့ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာတော့ဖြင့် တိုင်းပြည်ပြုလွှတ်တော်
အမတ်များဟာ ကွယ်လွန်သူခေါင်းဆောင်ကြီးများ ရုပ်ကလာပ်ထားရှိရာ
ဂျူဗလီဟောကို သွားရောက်ကြပြီးတော့ ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ
ခေါင်းဆောင်ကြီးများ ပြဋ္ဌာန်းခဲ့ကြသည့် အချက်များနှင့်အညီအညွတ်ဖြစ်
သော မြန်မာပြည်မနှင့် တောင်တန်းဒေသများ ပါဝင်သည့် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မူကြီးတစ်ခုလုံး
ကို ညီညွတ်စွာ အတည်ပြုပြီးစီးကြောင်း ကြေညာအစီရင်ခံခဲ့ကြပါတယ်။

တိုင်းပြည်ပြုလွှတ်တော်ရဲ့ တတိယအကြိမ် ညီလာခံကိုတော့ ၁၉၄၇ ခုနှစ်
စက်တင်ဘာလ ၁၅ ရက်နေ့မှာမှ စတင်ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ
တင်သွင်းတဲ့ အခြေခံဥပဒေမူကြမ်းမှာ နိဒါန်း၊ အခန်း ၁၄ ခန်း၊ ပုဒ်မပေါင်း
၂၂၁ ခုနှင့် ဇယား ၄ ခုပါဝင်ပါတယ်။

အခြေခံဥပဒေရေးဆွဲရေး ကော်မတီဟာ တိုင်းပြည်ပြုလွှတ်တော် ဒုတိယ
အကြိမ် ညီလာခံက အတည်ပြုလိုက်တဲ့ အခြေခံဥပဒေ မူကြမ်းကို အများ
အပြား ပြင်ဆင်ခဲ့ပါတယ်။ မူကြမ်းမှာပါရှိတဲ့ ပုဒ်မ ၂၃၄ ခုအနက် ၁၄ ခုကို
ပယ်ဖျက်ခဲ့ပါတယ်။ ခုနစ်ခုကို ပုဒ်မခွဲများ ပြုလုပ်ပြီးမှ ပုဒ်မတစ်ခုကို နှစ်ခု
ခွဲလိုက်ပါတယ်။ ပုဒ်မသစ်ခုနစ်ခုကို ဖြည့်စွက်ခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာ
မူတွင် ပုဒ်မ ၂၃၄ ခုအနက် ၄၈ ခုသာ မူလအတိုင်း ရှိပါတော့တယ်။ ဒီလို
ပြင်ဆင်ရာမှာ အဓိကအနေနဲ့ မူကြမ်းတွင်ပါရှိသည့် စကားလုံးများကိုသာ
ပို၍ ရှင်းလင်းအောင် ပြင်ဆင်ကြခြင်းဖြစ်ပါတယ်။ အခြေခံဥပဒေရဲ့ မူလ
သဘောတရားဆိုင်ရာ အချက်အလက်များကိုတော့ ပြင်ဆင်ခွင့်မရှိပါဘူး။

ဒီလိုပြင်ဆင်ရာမှာ ပြင်ပကဥပဒေပညာရှင်များနှင့် နိုင်ငံရေးအတွေ့အကြုံ
ရှိသူပုဂ္ဂိုလ်များရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ အခြေခံဥပဒေရေးဆွဲရေး
ကော်မတီကို အကြံဉာဏ်များပေးခဲ့ကြတဲ့ သူတွေကတော့ ဆာမောင်ကြီး၊
တရားဝန်ကြီး ဦးအေးမောင်၊ ဆာမြဘူး၊ ဆာဘဦး၊ မစ္စတာအမ်အေရာရှစ်၊
ဆာဘင်နီဂယ်နာရာဆင်ဂါရောင်းတို့ ဖြစ်ကြပါတယ်။

အချောကိုင်ရေးဆွဲထားတဲ့ အခြေခံဥပဒေမူကြမ်းကို လွှတ်တော်ကနေပြီး
အတည်ပြုတဲ့အခါ ပြင်ဆင်ချက် ၁၃ ချက်ကို တိုင်းပြည်ပြုလွှတ်တော်က
ပြုလုပ်ခဲ့ပါတယ်။ ဒီပြင်ဆင်ချက် ၁၃ ခုစလုံးကို အခြေခံဥပဒေရေးဆွဲရေး
ကော်မတီကပဲ အဆိုပြုခဲ့တာဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ ၂၉ မိနစ်
မှာတော့ဖြင့် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တိုင်းပြည်ပြု
လွှတ်တော်မှနေပြီး တညီတညွတ်တည်း လက်ခံအတည်ပြုခဲ့ ကြပါတယ်။
လွှတ်တော် ပထမ ညီလာခံကနေပြီး တတိယညီလာခံ အထိ သုံးလကျော်
လေးလအတွင်း အပြီးသတ်ရေးဆွဲခဲ့ကြတယ် ဆိုပေမယ့် အတော်လေးကို
အခက်အခဲတွေ စိန်ခေါ်မှုတွေ များခဲ့ကြရပါတယ်။ မြန်မာပြည်ရဲ့ဖွဲ့စည်းပုံ
ရေးဆွဲရေး လုပ်ငန်းစဉ် ၃ ခုထဲမှာမှ အခက်အခဲဆုံးပါပဲလို့ ဆိုချင်ပါတယ်။
အဓိက ပြဿနာတွေကတော့ တိုင်းရင်းသား အရေးကိစ္စတွေပါပဲ။ ဖြစ်စဉ်
အကြမ်းဖျဉ်းကိုသာ တင်ပြခြင်းဖြစ်ပါတယ်။ အထက်ကပြောခဲ့တဲ့ အတိုင်း
အမှတ်မှားပြီး လွယ်လွယ်ဖြစ်လာတယ် ထင်နေကြမယ်စိုးလို့ပါ။

တစ်ဆက်တည်း ၁၉၄၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ပထမအကြိမ် ကျင်းပ
ခဲ့ကြတဲ့ ပြည်ထောင်စုနှင့် ပြည်နယ်များ ဆပ်ကော်မတီ အစည်းအဝေးမှာ
သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခြေခံဥပဒေရေးဆွဲရေးနဲ့ပတ်သက်
ပြီး တင်ပြချက်လေးကိုလည်း ဖော်ပြလိုက်ပါတယ်။ ဗိုလ်ချုပ်က ဘိလပ်လို
ပြောဆို တင်ပြခဲ့လို့ မူရင်းအတိုင်းကိုပဲ ဖော်ပြလိုက်ပါတယ်ဗျာ။ ဗိုလ်ချုပ်ရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မှာတမ်းလို့ပဲ ပြောချင်ပါတယ်။

“I think it is a truism to say that we cannot blindly copy any
foreign constitution. We shall, of course, take lessons from
other constitutions, and their experience but we should not
slavishly follow them. When we consider our own case we
should also take our own conditions and circumstances into
account.

Now in our country we have different regions with varying
types of civilization, so to speak, and when we come to think
of this factor, it is to be considered whether it is possible for
us to adopt the same kind of principles which might hold good
in the case of equally advanced units of the same country.

Now certain parts of our country are not as advanced as other
parts. So in such circumstances, we should consider whether
we can adopt the principle that all units are equal, so to speak.

We have also to look to the future. If, in future, we mean to
plan our national life and develop it systematically then we
should consider whether any arrangements now made might
hamper any attempt to develop the country as a whole.”

မှတ်ချက်။ အထက်ပါဓာတ်ပုံမှာ ဗိုလ်ချုပ်အောင်ဆန်း သဘာပတိဖြစ်တဲ့
ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီက အခြေခံဥပဒေ
မူကြမ်း ရေးဆွဲနေစဉ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်၏ လက်ယာဘက် ကပ်ရက်
ပုဂ္ဂိုလ်မှာ ဦးချန်ထွန်း ဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...