Thursday, August 15, 2013

နှလုံးသား ဒိုင်ယာယီ (၇)

August 14, 2013 at 5:56am


မေ့ပျောက်ရန် ကြိုးစားထားသော အတိတ်ဆိုးကို ပန်ယွန်း စခန်းက ပြန်လည်နှိုးဆွပေးခဲ့သည်ဟု ဆိုရမည်။
တနေ့ …. ကျနော်တာဝန်ထမ်းဆောင်ရာ တနီးလဲကျောင်းလေးသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရောက်လာ ခဲ့သည်။ ကျနော့်ကိုတွေ့သည်နှင့်…
“ဆရာကျောင်းရေ .. ပန်ယွန်းစခန်းက အခုလာခဲ့ဖို့ သတင်းပို့လာတယ်”
 ဟု ကျနော့်အား လာရောက်အကြောင်းကြားခဲ့သည်။
“ဟုတ်ကဲ့  ကျနော်သွားလိုက်ပါ့မယ်”

နောက်တနေ့မနက်စောစော တနီးလဲရွာမှ စတင်ခရီးထွက်ခဲ့သည်။ နန်းဆွယ်ရွာသို့ ဦးစွာရောက်ရှိသည်။ ထိုမှ တဆင့် ထေးတမောလဲ ရွာ ၃၀၃ ABSDF တပ်ရင်း မှတဖန် ထိုင်းပါမိုက်၊ ဝစခန်းကုန်း စသည့်နေရာများကို ဖြတ်သန်း သွားရသည်။ ခရီးကြမ်းသောကြောင့် လူသွားလူလာနည်းသော လမ်းခရီးလည်း ဖြစ်သည်။ ပန်ယွန်းမှာ ထိုင်းမြန်မာ နယ်စပ် တောင်ကြောကြီးဖြစ်သည်။ အမြဲတမ်း မြူမှုန်တို့ လွှမ်းခြုံနေတတ်သည်။ ပန်ယွန်းတောင်ကြောကြီး အထက်ပိုင်းတွင် နောင်ကောင်ကီ တောင်ကြီးက လွှမ်းမိုးထားသည်။ ထိုတောင် ကြော၏ အောက်ဖက်တွင်တော့ SSA စခန်းများ ရှိသည်။ နောင်ကောင်ကီ အောက်ပိုင်းတွင် ဘေကလူလဲ ချောင်းရှိသည်။ သားငါးနှင့် တောကောင်များ ကျက်စားရာ နေရာလည်းဖြစ်သည်။ တောင်ဆိတ်နှင့် ဝံမြီးကောက်များကို အများဆုံးတွေ့ရသည်။ မျောက်၊ ဝက်၊ ဂျီ၊ ဆတ်၊ ဒေါင်း စသည့် သားငှက် တိရစ္ဆာန်  တို့လည်း ပေါများသည်။

ပန်ယွန်းကို ကျနော်ရောက်တော့ တာဝန်ခံဖြစ်သူ ဆရာကြီးအောင်မောင်းထံ သတင်းပို့ရသည်။ ဆရာကြီး အောင်မောင်းက ယခင် နဝတအစိုးရ ထောက်လှမ်းရေးတပ်မှဖြစ်သည်။ ဖိနှိပ်မှုများကြောင့် ၈၈ တွင် တောခိုလာပြီး ABSDF တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတဖန် ကရင်နီတပ်မတော်တွင် ပြန်လည် တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။ ကျနော့်အား ဘားတိုက်တခုတွင် နေရာချထားပေးသည်။ ဘားတိုက်ထဲ ဝင်လိုက်သည်နှင့် အလွန်အံ့သြသွားရသည်။ အဘယ်ကြောင့်ဆိုသော် နဝတတပ်မှ အကြောင်းအမျိုးမျိုးနှင့် တောခိုလာသော ရဲဘော်အများစုကို တစုတစည်းတည်း တွေ့မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ကျနော် အပါအဝင် အယောက် ၂၀ ခန့်ရှိသည်။

နေ့စဉ် တယောက်ချင်း ခေါ်ယူစစ်ဆေးသည်။ အမည်၊ နေရပ်လိပ်စာ၊ အသက်၊ မိဘ၊ ကိုးကွယ်သည့်ဘာသာ၊ တာဝန်ကျရာတပ်၊ ကိုယ်ပိုင်အမှတ်၊ ထွက်ရှိလာရခြင်း အကြောင်းအရင်း စသဖြင့် မေးခွန်းများမှာ စုံလင် လှသည်။ ပန်ယွန်းတွင်နေစဉ်အတွင်း ရဲဘော်များနှင့် ယုံကြည်မှုတည်ဆောက်ကာ သူတို့ဘဝ ဖြတ်သန်းမှုများ ကို မေးမြန်းခဲ့သည်။ အားလုံး၏ အဖြေမှာ တထပ်တည်းကျသည်ဟု ဆိုရမည်။ တပ်မတော်ကို မည်သူမှ မုန်းသည်ဟု မဆို။ ဖိနှိပ်ချုပ်ချယ်မှုများကို တွန်းလှန်လိုသောကြောင့်သာ တောခိုကြရခြင်း ဖြစ်သည်။
ကျနော့် အလှည့်ရောက်တော့ ကြာကြာအစစ်ဆေး မခံလိုက်ရ။ ကျောင်းဆရာအလုပ်က တဖက်ရှိနေသော ကြောင့် ခေတ္တမေးမြန်းပြီး ပြန်လွှတ်လိုက်ကြသည်။
…………………………………………………………………

ကျနော်က ငယ်စဉ်ကလေးဘဝကတည်းက စစ်သားဖြစ်ချင်ခဲ့သူ။ စစ်တိုက်ရမည့်အလုပ် သို့မဟုတ် စွန့်စား ရမည့် အလုပ်မျိုးကို ဝါသနာ ထုံသူဟု ဆိုရမည်။ အသက်မပြည့်မီကပင် တပ်မတော်ထဲသို့ဝင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဖြစ်ပေါ်လာပြီးနောက် မည်သူတဦးတယောက် တိုက်တွန်းချက်မှ မပါဝင်ဘဲ မိမိ ဆန္ဒအလျောက် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့သည်။ ဦးစွာပထမ မှော်ဘီ စုဆောင်းရေးသို့ ရောက်သောအခါ ရှေ့တလက်မ နောက်ပြောင် ဆံပင်ကေနှင့် ပုံစံသွင်းလိုက်ကြသည်။ နေ့စဉ် လုပ်အားပေးအဖြစ် စုဆောင်းရေးဆရာများ၏ အိမ်များတွင် အလုပ်လုပ်ပေးရသည်။ မထင်လျှင် မထင်သလို အဆူအမောင်း အရိုက်အပုတ်ခံရတတ်သည်။ ဂျပိုးဖမ်းခိုင်း ယင်ကောင်ဖမ်းခိုင်း စသည့်အလုပ်များကိုလည်း လုပ်ရသည်။ ချက်ပြုတ်ကျွေးသော ငစိန်ဆန်မှာ နံစော်တူးခါးနေသည်။ စိတ်ဓာတ်မကျ။ ခံနိုင်ရည်ရှိစေရန် အတွက် လေ့ကျင့်ပေးနေသည်ဟုသာ မှတ်ယူထားခဲ့သည်။ စုဆောင်းရင်းနှင့် ရဲဘော်သစ်တွေ များလာသည့် အခါ မင်္ဂလာဒုံစုဆောင်းရေးဌာနချုပ်သို့ ကားဖြင့် ပို့လိုက်ကြသည်။ မင်္ဂလာဒုံဌာနချုပ်တွင် ရဲဘော်သစ်စုဆောင်း ထားသည့် ဦးရေမှာ နည်းသည်မဟုတ်။ ထမင်းစားလျှင်ပျော်စရာပင် ကောင်းနေသည်။ ဝမ်းနာလျှင်တော့ အခက်တွေ့ရသည်။ အိမ်သာမှာ အလျားလိုက်တူးထားသော အကာအရံမဲ့ မြောင်းပေါ်မှာ တန်းစီပြီး သွားရ သည်။ တချို့သူတွေ မစင်မြောင်းထဲမှတဆင့် ထွက်ပြေးသွားတာရှိသည်။

တပတ်ခန့်အကြာ ကျနော်တို့တက်ရ မည့် သင်တန်းကျောင်းအသီးသီးသို့ အသုတ်လိုက် ပို့လွှတ်ပေးသည်။ ကျနော်တို့အသုတ်မှာ ပုသိမ်မြို့တွင် ရှိသော အမှတ်(၅) တိုင်းဗဟိုလေ့ကျင့်ရေးတပ်သို့ သွားရသည်။ မနက်စောစော စစ်ကားကြီးဖြင့် သင်္ဘောဆိပ် သို့ ဆင်းရသည်။ ဧရာဝတီတိုင်းသွားမည့် သင်္ဘောပေါ်သို့ စုဆောင်းရေးဆရာများခြံရံလျက် တယောက်ချင်း တန်းစီပြီး တက်ရသည်။ အပြင်ထွက်ခွင့်မရ။ တဦးလျှင် ထမင်းထုပ် တထုပ်စီဝေပေးသည်။ ထမင်းထုပ်ထဲမှာ ပလာတူးငါးခြောက် ၂ ကောင်စီပါသည်။ သင်္ဘောပေါ်တွင် ညအိပ်ရမည် ဖြစ်သောကြောင့် စားချင်သည့်မုန့်များ ဝယ်စားနိုင်ရန်အတွက် အုန်း ၂ ပင် တံဆိပ် ပုဆိုးတထည် ကို ရောင်းချရန်အတွက် ဘောတံတားပေါ်ရှိ လူကို စပ်လိုက်မိသည်။ ထိုသူမှ ပုဆိုးကိုပြရန် တောင်းသော ကြောင့် အမှတ်မထင် ကမ်းပေးလိုက်မိသည်။ သူ့လက်ထဲသို့ ပုဆိုးရောက်သွားသည်နှင့် ချာခနဲလှည့်ထွက်သွား သည်မှာ မည်သို့ပင်ခေါ်ခေါ် လှည့်မကြည့် ခပ်တည်တည်နှင့် သူမဟုတ်သလိုပင်။ မတတ်နိုင်သည့်အဆုံး လက်လျှော့လိုက်ရသည်။ မိုးတွင်းကာလ ဖြစ်သောကြောင့် ဧရာဝတီမြစ်ရေမှာ အတော်ပင်တက်လျက်ရှိသည်။ ရွာအတော်များများ ရေလွှမ်းမိုးနေသည်ကို သင်္ဘောပေါ်မှ လှမ်းကြည့်ရင်း စိတ်မကောင်း ဖြစ်မိသည်။

မအူပင်ရောက်တော့ မိုးချုပ်လေပြီ။ ဆာလောင်သော ဝမ်းမီးကို ငြှိမ်းသတ်ရန် လက်ထဲမှာ ငွေမရှိ။ ထမင်း လာရောင်းသော သက်တူရွယ်တူ ကောင်လေးကို ကျောင်းစိမ်းပုဆိုးနှင့် ထမင်းထုပ်လဲမလားဟု မေးတော့ သူက လက်ခံသည်။ ကျနော့်ကို ထမင်းထုပ် ၃ ထုပ်ပေးသည်။ အားပါးတရ စားမည်ဟု ဖြည်၍ ဘေးဘယ်ညာ လှည့်ကြည့်လိုက်ရာ ကျနော်နည်းတူ ဆာလောင်နေသော ရဲဘော်လေးတဦးက ကျနော့်ကို ငေးကြည့်နေတာ တွေ့လိုက်ရသည်။ ထမင်းတထုပ်ကို ယူပြီး သူ့ထံချဉ်းကပ်သွားရောက် ပေးလိုက်သည်။ နောက်ပိုင်း ခင်မင် ရင်းနှီးသော  ရဲဘော်မြင့်ဇော် (ကရင်လေး) ပင်ဖြစ်သည်။

နောက်တနေ့ ပုသိမ်မြို့သို့ ရောက်ရှိခဲ့သည်။ လာရောက်ကြိုဆိုသော သင်တန်းဆရာများက ကားပေါ်တက်ရန် လိုက်လံ နှိုးဆော်နေကြသည်။ မိုးကလည်း အဆက်မပြတ်ရွာသွန်းလျက်။ နာရီဝက်ခန့်အကြာ အမှတ်(၅) တိုင်းဗဟို လေ့ကျင့်ရေးတပ် (ရွှေမြင်တင်) ဟူသော ဆိုင်းဘုတ်ကြီးကို မြင်လိုက်ရသည်။ သင်တန်းကျောင်းဝင်း ထဲသို့ ဝင်လိုက်သည်နှင့် PT ပြေးနေသော အုပ်စု၊ စစ်ရေးပြလေ့ကျင့်နေသော အုပ်စု၊ သေနတ် ဖြုတ်ခြင်း၊ တပ်ခြင်း၊ တိုက်ချွတ်ခြင်း လုပ်နေသော အုပ်စု စသဖြင့် တဖွဲ့ပြီးတဖွဲ့ တွေ့လိုက်ရသည်။ ထိုသင်တန်းကျောင်းကြီး တွင် သူရ၊ သီဟ၊ စည်သူ၊ ဘုရင့်နောင်၊ အနော်ရထာ၊ အချို့ကိုတော့ မမှတ်မိ။ သင်တန်းတပ်ခွဲ ၇ ခွဲရှိသည်။

တပ်ခွဲတခုလျှင် သင်တန်းသား ၂၅၀ ရှိသည်။ ကျနော်က သူရတပ်ခွဲတွင် ကျရောက်သည်။ ကျနော်တို့တပ်ခွဲ တွင် လူစစ်လိုက်သောအခါ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဘက်မှ ရခိုင်လူမျိုး ၁၅၀ ကျော် ပါသည်။ မွန်၊ ချင်း၊ ကရင်နှင့် ဗမာက အနည်းစု ဖြစ်လေသည်။ ရဲဘော်သစ်ထဲတွင် နတ်ကတော်၊ မိန်းမလျှာ၊ ဘုန်းကြီး လူထွက်၊ အညာသား၊ ပန်းချီဆရာ၊ ဘွဲ့ရပညာတတ်၊ ၂ ခါပြန် စစ်မှုထမ်းသူ စသဖြင့် လူစုံတွေ့မြင်ရသည်။ ကျောင်းသား တပ်ခွဲမှူးမှာ ကိုကိုလေး (ပန်းချီဆရာ) ဖြစ်သည်။ ဝတ်ဆင်ရန်အတွက် စစ်ဝတ်တန်ဆာများကို ထုတ်ပေးသည်။ အိုဂျီ အင်္ကျီ ၂ ထည်၊ ဘောင်းဘီရှည် ၂ ထည်၊ ခါးပတ်ကြီး/သေး၊ အီကွေးမင့်၊ ဆွယ်တာ၊ သဘက်ကြီး၊ ကျောပိုးအိတ်၊ ဖိနပ် စသည်တို့ဖြစ်သည်။

ထုတ်ပေးသော အဝတ်များကို ဝတ်ရင်း အများစုက ကြည်နူးနေကြသည်။ မနက် ၄ နာရီထ ကစ်ခေါက်ရသည်။ ခရာသံကြားသည်နှင့် တန်းစီ PT ပြေးကြရသည်။ ပုသိမ်မှန်စက်ရုံအနီးရောက်မှ နောက်ကြောင်း ပြန်ခေါက် ရသည်။ PT ပြေးရင်း ဆိုခဲ့ရသည့် စာသားများကလည်း အမှတ်တရ ရှိနေခဲ့သည်။ “ဘာလုပ်နေလဲ” “လေ့ကျင့်နေတယ်” “ ဘာလုပ်ဖို့လဲ” “တိုက်ပွဲဝင်ဖို့” “ဘယ်သူ့အတွက်လဲ” “ပြည်သူ့အတွက်.. ပြည်သူ့အတွက်” စသဖြင့် …………… PT ပြေးပြန်ရောက်သည်နှင့် ကျဲတောက်တောက် လက်ဖက်ရည် တခွက်နှင့် ဘိန်းမုန့်တချပ်စီရကြသည်။ နံနက် ၇ နာရီခွဲတွင် တဖန်ပြန်လည်တန်းစီပြီး စစ်ရေးပြ လုပ်ကြရသည်။ နေပူပူ မိုးရွာရွာ နားခိုချိန်မရှိ။ ၁၂ နာရီထိုး တန်းဖြုတ်မှ ထမင်းစားကြရသည်။ နေ့လည် ၁ နာရီ ခန်းမဝင်ပြီး ဆရာတွေ သင်ကြားပို့ချသမျှ မှတ်သားနာယူရသည်။ ညနေ ၅ နာရီမှ နားခွင့်ရသည်။

ရေမိုးချိုး စားသောက်ပြီး ည ၇ နာရီထိုးသည်နှင့် ခန်းမတဖန်ပြန်ဝင်ရသည်။ ၉ နာရီထိုးမှ အိပ်ရာဝင်ကြရသည်။ အိပ်ဆောင်ကင်းကို လည်း အလှည့်ကျ စောင့်ကြပ်ကြရသည်။ မိုးတွင်းကာလ သူရဲကြောက်တတ်သော ရဲဘော်တချို့က ဘားတိုက် နံဘေးတွင် ချေးပါထားတတ်ကြသည်။ ထိုးချေးပုံကို သင်တန်းဆရာတို့က မှတ်သားထားသည်။ မထင်းစားချိန် ရောက်သည်နှင့် “ရှေ့ကြည့်… သတိ.. ဘယ်လှည့် … တတန်းစီထွက်” ဆိုသည့်အမိန့်သံအောက်တွင် ချေးပုံကို လက်ညှိုးဖြင့် တယောက်လျှင် တကလော်ကော်ပြီး အိမ်သာထဲ သွားပစ်ရသည်။  လက်ဆေးခွင့် လုံးဝမပြုဘဲ ထမင်းစားခိုင်းသည်။ ရွံတတ်သောစိတ်ကို ဆာလောင်မှုက အမြဲတမ်း အနိုင်ယူလေ့ရှိသည်။ ထမင်းစား၍ ထမင်းလုံး ကျလျှင်လည်း ထိုထမင်းလုံးကို အပ်ချည်ဖြင့် ချည်ပြီး သစ်တုံးအလယ်တွင် ချည်နှောင်ကာ ထမ်းပြေးရသည်။

မည်သို့ပင်ဆိုစေ … လေ့ကျင့်ပေးနေခြင်းသာ ဖြစ်သည်။ ထိုဒဏ်များကို ခံနိုင်သူရှိသလို မခံနိုင်   ၍  ထွက်ပြေး သွားသူများလည်း ရှိသည်။ ထွက်ပြေး ၍  ပြန်မိလာသော ရဲဘော်သစ်များကို ဆရာများတင်မက သင်တန်းသား များကပါ တယောက်လျှင် ၃ ချက်နှုန်းဖြင့် ရိုက်ကြရသည်။ စာနာ ၍  ဖြည်းညှင်းစွာရိုက်မိလျှင် ကိုယ်ပါပြန် အရိုက်ခံရသည်။ အိမ် ၌ ကျန်ရစ်ခဲ့သော ဆွေမျိုးသားချင်းတို့မှာလည်း မနေရ။ သင်တန်းဆရာများ၏ အဆဲအောက် အားလုံးရောက်ကြရသည်။ ကျနော့် ကျောင်းသား နံပတ်က ၂၅၀။ ကျနော့်နောက်မှာ အရိပ်သာ ရှိတော့သည်။ လူကောင်က သေးသလို ငယ်သောကြောင့် သင်တန်းဆရာအားလုံးကပင် ပြေးမည်ဟု တွက်ထားကြသော်လည်း ၆ လတာ သင်တန်းရှည်ကြီးကို အလူးအလဲနှင့် တက်ရောက်နိုင်ခဲ့သည်။

သင်တန်းဆင်းပြီး တပ်များခွဲတမ်းချရာတွင် ဟင်္သာတမြို့ရှိ ခလရ(၁၈) သို့ ကျနော်ပြောင်းရွှေ့တာဝန် ကျခဲ့သည်။
(ဆက်ပါဦးမည်)

အုပ်ကြီးဖေ
၁၄-၈-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...