Thursday, August 29, 2013

သေကံမရောက် သက်မပျောက်ခဲ့ရသော လူငယ်တစ်ဦးရဲ့ တန်ဖိုး


ဒီခြံလေးသည် လူပေါင်းများစွာ ရဲ့ ခိုနားရာ ကွန်းခိုရာ နေရာလေးတစ်ခု ဖြစ်ခဲ့ဖူးသည် ။ ညီအစ်မ သုံးယောက် ကနေ ပေါက်ဖွားလာကြတဲ့ မျိုးဆက်တွေရဲ့ တစ်ခုတည်းသော မှီခိုအားထားရာ နေရာလေး တစ်ခု ဖြစ်စေခဲ့ဧ။် ။


ရှေ့မျက်နှာစာ ကျဉ်းမြောင်းပြီး နောက်ဘက်သို့ ရှည်လျားနေသော ဒီခြံလေးတွင် မြေစိုက်တဲ အိမ်လေးတွေ တဖြေးဖြေး တိုးပွားလာခဲ့သည်။ ဆင်းရဲသား လူသားတို့ ဘ၀မှာ နေစရာတစ်ခုကို ကိုယ်ပိုင်ဖန်တီးဖို့ဆိုတာ အတော်လေး ခက်ခဲလှတာမို့ ဒီအမွေဆိုင် ခြံလေးထဲမှာသာ တိုးဝှေ့နေထိုင်ကြရပါသည်။ ဒီခြံလေးကို ရောင်းပြီး အမွေခွဲဖို့ကိုလည်း ဘယ်သောအခါမှ သူတို့ စဉ်းစားကြမည် မဟုတ်ပါ။ တဲအိမ်တန်းလေးတွေထဲက ကလေးငယ်တစ်ယောက်ရဲ့ သေကံမရောက် သက်မပျောက်ခဲ့ရသော အဖြစ်ပျက်လေး တစ်ခုကတော့ ရပ်ကွက်တွင်း နေထိုင်ကြကုန်သော သူတို့ဧ။် စိတ်ထဲတွင် ယနေ့တိုင် ထင်ကျန် အမှတ်ရနေဆဲ ဖြစ်နေအုံးမယ် ထင်ပါသည် ။

******************************

ပြည်-ရန်ကုန် အဝေးပြေးလမ်းမကြီးပေါ်က express တစ်စီး ။ ကားပေါ်မှာ လိုက်ပါလာတဲ့ သားသည်မိခင်တစ်ဦး။ လသားအရွယ် ကလေးငယ်လေးကို ရင်ခွင်မှာ ပိုက်လို့ ပြင်းတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်ပါလာပါသည်။ သူမ ဦးတည်ရာမြို့ကတော့ ပဲခူးတိုင်း ( အနောက်ပိုင်း ) မှာတည်ရှိတဲ့ ရွှေတောင်မြို့လေးဆီသို့ ဖြစ်ပါသည်။ “ရွှေတောင်မြို့ ကြိုဆိုပါဧ၊်” ဆိုတဲ့ ဆိုင်းဘုတ်လေးကို မြင်ရတာနဲ့ ကလေးကို ချီကာ ကားရှေ့ပိုင်းဆီသို့ လျှောက်လာခဲ့ဧ။်။ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသော နယ်မြေဒေသ တစ်ခုကို စတင်ခြေချမိချိန် အားငယ်မှုတွေက အလျှိုလျှို ၀င်ရောက်လို့လာခဲ့ပါသည်။ ကားပေါ်ကဆင်းတာနဲ့ တစ်ယောက်သော သူကို မျက်လုံးဝှေ့ကာ ရှာဖွေမိဧ။် ။ သူလာမကြိုပါလား။ ဟူးးးးးးးးးးးး ! ဆိုတဲ့ လေပူတစ်ချက်ကို မသိမသာမှုတ်ထုတ်ရင်း အနီးနားတွင် ကားစောင့်နေသော အမျိုးသမီးတစ်ယောက်ကိုမေးမြန်း
ရပြန်ပါသည်။
* အမရေ အပြင်ရှမ်းတန်းလမ်းဆိုတာ ဘယ်ကနေ သွားရလည်း မသိဘူးနော် *

* ဒီဘေးလမ်းဘဲ ညီမရေ... လမ်းနာမည် ဆိုင်းဘုတ်က တနေ့ကဘဲ ကားတိုက်သွားလို့။

ဒီလမ်းထဲသာ ၀င်သွားလိုက်နော် *

* ဟုတ်ကဲ့ အမ ကျေးဇူးတင်ပါတယ် *

* ရပါတယ် ညီမ *

အိပ်ပျော်နေတဲ့ကလေးကို သေချာ ပြန်ချီလို့ ရှေ့ဆက်ချီတက်ရပြန်တာပေါ့ ။ လမ်းထဲရောက်မှ သွားလိုတဲ့ အိမ်ကို ထပ်မေးလိုက်တော့မယ် ဆိုတဲ့ အတွေးနဲ့ လမ်းထဲကို လျှောက်လာလိုက်ပါတော့သည်။
ကားပေါ်က ဆင်းလာတဲ့ အမျိုးသမီးတစ်ဦး ကို စူးစမ်းလေ့လာနေကြတဲ့ ကိုရွှေ ဆိုက်ကားသမားတွေရဲ့ အကြည့်တွေ ကပ်ညှိ ပါလာမယ်ဆိုတာ လှည့်ကြည့်စရာ မလိုဘဲ သိနေခဲ့ပါသည်။ ခရီးသည်တစ် ရောက်လာလို့ ကြည့်တယ်ဆိုသာထက် မျက်နှာစိမ်း အမျိုးသမီးတစ်ယောက်မို့ စူးစမ်းတဲ့ အကြည့်တွေဆို ပိုမှန်ပါလိမ့်မည်။
အမျိုးသမီးက အနီးနားမှာ ရှိနေတဲ့ မိန်းမတစ်ဦးကို တစ်စုံတစ်ခုမေးပြီး လမ်းချိုးထဲကို ချိုးဝင် ပျောက်ကွယ်သွားတယ် ဆိုရင်ဘဲ ဆိုက်ကားသမားတွေရဲ့ တစ်ယောက်တစ်ပေါက် စကားသံတွေက ဆိုက်ကားဂိတ် တစ်ခုလုံးကို ဆူညံနေပါတော့သည်။

* ဒီအမျိုးသမီးက ဆိုက်ကားတောင် မငှားဘူးဆိုတော့ ဒီလမ်းထဲကို လာတာ ထင်တယ်ကွ *
* ပိုက်ဆံနှမြောလို့ လမ်းလျှောက်တာလည်း ဖြစ်နိုင်တာဘဲ လေကွာ *
* ကလေးပါနေတာ ဆိုက်ကားငှား စီးလိုက်တာ မဟုတ်ဘူး။

ကလေးလေးက လသားလေးနဲ့ နေပူထဲကို သူမို့ လမ်းလျှောက်နေတယ် *
* အေးလေ ကလေးကော သူ့အမေပါ အသားတွေကတော့ ဖြူဖွေးနေတာဘဲကွ *
* နည်းနည်းတော့ဝတယ် *

ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်နေစဉ် အပြေးနင်းလာတဲ့ ကျော်ကျော် ဆိုက်ကားကို အားလုံး လှမ်းမြင်လိုက်ရချိန် မှာတော့ စိတ်ဝင်စားမှုတွေက ကျော်ကျော်ဆီသို့ ဦးတည်သွားကြပြန်ပါသည်။
ဆိုက်ကားဆရာ တစ်ယောက်က-
* ဟေ့ကောင် ကျော်ကျော် ဘာဖြစ်လာတာတုန်းကွ * လို့လှမ်းအော်လိုက်တယ်ဆိုရင်ဘဲ အမြန်နင်းလာတဲ့ ဆိုက်ကား အရှိန်ကို သတ်ရင်း
*မြို့က ကျွန်တော့် အသိလာမယ်ဆိုလို့ ဂိတ်ကစောင့်နေမယ်ပြောထားတာ .... ခုနောက်ကျနေလို့ဗျ ... သွားပြီလားတောင်မသိပါဘူး *
* ဟေ ! ဒါနဲ့ မင်းခရီးသည်က ဘယ်လိုပုံစံလည်းကွ *
* အသားဖြူဖြူ၀၀နဲ့ ကလေးတစ်ယောက်လည်းပါတယ် ... ရန်ကုန်ကနေ လာကြမှာ *
* ဟကောင်ရ ဒါဆိုခုလေးဘဲ ရောက်လာတယ် ။ လမ်းလျှောက်ပြီး လမ်းထဲဝင်သွားတယ် *
* ဟုတ်လား ...ကျေးဇူးဘဲဗျို့ ။ အိမ်ပြန်လိုက်အုံးမယ် *
ပြောလည်းပြော နင်းလည်းနင်း ထွက်လာခဲ့ပါတော့သည် ။

*************************************

နောက် မကြာပါဘူး ကျော်ကျော်နဲ့ ခရီးသည်အမျိုးသမီး သတင်းတွေ ကြားရပါတော့သည်။ ။ ကျော်ကျော် ရန်ကုန်မှာ အလုပ်သွားလုပ်စဉ်က အိမ်ထောင်ကွဲနေတဲ့ ကလေးအမေနဲ့ ချစ်ကြိုက် ပေါင်းသင်းခဲ့ကြသည်။ နောက်တော့ ကျော်ကျော် တစ်ယောက်တည်း မြို့ကိုပြန်လာခဲ့သည်။ မိန်းမကို တစ်ပါတည်း တန်း ခေါ်မလာရဲတာမို့ သူအရင်ပြန်လာခဲ့ပြီး ခုမှ မိန်းမကို လိုက်လာစေခဲ့ခြင်း ဖြစ်သည်။ ကလေးကတော့ ကျော်ကျော်နဲ့ ရတဲ့ ကလေး မဟုတ်ဘူး။ ဒီလိုနဲ့ ဆိုက်ကားသမား အပေါင်းဖော်တွေကို လက်ဘက်ရည်တိုက် အသိမှတ်ပြုပွဲလေးလုပ်ပြီး ရပ်ကွက်ထဲ
လင်မယားအရာမြောက်ခဲ့ကြပါသည်။

****************************

ကျော်ကျော့် အမျိုးသမီး နာမည်က မသီတာ။ မသီတာ ဟာ ရန်ကုန်သူဆိုပေမယ့် အတော်လေး အလုပ်လုပ်နိုင်သူတစ်ယောက်ပါ။ အများအလုပ်တွေကို ကူညီလုပ်ကိုင်ပေးချင်စိတ် ရှိသည် ။ စိတ်ကောင်း ရှိသူတစ်ဦးပါ ။ မနက်ဆိုတာနဲ့ ဆိုက်ကားဂိတ်မှာ ရှိတဲ့ သောက်ရေအိုးတွေ ရေဖြည့်ပြီးနေပါပြီ ။ ဘယ်သူဖြည့်လည်းလို့ မမေးလေနဲ့ မသီတာပါပဲ။ မိန်းမလုပ်သူက အလုပ်လုပ်သလောက် ကျော်ကျော်ကတော့ ပျင်းလိုက်တာမှ လွန်ပါလေရော လို့ပြောမယ်ဆို မလွန်နိုင်ပါဘူး။ မသီတာရဲ့ ကလေးလေးက သားယောင်္ကျားလေး။ ကလေးက အသားဖြူဖြူ နဲ့ လူရည်သန့်လေးမို့ ချစ်ခင်သူပေါများသည် ။ ဒီထဲကမှ ခြံလေးရဲ့ ရှေ့ဆုံးတဲမှာ နေကြတဲ့ ကျော်ကျော့် အစ်မ တစ်ဝမ်းကွဲ အပျိုကြီး ညီမနှစ်ယောက်က ကလေးကို ချစ်တဲ့ နေရာမှာ အပိုဆုံး ပါပဲ။ အပျိုကြီး ညီမနှစ်ယောက်ထဲကမှ အငယ်မက မကြည်စိန်ဆို ကလေးကို ပိုချစ်တယ်လို့ ခံစားမိကြပါသည် ။

ဒီလိုနဲ့ နေလာလိုက်တာ ကလေးလေး သုံးနှစ်သားလောက် အရောက်မှာ ကျော်ကျော် တစ်ယောက် အိမ်ထောင်ရေးဖောက်ပြန်မှု ပြဿနာတစ်ခု ပေါ်လာခဲ့ပါသည် ။

မသီတာ တစ်ယောက် ဖြစ်သင့်တာ မသင့်တာတွေကို မတွေးတောနိုင်တော့အောင်ကို မိုက်ရူးဆန်တဲ့လုပ်ရပ်တစ်ခုကို ဖန်တီးခဲ့လေသည်။

တစ်နေ့မှာ မသီတာတို့ လင်မယား ရန်ဖြစ်ပြီး စကား အကြီးကျယ်များကြသည်။ ကျော်ကျော် က စိတ်ဆိုးပြီး အပြင်ထွက်သွားတုန်း မသီတာ တစ်ယောက် ကိုယ့်ကိုကိုယ် ဇွဲကြိုးချသေဖို့ ကြိုးကွင်းလုပ်ပါတော့သည် ။ သူ့ကလေးက ကျော်ကျော်နဲ့ရတာ မဟုတ်တာက တစ်ကြောင်း ၊ သူမရှိလျှင် ကလေးကို စောင့်ရှောက်မယ့်သူမရှိမှာ ဆိုးတာက တစ်ကြောင်းမို့ ကလေးကိုပါ သူမနဲ့ တစ်ပါတည်း သေစေဖို့ စီစဉ်ပြန်သည်။

နောက် ကလေးကို လိုက်ရှာတော့တာပါပဲ ။ ကံကောင်းချင်တော့ အဲဒီမနက်ကျမှ အိမ်ရှေ့မှာနေတဲ့ အပျိုကြီးညီမက လမ်းထိပ်ကို မုန့်ဝယ်ကျွေးဖို့ ကလေးကို ခေါ်သွားခဲ့ကြသည်။ ကလေးကို ရှာမတွေ့တဲ့အဆုံးမှာ မသီတာ သူတစ်ယောက်တည်း ဇွဲကြိုးချသေသွားပါတော့သည်။ ကလေးငယ်လေးကတော့ အပျိုကြီး မကြည်စိန် ကျေးဇူးကြောင့်သေကံမရောက်သက်မပျောက်ခဲ့ရပါဘူး။

အပျိကြီး ညီမတွေ ပြန်ရောက်လာချိန်မှာတော့ လည်ပင်းမှာ ကြိုးကွင်းစွပ်လျှက် သေဆုံးနေတဲ့ မသီတာ ရဲ့ အသက်မဲ့ရုပ်အလောင်း နဲ့အတူ ကြိုးကွင်း အသေးလေး တစ်ခုပါ အလောင်းဘေးမှာ တွေ့လိုက်ရပါသည်။ မြင်လိုက်ရတဲ့ အဖြစ်ပျက်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းနေပါဧ။် ။ သိပ်ကို ကံကောင်းစွာ အသက်ရှင် ကျန်နေရစ်သူ ကလေးငယ်မှာလည်း မိခင်မဲ့ရှာလေပြီ။ ခြံထဲရှိသမျှ ဆွေမျိုး အားလုံးကလည်း လက်လှုပ်မှ ပါးစပ်လှုပ်ရသူတွေမို့ မိုးလင်းပြီဆိုတာနဲ့ အိမ်ရှိ လူကုန် လုပ်ငန်းခွင်အသီးသီးကို ၀င်ကြရပါသည်။ ဒီလို ဆိုးရွား အကျည်းတန်လွန်းတဲ့ လုပ်ရပ်ကို တားဆီးဖို့ ခြံထဲ လူတစ်ယောက်မှ ရှိမနေခဲ့တာလည်း မသီတာရဲ့ သေဖို့ပါလာတဲ့ ကံတရားကြောင့်များလား။ ဒီအဖြစ်လေးဟာ ရပ်ကွက်လေးထဲမှာ မမေ့နိုင်စရာ အဖြစ်လေးတစ်ခု ဖြစ်ခဲ့ရသည် ။ ကျန်ခဲ့တဲ့ ကလေးငယ်ကို တာဝန်ယူဖို့ ဆွေးနွေးကြတော့ ပထွေးလုပ်သူကလည်း တာဝန်မယူချင်ခဲ့ပါဘူး။ နောက်ဆုံးတော့ အပျိုကြီး ညီမကဘဲ တာဝန်ယူမွေးစား လိုက်ကြပါတော့သည် ။

*********************************************

ဘာလိုလိုနဲ့ မနက်ဖြန်ဆို သားငယ်လေး ရွှေတောင်ကိုရောက်လာတာ 10.နှစ်ပြည့်ခဲ့လေပြီ ။ တစ်နှစ်နဲ့ တစ်နှစ် ရုန်းကန်ရင်း သားငယ်လေးတောင် ကျောင်းတက်နေပါကောလား ။ အချိန်တွေများ ကုန်မြန်လိုက်တာ ။ မိုးလင်းက မိုးချုပ် ဒီဝမ်းမနာ သားလေးအတွက် ပြေးလိုက် လွှားလိုက် ရှာဖွေခဲ့ရပေမယ့် ညီမနှစ်ယောက်လုံး မောရပန်းရမှန်းမသိခဲ့ကြပါ ။ အကြီးမ အများခေါ် * တူးတူး * ကတော့ အထည်တိုက်တစ်ခုမှ မန်နေဂျာမို့ သက်သာပေမယ့် အငယ်မ * မကြည်စိန် * ခမျာတော့ အစ်မနဲ့တူ စားဖို့အတွက် ချက်ရပြုတ်ရ။ အားတဲ့ အချိန်တွေမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် အ၀တ်လည်လျှော်ရတာနဲ့ မနားရအောင် ပိုပင်ပန်းစေပါသည် ။ ဒီကြားထဲ မွေးစားတူလေးကို ချစ်လိုက်တာလည်း တုန်နေအောင်ပါပဲ။ သူတို့ ညီအစ်မ အခြေအနေနဲ့ မလိုက်အောင် ကလေးကို လိုလေသေးမရှိအောင် ပံ့ပိုးပေးကြသည် ။ ကလေးကလည်း ပထွေးကိုတောင် ပထွေးမှန်းသိနေပေမယ့် အဖေ အဖေ နဲ့ ပါးစပ်ဖျားကမချအောင် ခေါ်တတ်ပါသည် ။ တစ်ခြံထဲနေကြသူတွေဆိုတော့ နေ့စဉ်မြင်တွေ့နေကြရတာပါပဲ။

*********************************

တစ်နေ့တော့ ကလေးက ကျောင်းကပြန်လာပြီး မျက်နှာ မကောင်းစွာ ထိုင်နေပါသည် ။ မကြည်စိန်တစ်ယောက် သူ့ မွေးစားသားတော်မောင် မျက်နှာမသာယာ ကို တွေ့တယ်ဆိုရင်ဘဲ ပြာပြာသလဲ -

* သား ဘာဖြစ်လာတာလည်း ။ မျက်နှာလည်း မကောင်းပါလား *

ကလေးက ရုတ်တရက်ပြန်မဖြေဘဲ ခပ်ထွေထွေလေး မကြည်စိန်ကို ပြန်ကြည့်နေပါသည် ။ ခဏအကြာမှ -

* မကြီး သားတို့ ကျောင်းမှာလေ ဒီနေ့ သားသူငယ်ချင်းတစ်ယောက် မွေးနေ့လုပ်တယ်။ သူမွေးနေ့လုပ်မှ သားလည်း သားမွေးနေ့ကို သိချင်တယ် ။ သားမွေးနေ့ က မှန်းရေးထားတာဆို ဟုတ်လား မကြီး *

ရုတ်တရက်မေးလာတဲ့ မေးခွန်းကို ဖြေဖို့အားစေးမိသွားပါသည်။ သနားစရာကောင်းတဲ့ကလေးငယ်ရယ်။ ကိုယ့်ကိုမွေးတဲ့နေ့ကိုတောင် အတိကျ မသိရှာရတဲ့ ဘ၀ပါလား။ သူ့အမေခေါ်လာစဉ်က သားလေးက ရင်ခွင်ပိုက် ကလေးအရွယ်လေး ။

မွေးနေ့တွေဘာတွေကိုလည်း မမေးထားမိလိုက်ဘူး။ ခုသားက မေးနေပြီ ။ ငါဘယ်လို ပြန်ဖြေရပါ့မလဲ ။ ခြံထဲကို ၀င်လာတဲ့ အစ်မဖြစ်သူကို မြင်လိုက်ရတော့ အကျပ်ရိုက်နေစဉ်မှာ ကယ်တင်ရှင်ပေါ်လာသလို ပျော်သွားမိသည် ။ မမက ကျွန်မထက်စာလျှင် စာတွေဖတ်တော့ ပြောတတ်ဆိုတတ်ပါသေးသည်။ အစ်မအိမ်ထဲရောက်တာနဲ့ သားမေးတာကို ပြောပြလိုက်မိဧ။် ။ သားက ဘယ်သူဖြေမလဲဆိုတဲ့ မျှော်လင့်ချက် မျက်လုံးလေးတွေနဲ့ လိုက်ကြည့်နေပါသည် ။

မမဆီက စကားသံတွေ ဖြေးညင်းစွာ ကျဆင်းလာပါသည် ။

* ဒီမယ်သား လူတစ်ယောက်ဟာ သူမွေးနေ့နဲ့ သေတဲ့နေ့ကို သိနေဖို့ထက် လူဖြစ်တုန်း ဘယ်လို တန်ဖိုးရှိအောင် နေရမယ်ဆိုတဲ့ အသိတွေကသာ အဓိကကျပါတယ် ။ မွေးနေ့ မသိတော့ကော ဘာအားငယ်စရာရှိလည်း ။ ဒါတွေဟာ သတ်မှတ်ချက် ပြဠာန်းချက်တွေပါသား ။ ဘာမဟုတ်တဲ့ ကိစ္စတွေအတွက် တွေးတော အားငယ်နေမယ့်အစား လုပ်သင့်တာတွေကို ကြိုးစားအားထုတ်ရမယ် ။ ခုသားအရွယ်က စာသင်တဲ့အရွယ် ကျောင်းသားတစ်ယောက် ။ ကျောင်းသားတစ်ယောက် တာဝန်ကို ကျေပွန်ဖို့ သားစာကြိုးစားရမယ် ။ သားဟာ သူများတွေထက် နှစ်ဆ ပိုကြိုးစားရမယ် ။ အတူးတို့က သားကို မရှိတဲ့ကြားကနေ မြေတောင်မြှောက်ပေးနေတာ။ ဒီအတွက် သားပိုကြိုးစားပေးပါ။ မဟုတ်တာတွေ အတွက် အချိန်ကုန်ခံ တွေးဆွေးမနေပါနဲ့။ အတူးပြောတာတွေကို နားလည်တယ်မလား သား ။ သားစာကိုဘဲ ကြိုးစားပါ *

*ဟုတ်ကဲ့ပါ အတူး *

ဒီချိန်ကအစပြုလို့ ဘ၀အတွက် ဘာအရေးကြီးတယ်ဆိုတဲ့ အသိတစ်ခုက ခေါင်းထဲမှာ သံမှိုဆွဲသလို ဆွဲမြဲခဲ့ပါသည်။ စာကျက်ခြင်း အလုပ်ကလွဲရင် ဘာတစ်ခုမှ မခိုင်းသော ကျေးဇူးရှင် အဒေါ်အပျိုကြီး နှစ်ယောက်ရဲ့ ကျေးဇူးတရားကြောင့် ပညာနို့ရည်ကို အေးချမ်းစွာ သောက်သုံးခွင့်ရခဲ့ပါသည် ။ မီးမရှိလို့ ဖယောင်းတိုင်ထွန်း စာကျက်ခဲ့ရသည် ။ ဖယောင်းတိုင်ကုန်သွားချိန်မှာ ကျက်စရာစာတွေ ကျန်နေသေးတာမို့ မီးလာတဲ့နေ့တွေမှာ အိမ်ရှေ့ ဓာတ်တိုင်အောက် စာထိုင်ကျက်ရင်း ဘ၀တဆစ်ချိုး ဆယ်တန်း စာမေးပွဲကြီးကို ဖြေဆိုနိုင်ခဲ့ပါပြီ။ အောင်စာရင်းထွက်တဲ့နေ့မှာ တွေ့တဲ့သူတိုင်းက -

* ဟဲ့ နင့်တူလေးအောင်လား * ဆိုတဲ့ မေးသံတွေကို

* အောင်တာပေါ့တော် ဂုဏ်ထူးတစ်ခုတောင် ပါသေးတယ် * ဆိုတဲ့ ဖြေသံမှာ ကြည်နူးခြင်း ဂုဏ်ယူခြင်းတွေ စီးမျောပါဝင်နေပါသည် ။

ကျွန်တော့်ကျေးဇူးရှင် အဒေါ်နှစ်ယောက်အတွက် ကျွန်တော် တစ်လှည့်တာဝန်ယူချင်သော်လည်း အတူးက လက်မခံခဲ့ပါဘူး ။ ကျွန်တော်ဝါသနာပါတဲ့ ပညာရေးကောလိပ်ကိုသာ ဆက်တက်စေခဲ့ပါသည်။ * အတူး * ပြောတဲ့ လူသားတစ်ယောက် တာဝန်ကို ကျေဖို့ ကျွန်တော် သူများထက် နှစ်ဆပို ကြိုးစားခဲ့ပါသည် ။ ရလာဒ်ကတော့ အဒေါ်နှစ်ယောက် ကျွန်တော့်အတွက် ဂုဏ်ယူနိုင်ခဲ့လေပြီ ။ အထက်တန်းပြ ကျောင်းဆရာလေးတစ်ဦးအဖြစ် တန်ဖိုးရှိတဲ့ လူငယ်တွေကို မွေးထုတ်နိုင်ခဲ့လေသည် ။
ဟိုးအရင်တစ်ချိန်က လည်ပင်းကြိုးကွင်းစွပ် သေရမယ့် ကလေးငယ်လေးတစ်ယောက်ဟာ မေမေ စိုးရိမ်ခဲ့သလို အားကိုးရာမမဲ့ခဲ့ဘူးဆိုတာကို မေမေ သိနိုင် မြင်နိုင်ပါစေ ။ ကလေးငယ်တစ်ယောက်ရဲ့ သေကံမရောက် သက်မပျောက်ခဲ့ရသော အဖြစ်ပျက်လေးကိုလည်း မေမေ ကျေနပ် ပီတိဖြစ်နေပါစေ ။ * အတူး * ဆုံးမခဲ့တဲ့ လူ့တန်ဖိုး အကြောင်းလေးကို တပည့်တွေဆီကို ဝေမျှရင်း လူသားတစ်ဦးရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေပါဦးမည် ။

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...