Sunday, August 4, 2013

နှလုံးသား ဒိုင်ယာရီ (၄)

August 1, 2013 at 8:22pm 



ချိုမြိန်သော နေ့ရက်များနောက်တွင် ကံဆိုးမိုးမှောင်ကျစေမည့်နေ့ရက်များကလည်း ကြိုလင့်နေတတ်သည်။ သမီးလေး ဇာခြည် မွေးပြီး ၄၅ ရက်အကြာ ကရင်နီတပ်မတော်နှင့် နဝတ အစိုးရတို့ ချုပ်ဆိုခဲ့သော ငြိမ်းချမ်းရေး စာချုပ်ပျက်ပြယ် ခဲ့ရသည်။
ရက်ပေါင်း (၉၀) ပင် မခံခဲ့။ ကန့်သတ်နယ်မြေထဲသို့ နဝတ တပ်များ အလုံးအရင်း ဖြင့် ဝင်ရောက်လာသောကြောင့် ကရင်နီတပ်မတော်ကလည်း အစွမ်းကုန် ပြန်လည်ကာကွယ် ခုခံနေရသည်။ လက်နက်အင်အား လူအင်အား မယှဉ်နိုင်သော ကရင်နီတပ်များမှာ သံလွင်မြစ်မှသည် ရောင်းဝယ်ရေးသို့ ထိုမှတဆင့် ရမ်ဘိုကုန်း၊ ဓါတ်ခဲကုန်း၊ တောင်သုံးလုံး၊ ချက်ပွိုင့် စသည်ဖြင့် တပ်စခန်းများစွာ လက်လွတ် ဆုံးရှုံးခဲ့ရသည်။

ကရင်နီတပ်မတော် အင်အားစုတချို့မှာ ငြိမ်းချမ်းရေးကို ယုံစားမိကာ အမိအိမ်များသို့ အပြုံးကိုယ်စီဖြင့် ခွင့်ပြန်သွားသောကြောင့် အင်အားပြန်လည်စုစည်းရန် လက်လှမ်းမမှီ ဖြစ်နေရသည်။  ထိုအချက်ကို အစိုးရတပ်မှ ကောင်းစွာအသုံးချခဲ့သည်။ ဖြတ်လေးဖြတ် စီမံချက်ကိုလည်း ချမှတ်ဆောင်ရွက်ခဲ့သည်။ ထိုတိုက်ပွဲများတွင် ကျောင်းသားတပ်မတော် တပ်ရင်း (၃၀၃) တပ်ရင်း (၆၀၁) တို့ကလည်း အစိုးရတပ်များကို ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ကြသည်။ နောက်ဆုံးခံစစ်ဖြစ်သော နောင်လုံ စခန်းကြီးကို အပြင်းအထန် ချေမှုန်းကြသည်။ (၁၂၀) မမ လက်နက်ကြီးများဖြင့် အဆက်မပြက် ပစ်ခတ်သည်။ န၀တအစိုးရ တပ်မတော် (လေ) မှလည်း လေယာဉ်များဖြင့် ဗုံးကြဲချသည်။ အလေးချိန်ပေါင် ၆၀ ရှိသော ဗုံးဒဏ်များကို မည်သူမျှ ကြာရှည်မခံစားနိုင်ကြ ။ ထို့ကြောင့် မဖြစ်သာသည့်အဆုံး အားမတန်မာန်လျှော့ လိုက်ကြရသည်။ ရဲဘော်များမှာ မိုးရေများနှင့်အတူ မျက်ရည် ဖြိုင်ဖြိုင်ကြရသည့် မြင်ကွင်းက ယနေ့တိုင် ထင်ဟပ်နေဆဲ။

နယ်စပ်တောင်ကုန်းများကြား လက်နက်သံတို့က အဆက်မပြက် ခုခံစစ်ဝင်နေသော ရဲဘော်များကို ကျနော်တို့ ကျောင်းဆရာ၊မ များက ထမင်းထုပ်နှင့် အားပေးစာများ ပို့ပေးရသည်။ တိုက်ပွဲများကြား ဆရာ၊မ တို့မှာလည်း အားချိန်မရှိ စာသင်တဖက် တိုက်ပွဲဝင်တဖက် ကျရာတာဝန်ကိုထမ်းဆောင်ကြရသည်။

မိုးကား အဆက်မပြတ် သွားရေးလာရေး ခက်ခဲသောကာလ လက်နက်ကြီး လက်နက်ငယ် အသံတို့က တဖြည်းဖြည်း စာသင်ကျောင်းအပေါ်သို့ လွှမ်းခြုံကျရောက်လာသည်။ ရွာအတွင်းရှိ သက်ကြီးရွယ်အို မသန်မစွမ်းနှင့် ကလေးများ ဝရုန်းသုန်းကား ပြေးလွှားနေကြသည်။ ယူနိုင်သမျှ ပစ္စည်းတချို့ကိုလည်း ယူကြရသည်။ တချို့က အော်ဟစ်ငိုကြွေး နေကြသည်။ ထိုမြင်ကွင်းများမှာ အရှုးမီးဝိုင်းသကဲ့သို့ ဖြစ်မည်ထင်သည်။ တဖြည်းဖြည်းချဉ်းကပ်လာသော န၀တ တပ်များနှင့် လွတ်မြောက်ရန် အသက်လု ပြေးလွှားနေသည်ကြား တချို့က ဥစ္စာပစ္စည်း များကြောင့် မပြေးနိုင်သူတွေလည်းရှိသည် ။ စစ်ဦး ဘီလူးများ လက်ချက်များကြောင့် ရွာသားတချို့ သေဆုံးကြရသည်။ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ သုတ်ခြေတင်ကာ ပြေးကြရသည်။

အစိုးရတပ်များ မရောက်မှီ ရက်ပိုင်းအလို ထိုင်းသစ်တင်ကားများက နေ့မအား ညမအား အပြေးအလွှား ရသမျှ သစ်တွေ ကြုံးယူနေသေးသည်။ ဒုက္ခရောက်နေသူတွေက သူတို့နှင့်မဆိုင်သလို အကျိုးအမြတ် တခုတည်း ကိုသာ ဦးစားပေးကြသည်။ အတိဒုက္ခ များလွန်းသောကြောင့် ကျနော်ပင် စိတ်ဒဏ်ရာရလျှင် နှစ်ရှည်လများ ခံစားနေရသော တိုင်းရင်းသားတို့ ဝေဒနာကား ဆိုဖွယ်ရာ ပင်မရှိ။ ထိုဝေဒနာများကို ကုစားရန် နှစ်ရှည်ကာလ အတော်ကြာအချိန်ယူရပေဦးမည်။ တိုင်းရင်းသားတို့ နှလုံးအိမ်တွင် ဗမာစစ်တပ်၊ ဗမာလူမျိုး ကို နာကျည်းမုန်းတီး စိတ်က အမြစ်တွယ်သထက်တွယ်နေသည်။ မြန်မာ့တပ်မတော်သည်လည်း တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းတည်တောင်ထားသော တပ်မတော်ဖြစ်သည်ကို တွေးမိပုံမရ။

မိုးတို့က အဆက်မပြက်ရွာသွန်းနေသည်မှာ နေ့စဉ်ရက်ဆက် နေရေးထိုင်ရေးအတွက် ပြင်ဆင်ကြရပြန်သည်။ ကျနော်တို့ ရောက်ရှိအခြေချမည့် နေရာမှာ ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင် မြို့အနီးရှိ နန်းဆွယ် ရွာနံဘေးတွင် ဖြစ်သည်။ ခြုံနွယ်တွေကို ရှင်းကြရသည်။ စာနာထောက်ထားမှုကြောင့် ရသော မိုးကာရွက်ဖျင်မှာ ခြောက်တောင်ပတ်လည် မိသားစုတခုဖို့ လုံခြုံမှုအပြည့်အ၀ မပေးနိုင်။ လုံလောက်သော ဆေးဝါးမရှိ မိုးဒဏ်လေဒဏ်ကြောင့်  လူတော်တော်များများ ဖျားနာလာကြသည်။ ဆန်များကလည်း မိုးရေထိသောကြောင့် မှိုများတတ်ကာ ချပ်ခဲများဖြစ်နေသည်။ ထိုဆန်များကိုပင် ထုထောင်း ချက်ပြုတ်စားသောက်ကြရသည်။ ၀မ်းရောဂါတွေကလည်း နှိပ်စက်သောကြောင့် တချို့တချို့ ဘ၀တစ်ပါးသို့ ထပ်မံပြောင်းသွားကြရပြန်သည်။  ၀ဲ၊ယားနာတို့ကလည်း လူတော်တော်များများနှင့် မလွတ်ကင်း။

တဦးကို တဦးကူညီနိုင်ခြင်းမရှိ အားလုံးက ကိုယ့်အပူနှင့်ကိုယ် အဟပ်ခံနေရသည်။ အဓိပ္ပါယ်မည်သို့ ဖွင့်ဆိုရမည် မသိ။ ဒုက္ခအပူကို ချိုမြိန်စွာသောက်သုံးရင်း ဖြတ်သန်းကြရသည်။ တိုက်ပွဲအရှိန်က တဖြည်းဖြည်း လျော့နည်းလာသည်။ မြှားဦးက KNU ဘက်သို့ ဦးတည်သွားသောကြောင့်ဖြစ်သည်။ ကရင်နီ နယ်မြေတွင်လည်း ခုခံစစ်အနည်းငယ်သာ ကျန်ရှိနေတော့သည်။ ကျနော်တို့နေသော နန်းဆွယ် စခန်းလေးမှာလည်း ထိုးထိုးထောင်ထောင်နဲ့ ရုပ်လုံးပေါ်လာခဲ့သည်။ ဆေးခန်း ၊ စာသင်ကျောင်း ၊ ဘုရားကျောင်း လိုအပ်သော အဆောက်အဦးများ တလုံးပြီးတလုံး မြင်ရတော့ ကြည်နူးရပြန်သည်။ ရွာလေးသက်ဝင်လှုပ်ရှား၍ မကြာ မာနယ်ပလော ဌာနချုပ်ကျသွားသောကြောင့် မိတ်ဆွေတချို့နှင့် နန်းဆွယ်တွင် ပြန်လည်ဆုံတွေ့ရပြန်သည်။ အမှတ်တရ ဓါတ်ပုံတွေလည်း တွဲရိုက်ဖြစ်ကြသည်။ ထိုတွဲရိုက်ထားသော ဓါတ်ပုံကို ယခုကျနော် ပြန်ကြည့်လိုက်မိသောအခါ ထိုဓါတ်ပုံမှာ ၁၇ နှစ်ပင်ရှိပြီ။ ထိုဓါတ်ပုံထဲတွင် ကဗျာဆရာ၊ စာရေးဆရာ ငြိမ်းဝေ ၊ ဝင်နိုင်ဦး ၊ ဆရာဘယ်ရီထွန်း (ကျောင်းအုပ်ကြီး)၊ ဆရာ ဟဲရယ်(ကရင်နီ စာပေဆရာ)၊ဆရာစောကုကူး ပြီးတော့ ကျနော်။



အခုတော့ ဆရာဘယ်ရီထွန်း ၊ ၀င်းနိုင်ဦး၊ ဆရာစောကုကူ တို့သည် ဘဝတစ်ပါးသို့ ငြိမ်းချမ်းစွာ ပြောင်းသွား ကြပြီ။ သူတို့ရုပ်ပုံလွှာများက ယနေ့တိုင် ကျနော့်ရင်တွင် ထင်ဟပ်ကျန်ရစ်နေဆဲ…။

(ဆက်ပါဦးမည်)

အုပ်ကြီးဖေ
၂-၈-၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...