Thursday, August 8, 2013

မှတ်မိနေတဲ့ အဖြစ်အပျက်

Hla Shwe and Hla Wai shared a photo.
“ဒီနေ့ ကျောင်းမသွားနဲ့... ဆန္ဒပြကြမယ်လို့ ကြားတယ်”
“အာ.. အဘိုးကလဲ... ကျောင်းမသွားရင် စာမလိုက်နိုင်ဘဲ နေမှာပေါ့”
အဘိုးနဲ့အဘွားတားနေတဲ့ကြားက ကျောင်းသွားဖို့ အိမ်နေက ကျွန်မထွက်လာခဲ့တယ်။ အရင်နေ့တွေမှာ ကျောင်းသားတွေရဲ့အသံတွေနဲ့ ဆူညံ့နေတဲ့ကျောင်းက ဒီနေ့တော့ တိတ်ဆိတ်လို့။ ကျောင်းဝင်းထဲမှာလည်း ကျောင်းသားတွေ ဟိုတစ်ယောက် ဒီတစ်ယောက် ကျိုးတိုးကျဲတဲ....


ကျွန်မ ရွာကနေ မြို့ကိုပြောင်းစ.. မြို့ပါး မဝတဝကာလ... မြို့ကျောင်းမှာ သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးခါစ... သြဂုတ်လရဲ့ မနက်ခင်းတစ်ခုမှာ အဘိုးက ကျွန်မကို ကျောင်းမသွားဖို့တားခဲ့တယ်။ “ဆန္ဒပြ” ဆိုတဲ့ အဓိပ္ပာယ်ကို အူလည်လည် ကျွန်မတောသားတစ်ယောက် ကောင်းကောင်းနားမလည်သေးတာကြောင့်လည်းဖြစ်မယ်။ သူငယ်ချင်းအသစ်၊ ကျောင်းသစ်နဲ့ ကျောင်းပျော်စမို့ ကျောင်းမပျက်ချင်တာကြောင့်လည်းဖြစ်မယ်။ အဲဒီမနက် ကျောင်းဝတ်စုံ အဖြူအစိမ်းကိုဝတ်ပြီး ကျွန်မကျောင်းရောက်ခဲ့တယ်။

ကျောင်းတက်တော့ စာသင်ခန်းထဲမှာ ကျောင်းသားထက်ဝက်တောင် မရှိပေမယ့် ဆရာမက စာသင်မပျက်ခဲ့ဘူး။ ပထမဆုံးအချိန်ပြီးလို့ ဒုတိယအချိန်ရောက်တော့ ကျောင်းဘေးကပ်ရက်လမ်းမကြီးပေါ်မှာ ဝူးဝူးဝါးဝါးအော်ဟစ်သံတွေကို ကျွန်မတို့ကြားလိုက်ရတယ်။ ပြတင်းပေါက်ဖက်ကို ဆရာမလိုပဲ ကျွန်မတို့ အပြေးသွားကြည့်ကြတယ်။ ခွပ်ဒေါင်းအလံကိုလွှင့်ပြီး မျက်နှာမှာ ပုဝါစည်းထားတဲ့ ကျောင်းသားတွေ၊ နဖူးမှာ ပုဝါနီနီချည်ထားတဲ့ လူအုပ်ကြီးက ပါးစပ်မှာတစ်ခုခုကိုအော်ဟစ်ရင်း ချီတက်သွားကြတယ်။ တစ်ချို့က ကျောင်းဖက်ကိုကြည့်ပြီး “ထွက်ခဲ့ဟေ့.. အားလုံး ထွက်လာကြ”လို့ အော်လို့ ဆရာမက ကျွန်မတို့ ကျောင်းသားအားလုံးကို ခုံအောက်မှာဝင်ပုန်းနေကြဖို့ပြောပြီး တံခါးဂျက်ကိုလည်း အမြန်ချလိုက်ပါတယ်။ အဲဒီအချိန်အထိ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ မသိသေးပါဘူး။ ဟိန်းခနဲ ဟိန်းခနဲ ကြက်သီးထလှအောင်အော်လိုက်တဲ့ လူတွေရဲ့အသံနဲ့ တံခါးကို တဘုန်းဘုန်းထုပြီး “ ထွက်ခဲ့ကြ.. အားလုံး ထွက်ခဲ့ကြ”လို့ အော်တဲ့အသံက ခုံအောက်မှာ ပုန်းနေတဲ့ကျွန်မကို ကြောက်ဒူးတုန်စေခဲ့တာ အမှန်ပဲ။

အသံနဲ့ခြေသံ တဖြည်းဖြည်းဝေးသွားတော့ ဆရာမက ကျွန်မတို့ကို အိမ်အမြန် ပြန်ခိုင်းပါတယ်။ ကြောက်ကြောက်နဲ့ လွယ်အိတ်ကိုကောက်လွယ်ပြီး ကျွန်မ ဘယ်ခြေလှမ်းနဲ့ အိမ်ကိုရောက်သွားခဲ့တယ်မသိပါဘူး။ အိမ်ပေါက်ဝမှာ ကျွန်မအပြန်ကို စိုးရိမ်တကြီးစောင့်နေတဲ့ အဘိုးနဲ့အဘွားကိုတွေ့လိုက်တယ်။ အာဏာလွှဲလို့ ဆူပူကြတာတဲ့... လူကြီးတွေပြောတာကို ကျွန်မကောင်းကောင်း သဘောမပေါက်ခဲ့ပေမယ့် ခင်စသူငယ်ချင်းတွေနဲ့ဝေးအောင် ကျောင်းက အကန့်အသတ်မရှိ ပိတ်လိုက်ပြီဆိုတာကိုတော့ သိလိုက်တယ်။

တစ်ခါတလေ အိမ်ရှေ့ဖြတ်မောင်းသွားတဲ့ကားသံက လွဲလို့ တိတ်ဆိတ်နေတတ်တဲ့ ကျွန်မတို့ရပ်ကွက်က ပိုဆိတ်ငြိမ်သွားသလိုပါပဲ။ လူတွေက ကိုယ်ဝင်းကိုယ်ခတ်ပြီး အိမ်ထဲအိမ်ပြင်တောင် မထွက်ကြတော့ဘူး။ ကျွန်မကလည်း စပ်စပ်စုစုအရွယ်ဆိုတော့ မြို့ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သိချင်နေတယ်။ လူကြီးတွေက အိမ်အရိပ်ကနေ တဖဝါးမှ ပေးမခွာကြဘူး။

ကံဆိုးတာပဲ ပြောရမလား... ကျွန်မစပ်စုဖို့အခွင့်ရတယ်လို့ပဲ ပြောရမလား... အဲဒီအချိန်မှာပဲ ကျွန်မတို့ရွာကို ငှက်ဖျားရောဂါက အလုံးအရင်းနဲ့ ဝင်လာခဲ့ပါတယ်။ လူတွေသေလိုက်ကြတာမှ တစ်ဖြုတ်ဖြုတ်.. ကလေးတွေက အဆိုးဆုံး။ သုံးနှစ်တောင်မပြည့်သေးတဲ့ ကျွန်မရဲ့အငယ်ဆုံးမောင်လေးလည်း ငှက်ဖျားပိုးရဲ့သားကောင်ဖြစ်ခဲ့တယ်။ တစ်ဦးတည်းသောသားမို့ အမေက ရင်ကွဲမတတ်ပါပဲ။ ဆူပူနေတဲ့ကြားက သားကိုရင်မှာပိုက်လို့ တောင်ကြီး ကလေးအထူးကုဆေးရုံကို အမေရောက်လာခဲ့တယ်။ အရေးပေါ်ခန်းမှာရောက်နေတဲ့ အမေ့အတွက် ကျွန်မက အားပေးဖော်၊ ထမင်းပို့ဖော်ပေါ့။ မောင်လေးမေ့နေတာ ၂ ပတ်တိတိရှိပြီ။ တစ်ခါခါ မျက်ဖြူလှန်လှန်ပြီး တက်တာကို ခုထိ ကျွန်မမျက်စိထဲ မြင်ယောင်တုန်းပဲ။ ဆေးရုံမှာရောက်နေတဲ့ ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် သေမင်းလက်ထဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လိုက်သွားကြရတယ်။ အမေဆို မစားနိုင်၊ မသောက်နိုင်၊ မအိပ်နိုင်နဲ့ ပိန်ကျသွားလိုက်တာ.. အဲဒီတုန်းက မောင်လေးကို ကျွန်မတို့ လက်လွတ်ရပြီလို့ ထင်ထားခဲ့ကြတယ်။ သူကလည်း ကံကြီးပါတယ်။ သေမင်းလက်ထဲက သီသီလေး လွတ်သွားခဲ့တယ်။

မောင်လေးနည်းနည်း သက်သာလာတော့ အမေမျက်နှာ ပြုံးယောင်သန်းလာတယ်။ ပိန်ကျသွားတဲ့ အမေ့ကို မကြည့်ရက်လို့ ကျွန်မက အမေကြည့်ချင်တာ.. စားချင်တာကို မြို့ထဲ အရဲစွန့်ပြီး သွားဝယ်ပေးခဲ့တယ်။ အဲဒီတုန်းက မြို့ထဲမှာ ခွေးတစ်ကောင်ကြောင်တစ်မြီးမှ မရှိအောင် တိတ်ဆိတ်နေခဲ့ပါတယ်။ မဖြစ်မနေ အပြင်ထွက်ရတဲ့ လူတစ်ယောက် နှစ်ယောက်လောက်ပဲ လမ်းပေါ်မှာတွေ့ရတယ်။ ဟိုနေရာ ဒီနေရာမှာ သေနတ်လွယ်ထားတဲ့ စစ်သားတွေကိုပဲ တွေ့ခဲ့ရတယ်။ မင်းလမ်းက ဆိုင်တွေလည်း အားလုံးလိုလို ပိတ်ထားကြတယ်။

အဲဒီညက ဆေးရုံမှာ အားလုံးအိပ်မောကျနေတုန်း “ဒက်.. ဒက်..ဒက်”ဆိုတဲ့အသံကို ညနက်သန်းခေါင်မှာ ကျွန်မကြားလိုက်မိတယ်။ တာဝန်ကျနပ်စ်က အားလုံး ကြမ်းပြင်ပေါ်ဝပ်နေကြလို့ အော်လိုက်တဲ့အသံက တိတ်ဆိတ်တဲ့ညမှာ စူးခနဲထွက်ပေါ်လာပါတယ်။ မောင်လေးနဲ့အတူအိပ်နေတဲ့ အမေက ကျွန်မအိပ်နေတဲ့ ကြမ်းပြင်ပေါ် ကပျာကယာခုန်ဆင်းချလာတယ်။ အပြင်မှာ ဘာတွေဖြစ်နေလဲ ကျွန်မ မသိပါဘူး။ ကျွန်မသိတာက စောင်ကို ခေါင်းမြီးခြုံပြီး ကြောက်ကြောက်နဲ့ တုန်နေဖို့ကိုပါပဲ။

မနက်မိုးလင်းလို့ ကျွန်မအိမ်ပြန်ပြီး ထမင်းချိုင့်သွားယူတော့ ကျွန်မတို့နေတဲ့ လူနာဆောင်ရဲ့နံရံပေါ်မှာ အုတ်တွေ ကွာကျနေတာကို တွေ့လိုက်တယ်။ အချိမ့်အခွက်တွေနဲ့ သေနတ်ကျည်ဆန်ရာတွေက ဗလပွ။ ညက အပြင်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုတော့ ကျွန်မ မသိခဲ့ပါဘူး။

မောင်လေးဆေးရုံဆင်းပြီးနောက် ကျွန်မထက် ပိုစပ်စုတဲ့အဘွားက ကျွန်မကို မြို့ထဲလိုက်ပို့ခိုင်းပြီး ဈေးနံရံတွေမှာကပ်ထားတဲ့ စာစောင်၊ ရုပ်ပြပုံတွေကိုဖတ်ပြီး ဘာသာပြန်ခိုင်းပါတယ်။ ဘာတွေရေးထားမှန်း မမှတ်မိတော့ပေမယ့် လမ်းပေါ်မှာ ဆန္ဒပြသူတွေအော်နေတဲ့ “ရူးကြောင် ရူးကြောင်ဟိုသုံးကောင် အရူးထောင်ကို ပို့လိုက်ပါလား”ဆိုတဲ့ အော်သံကိုတော့ ဒီနေ့အထိ မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက မင်းလမ်းတစ်လျှောက် အစာငတ်ခံဆန္ဒပြသူတွေ စီတန်းလို့... ကျောင်းကသူငယ်ချင်းတွေကိုလည်း တွေ့ခဲ့ပါသေးတယ်။ သူငယ်ချင်းတွေက သူတို့နဲ့အတူပါဝင်ဖို့ ခေါ်ခဲ့ပေမယ့် အိမ်က လူကြီးတွေမပါရင် ကျွန်မအပြင်ထွက်ခွင့် မရှိခဲ့ပါဘူး။

နေ့လယ်ဆိုရင် လမ်းပေါ်မှာ အစာငတ်ခံဆန္ဒပြတဲ့ လူအုပ်ကြီးတွေရှိသလို... ညဆိုရင်လည်း မြို့လယ် ကွမ်တုံဘုံကျောင်းရှေ့မှာ လူစုလူဝေးနဲ့... တိတ်ဆိတ်ငြိမ်သက်တဲ့ ညတွေမှာ (ပီပီသသ မကြားရပေမယ့်) အသံချဲ့စက်ကလွှင့်လာတဲ့ ဟောပြောသံတွေ၊ လက်ခုပ်သံတွေက တောင်နဲ့ပဲ့တင်ရိုက်ပြီး တစ်မြို့လုံးကို လွှမ်းခြုံထားပါတယ်။ ဒါပေမယ့် အဲဒီအသံတွေ ကြာကြာမခံလိုက်ရပါဘူး။ တစ်ညမှာ ဟောပြောသံ၊ လက်ခုပ်သံနဲ့အတူ သေနတ်သံတွေကိုပါ ကြားလိုက်ရပါတယ်။ ဘာတွေများ ဖြစ်နေပြန်ပြီလဲ... မနက်ရောက်တော့ သတင်းတွေက ဟိုတစ်စ ဒီတစ်စ လွင့်လာတယ်။ “ညက ကွမ်တုံဘုံကျောင်းရှေ့မှာ ဟောပြောနေတာကို သေနတ်နဲ့ ဝင်ဆော်သွားတယ်” “သေနတ်မှန်တဲ့ လူကမှန်.. သေတာမှ အတုံးအရုန်းပဲ... တစ်ချို့ဆို မြောင်းထဲ ခုန်ချကြတယ်” “ဟို တိုက်ဝါအိမ်ကသားတောင် ပါသွားတယ်တဲ့”

တိုက်ဝါဆိုတာ ကျွန်မတို့အိမ်ရဲ့မျက်စောင်းထိုးက အိမ်ပါ၊ အဲဒီအိမ်ကသား အဲဒီညမှာ ပြန်ကိုမလာတော့ဘူး။ တောခိုသွားသလိုလို၊ အဲဒီညမှာပဲ အပစ်ခံလိုက်ရသလိုလို သေလား.. ရှင်လားတောင် မသိတော့ဘူး။ ၁၉၉ဝခုနှစ် နောက်ပိုင်းရောက်မှ သူ့သားပိန်ခြောက်ခြောက်နဲ့ ပြန်လာတဲ့သတင်းကြားတော့ ကျွန်မတို့မှာ သူတို့မိသားစုအစား ဝမ်းသာလိုက်တာ။

အဖြစ်အပျက်တွေက ကြာခဲ့ပါပြီ။ ကိုယ်တိုင်ပါဝင်ခွင့်မရခဲ့လို့ တစ်ချို့အကြောင်းအရာတွေက ကျွန်မအသိထဲမှာ ဝေဝေဝါးဝါးပါပဲ။ သေဆုံးသွားတဲ့ လူတွေရဲ့ ကာယံကံရှင်တွေ၊ ကိုယ်တိုင်ပါဝင်ခွင့်ရခဲ့တဲ့လူတွေရဲ့ အသိထဲမှာတော့ မနေ့တစ်နေ့ကလိုပဲ အဖြစ်အပျက်တွေက လတ်ဆတ်နေဦးမှာ အမှန်ပါပဲ။ ဒီအဖြစ်အပျက်ကြောင့် ပြိုကွဲသွားတဲ့ မိသားစုတွေ၊ ဖျက်ဆီးခံရတဲ့ မိသားစုတွေ ခုချိန်ထိရှိနေပါသေးတယ်။ နှစ်တွေကြာခဲ့ပေမယ့် အဖြစ်အပျက်နဲ့အတူ ပါဝင်ခွင့်ရပြီး ပျောက်ဆုံးသွားတဲ့ သူငယ်ချင်းအချို့ကို ကျွန်မ မှတ်မိနေပါသေးတယ်။ အမှတ်မိဆုံးက သူငယ်ချင်းတစ်ယောက် ကျောင်းအားချိန်တိုင်း ကျောက်သင်ပုန်းပေါ် ထွက်ရေးတတ်တဲ့ စာကြောင်းကိုပါပဲ။

“ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ”


နိုင်းနိုင်းစနေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...