Tuesday, July 9, 2013

ဈေးကစားသူများ၊ အက်ဆက်ဖောင်းပွမှု နှင့် စီးပွားရေးကို ဘယ်လိုပုံဖော် __ Written by သန်းစိုး (ဘောဂဗေဒ)

by Mdy Boy (Notes) on Monday, July 8, 2013 at 8:15am
_ [ The Voice Weekly _ Vol.9 - No.25 _ 2013 July 01 ] _
Asset ဈေးကစားမှု ကြောင့် သာမန် ပြည်သူလူထုမှာ အလူးအလဲ လှိမ့်ခံနေရနေပြီ ဖြစ်သည်။ ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်တိုက်ခန်း ဆိုသည်မှာ အိပ်မက်ပင် မက်လာတော့မည် မဟုတ်။ ရှိရင်းစွဲ နေရာကနေ ဖယ်ပေးနေရသည့် ဇာတ်လမ်းတွေကလည်း တင်းကြမ်း ဖြစ်နေသည်။
အရင်း Asset ကြောင့်ရသည့် လောဘနောက် လိုက်နေသူများကြောင့် အခြေခံလူထုမှာ မြေကြီးပေါ်မှာနေကာ မြေပျောက်နေသည်။ ထို့ကြောင့် ဖြစ်ပေါ်လာသော မြေယာပြဿနာများ၊ အရင်း Asset ဈေးကစားမှုများကို အစိုးရမှ ငဲ့ကြည့်ရန် လိုလာပြီ ဖြစ်သည်။
......................................................................................

ငွေလက်ထဲရှိသူများအတွက် အသပြာ၏တန်ဖိုးသည် ကိန်းဂဏန်း ဖော်ပြချက်များ ဖြစ်သည်။ ငွေများများရှိသူ၊ ထုကြီးထည်ကြီးရှိသူ လက်ထဲရှိ ငွေများက စီးပွားရေးတွင် အဘယ်ပုံဖော်သည်၊ အဘယ်သို့ ရင်းနှီးမြှုပ်နှံသည်ကို ထောက်ခြင်းဖြင့် ထိုတိုင်းပြည်၏ စီးပွားရေး၊ အလုပ်အကိုင်၊ ဈေးနှုန်း၊ ဖောင်းပွမှု စသည်များကို ဘောဂဗေဒ ရှုထောင့်မှ ပုံဖော်နိုင်သည်။

အလွယ်ရှင်းရလျှင် လက်ထဲ ငွေထုပ်ထုကြီး၊ ထည်ကြီး ရှိသူများက အဆိုပါ အရင်းများကို
  1. လည်ပတ်နေသော စီးပွားဖြစ်စဉ်အတွင်း ကုန်ထုတ် လုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံကြသလား (Invests in Production)
  2. ဘဏ်များတွင် ငွေသေအဖြစ်အပ်ကာ အတိုးနှုန်းဖြင့် ထိုင်စားနေကြသလား (Saving in Bank)
  3. တိုင်းပြည်၏ မြေယာ၊ အဆောက်အအုံ (Asset) များတွင် ဈေးကစားနေကြသလား (Asset Speculation)
  4. ဝန်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြသလား (Invest in Service)
ဆိုသည်ကို ဆန်းစစ်ရန် လိုလာသည်။ သဘောမှာ လက်ထဲ ထုကြီးထည်ကြီး ပိုက်မိသူများ၏ ငွေကို အရင်းလုပ်ပြီး ဘယ်လို စီးပွားရှာသလဲ ပင်ဖြစ်သည်။

ပွင့်လာသော ဈေးကွက်စီးပွားရေးကြောင့် ပုံသေ Asset များ ဖြစ်သည့် မြေ၊ ယာ၊ အိုးအိမ် အဆောက်အအုံ စန်းပွင့်ခြင်း ဓလေ့သည် စီးပွားရေးဖြစ်စဉ်၏ သဘောတရား ဖြစ်သည်။ ထိုသဘောတရားအတိုင်း ရန်ကုန်မြို့ကြီး အပါအဝင် မြို့ပြ အတော်များများတွင် မြေ၊ ယာ၊ အိုးအိမ်၊ ခြံ၊ မြေဈေး အဆမတန် ထောင်တက်သွားခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြောင့် လည်းကောင်း၊ စက်မှုဇုန်များ၊ စီးပွားရေးဇုန်များ ဖော်ဆောင်ခြင်းကြောင့် လည်းကောင်း မြေ၊ လယ်ယာမြေ၊ အဓမ္မ သိမ်းဆည်းထားသည့် မြေများ ကြောက်ခမန်းလိလိ တစ်ဟုန်ထိုး၊ ထိုးတက်သွားခဲ့သည်။

ထိုကဲ့သို့ ယုတ္တိမဲ့ Asset ဖောင်းပွ လာသောကြောင့် လွန်ခဲ့သောနှစ်အတွင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်နှင့် အခြား မြို့ကြီးပြကြီးများတွင် အိမ်၊ ခြံ၊ မြေ အရင်း Asset များ အဆမတန် ထောင်တက်လာသော အရောင်းအဝယ် ဖြစ်နေမှုအပေါ် အခွန်ကောက်မည်ဟု စကားဟခဲ့ဖူးသည်။ ထိုအတောအတွင်း အိမ်၊ ခြံ၊ မြေဈေး ရုတ်တရက်တန့် သွားခဲ့သည်။ အရောင်းအဝယ် အေးသွားခဲ့သည်။ အခွန်ဆောင်ရမည်ဟူသည့် တရားဥပဒေ စိုးမိုးရေးက ဤနေရာသို့ ဝင်ရန် စကားသံ ပစ်လိုက်ရုံဖြင့် ဈေးကွက်က တန့်သွားခဲ့သည်။

  • ကောက်ချက်မှာ ဤစီးပွားရေး ပုံဖော်မှုမှာ အစစ်အမှန် မဟုတ်။ ဤသို့ အိမ်၊ ခြံ၊ မြေ ဈေးကွက် ကြီးထွားမှုသည် ဈေးကွက်၏ ရောင်းလိုအား၊ ဝယ်လိုအား ဖြစ်စဉ်ဖြင့် ရပ်တည်ခဲ့ခြင်း မဟုတ်ကြောင်း ပေါ်လွင်လာသည်။ သို့သော် ဝန်ကြီး ဦးစိုးသိန်း လေသံပစ်ခဲ့ပြီးနောက် အကောင်အထည် ဖော်မှုကား ဖြစ်မလာခဲ့။ ထိုကြောင့် Asset ဖောင်းပွမှုက မောင်ပိုနေမြဲ၊ ကျားနေမြဲ ဖြစ်နေသည်။

အရင်းစစ်လိုက်လျင် ငွေထုပ်ကြီးကြီး ရှိသူများ၏ 'ဈေးကစားမှု' သာ ဖြစ်ကြောင်း တွေ့လာသည်။ Asset များကို ဈေးကစားခြင်း၊ ငွေမည်းကို ငွေဖြူ အသွင်ပြောင်းရာတွင် ရင်းနှီးမြှုပ်နှံခြင်းများသည် တိုင်းပြည် စီးပွားရေးတွင် အန္တရာယ် အလွန်ကြီးသည်။
  • ထိုကဲ့သို့ အိမ်၊ ခြံ၊ မြေ အရင်း Asset များတွင် ရင်းနှီးမြှုပ်နှံမှု ပုံအောသုံးခြင်းသည် ထိုဈေးကွက်ကိုသာ ဖောင်းပွမှု ဖြစ်စေသည်မဟုတ်။ ထိုဈေးကွက် ဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသော အလုပ်လက်မဲ့၊ ကုန်ဈေးနှုန်း ဖောင်းပွမှု၊ ထုတ်ကုန် ရောင်းလိုအားကြောင့် ဖြစ်သော ဖောင်းပွမှု၊ ဘဏ်စုဆောင်းမှု၊ အမျိုးသား စုဆောင်းမှု အချိုးများပါ နိမ့်ကျလာနိုင်ခြင်းတို့အပေါ် သက်ရောက်နိုင်သောကြောင့် ဖြစ်သည်။
..
.
.
ဂျွန်မေးနတ်ကိန်းဂိုဏ်း
-----------------------

အသပြာ၏ တန်ဖိုးကို ဖလှယ်မှု ကိရိယာ၊ အတွက်အချက်ယူနစ်၊ တန်ဖိုး သိုမှီးရာ ဟု ဘောဂဗေဒ ဂိုဏ်းဝင်အားလုံး အဓိပ္ပာယ် ဖွင့်ဆိုခဲ့ပြီး ဖြစ်သည်။ ပိုက်ဆံကို အရောင်းအဝယ် ပြုရာတွင် အလဲအလှယ် လုပ်သည်။ ငွေကို ကိန်းဂဏန်း ပမာဏဖြင့် တွက်ချက်ဖော်ပြသည်။ ဘဏ်၌ စုဆောင်းခြင်း၊ ငွေသားစုဆောင်းခြင်း စသည်ဖြင့် တန်ဖိုးသိုမှီးရာဟု ဖွင့်သည်။ ထိုသုံးခုထက်လည်း ပိုမိုအဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။ ထိုသုံးခုအနက် တန်ဖိုးသိုမှီးရာ အဖြစ် ထမ်းရသည့် တာဝန်သည် စီးပွားတိုးတက်မှုကို ကိုင်တွယ်ရာတွင် အရေးကြီးဆုံး ဖြစ်သည်ဟု ဂျွန်မေနတ်ကိန်းဂိုဏ်းက အဓိပ္ပာယ် ဖွင့်သည်။

လက်ငင်း စားသုံးခြင်းထက်ပိုသော ဝင်ငွေနှင့် ဓနရှိသူတို့သည် မိမိတို့၏ အပိုအလျှံများကို ပုံစံအမျိုးမျိုးဖြင့် သိုမှီးနိုင်သည်။ ငွေကိုလှောင်ထားခြင်း လည်းကောင်း၊ ချေးငှားခြင်းဖြင့် လည်းကောင်း၊ အရင်း Asset တို့တွင် မြှုပ်နှံခြင်းဖြင့် လည်းကောင်း သိုမှီးထားကြမည် ဖြစ်သည်။ အခြားတစ်ဖက်တွင် လည်း ကုန်ထုတ်လုပ်ငန်းတွင် လည်းကောင်း၊ ဝန်ဆောင်မှု စီးပွားရေးတွင် လည်းကောင်း ရင်းနှီးမြှုပ်နှံ နိုင်သည်။ မြန်မာနိုင်ငံတွင် အထက်ပြောခဲ့သည့်အတိုင်း အရင်း Asset များတွင် မိမိ၏ ငွေထုပ်ဖြင့် ရင်းနှီးမြှုပ်နှံ လိုကြသူသာ များပေသည်။ ဘောဂဗေဒ သဘောတရားသာ ရှင်းလိုသောကြောင့် ငွေမည်း၊ ငွေဖြူ Asset ပြောင်းလဲသူများကို Financial Transparency ဖြင့် ဤအခန်းတွင် အကျယ်ရှင်းပါက လိုရင်းရောက်မည် မဟုတ်။

  • တစ်ဖက်တွင်လည်း ငွေကိုသာ ပိုက်ထားလိုခြင်းသည် အနာဂတ်၌ မသေချာ မရေရာသော စီးပွားရေး ပတ်ဝန်းကျင် (Economic Environment) ကြောင့် ဖြစ်သည်။ ထိုသဘောတရားကြောင့် အသပြာသည် အရင်းမဖြစ်ကြောင်း ကို သင်္ချာပုစ္ဆာ တစ်ပုဒ်ဖြင့် မြန်မာ အရင်း ချို့တဲ့ပုံ ကို တွက်ချက် ကြည့်ကြမည်။

မြန်မာနိုင်ငံ၏ ခန့်မှန်းခြေအရ (အနီးစပ်ဆုံး) လူဦးရေစာရင်းမှာ သန်း ၆၀ ရှိသည်ဟု အများက လက်ခံထားကြပြီး ဖြစ်သည်။ ၂၀-၆-၂၀၁၁ ရက်နေ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဗဟိုကော်မတီ၏ (၁/၂၀၁၁) အစည်းအဝေးတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုများ၏ စားဝတ်နေရေး အခြေအနေ ဘက်စုံလေ့လာမှု စစ်တမ်းအရ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းမှာ ၃၂ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။


ထိုကိန်းဂဏန်းအရ ဆိုလျှင် တိုင်းပြည်လူဦးရေ သန်း ၆၀ တွင် ဆင်းရဲ နွမ်းပါးမှု ရာခိုင်နှုန်းက ၂၆ ရာခိုင်နှုန်းဟု ဖော်ပြရမည် ဖြစ်သည်။ ဖော်မြူလာဖြင့် ဖော်ပြရလျှင် ဆင်းရဲနွမ်းပါး လူဦးရေ စုစုပေါင်း ၁၅ ဒသမ ၆ သန်း ရှိသည်ဟု သင်္ချာနည်းအရ ဤသို့အဖြေထွက်လာသည်။

  • ဆင်းရဲနွမ်းပါးမှု စုစုပေါင်း ရာခိုင်နှုန်း ၂၆/၁၀၀ x စုစုပေါင်းလူဦးရေ သန်း ၆၀ = ၁၅ ဒသမ ၆ သန်း

ဆင်းရဲနွမ်းပါးမှုမျဉ်း မှာ နိုင်ငံတကာက လက်ခံထားသည်မှာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာ၊ တစ်ဒေါ်လာအောက် ဖြစ်သည်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် တစ်နေ့တစ်ဒေါ်လာ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၉၅၀ ကျပ်) ရရှိသူ လူဦးရေမှာ ၁၅ ဒသမ ၆ သန်း ဖြစ်နေသည်။ ထို့ကြောင့် လူထုလက်ထဲ လည်ပတ်နေသည်ငွေမှာ ကျပ် ၁၄၈ ဒသမ ၂ ဘီလီယံ ဖြစ်သည်ကို ဤသို့တွက်ချက်မည်။


  • စုစုပေါင်း လူဦးရေ ၁၅ ဒသမ ၆ သန်း X နေ့စဉ် ဝင်ငွေသည် ကျပ် ၉၅၀ =  ၁၄၈ ဒသမ ၂ ဘီလီယံ


အစိုးရ ထုတ်ပြန်သော တရားဝင် စာရင်းများအရ တိုင်းပြည်တွင်း လည်ပတ်နေသာ ငွေမှာ ၁၉၉၇ ခုနှစ်တွင် အစိုးရထုတ် ငွေစက္ကူ ကျပ်သန်းပေါင်း ၁၉၇ ဘီလီယံမှ၊ ၂၀၁၁ ခုနှစ်တွင် ကျပ်သန်းပေါင်း ၅,၆၀၀ ဘီလီယံ တိုးလာသည်။ ထိုကြောင့် ဝင်ငွေ စုဆောင်းမှု မရှိသော အခြေခံ ပြည်သူလူထု၏ ပြင်ပတွင် ရောက်ရှိနေသောငွေ၊ သို့မဟုတ် ချမ်းသာသူများ လက်ထဲရှိ ငွေမှာ ကျပ် ၅,၄၅၁ ဒသမ ၈ ဘီလီယံ ဖြစ်သည်ကို ရှင်းလင်းစွာ ထွက်လာသည်။

  • ချမ်းသာသူများ လက်ထဲရှိ ငွေ = အစိုးရထုတ် ငွေစက္ကူ စုစုပေါင်းကျပ် ၅,၆၀၀ ဘီလီယံ - လူထုလက်ထဲရှိ ကျပ် ၁၄၈ ဒသမ ၂ ဘီလီယံ = ၅,၄၅၁ ဒသမ ၈ ဘီလီယံ


ဆိုရလျှင် ပိုထွက်လာသော ကျပ် ၅,၄၅၁ ဒသမ ၈ ဘီလီယံသည် မည်သူ လက်ထဲတွင်နည်း။ တိုင်းသိပြည်သိ ခရိုနီများတွင်လား၊ စစ်ဘက် စီးပွားရေးဖြင့် ကြီးပွားချမ်းသာ လာသူများမှာလား၊ ဒေသအလိုက် ခရိုနီငယ်လေးများ လက်ထဲမှာလား၊ ဘဏ်တိုက်ထဲမှာလား ဆိုသည့် မေးခွန်းက စီးပွားရေး ဖွံ့ဖြိုးမှုကိန်း၏ စုဆောင်းမှုကို တွက်ချက်ရန် အကြီးအကျယ် ဒုက္ခပေးလာသည်။

.
.


.
.
.စီးပွားရေးကို ဘယ်လိုပုံဖော.----------------------------
  1. ထိုငွေများ ဘယ်သူ့ လက်ထဲမှာလဲ ?
  2. ထိုငွေ လက်ထဲကိုင်ထားသူများက မည်သည့် စီးပွားရေး လုပ်နေကြသလဲ ?
  3. ယခင်အစိုးရခေတ် ကတည်းက အဆမတန် ရထားသည့် ငွေများဖြင့် Asset များကို ဈေးမြင့် ပေးဝယ်ပြီး Money Speculation လုပ်နေကြသည်လား ?
ဆိုသည်ကို ယခုစာဖတ်သူ များအား စဉ်းစားရန် ပုစ္ဆာပေးလိုက်ပြီ။
  • အစိုးရက ဘတ်ဂျက်လိုငွေ ဆိုထားသောကြောင့် လက်ထဲတွင် ငွေမရှိဘဲ ဈေးကွက် စီးပွားရေးကို တွင်တွင်ပြောနေသည်။ လူထုလက်ထဲတွင်လည်း ငွေအရင်း မရှိပါ။
မြန်မာပြည်တွင် ငွေကြေး၊ အရင်း စုဆောင်းမှု မရှိပါ။ ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေ၊ အစိုးရ ထုတ်ပြန်သော စာရင်းဇယားအရ အမျိုးသား စုဆောင်းမှု အချိုးမည်မျှ ရှိသည်ကို ဖော်ပြထားခြင်း မရှိပါ။ ထိုဘဏ္ဍာနှစ်အတွင်း လူတစ်ဦးစီ၏ ပျမ်းမျှ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (Per capita GDP) မှာ ကျပ် ၈၃၉,၇၉၉ မှ ကျပ် ၉၆၂,၂၄၀ သို့ ဖြစ်ပေါ်လာစေရန် ရည်မှန်းထားသည်။ ထိုအတိုင်းမှန်လျှင် တစ်နှစ် ၃၆၅ ရက်ဖြင့် စားပါက အစိုးရ မျှော်မှန်းထားသည့် တစ်ရက်ဝင်ငွေမှာ ၂,၆၃၆ ဒသမ ၂၇ ကျပ် ဖြစ်သည်။ ခန့်မှန်း တွက်ချက်မှုများအရ မြန်မာနိုင်ငံ အိမ်ထောင်စု တစ်ခုချင်း နေ့စဉ် အသုံးစရိတ်မှာ ၃,၀၀၀ ကျပ် ဖြစ်သည်။ ထို့ကြောင့် ဈေးကွက်နှင့် လူထုလက်ထဲ လှည့်ပတ် နေသောငွေမှာ ရှိလှထန်ကုန် တစ်ဘီလီယံသာ ရှိလောက်မည် ဖြစ်သည်။ ထို့ကြောင့် ပေးထားချက်များ ဤသို့ထွက်လာသည်။
  • (၁) လူဦးရေ သန်း ၆၀၊
  • (၂) ဆင်းရဲနွမ်းပါးမှုအောက် ရောက်နေသည့် လူဦးရေ ၁၅ ဒသမ ၆ သန်း၊
  • (၃) အိမ်ထောင်စုတစ်ခု နေ့စဉ်ဝင်ငွေ ၃,၀၀၀ ကျပ်၊
  • (၄) အစိုးရ မျှော်မှန်းထားသော တစ်ဦးချင်း ဝင်ငွေ ၂,၆၃၆ ဒသမ ၂၇ ကျပ်၊
  • (၅) ဆင်းရဲနွမ်းပါးမှု မျဉ်းသတ်မှတ်ထားသည့် ငွေက ကာလပေါက်ဈေးဖြင့် ကျပ် ၉၅၀၊
  • (၆) ၂၀၁၁ ခုနှစ် အစိုးရ ထုတ်ပြန်ထားသည့် ငွေစက္ကူပေါင်း ကျပ် ၅,၆၀၀ ဘီလီယံ၊
  • (၇) မည်သူ့ လက်ထဲတွင် ရှိသည်ကို မသိသည့် ငွေက ၅,၄၅၁ ဒသမ ၈ ဘီလီယံ
တို့ ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင် ကိန်းဂိုဏ်း သီအိုရီကို အသုံးချရန် မည်သူကို ဆွဲဆောင်ရမည်နည်း။ အနှစ်ချုပ်ရလျှင် စုဆောင်းငွေ မရှိသော အခြေခံ ပြည်သူ့ လက်ထဲတွင် ငွေမှာ ကျပ် ၁၄၈ ဒသမ ၂ ဘီလီယံ ရှိသည်။ ၂၀၁၁ စာရင်းအရ ပိုထွက်လာသော အစိုးရထုတ် ငွေစက္ကူမှာ ကျပ် ၅၄၅၁ ဒသမ ၈ ဘီလီယံ ဖြစ်သည်။ ထိုငွေများကို မည်သို့မည်ပုံ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ပုံဖော်နေသနည်း။
  • Asset ဈေးကစားမှု ကြောင့် သာမန် ပြည်သူလူထုမှာ အလူးအလဲ လှိမ့်ခံနေရနေပြီ ဖြစ်သည်။ ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်တိုက်ခန်း ဆိုသည်မှာ အိပ်မက်ပင် မက်လာတော့မည် မဟုတ်။ ရှိရင်းစွဲ နေရာကနေ ဖယ်ပေးနေရသည့် ဇာတ်လမ်းတွေကလည်း တင်းကြမ်း ဖြစ်နေသည်။ အရင်း Asset ကြောင့်ရသည့် လောဘနောက် လိုက်နေသူများကြောင့် အခြေခံလူထုမှာ မြေကြီးပေါ်မှာနေကာ မြေပျောက်နေသည်။
ထို့ကြောင့် ဖြစ်ပေါ်လာသော မြေယာပြဿနာများ၊ အရင်း Asset ဈေးကစားမှုများကို အစိုးရမှ ငဲ့ကြည့်ရန် လိုလာပြီ ဖြစ်သည်။ အမှန်ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ကြမည်လော၊ အလုပ်အကိုင် ပြည့်ပေးနိုင်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြမည်လော ဆိုသည်ကို ပေါ်လစီ ချမှတ်သည့် အစိုးရနှင့် ထိုသူများ ဖြေရှင်းရန် အပူတပြင်း လိုအပ်နေသည်။ ---------------------------------------------------------------------------------- ဈေးကစားသူများ၊ အက်ဆက်ဖောင်းပွမှု နှင့် စီးပွားရေးကို ဘယ်လိုပုံဖော် __ Written by သန်းစိုး (ဘောဂဗေဒ)   _ [ The Voice Weekly _ Vol.9 - No.25 _ 2013 July 01 ] _

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...