Friday, July 12, 2013

***Safety First လုံခြုံစိတ်ချရခြင်းသည် ပထမ***

Ucs Jugger
မြန်မာနိုင်ငံမှာ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ ပတ်သက်ပြီး လိုက်နာမှုအား အတော်လေး နည်းပါသေးတယ်။ တချို့လုပ်ငန်းရှင်တွေဟာ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ဘေးအန္တရာယ် ကင်းရှင်းမှုကို လိုက်နာဖို့ရာ မသိလို့ဖြစ်ကောင်းဖြစ်နိုင်သလို သိသိကြီးနဲ့ လူအသက်တစ်ချောင်း၊ လူ့အသက်ခန္ဓာကိုယ်ကို လျစ်လျူရှုနေကြခြင်းကြောင့် မလိုလားအပ်ပဲ အခြေခံလုပ်သားတွေဟာ အသက်ပျောက်၊ ခန္ဓာကိုယ်ချို့ယွင်းမှုတွေ ခံစားကြရပါတယ်။ ဆိုးကျိုးအနေနဲ့ ကျန်းမာစွာ အလုပ် လုပ်ကိုင်နိုင်သော ကာယကံရှင်ဟာ အလုပ်မလုပ်နိုင်တော့သောကြောင့် ကာယကံရှင်နဲ့ ကျန်တဲ့ မိသားစုဝင်တွေအတွက် အတိနဲ့ ဒုက္ခဆိုတဲ့ ရလဒ်တွေကိုခံစားရပြီး ဆင်းရဲတွင်းနက်သထက် နက် လာစေတဲ့ အကျိုးတရားတွေခံစားရပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ် အဆောက်အဦးပြိုကျမှုနဲ့ တရုတ်မှာ ဖြစ်ပွားခဲ့တဲ့ စက်ရုံမီးလောင်မှုတွေမှာ အလုပ်သမား ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ ၁၉၈၄ ဒီဇင်ဘာ ၂ရက်နေ့ည အိန္ဒိယနိုင်ငံ၊ မဒရာပရာဒက်ရှ်၊ ဘိုပါးမြို့၊ ယူနီယမ်ကာဘိုက်စက်ရုံမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် BHOPAL DISASTER လူပေါင်း ၈၀၀၀ ကျော်သေ၊ ငါးသိန်းခွဲ ဒါဏ်ရာရ၊ လူပေါင်းလေးထောင်နီးပါး တစ်သက်တာ မသန်မစွမ်းဖြစ်ခဲ့ရပါတယ်။ National Geographic မှာလည်း BHOPAL DISASTER အကြောင်းကို ဇာတ်လမ်းပုံစံ ထုတ်လွှင့်ခဲ့ဘူးပါတယ်။ အရမ်းတုန်လှုပ်ချောက်ခြားဖွယ်ကောင်းပါတယ်။ ဂျပန် နူကလီးယား ဓာတ်ငွေ့ယိုစိမ့်မှု၊ မီနာမာတာရောဂါ၊ ယူကရိန်း ဓာတ်ပေါင်းဖိုပေါက်ကွဲမှုတွေဟာလည်း တုန်လှုပ်ချောက်ခြားဖွယ်ပင်။

အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေးဌာန FGLLID (Factories and General Labour Laws Inspection Department) က ထုတ်ပြန်တဲ့ စည်းကြပ်ဥပဒေတွေဟာ လွန်ခဲ့တဲ့ ၁၉၅၁ခုနှစ်က ဥပဒေတွေဖြစ်ပြီး ယနေ့ခေတ်နဲ့ လိုက်လျောညီထွေမဖြစ်တော့ပါ။ ၁၉၅၁ခုနှစ်က ဥပဒေတွေကတော့
- ၁၉၅၁ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ
- ၁၉၅၁ခုနှစ်၊ ရေနံမြေ (အလုပ်သမားနှင့် သက်သာချောင်ချိရေး) အက်ဥပဒေ
- ၁၉၅၁ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ
- ၁၉၅၁ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
- ၁၉၃၆ခုနှစ်၊ လုပ်ခပေးရေး အက်ဥပဒေ
- သတ္တုတွင်း ဥပဒေ
- စည်ပင်သာယာရေး အက်ဥပဒေ
- သီးခြားဥပဒေတွေဖြစ်တဲ့ (စက်ရေနွေးအိုး ဥပဒေ၊ လျှပ်စစ် ဥပဒေ၊ မီးသတ် ဥပဒေ) တို့ပဲဖြစ်ပါတယ်။ ၁ရက် ၁လ ၁၉၅၂ ခုနှစ်မှ စတင်ပြီး တစ်နိုင်ငံလုံး အကျုံးဝင်ပါတယ်။

အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေးဌာန အောက်မှာပဲ အလုပ်ရုံစစ်ဆေးရေးဌာနနဲ့ အလုပ်သမားဥပဒေစစ်ဆေးဌာနတို့ကို ထပ်ခွဲထားပါတယ်။ အလုပ်ရုံစစ်ဆေးရေးဌာနရဲ့ အဓိက တာဝန်တွေကတော့ လုပ်သားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနဲ့ သက်သာချောင်ချိစွာ အလုပ်လုပ်ကိုင်နိုင်ရေးတို့ပဲဖြစ်ပြီး အလုပ်သမားဥပဒေစစ်ဆေးရေးဌာနမှာတော့ အလုပ်သမားတို့၏ လုပ်ခ၊ အခကြေးငွေ၊ အချိန်ပို ခွင့်ရက်နှင့် အလုပ်ပိတ်ရက်၊ အလုပ်ချိန်၊ နားရက်တို့ကို ဖိနှိပ်မှုရှိမရှိ စစ်ဆေးပေးရတဲ့ဌာနတွေပဲဖြစ်ပါတယ်

အလုပ်ရှင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်သားတွေအပေါ်မှာ မိမိအကျိုးအမြတ်ရရေး အဓိက(Short-term perspective) ရေတိုအမြင်ကို မကြည့်သင့်ပါဘူး။ မိမိရဲ့အကျိုးအမြတ်ရရှိမှုသည်လည်း ခဏတာသာဖြစ်ပါလိမ့်မည်။ (Long-term perspective)ရေရှည်အမြင်ကို သိထားဆောင်ရွက်နိုင်ပါမှ အလုပ်ရှင်ကော အလုပ်သမားပါ ကာယသုခ၊ စိတ္တသုခ တိုးတက်ကောင်းစားနိုင်ပါလိမ့်မယ်။ မတော်တဆလျှော့ပါးလာတာနဲ့အမျှ ကျွမ်းကျင်ကုန်ထုတ်လုပ်သားတွေရဲ့ ကုန်ထုတ်လုပ်အားဟာ တိုးတက်လာမှာဖြစ်ပြီး နိုင်ငံရဲ့ လူစွမ်းအားအရင်းအမြစ်ကို တိုးပွားစေပါတယ်။ အကျိုးဆက်အနေနဲ့ သုံးဦးသုံးဖက် Win-Win-Win (Government Win, Employers Win, Workers Win) ဖြစ်လာပါတယ်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ကံကံ၏ အကျိုးကို ယုံကြည်သက်ဝင်ကြသော လူမျိုးများဖြစ်သော်လည်း ကံကံ၏ အကျိုးကို လွဲမှားစွာ အဓိပ္ပါယ်ကောက်ယူနေကြတာလည်း ၀မ်းနည်းဖွယ်တွေ့ရပါတယ်။ ဥပမာ တံတားတစ်စင်းဆောက်သည်၊ အဆောက်အဦးတစ်ခုဆောက်သည်ဆိုပါစို့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှု မရှိသော အမြင့်နေရာများတွင် လုပ်ဆောင်နေကြသော လုပ်သားများ မတော်တဆ ပြုတ်ကျသေဆုံးရသည်ကို “အဲဒါအစောင့်ထားတာ” “အတိတ်ကံမကောင်းလို့ ဒီဘ၀အကျိုးပေးပြီးပြုတ်ကျတာ” ဟူသော အဖြေမျိုးသာ ထွက်လာကြသည်။ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှု မရှိသောကြောင့် ဖြစ်ရသည်ဟူသည်ကိုပင် စဉ်းစားကြပုံမရ။ ၀မ်းနည်းဖွယ်ပင်။ မတော်တဆထိခိုက်မှု အယူအဆတစ်ရပ်ပင် ထွက်လာပါသေးသည်။
(၁) Acts of God (ဘုရားသခင်အလိုဆန္ဒအရ၊ ကံအရ)
(၂) Pure Change Theory ( ဖြစ်ချင်သလိုဖြစ်)
(၃) Accident Prone Theory (ဖြစ်နေကျဖြစ်) ဟူသတည်း။ အမှန်တကယ်က လူလုပ်လို့ဖြစ်သောကြောင့် လူသာလျှင် ကြိုတင်ကာကွယ်ရပေမည်။

စက်ရုံ၊ အလုပ်ရုံ၊ ဆောက်လုပ်ရေး၊ တူးဖော်ရေး စသည့် အခြေခံလုပ်သားကို အားကိုးရသည့် လုပ်ငန်းတော်တော်များများမှာ (Hazards) ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ အချက်(၅)ချက်ရှိပါတယ်။ (5Ms) လို့လည်းခေါ်ပါတယ်။
၁) Man - လုပ်သားဟာ လုပ်ငန်းခွင်မှာ နည်းလမ်းမကျဆောင်ရွက်မှုကြောင့်ဖြစ်ရခြင်း။
၂) Machinery - စက်ကိရိယာချို့ယွင်းမှု ကိုင်တွယ်မှု နည်းလမ်းမကျမှုကြောင့်ဖြစ်ရခြင်း
၃) Materials - ဓာတုဗေဒနဲ့ အဆိပ်သင့်စေသော ဓာတ်ငွေ့ ကုန်ကြမ်းပစ္စည်းများကြောင့်ဖြစ်ရခြင်း။
၎) Method - သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမဖြောင့်ဖြူးခြင်း၊ နည်းလမ်းမမှန်ခြင်း။
၅) Media - အလုပ်ခွင်နေရာသည် လေထုသန့်စင်မှုမရှိ လေ၀င်လေထွက်မကောင်းခြင်း၊ အလင်းရောင်ကောင်းစွာမရခြင်း၊ ဆူညံသံများလွန်းခြင်း၊ တုန်ခါမှုများလွန်းခြင်း တို့ပဲဖြစ်ပါတယ်။

အများဆုံးအဖြစ်များနိုင်တဲ့ လုပ်ငန်းခွင်နေရာတွေကတော့
1) Material Handling - ပစ္စည်းများကို သယ်ယူရသော အခါတွင်ဖြစ်ခြင်း။
2) Person Falling - လူလိမ့်ကျခြင်း၊ ချော်လဲခြင်း။
3) Striking Objects - အရာဝတ္ထုများ ပြုတ်ကျခြင်း။
4) Hand Tools - လက်သုံးကိရိယာချို့ယွင်းခြင်း၊ အံဝင်ခွင်ကျမသုံးခြင်း။
5) Traffic - သယ်ယူပို့ဆောင်ရေးယာဉ်များ၊ လမ်းကြောင်းများ စနစ်တကျမရှိခြင်း၊ မမောင်းနှင်ခြင်း။
6) Fire and Explosion - ပေါက်ကွဲ မီးလောင်လွယ်စေသော အခြေအနေများရှိနေခြင်း။
7) Machinaries - စက်ကိရိယာများ မလုံခြုံချို့ယွင်းခြင်း၊ စက်မောင်းများ အာရုံစူးစိုက်မှုမရှိခြင်း။ Untidiness - ကုန်ကြမ်း၊ ကုန်ချောများကို သေသေစွာမထားသိုခြင်း။
9) Ladder - လှေခါးကြံ့ခိုင်မှုမရှိခြင်း။
10) Crane & Hoist - ၀န်ချီစက်များ၊ မြှောက်စက်များ စည်းကမ်းမဲ့ကိုင်တွယ်မောင်းနှင်ခြင်း။
11) Stacking - ပစ္စည်းများစီခြင်း၊ ထပ်ခြင်းကို ခိုင်မြဲစွာ မဆုပ်ကိုင်ခြင်း၊ မညီညွှတ်ခြင်း။
12) Personal protective equipments - ခန္ဓာကိုယ်ကာကွယ်ရေး ၀တ်စုံများ မ၀တ်ဆင်ခြင်း။
13) Horse play - လုပ်ငန်းခွင် နောက်ပြောင်ခြင်းကြောင့် အန္တရာယ်ကျရောက်ထိခိုက်သေဆုံးရခြင်း။
14) Electric - ၀ါယာကြိုးပေါက်ခြင်း၊ ခလုတ်မပိတ်ခြင်း၊ မြေစိုက်ကြိုးအသုံးပြုခြင်း။
15) Miscellaneous - အသက်ရှုလမ်းကြောင်းနှင့် အရေပြားထိခိုက်စေသော အမှုံအမွှားများ ၀င်ခြင်း။

အထက်ပါ အခြေအနေများသည် လုပ်သားများပေါ်သို့ တိုက်ရိုက်ကျရောက်စေသောအန္တရာယ် ကျရောက်စေသော အချက်များသာ ဖြစ်ပြီး နောင်မှ တဖြည်းဖြည်းကျရောက်စေသော အန္တရာယ်များသည် စက်သံဆူညံခြင်းကြောင့် နားလေးခြင်း၊ အလင်းရောင်ကောင်းစွာမရခြင်းကြောင့် မျက်စိမွဲလာခြင်း၊ အဆိပ်အတောက် ကုန်ကြမ်းများမှတဆင့် တစ်နှစ်၊ နှစ်နှစ်တန်သည် မသိသာသော်လည်း နှစ်ပေါင်းဆယ်နှစ်၊ ဆယ့်ငါးနှစ်ခန့်လုပ်လာသောအခါ ကိုယ်တွင်းအင်္ဂါရောဂါ၊ အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်သောရောဂါ၊ အဆုတ်ရောဂါစသည်တို့ကို ဖြစ်စေပါသည်။ မြန်မာနိုင်ငံရဲ့လုပ်သားအများစုသည် တစ်နေ့လုပ် တစ်နေ့စားများသာ ဖြစ်ရသည့်အတွက် မိမိအန္တရာယ်ကို မမြင်ဘဲ ၀မ်းစာအတွက် အလုပ်လုပ်ကြရသည်ကို အလုပ်ရှင်တွေ၊ ကြီးကြပ်သူတွေအနေနဲ့ မိမိနှင့် မဆိုင်သကဲ့သို့ မျက်နှာလွှဲခဲပစ် မလုပ်သင့်ပါ။ ကောင်းမွန်သန့်ရှင်းစိတ်ချနည်းလမ်းမှန်စွာ အလုပ်လုပ်ကိုင်နိုင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်ပါတယ်။ ပုဒ်မ (၂၃) အရ အားပေးစက်၊ အားပို့စက်တို့ကို လုံခြုံခိုင်ခံ့စွာ ကာထားရန်၊ ပုဒ်မ (၂၄) အရ စက်၏ဆီထည့်ခြင်း၊ ပြုပြင်ခြင်း၊ သားရေပတ်ကြိုးတင်ခြင်း၊ ချခြင်း လုပ်ငန်းများကို မိန်းမနှင့် ကလေးများ မခိုင်းရန်ဟု ပါရှိသော်လည်း ဆန့်ကျင်ဘက်တွေတွေ့နေရတော့ ဘာပြောလို့ပြောရမှန်းပင်မသိတော့

အလွယ်ဆုံးအနေနဲ့ လုပ်ငန်းခွင် အန္တရာယ်ကျရောက်မှု Process ကို (4Ds) လို့လည်း အတိုချုံးခေါ်ပါတယ်။
(၁) Dirty - လုပ်ငန်းညစ်ပတ်ခြင်း၊ စနစ်မကျစွာလုပ်ဆောင်ထားတယ်ဆိုပါစို့။
(၂) Difficult - လုပ်ငန်းညစ်ပတ်ခြင်း၊ စနစ်မကျခြင်းကြောင့် လုပ်ရကိုင်ရခက်ခဲလာမယ်။
(၃) Dangerous - လုပ်ရကိုင်ရခက်ခဲလာခြင်းကြောင့် လုပ်ငန်းခွင်အန္တရာယ်ရှိလာတယ်။
(၄) Death - လုပ်ငန်းခွင် အန္တရာယ်ရှိလာသောကြောင့်ထိခိုက်သေဆုံးရတယ် ဆိုတာပါဘဲ။

Safety First.
Safety & Health Environment (SHE)
Safety is everybody responsibility.
Have a safe day. ဟူသောဆောင်ပုဒ်လှလှလေးတွေ ထင်သာမြင်သာချိတ်ဆွဲထားတတ်ကြပေမဲ့ အလုပ်ရှင်နဲ့ လုပ်ငန်းခွင်ကြီးကြပ်သူတွေဟာ လက်တွေ့လိုက်နာမှုအားနည်းပါတယ်။ စက်ရုံအသေးစားလုပ်ငန်းငယ်တွေမှာ Safety Officer မရှိသလောက်နည်းပါးပြီး စက်ရုံလုပ်ငန်းခွင်ကြီးတွေမှာ Safety Officer သီးသန့်ခန့်ထားကြသော်လည်း Officer ရဲ့ Safety Process ညွှန်ကြားမှုကို အပိုအလုပ်ဟုသာ မြင်တတ်ကြတဲ့ ထုံးစံကိုလည်း စက်ရုံလုပ်ငန်းခွင်တွေမှာ တွေ့ရတတ်ပါတယ်။ အလုပ်သမား(၄)ဦးအထက်ရှိလျှင် Safety Policy ရှိရမှာဖြစ်ပြီး အလုပ်သမား(၁၀၀)ဦး အထက်ရှိလျှင် Safety Officer ရှိရမှာဖြစ်ပါတယ်။ Safety Officer သည် အမှန်တကယ်တော့ မြန်မာနိုင်ငံမှာ Mechanical သို့မဟုတ် Electrical နဲ့ ကျောင်းပြီးထားသော အင်ဂျင်နီယာများကိုသာ ခန့်ထားသင့်သော်လည်း လက်တွေ့မှာ အလုပ်မှာ အံဝင်ခွင်ကျမဖြစ်တဲ့ ၀န်ထမ်းတွေကိုသာ ခန့်ထားတာလည်း တွေ့ရပါတယ်။ အာဆီယံ နိုင်ငံအချို့တွေမှာတော့ Safety ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘွဲ့သီးသန့်ပေးသော တက္ကသိုလ်တွေ၊ ကျောင်းသားတွေရှိပါတယ်။

ILO မှ OSHMS (Occupational Safety & Health Management System)ကို နိုင်ငံတကာတွင် ဖော်ဆောင်လျက်ရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဖွဲနဲ့ ဆန်ကွဲ ကွဲပြားစွာ မသိရှိကြသေးပေ။ ဘာ့အတွက် ကျွန်တော်တို့သည် လုပ်သားတွေအပေါ် အန္တရာယ်ကျရောက်လာမှုကို ကာကွယ်ပေးရသလဲ။
(၁) Legal တရားဥပဒေအရ ကာကွယ်ပေးရသည်
(၂) Business စီးပွားရေးအရ ကာကွယ်ပေးရသည်
(၃) Human Right လူ့အခွင့်အရေးအရ (လူသားချင်းစာနာစိတ်) ကာကွယ်ပေးရခြင်းဖြစ်ပါတယ်။ သို့မှသာ လုပ်သားများသည် ကျန်းမာစိတ်ရွှင်လန်းပြီး နိုင်ငံတော်နဲ့ ပြည်သူကို ကုန်ထုတ်စွမ်းအား၊ လုပ်အားစွမ်းပကားနဲ့ အကျိုးပြုစေနိုင်မှာပြီး ပတ်ဝန်းကျင်ကောင်းတစ်ခု၊ ဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်ဆီကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

---------------------------------------------------------------------------------------------------
Safety Officer မဟုတ်သည့် အတွက် လိုအပ်ချက်များစွာရှိပါသေးသဖြင့် ဝေဖန်အကြံပြုချင်လျှင်ဖြင့် Comment ရေးသားနိုင်ပါသည်။
__________________________________________________
FGLLID မှ Labour Laws များကို မှီငြမ်းကိုးကားရေးသည်
**Ucs Jugger**

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...