Thursday, July 11, 2013

ပြည်တွင်းဖြစ် နိုင်ငံခြားသား ကိုရွှေဗမာများသို့


“ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီးပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်ခဲ့ပြီ။” စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်းတစ်ယောက် ပြောလိုက်တဲ့ စကား ဖြစ်ပါတယ်။ ဟိုနိုင်ငံ၊ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့သူတိုင်း ပြောမြဲစကားမို့ မဆန်းတော့ပါဘူး။ သူတို့ရောက်ခဲ့တဲ့ နိုင်ငံတွေနဲ့ ယှဉ်ကြည့်ပြီး အားမလိုအားမရလွန်းလို့ ဖြစ်ကြတာပါ။

ဘဝင်လေဟပ်သူတွေရဲ့ စကား

စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ ဘာစိတ်ဓာတ်တွေ ပြုပြင်ရမှာလဲလို့တော့ တိတိကျကျ မပြောပါဘူး။ မပြောပေမယ့်လည်း ဘာပြောချင်တာလဲဆိုတာ သိသာပါတယ်။



နိုင်ငံခြားပြန်တွေ ပြောနေကျစကားတွေ ကြားရဖန်များလွန်းလို့ ရိုးတောင်နေပြီ။ ‘မြန်မာတွေ ပျင်းတယ်’၊ ‘မြန်မာတွေ ညံ့တယ်’၊ ‘ဖျင်းတယ်’၊ ‘မြန်မာတွေ စည်းကမ်းမဲ့တယ်’၊ ‘မြန်မာတွေ ကြိုးစားအားထုတ်မှူ့မရှိဘူး’ စတဲ့ စတဲ့ လူမျိုးတစ်မျိုးလုံးကို ဘဝင်လေဟပ်ပြီး အပေါ်စီးကကြည့်တဲ့ လေသံနဲ့ ပြောတဲ့ စကားမျိုးတွေ ဖြစ်ပါတယ်။

နွားနဲ့ ရုန်းနေရတာ ပျင်းတာလား

မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ့်သူ့ကို ကြည့်ပြီးပြောတာလဲ။ မနက် အာရုဏ်မလာခင် ထ၊ ထွန်ထယ်ကိုထမ်းပြီး လယ်ထဲဆင်း၊ တစ်နေ့လုံး နေပူကျဲကျဲမှာ နွားနဲ့အတူ ရုန်းကန် အလုပ်လုပ်၊ ညနေ နေဝင်ရီတရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှူန်းလောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။

ခရီးသွားတဲ့အခါမှာ အဝေးပြေးလမ်းမကြီးတွေမှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့၊ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ ယောကျာ်း အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပေါ့။
ခြစ်ခြစ်တောက် ပူလောင်လှတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတစ်ခုပဲ ဖော်ထားပြီး တစ်ခေါင်းလုံး ပုဆိုးနဲ့ပတ်ရင်း အလုပ်လုပ်နေကြရှာတယ် မဟုတ်ပါလား။ သူတို့ခြေထောက်တွေမှ ဖိနပ်တောင် မပါကြပါဘူး။

မြို့ရွာနဲ့ အလှမ်းဝေးကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေးမှာပဲ သစ်ခက်တဲနန်းထိုးပြီး နေကြ၊ ချက်ပြုတ်စားကြရတာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။

လက်ဖက်ရည်ဆိုင်ထိုင်တိုင်း ပျင်းလို့မဟုတ်

မြို့တိုင်း ရွာတိုင်းလိုလိုမှာ ခောတ်နဲ့အတူ ပေါ်ပေါက်လာတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်တွေမှာ အမြဲတမ်းနေ့ညမပြတ် လူစည်းကားနေတာကိုကြည့်ပြီး မြန်မာတွေ ပျင်းတယ်၊ အလုပ်မလုပ်ချင်ဘူးလို့ ကောက်ချက်ချရင်လည်း ရာနှူန်းပြည့်မမှန်ပါဘူး။

ဘာမှလုပ်စရာမရှိလို့ ထိုင်ကြသူတွေရှိသလို တချို့က လက်ဖက်ရည်ဆိုင်မှာ ချိန်းချက်ပြီး အလုပ်ကိစ္စ ပြောဆိုကြ၊ အပေးအယူ လုပ်ကြရတာပါ။ ဧရာမ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေမှာလည်း Working Luncheon တို့၊ Business Dinner တို့ ဆိုတာတွေ ရှိတယ် မဟုတ်လား။ ကိုယ့်အထွာနဲ့ ကိုယ် အဆင်ပြေသလို လုပ်ကြရတာပဲလေ။

“ထွီ၊ ထွမ်” လုပ်တတ်တဲ့လူတွေ

နောက်ပြီး မြို့တွေ ရွာတွေ သန့်ရှင်းမှူ့ အားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပက်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံးမရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူမှာများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။

စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို ချက်ချင်းဖမ်း၊ ချက်ချင်းဒဏ်ရိုက်လုပ်တာတွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေခံနည်းပြီး စိတ်ယဉ်ကျေးမှူ့ နိမ့်ကျသူတိုင်းဟာ “ပြည်သူ့နီတိ” ကို လစ်လျူရှုတတ်ကြပါတယ်။

“ထွီ၊ ထွမ်” နဲ့ လူရှေ့သူရှေ့ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုးတာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့စာရင် မြန်မာတွေက အများကြီး ယဉ်ကျေးပါတယ်။

၁နာရီ ၁၀ဒေါ်လာ ပေးနိုင်ပါ့မလား

မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာနေကြတာတွေကို မမြင်လို့လား။

တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အဝတ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ဝင်ကြရပါတယ်။ မနက်အချိန်ကျတာနဲ့ အိပ်ရာထဲက တန်းပြီးအလုပ်ကို ပြေးနိုင်အောင် အဆင်သင့်လုပ်ထားရတာလေ။

မြန်မာတွေ ကြိုးစားသလား၊ မကြိုးစားဘူးလားသိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလို ၁ နာရီ ၉ ဒေါ်လာ၊ ၁၀ ဒေါ်လာပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင်ပါတယ်။

အခွှင့်အရေးမရလို့ပါ

မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့သင်တဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူနိုင်ကြတာချည်းပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာ မရှိသလောက်ပါ။

ဘိလပ်သွားပြီး MRCP ၊ FRCS တို့လို ဘွဲ့တွေ သွားသင်ယူတဲ့ ဆရာဝန်တွေ စာမလိုက်နိုင်လို့ပြန်လာရတယ်ဆိုတာ လည်း ရှားပါတယ်။ မြန်မာလူမျိုးတွေဟာ လူသာ ဆင်းရဲချင် ဆင်းရဲမယ်၊ ဥာဏ်ရည်ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွှင့်အရေးရရင် ရသလို ဘာမဆို ဖြစ်အောင်လုပ်နိုင်ပါတယ်။ အခွှင့်အရေးမရလို့သာပါ။

ကိုရွှေဗမာတွေ

မြန်မာတွေ ညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားသားများ မဟုတ်ပါဘူး။ မြန်မာပြည်က နိုင်ငံခြား သွားရောက်အခြေချ နေထိုင်ကြတဲ့ “ပြည်တွင်းဖြစ် နိုင်ငံခြားသား” ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။

ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့်ဘဲ နဲ့ ပြည်တွင်းမှာရှိနေတဲ့သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာ ဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံ အာရှတိုက်တစ်တိုက်လုံးမှာ မရှိပါဘူး။

စားစရာအတွက်၊ နေစရာအတွက်၊ ဝတ်စရာအတွက် ပူစရာမရှိပါဘူး။ ပြည်တွင်းမှာ လုံလုံလောက်လောက်ရှိတယ်။

နောက်ပြီးတော့ ရေနံ၊ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်း ပေါတယ်။ ဒီသယံဇာတ ပေါကြွယ်တာတွေကို ခောတ်မီ နည်းပညာတွေ အသုံးချပြီး ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ်ဖောက်ကားကြရမှာ မဟုတ်လား။

သတိပေးလိုက်ချင်တယ်


အခုတော့ အဲ့ဒီ့လိုလုပ်ရမယ့် နိုင်ငံအညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြား တိုင်းပြည်တွေအတွက် သွားပြီး အလုပ်လုပ်ပေးနေကြရတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ပညာတွေနဲ့ သူများနိုင်ငံတွေ သွားရောက် အလုပ်လုပ်ပေးနေကြတာ ရင်နာစရာမကောင်းဘူးလား။

အခြေအနေအရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက်လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ်နေပြီး တတ်စွမ်းသလောက် ကိုယ့်အားကိုယ့်အင်နဲ့ တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့ သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှူတွေနဲ့ ပုတ်ခတ်စော်ကား မလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။

လူထုစိန်ဝင်း
New Watch ဂျာနယ်။
၆၊ ဇူလိုင်၊ ၂၀၁၁။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...