Tuesday, July 2, 2013

ခွေးသားစားသူကြီး

by Seaman Nayminthu (Notes) on Monday, July 1, 2013 at 3:26am

 

မနေ့ညနေတုန်းကပေါ့….
အိမ်နီးချင်း တစု ရုန်းရုန်း ရုန်းရုန်းနဲ့ ဘာလုပ်နေလဲ စနည်းနာကြည့်လိုက်တော့..  အဟဲ….  ခွေးသား ချက်နေကြတာဗျ။ ကိုယ့်ကိုတောင် အဖော်လှည့်ညှိလိုက်သေးတယ်… ‘ ဆိတ်ကတုံးသား ဆော်အုံးမလား’ တဲ့။ ခပ်သွက်သွက်ပဲ ခေါင်းခါပြလိုက်ပါတယ်။ ‘ဟင့်အင်း’ လို့..။


အဲလိုငြင်းလိုက်လို့ တသက်လုံး ရှောင်လေဝေးဝေး ကင်းရှင်းခဲ့တယ်တော့ မထင်လိုက်ပါလေနဲ့။ အမှန်ဝန်ခံ ရရင်… ခပ်ငယ်ငယ် မိုက်ရူးရဲ အရွယ်မှာ လက်တည့်စမ်းခဲ့ဖူးတာပေါ့။ အိမ်မှာ  အကိုနဲ့ သူ့သူငယ်ချင်းတွေ ခွေးတကောင် (ဒေသအခေါ် ဟောင်ကောင်) ပေါ်ပြီး ချက်စားကြတယ်လေ။ ကိုယ်က ကလေးမို့ သူတို့နားမှာ ယောင်ပေပေ ရစ်သီရစ်သီ လုပ်နေတုန်း … မဆလာ ဝယ်ခိုင်းရင် ပြေးဝယ်ပေးရ၊ စပါးလင်လိုတယ်ဆိုလည်း ပြေးရှာ ပေးလိုက်ရနဲ့ မသိမသာ လုပ်အားပေးသလို ဖြစ်နေခဲ့တာ။

ဟင်းချက်မယ့်လူက အသားတွေခုတ်ထစ် ရေဆေးပြီး ကြက်သွန်၊ ငရုတ်သီး၊ ဆား… အစပ်အဟပ်တည့်အောင် နယ်နေတုန်းမှာ နောက်တယောက်က ကလိစာတွေကို လှီးဖြတ်သန့်စင်လို့ ဒယ်အိုးပိုင်းထဲမှာ ဆီနည်းနည်း လောင်းထည့် ဆားနဲ့ နနွင်းမှုန့်ဖြူး နယ်ဖတ်ပြီး မီးဖိုပေါ်တင် ကြော်လှော်နေတော့တယ်။ အဲဒါကို သူတို့အခေါ် တော့  ‘ကြော်ရှဲ’ တဲ့။ ထမင်း မစားခင် ယမကာနဲ့ မြည်းကြမှာလေ။ မီးဖိုတဝိုက်မှာတော့ ဆီကြော် ညှော်နံ့လေး တထောင်းထောင်းနဲ့…။

ခဏကြာတော့ အကြော်အိုးကျပြီ။ ဟင်းအိုးကို မီးဖိုပေါ်တင်လိုက်ပြီးချိန်မှာ သူတို့ဝိုင်းထိုင်ကြတယ်။ အစ်ကို့ သူငယ်ချင်းတဦးက  ဘေးနားမှာ စာအုပ်ဖွင့်ပြီး အရုပ်ကြည့်သလိုလို… စာဖတ်သလိုလို လုပ်နေတဲ့ ကျနော့်ကို မေးငေါ့ပြပြီး  ‘ဟေ့…. မင်းညီကို ဇာတ်သွင်းလိုက်အုံးလေ’  တဲ့။ အစ်ကိုကလည်း အသဲအမြစ် လေးငါးတုံး လောက်ပန်းကန်သေးသေးမှာထည့်ပြီး ကျနော့်ရှေ့မှာ လာချပေးရင်း ‘စားကွ ညီလေး’ ဆိုပြီး လက်မထောင် ပြကာ ရဲဆေးတင်ပေးလိုက်တယ်။ အဲတော့မှ မရဲတရဲလေးနဲ့ အသဲတတုံးကို ကောက်ကိုင်ပြီး ဟိုနမ်းဒီနမ်း စမ်းတဝါးဝါးနဲ့ နှာခေါင်းအောက်က ချောက်ထဲကို အရောက်ပို့ပစ်လိုက်တာပေါ့။ ဟုတ်တော့ ဟုတ်သား ဗျ… စောစောက အနံ့နဲ့ ကျနော့်နှာခေါင်းကို မြှူဆွယ်ခဲ့တဲ့ အသားဟာ ခုတော့ လျှာကိုပါ အပိုင်စည်းရုံးလိုက်ပြီ လေ။
ဟင်းအိုးကျက်တဲ့ အချိန်မှာ သူတို့ ထမင်းစားဖို့ပြင်တော့.. ဘယ်ရမလဲ ကျနော်လည်း ထမင်းတပွဲ အပိုင်ဆွဲထား တာပေါ့။ ပွဲဝင်ခါစ လူသစ်လေးမို့ ဝိုင်းပြီးအားပေးကြတယ်။ ဒါလေးက ဘယ်လိုကောင်းတာ… ဟိုဟာလေး စားကြည့်ပါလား … စသဖြင့်။ သူတို့နဲ့ အတူ စိတ်ကြိုက်စားပြီး အိပ်ရာဝင်တော့ အမေ့ဘေးနားမှာ စောင်ခြုံပြီး ဝင်ကွေးနေလိုက်တယ်။ တရေးနိုးတဲ့အခါ ကျနော့်တကိုယ်လုံး ပူရှိန်းပြီး ချွေးတွေလည်း ရွှဲနစ်နေတာပဲ။ စောင်ခွာလိုက်ပြီး ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေတယ်။ ရေဆာလို့ ထသောက်လိုက်တော့ ချွေးတွေ ထွက်လာပြန်တယ်။ မျက်နှာကို လက်နဲ့စမ်းကြည့်လိုက်တဲ့အခါ စေးထန်းထန်းကြီး…။

ထူးခြားတာက တလျှောက်လုံး ကျနော့်ကို ဖက်ပြီးအိပ်နေကျ အမေဟာ အဲဒီညမှာ ကျနော့်ကို နောက်ခိုင်း အိပ်နေတယ်။ ကျနော်နောက်ကနေ သိုင်းဖက်လိုက်ပြန်တော့ လက်ကို ဆွဲဖယ်ပြီး ‘သွားစမ်း နင့်ကိုယ်က ခွေးစော် နံဟောင်နေတာပဲ’ ဆိုပြီး နောက်ခိုင်းမြဲ ခိုင်းထားတယ်။ နောက်နေ့ မနက်အစောကြီး အမေကိုယ်တိုင် ကျနော့်ကို ရေချိုး ခေါင်းလျှော် လုပ်ပေးပါရောလား။  နောက်ကို ခွေးသားမစားဖို့ ဆုံးမခဲ့တယ်။ တကယ်ပါပဲ ခွေးသားစားပြီး ထွက်လာတဲ့ ချွေးနံ့ဟာ ခွေးကိုယ်က ထွက်တဲ့အနံ့အတိုင်းပါပဲ။
အဲဒီနောက်ပိုင်း ယနေ့အထိ နံပြတ်ခဲ့တယ် ဆိုပါတော့။
………………………………………………………………………………………………………

ကျနော်တို့ရွာမှာ ခွေးသား အင်မတန်ကြိုက်တဲ့ လူတယောက်ရှိတယ်။ သူ့နာမည်က ကိုတောကြီး။ သူက ခွေးသားရသာမယ်ဆိုရင် ဘယ်လောက်ဝေးဝေး ရောက်အောင်သွားယူတယ်။ ရွာထဲမှာ ကြက်ဥခိုး၊ ဟင်းခိုး စားတတ်တဲ့ အကျင့်မကောင်း ခွေးတွေရဲ့ ပိုင်ရှင်တွေဟာ သူတို့ခွေးကို အိမ်မှာ ဆက်မမွေးချင်ကြဘူး။ သူတို့ကိုယ်တိုင်လည်း သတ်မပစ်ရက်တော့ ကိုတောကြီး လက်ကို အပ်ကြတယ်။ ကိုတောကြီးကလည်း ခွေးသတ်တဲ့နေရာမှာ ကျွမ်းမှကျွမ်း..။ ခွေးကို ထန်းလျက်ခဲလေး ချကျွေးပြီး အချိုသပ်.. ခင်သလို ယုယသလိုနဲ့ ပွတ်သပ်ပေးနေတုန်း ခွေးက မနောခွေ့နေချိန်မှာ သူ့ခါးကြား အသင့်ထိုးလာတဲ့ တပေခန့် ငါးမူလုံးသံချောင်းနဲ့  ခွေးရဲ့ အုပ်ဆက်ကို တချက်တည်း အပိုင်ရိုက်ထည့်လိုက်တာ များသောအားဖြင့်တော့ ‘ခွပ်’ ခနဲ အသံတချက်ပဲ ကြားလိုက်ရပြီး ဇာတ်သိမ်းသွားတာပဲ။ တခါတလေ ချက်လွဲပြီး အော်ဟစ်သံတွေ ဆူညံတာလည်း ရှိတာပေါ့။ အဲဒီအခါမျိုးမှာ အနီးအနားက ခွေးတွေကြားပြီး ဝိုင်းအူလိုက်ကြတာ ရွာထဲကို  တစ္ဆေသရဲ ဝင်လာသလား ထင်မှတ်ရတယ်။  

ခွေးပိုင်ရှင်တွေဆီက ပေးတာ ကမ်းတာမျိုးမရှိရင် ကိုတောကြီးက တန်ဖိုးအသင့်အတင့် ပေးပြီး ဝယ်စား တတ်တယ်။ တခါတလေမှာလည်း ရွာနဲ့ခပ်လှမ်းလှမ်း လယ်ကွင်းထဲမှာ ဝါးဆစ်ဘူးထောင်ချောက်နဲ့ ထောင်စားသေးတယ်။

ဘာပဲဖြစ်ဖြစ် ခွေးသားအမြဲစားတဲ့ ကိုတောကြီးရဲ့ ကိုယ်နံ့က ခွေးနံ့ရနေတာမို့ သူသွားလေရာ ခွေးဟောင်သံ တစီစီ ကြားရတာပဲ။ ခွေးသားစားတဲ့ လူကို ခွေးတွေက အလွယ်တကူ မှတ်မိကြတယ်။ တကောင်က ဟောင်ပြီ ဆိုတာနဲ့ အုပ်လိုက် ဝိုင်းဟောင်ကြတော့တာ။

ရွာလည်လမ်းမှာ ဂုံနီအိတ်တလုံးထမ်းထားတဲ့ ကိုတောကြီး လမ်းလျှောက်သွားပြီဆိုရင် ခွေးဟောင်သံတွေ အဆက်မပြတ်တော့ဘူး။ ဂုံနီအိတ်ထဲမှာ ခွေးသေတကောင်ပါလာပြီဆိုတာ ကျန်တဲ့ခွေးတွေ သိပုံရတယ်။ ကိုတောကြီး နောက်ကနေ ကျားစီးဝါးစီး လိုက်ဟောင်ကြတယ်။ တချို့ခွေးတွေက ကိုက်မယ်တကဲကဲ သွားဖြဲပြီး  ရန်စောင် ခြိမ်းခြောက်ကြတယ်။ ခြံဝင်းအတွင်းက ညောင်နာနာ အသံပေးတဲ့ ခွေးလည်းရှိရဲ့။ ကိုတောကြီးကတော့ ခြေလှမ်းမပျက်။ သူနောက်ကို တချက် လှည့်ပြီး ကန်မယ့်ဟန်ပြလိုက်ရင် ခွေးတွေ နောက်ဆုတ်ကုန်ကြတာကိုး..။ တချို့လည်း နီးစပ်ရာ ခြံစည်းရိုးပေါက်ထဲ အတင်းတိုးဝင် ပြေးကြနဲ့။

ခက်တာက  ခွေးဆိုတဲ့ သတ္တဝါမျိုးဟာ  အချင်းချင်းသာ အသေအလဲကိုက်ကြဖဲ့ကြတာ။ သူတို့ထက် ဥာဏ်ရည် သာတဲ့ လူကိုတော့ အလစ်မှာ ဝင်ဆွဲတာမျိုး၊ ကြောက်တတ်ရင် ဖြဲခြောက်တာမျိုးကလွဲပြီး မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ မဝံ့ရဲဘူး ဖြစ်နေကြရတယ်။ ခွေးတွေရဲ့ အဲဒီအားနည်းချက်ကို ခွေးမုဆိုး ကိုတောကြီးက အထာ ကောင်းကောင်း နပ်ထားလေတော့ ဘယ်လောက်ဟောင်ဟောင် မဖြုံရေးချ မဖြုံလုပ်နေတာ။  ရွာမှာ ဆိုတော့လည်း တိုက်ရဲခိုက်ရဲ အယ်လ်ဇေးရှင်းခွေးမျိုး မွေးမှ မမွေးနိုင်ကြတာ။

ခွေးတွေအတွက်တော့ ကိုတောကြီးဟာ မဟာရန်သူစာရင်း နံပတ်(၁) ။ တနေ့တနေ့ ကိုတောကြီးလက်ချက်နဲ့ အသက်ပျောက်ခဲ့ရတဲ့ ခွေးအရေအတွက်လည်း မနည်းတော့။  ကိုတော်ကြီးကို တွေ့တိုင်း ဟောင်လိုက်ကြတာ၊  ကိုတောကြီးရဲ့ အသံကြားတိုင်း အသဲတယားယားနဲ့ နားကလောနေကြမှာ။ ဒါပေမဲ့ သူတို့ရဲ့ ရန်သူကို အပြတ် ချေမှုန်းဖို့ ဘယ်တော့မှ မစည်းရုံး မစုစည်းနိုင်ကြဘူး ဖြစ်နေတော့ ကျိတ်မနိုင်ခဲမရ ဖြစ်နေကြမှာပဲ။ အဲဒီတော့လည်း ကိုယ့်ဝန်းကျင် ရောက်လာခိုက်မှာ အသံပေး ဟောင်ပြတာ လောက်နဲ့ပဲ ရန်သူကို ဆန့်ကျင် ကြောင်း သက်သေထူနေကြရဟန် တူပါတယ်။
ခွေးတွေရဲ့ အဖြစ်ကို မချင့်မရဲကြည့်ရင်း ကျနော် တွေးကြည့်မိခဲ့တယ်။  ခွေးနေရာမှာ ဒီလုံး ငှက်ကလေးသာ ဆိုရင် ကိုတောကြီး ဘဝ ဇာတ်သိမ်းရတာ ကြာပေါ့  လို့။
တွေးမိသော အကြောင်းအရာတခုကို ချရေးခြင်းသာဖြစ်ပြီး ခွေးသားကြိုက်နှစ်သက်သူများအား ဝေဖန် ပုတ်ခတ်ခြင်း လုံးဝ(လုံးဝ) မဟုတ်ကြောင်း တောင်းပန်အပ်ပါတယ် ခင်ဗျား…။  

နေမင်းသူ
၁-၇-၂၀၁၃ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...